ဂျိုးဇက်စမစ်—မဿဲ
၁၈၃၁ ခု၌ ပရောဖက် ဂျိုးဇက်စမစ်သို့ ဖော်ပြခဲ့သည့်အတိုင်း ရှိသည့် သမ္မာကျမ်းဘာသာပြန်ခြင်းမှ ကောက်နုတ်ချက်။ မဿဲ ၂၃း၃၉ နှင့် အခန်းကြီး ၂၄။
အခန်းကြီး ၁
ယေရှုသည် ယေရုရှလင်၏ ဖြစ်အံ့သောပျက်စီးခြင်းကို ကြိုတင်ဟောပြော၏—လူသားတော် ဒုတိယ အကြိမ်ကြွလာတော်မူခြင်း၊ ထို့အတူ ဆိုးညစ်သောသူတို့၏ ပျက်စီးခြင်းအကြောင်းကိုလည်း ဟောကြား၏။
၁ အကြောင်းမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ယခုမှစ၍ ငါ့ကို မမြင်ကြရ၊ ကောင်းကင်တိမ်တိုက်၌၊ သန့်ရှင်းသော ကောင်းကင်တမန် ခပ်သိမ်းတို့နှင့်အတူ ကိုယ်တော်ရှင်၏ နာမတော်အားဖြင့် ကြွလာတော်မူမည့်သူသည် မင်္ဂလာရှိစေသတည်းဟု သင်တို့ မပြောမီတိုင်အောင် ငါသည် ပရောဖက်တို့ ရေးထားသောသူ ဖြစ်ကြောင်းကိုလည်း မသိကြရ။ သူသည် ဘုန်းဝင်စား၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ချီးမြှင့်ခံရပြီးနောက် မြေကြီးပေါ်သို့ တစ်ဖန်ကြွလာမည့် အကြောင်းကို ထို့နောက်၌ သူ၏တပည့်တော်တို့ နားလည်ကြ၏။
၂ ယေရှုသည်လည်း ထွက်သွား၍၊ ဗိမာန်တော်မှ ထွက်ခွာသွား၏။ တပည့်တော်တို့သည်လည်း သူ့ဆီလာ၍၊ သခင်—ဖြိုချခံရ၍၊ သင်တို့၌ လူဆိတ်ညံပြီးကျန်ရစ်လိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူလေ၍၊ ဗိမာန်တော်တည်ဆောက်ခြင်းအကြောင်းကို ကျွန်ုပ်တို့ကို ပြတော်မူပါဟု လျှောက်ကြ၏။
၃ ယေရှုကလည်း သင်တို့သည် ခပ်သိမ်းသော ဤအရာတို့ကို မြင်ခြင်း မရှိကြသလော၊ ၎င်းတို့ကို နားလည်ခြင်းလည်း မရှိကြသလော။ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ၊ ဤဗိမာန်တော်ပေါ်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။
၄ ယေရှုသည်လည်း သူတို့ကို စွန့်ခွာ၍၊ သံလွင်တောင်ပေါ်သို့တက်၏။ သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ကိုယ်တော် မိန့်တော်မူလေသည့် ဗိမာန်တော်၏၊ ထို့အတူ ယုဒလူမျိုးတို့၏ ပျက်စီးခြင်းအကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူခြင်း၏၊ ထို့အတူ ကမ္ဘာကုန်ခြင်း၏၊ သို့မဟုတ် ကမ္ဘာကုန်ခြင်းဖြစ်သည့် ဆိုးညစ်သောသူတို့ ပျက်စီးခြင်း၏နိမိတ်လက္ခဏာသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။
၅ ယေရှုကလည်း သူတို့ကို မိန့်တော်မူလေသည်ကား၊ သင်တို့ကို အဘယ်သူမျှ မလှည့်စား စေခြင်းငှာ သတိပြုကြလော့။
၆ အကြောင်းမူကား၊ များစွာသောသူတို့က—ငါသည် ခရစ်တော်ဖြစ်သည်—ဟုဆိုလျက်၊ ငါ၏ နာမတော်ဖြင့် ပေါ်လာကြပြီး၊ များစွာသောသူတို့ကို လှည့်စားကြလိမ့်မည်။
