ကျမ်းစာများ
နိဒါန်း


နိဒါန်း

မြတ်ပုလဲကျမ်းသည် ယေရှုခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော်၏ ယုံကြည်ခြင်းနှင့် ဩဝါဒတို့၏ အရေးပါသော ကဏ္ဍများစွာနှင့် စပ်လျဉ်းသည့် ကောင်းသော အကြောင်း အရာတို့မှ ရွေးချယ်ထားသောအရာတစ်ခု ဖြစ်၏။ ဤအချက်အလက်များကို ပရောဖက် ဂျိုးဇက်စမစ်က ဘာသာပြန်၍၊ ထုတ်လုပ်ခဲ့ပြီး အများစုကို သူရှိစဉ်က အသင်းတော်၏ ပုံမှန်စာစောင်တို့၌ ပုံနှိပ်ထုတ်ဝေခဲ့၏။

မြတ်ပုလဲကျမ်းခေါင်းစည်းပါရှိသည့် အကြောင်းအရာတို့၏ ပထမဦးဆုံးပေါင်းချုပ်ကို ၁၈၅၁ ခုနှစ်တွင် အသင်းလူကြီး ဖရန့်ကလင်ဒီရစ်ချတ်က ပြုလုပ်ခဲ့၏၊ သူသည် ထိုအချိန်၌ တစ်ဆယ့်နှစ်ပါး အတိုင်ပင်ခံအဖွဲ့ဝင် တစ်ဦးနှင့် ဗြိတိသျှသာသာနာအဖွဲ့ဥက္ကဋ္ဌဖြစ်၏။ ထိုပေါင်းချုပ်၏ ရည်ရွယ်ချက်မှာ ဂျိုးဇက်စမစ်ကာလ၌ ထုတ်ဝေစောင်ရေ အနည်းအကျဉ်းသာ ရှိသည့် အရေးကြီးသော ဆောင်းပါးအချို့ကို ပို၍အလွယ်တကူရရှိစေရန်ဖြစ်၏။ ဥရောပနှင့် အမေရိကတစ်ဝန်း၌ အသင်းတော် အသင်းသားဖြစ်ခြင်း တိုးလာသည်နှင့်အမျှ၊ ဤအချက်အလက်များကို ရရှိစေဖို့ ပြုလုပ်ရန် လိုအပ်လေ၏။ မြတ်ပုလဲကျမ်းကို ကျယ်ပြန့်စွာအသုံးပြုခဲ့ကြပြီး၊ နောက်ပိုင်းတွင် ပထမဥက္ကဋ္ဌအဖွဲ့နှင့် ဆော့လိတ်မြို့၌ ၁၈၈၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက် အထွေထွေညီလာခံတို့၏ ဆောင်ရွက်ချက်ဖြင့် အသင်းတော်၏ စံချိန်မီကျမ်းစာတွဲတစ်ခုဖြစ်လာခဲ့၏။

အသင်းတော်၏လိုအပ်ချက်များမှ တောင်းဆိုသည့်အတိုင်း အကြောင်းအရာတို့၌ ပြန်လည်ပြင်ဆင်ခြင်း အသီးသီးကို ပြုလုပ်ထား၏။ ပထမမူ၌ မပါဝင်သည့် မောရှေကျမ်း၏ အပိုင်းတို့ကို ၁၈၇၈ ခုနှစ်တွင် ထပ်၍ထည့်ခဲ့၏။ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၌လည်း ထပ်၍ပါနေသည့် အကြောင်းအရာ ဖြစ်သည့် မြတ်ပုလဲကျမ်း၏ အချို့သောအစိတ်အပိုင်းများကို ၁၉၀၂ ခုနှစ်တွင် ချန်လှပ်ထားခဲ့၏။ အခန်းကြီးအခန်းငယ်တို့၌ အောက်ခြေမှတ်စုများနှင့် စီစဉ်မှုများကို ၁၉၀၂ ခုနှစ်တွင် ပြုလုပ်ခဲ့၏။ အညွှန်းများနှင့်အတူ၊ စာတိုင်နှစ်တိုင်ပါစာမျက်နှာများနှင့် ပထမပုံနှိပ် ထုတ်ဝေခြင်းကို ၁၉၂၁ ခုနှစ်တွင်ပြုခဲ့၏။ ဗျာဒိတ်တော်အချက်နှစ်ချက်ကို ထပ်၍ထည့်ခဲ့သည့် ၁၉၇၆ ခုနှစ် ဧပြီလအထိ အခြားပြောင်းလဲမှုများကို မပြုလုပ်ခဲ့ပေ။ ၁၉၇၉ ခုနှစ်တွင် ဤအချက်နှစ်ချက်ကို မြတ်ပုလဲကျမ်းမှ ပယ်ရှားခဲ့ပြီး၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၌ ထည့်သွင်းခဲ့၏၊ ထိုကျမ်း၌ ယခုတွင် အပိုဒ်ငယ် ၁၃၇ နှင့် ၁၃၈ အဖြစ်ရှိပေ၏။ လက်ရှိမူ၌ အစောပိုင်း မှတ်တမ်းမှတ်ရာတို့နှင့် စာသားကိုက်ညီစေရန် ပြောင်းလဲမှုအချို့ကို ပြုလုပ်ထား၏။