၇ ထို့နောက်တွင် သူတို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်၊ သင်တို့သည် ငါ၏နာမတော်ကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့၏ အမုန်းကို ခံကြရလိမ့်မည်။
၈ ထို့နောက်တွင် များစွာသောသူတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်၍၊ တစ်ယောက်ကို တစ်ယောက် အပ်ကြလိမ့်မည်၊ တစ်ယောက်ကို တစ်ယောက်မုန်းကြလိမ့်မည်။
၉ များစွာသော မိစ္ဆာပရောဖက်တို့ ပေါ်လာကြလိမ့်မည်၊ များစွာသောသူတို့ကို လှည့်စားကြလိမ့်မည်။
၁၀ ဒုစရိုက်များပြားသဖြင့်၊ များစွာသောသူတို့၏ ချစ်ခြင်းသည် ခေါင်းပါးလာလိမ့်မည်။
၁၁ သို့ရာတွင် အကြင်သူသည် ဆက်၍ မြဲမြံပြီး၊ အနိုင်မခံရ၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
၁၂ ထို့ကြောင့်၊ သင်တို့သည် ယေရုရှလင် ပျက်စီးခြင်းအကြောင်း၊ ပရောဖက် ဒံယေလ ဟောလေသည့်၊ စက်ဆုပ်ရွံရှာဖွယ် လူဆိတ်ညံခြင်းကို မြင်ကြရလိမ့်မည်၊ ထို့နောက်တွင် သင်တို့သည် သန့်ရှင်းသော နေရာ၌ ရပ်ကြရမည်။ ဖတ်သူမှန်သမျှအား၊ နားလည်စေလော့။
၁၃ ထို့နောက်တွင် ယုဒပြည်၌ရှိသောသူတို့ကို တောင်များပေါ်သို့ ပြေးကြစေ။
၁၄ အိမ်မိုးပေါ်မှာရှိသောသူကို ထွက်ပြေးစေလော့၊ အိမ်ထဲက တစ်စုံတစ်ခုကိုမျှ ယူခြင်းငှာ ပြန်မလာစေနှင့်။
၁၅ လယ်ကွင်းထဲ၌ ရှိသောသူကိုလည်း မိမိအဝတ်ကို ယူခြင်းငှာ နောက်သို့ ပြန်မလာစေနှင့်။
၁၆ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောသူတို့နှင့် နို့တိုက်သောသူတို့သည် အလွန်ခက်ကြလိမ့်မည်။
၁၇ ထို့ကြောင့်၊ သင်တို့၏ ထွက်ပြေးခြင်းသည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည် အကြောင်း ကိုယ်တော်ရှင်ထံသို့ ဆုတောင်းကြလော့။
၁၈ အကြောင်းမူကား၊ ထိုကာလ၌၊ ကြီးစွာသော အတိဒုက္ခသည် ယုဒလူမျိုးတို့ အပေါ်၌၊ ထို့အတူ ယေရုရှလင်မှာ နေထိုင်သူတို့အပေါ်၌ ရှိလိမ့်မည်၊ ထိုကဲ့သို့သောအရာကို ဣသရေလအမျိုးအပေါ်၊ ဘုရားသခင်ထံမှ၊ သူတို့နိုင်ငံ၏အစမှ ယခုအချိန်အထိ၊ ယခင်က မစေလွှတ်စဖူး။ နောက်၌လည်း ဣသရေလအမျိုးအပေါ် တစ်ဖန် မစေလွှတ်လတ္တံ့။
၁၉ သူတို့၌ ဖြစ်ပျက်လေပြီးသည့် ခပ်သိမ်းသောအရာတို့သည်ကား၊ သူတို့အပေါ် ကျရောက်လာမည့် ဝမ်းနည်းမှုတို့၏ အစသာလျှင်ရှိသေး၏။
၂၀ ထိုကာလကို မတိုစေလျှင်၊ သူတို့အထဲမှ အဘယ်သူမျှ ကယ်တင်ခြင်းသို့မရောက်ရ။ သို့ရာတွင် ရွေးကောက်ထားသော သူတို့အဖို့အလိုငှာ၊ ပဋိညာဉ်များအတိုင်း၊ ထိုကာလကို တိုစေမည်။
၂၁ ရှုလော့၊ ဤအရာတို့ကို ငါသည် သင်တို့အား ယုဒလူမျိုးတို့နှင့်စပ်လျဉ်း၍ ဟောပြောလေပြီ။ ထိုမှတစ်ဖန်၊ ယေရုရှလင်အပေါ် ကျရောက်လာမည့် ထိုကာလ၏ အတိဒုက္ခများနောက်၌၊ တစ်စုံတစ်ဦးက၊ ကြည့်ပါ၊ ဤအရပ်၌ ခရစ်တော် ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ ရှိသည်ဟု ဆိုသော်လည်း၊ ထိုသူကို ယုံကြည်ခြင်းမရှိကြနှင့်။
၂၂ အကြောင်းမူကား၊ ထိုကာလ၌ ပေါ်လာသော ခရစ်တော်အယောင်ဆောင်သူများ၊ ထို့အတူ မိစ္ဆာ ပရောဖက်များ ရှိကြလိမ့်မည်၊ ပဋိညာဉ်အတိုင်း ရွေးကောက်ထားသောသူများဖြစ်သည့် အမှန် ရွေးကောက်ထားသောသူတို့ကိုပင် လှည့်စားနိုင်လျှင်၊ လှည့်စားလောက်အောင် ကြီးစွာသောနိမိတ် လက္ခဏာများနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုများကိုလည်း ပြကြလိမ့်မည်။
၂၃ ရှုလော့၊ ငါသည် ရွေးကောက်ထားသော သူတို့အဖို့ အလိုငှာ ဤအရာတို့ကို သင်တို့အား ဟောပြော၏။ သင်တို့သည်လည်း စစ်တိုက်ခြင်းအကြောင်း၊ ထို့အတူ စစ်တိုက်ခြင်းအကြောင်း တစ်ဆင့်စကားများကိုလည်း ကြားကြရလိမ့်မည်။ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့၊ အကြောင်းမူကား၊ သင်တို့ကို ငါပြောလေသည့် ခပ်သိမ်းသောအရာများ ဖြစ်လာရမည်။ သို့ရာတွင် အဆုံးသည် မဖြစ်သေး။
၂၄ ရှုလော့၊ ငါသည် သင်တို့အား ယခင်က ပြောလေပြီ။
၂၅ သို့ဖြစ်၍၊ သူတို့က သင်တို့အား၊ ရှုလော့၊ ခရစ်တော်သည် သဲကန္တာရ၌ရှိသည်ဟု ဆိုသော်လည်း၊ ထွက်သွားခြင်းမရှိကြနှင့်။ ရှုလော့၊ လျှို့ဝှက်ခန်းမှာရှိသည်ဟု ဆိုသော်လည်း၊ ယုံကြည်ခြင်းမရှိကြနှင့်။
၂၆ အကြောင်းမူကား၊ နံနက်အလင်းသည် အရှေ့မှ ထွက်၍၊ အနောက်တိုင်အောင် တောက်ပပြီး၊ မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသကဲ့သို့၊ ထိုနည်းတူစွာပင် လူသားတော်၏ ကြွလာတော်မူခြင်းသည်လည်း ဖြစ်လိမ့်မည်။
၂၇ ယခုမူကား၊ ငါသည် သင်တို့အား ပုံဆောင်စကားတစ်ခုကို ပြမည်။ ရှုလော့၊ အသေကောင် ရှိရာမှန်သမျှ၌ လင်းယုန်တို့ အတူတကွစုဝေးကြလတ္တံ့။ ထိုနည်းတူစွာပင် ငါ၏ရွေးကောက်ထားသောသူတို့ကို မြေကြီးလေးမျက်နှာမှ စုဝေးတော်မူမည်။
၂၈ သူတို့သည်လည်း စစ်တိုက်ခြင်းအကြောင်း၊ ထို့အတူ စစ်တိုက်ခြင်းအကြောင်း တစ်ဆင့်စကားများကို ကြားကြရလိမ့်မည်။
၂၉ ရှုလော့၊ ငါ၏ရွေးကောက်ထားသောသူတို့အဖို့အလိုငှာ ငါဟောပြော၏။ အကြောင်းမူကား၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ထို့အတူ ကာလနာဘေး၊ ထို့အတူ မြေကြီးလှုပ်ခြင်းတို့ ရှိကြလိမ့်မည်။
၃၀ ထိုမှတစ်ဖန်၊ ဒုစရိုက်များပြားသဖြင့်၊ လူသားတို့၏ချစ်ခြင်းသည် ခေါင်းပါးလာလိမ့်မည်။ သို့ရာတွင် အကြင်သူသည် အနိုင်မခံရ၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၃၁ ထိုမှတစ်ဖန်၊ ခပ်သိမ်းသောလူမျိုးတို့အား သက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားတော်ကို လောကတစ်ခုလုံး၌ ဟောရလိမ့်မည်၊ ထို့နောက်တွင်၊ အဆုံး၊ သို့မဟုတ် ဆိုးညစ်သောသူတို့၏ ပျက်စီးခြင်းဖြစ်လတ္တံ့။