အောက်ပါတို့သည် ယခုအကြောင်းအရာတို့နှင့် စပ်လျဉ်းသည့် အကျဉ်းချုပ် နိဒါန်းဖြစ်၏။

  1. မောရှေကျမ်းမှ ရွေးချယ်ချက်များ။ ၁၈၃၀ ခုနှစ်၊ ဇွန်လတွင် ဂျိုးဇက်စမစ်အစပြုခဲ့သည့် သူ၏ သမ္မာကျမ်းဘာသာပြန်ခြင်းရှိ ကမ္ဘာဦးကျမ်းမှ ကောက်နုတ်ချက်။

  2. အာဗြဟံကျမ်း။ အာဗြဟံ၏စာများမှ လမ်းပြလှုံ့ဆော်သောဘာသာပြန်။ ဂျိုးဇက်စမစ်သည် အဲဂုတ္တုရှေးစက္ကူများကို ရရှိခဲ့ပြီးနောက် ဘာသာပြန်ခြင်းကို အစပြုခဲ့၏။ ဘာသာပြန်ကို ၁၈၄၂ ခုနှစ်၊ မတ်လ ၁ ရက် မှစ၍၊ နော်ဗူး၊ အီလီနွိုက်၌ Times and Seasons (အချိန်ရာသီ) စာစောင်တွင် အစီအစဉ်အလိုက် ပုံနှိပ် ထုတ်ဝေခဲ့၏။

  3. ဂျိုးဇက်စမစ်—မဿဲ။ ဂျိုးဇက်စမစ်၏သမ္မာကျမ်းဘာသာပြန်ခြင်းရှိ မဿဲအကြောင်း သက်သေခံချက်မှ ကောက်နုတ်ချက် (ဓမ္မသစ်ကျမ်းဘာသာပြန်ခြင်းကို အစပြုရန် မြင့်မြတ်သောအမိန့်အတွက် ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၅း ၆၀–၆၁ တွင်ကြည့်ပါ)။

  4. ဂျိုးဇက်စမစ်—သမိုင်း။ ၁၈၃၈–၁၈၃၉၌ ဂျိုးဇက်စမစ်နှင့် သူ၏စာရေးသူတို့ ပြင်ဆင်ခဲ့သည့်၊ ၁၈၄၂ ခုနှစ်၊ မတ်လ ၁၅ ရက်မှ စ၍၊ နော်ဗူး၊ အီလီနွိုက်၌၊ Times and Seasons (အချိန်ရာသီ) စာစောင်တွင် အစီအစဉ်အလိုက် ပုံနှိပ်ထုတ်ဝေခဲ့သည့် ဂျိုးဇက်စမစ်၏ တရားဝင်သက်သေခံချက်နှင့် သမိုင်းမှ ကောက်နုတ်ချက်များ။

  5. ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ယုံကြည်ခံယူချက်များ။ ၁၈၄၂ ခုနှစ်၊ မတ်လ ၁ ရက်၌ အချိန်ရာသီ စာစောင်တွင်၊ အများပြည်သူတို့၌ ဝန့်တ်ဝါ့သ်စာဟု ထင်ရှားသည့် အသင်းတော်၏ သမိုင်းအကျဉ်းနှင့်အတူ ပုံနှိပ်ထုတ်ဝေခဲ့သည့် ဂျိုးဇက်စမစ်၏ ဖော်ပြချက်တစ်ခု။