၃၂ ထိုမှတစ်ဖန်၊ ပရောဖက်ဒံယေလ ဟောလေသည့် စက်ဆုပ်ရွံရှာဖွယ် လူဆိတ်ညံခြင်းကို ပြီးပြည့်စုံစေလိမ့်မည်။
၃၃ ထိုကာလ၏ အတိဒုက္ခများ ပြီးလျှင်ပြီးချင်း၊ နေသည် မိုက်လိမ့်မည်၊ လသည်လည်း မိမိအလင်းကို မပေး၊ ကြယ်တို့သည်လည်း ကောင်းကင်မှ ကျကြလိမ့်မည်၊ ကောင်းကင်တန်ခိုးတို့သည်လည်း တုန်လှုပ်ကြလိမ့်မည်။
၃၄ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါပြောလေသည့် အရာခပ်သိမ်းတို့ မပြီးပြည့်စုံစေမီ၊ ဤအရာတို့ကိုပြရာ ဤမျိုးဆက် ကွယ်လွန်မသွားရ။
၃၅ ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွားမည့် နေ့ကျရောက်လာသော်လည်း၊ ငါ့စကားတို့သည် ကွယ်ပျောက်မသွားရ၊ သို့ရာတွင် အားလုံးကို ပြီးပြည့်စုံစေလိမ့်မည်။
၃၆ ထို့အတူ၊ အထက်က ငါမိန့်တော်မူသကဲ့သို့ပင်၊ ထိုကာလ၏ အတိဒုက္ခများနောက်၌၊ ကောင်းကင်တန်ခိုးတို့ တုန်လှုပ်ကြလိမ့်မည်၊ ထို့နောက်တွင် လူသားတော်၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်၊ ထို့နောက်တွင် မြေကြီးပေါ်ရှိမျိုးနွယ်စုတို့ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သူတို့သည် လူသားတော်ကို ကောင်းကင်တိမ်တိုက်၌၊ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသော ဘုန်းတော်တို့ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။
၃၇ ငါ၏နှုတ်ကပတ်တော်ကို အမြတ်တနိုး သိမ်းဆည်းထားသူမှန်သမျှသည် လှည့်စားမခံရ၊ အကြောင်းမူကား၊ လူသားတော်သည် ကြွလာတော်မူလိမ့်မည်၊ သူ၏ကောင်းကင်တမန်တို့ကို ကြီးစွာသောတံပိုးခရာသံနှင့်အတူ ရှေ့တော်၌စေလွှတ်၍၊ သူ၏ ရွေးကောက်ထားသော သူတို့အထဲမှ ကျန်ကြွင်းသောသူတို့ကို အရပ်လေးမျက်နှာမှ၊ ကောင်းကင်တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ အတူတကွ စုဝေးစေလိမ့်မည်။
၃၈ ယခုတွင် သင်္ဘောသဖန်းပင်အကြောင်း ပုံဆောင်စကားကို သင်ယူကြလော့ အခက်အလက်များ နု၍၊ အရွက်ပေါက်စပြုသောအခါ နွေရာသီနီးကပ်လာသည်ကို သင်တို့သိကြ၏။
၃၉ ထိုနည်းတူစွာပင်၊ ငါ၏ရွေးကောက်ထားသောသူများသည်၊ ခပ်သိမ်းသောဤအရာတို့ကို မြင်ကြသောအခါ၊ သူသည် နီးလာ၍၊ တံခါးဝ၌ပင်ရှိသည်ကို သိကြလိမ့်မည်။
၄၀ သို့ရာတွင်၊ ထိုနေ့၊ ထိုနာရီကို အဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ကောင်းကင်တမန်များမသိကြ၊ ငါ၏ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။
၄၁ သို့ရာတွင် နောဧလက်ထက်၌ ဖြစ်သကဲ့သို့ရှိလေ၏၊ လူသားတော်ကြွလာတော်မူသောအခါ၌လည်း၊ ထိုနည်းတူစွာပင် ဖြစ်လိမ့်မည်။
၄၂ အကြောင်းမူကား၊ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ ကဲ့သို့ပင် သူတို့၌ ဖြစ်လိမ့်မည်။ နောဧ သင်္ဘောထဲသို့ ဝင်သောနေ့တိုင်အောင်၊ လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
၄၃ ရေလွှမ်းမိုးခြင်းရောက်သဖြင့် ခပ်သိမ်းသောသူတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သိခြင်းမရှိကြ။ ထိုနည်းတူစွာပင် လူသားတော်၏ကြွလာတော်မူခြင်းသည်လည်း ဖြစ်လိမ့်မည်။
၄၄ ထို့နောက် လယ်၌ရှိသောသူနှစ်ယောက်တို့တွင်၊ တစ်ယောက်သည် သိမ်းယူခံရလတ္တံ့၊ အခြားတစ်ယောက်သည် နေရစ်ရလတ္တံ့ဟု ရေးထားသည့်အရာကို ပြီးပြည့်စုံစေလိမ့်မည်။
၄၅ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင်၊ တစ်ယောက်သည် သိမ်းယူခံရလတ္တံ့၊ အခြားတစ်ယောက်သည် နေရစ်ရလတ္တံ့။
၄၆ တစ်ယောက်သောသူအား ငါဆိုသည့်အရာကို ခပ်သိမ်းသောသူတို့အား ငါဆို၏။ ထို့ကြောင့်၊ စောင့်နေကြလော့၊ အကြောင်းမူကား၊ သင်တို့သည် အဘယ်အချိန်၌ သင်တို့၏ ကိုယ်တော်ရှင် ကြွလာတော်မူမည်ကို သိခြင်းမရှိကြ။
၄၇ သို့ရာတွင် သူခိုးလာမည့်အချိန်ကို ကောင်းမြတ်သော အိမ်ရှင်သည်သိရလျှင်၊ စောင့်နေလိမ့်မည်၊ မိမိအိမ်ကို ထွင်းဖောက်ခံရစေရန် အခွင့်မပေးဘဲ၊ ပြင်ဆင်နေလိမ့်မည်။
၄၈ ထို့ကြောင့်၊ သင်တို့သည် ပြင်ဆင်လျက်နေကြလော့၊ အကြောင်းမူကား၊ သင်တို့မထင် မမှတ်သောနာရီ၌ လူသားတော်သည် ကြွလာတော်မူလိမ့်မည်။
၄၉ သခင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ပေးစေခြင်းငှာ၊ အုပ်စိုးသူဖြစ်စေ၍၊ သစ္စာရှိပြီး ဉာဏ်ပညာရှိသောကျွန်ကား အဘယ်သူနည်း။
၅၀ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို သခင်သည် ပြန်လာ၍တွေ့၏၊ ထိုကျွန်သည် မင်္ဂလာရှိ၏။ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သခင်သည် ထိုကျွန်အား မိမိဥစ္စာရှိသမျှတို့အပေါ် အုပ်စိုးသူ ဖြစ်စေလိမ့်မည်။
၅၁ သို့ရာတွင် အကြင်ကျွန်ဆိုးက ငါ့သခင်လာခဲလိမ့်မည်ဟု စိတ်နှလုံးထဲ၌ တွေးသည်နှင့်၊
၅၂ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက်၊ သေသောက်ကြူးသောသူတို့နှင့် အတူစားသောက်စပြု၏၊
၅၃ ထိုကျွန် မကြည့်မမျှော်သောနေ့၊ သတိမပြုမိသောနာရီ၌ သခင်သည် ရောက်လာလျှင်၊
၅၄ ထိုကျွန်ကို ပြင်းစွာကွပ်မျက်ဆုံးမ၍၊ ဝေစုကိုလည်း သူတော်ကောင်းယောင်ဆောင်သော သူများ၌ ပေးအပ်လိမ့်မည်။ ထိုအရပ်၌ ငိုကြွေးခြင်းနှင့် အံသွားခဲကြိတ်ခြင်းတို့ ရှိလတ္တံ့။
၅၅ ထိုကဲ့သို့အားဖြင့်၊ ဆိုးညစ်သောသူတို့၏အဆုံးသည် ရောက်လာ၏၊ သူတို့သည် လူမျိုးတို့၌ ပယ်ရှင်းခံကြရလိမ့်မည်ဟု ဆိုသော မောရှေ၏ပရောဖက်ပြုဟောချက်အတိုင်းဖြစ်လေသတည်း။ သို့ရာတွင် ကမ္ဘာကုန်ခြင်းသည် မရောက်သေး၊ သို့ရာတွင် မကြာမီရောက်လိမ့်မည်။