အခန်းကြီး ၄
(ဇွန် အောက်တိုဘာ ၁၈၃၀)
စာတန် နတ်ဆိုးဖြစ်လာခဲ့ပုံ—သူသည် ဧဝကို သွေးဆောင်ဖြားယောင်း၏—အာဒံနှင့် ဧဝကျရှုံး၍၊ သေခြင်းသည် လောကထဲသို့ ဝင်ရောက်လာ၏။
၁ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မောရှေကို မြွက်ဆို၍ မိန့်တော်မူလေသည်ကား၊ ငါ၏တစ်ပါးတည်းသော သားတော်၏ နာမတော်ဖြင့် သင်မိန့်မှာခဲ့သည့် ထိုစာတန်သည် ရှေးဦးစွာကတည်းက ရှိလေသောသူပေတည်း၊ သူသည် ငါ့ရှေ့သို့လာ၍—ရှုလော့၊ အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ၊ အကျွန်ုပ်သည် ကိုယ်တော်၏ သားတော်ဖြစ်ပါမည်၊ ခပ်သိမ်းသော လူသားတို့ကို ရွေးနုတ်မည် ဖြစ်၍၊ တစ်ယောက်မျှ မဆုံးရှုံးရ၊ ဧကန်အမှန် အကျွန်ုပ်လုပ်ဆောင်ပါမည်၊ သို့ဖြစ်၍၊ အကျွန်ုပ်အား ကိုယ်တော်၏ ဘုန်းတော်ကို ပေးတော်မူပါဟုလည်း ဆို၏။
၂ သို့ရာတွင်၊ ရှုလော့၊ ငါ၏ချစ်ရသောသူ၊ ရှေးဦးစွာကတည်းက ရွေးကောက်ထားသူ ငါ၏ချစ်သားက ငါ့ကို ဆိုလေသည်ကား အဘ၊ ကိုယ်တော်၏အလိုတော်ကို ပြည့်စုံပါစေမည်၊ ဘုန်းတော်သည် ကိုယ်တော်၏အရာ ကာလအစဉ်အဆက်ဖြစ်စေပါမည်။
၃ သို့ဖြစ်၍၊ ထိုစာတန်သည် ငါ့ကိုဆန့်ကျင်၍ ပုန်ကန်သောကြောင့်၊ ထို့အတူ လူသားအား ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်ပေးထားလေသည့် ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးရန် ကြိုးစား အားထုတ်သောကြောင့်၊ ငါ၏တန်ခိုးတော်ကို သူ့အားပေးစေကြောင်း ကြိုးစားအားထုတ်သောကြောင့်၊ ငါ၏တစ်ပါးတည်းသောသားတော်၏ တန်ခိုးတော်အားဖြင့်၊ ငါသည် သူ့ကို ပစ်ချခံရစေ၏။
၄ သူသည်လည်း လူသားတို့ကို လှည့်စားရန်နှင့် အလင်းကွယ်စေရန်၊ ထို့အတူ များနိုင်သမျှ များစွာသောသူတို့ကို ငါ၏ အသံကို စေ့စေ့နားမထောင်လိုကြသည့် တိုင်အောင်ပင် သူ၏အလိုအတိုင်း ချုပ်နှောင်ခြင်းသို့ ပို့ဆောင်ရန် စာတန်၊ ထိုမှတစ်ပါး၊ နတ်ဆိုး၊ ခပ်သိမ်းသော မုသားတို့၏အဘ ဖြစ်လာခဲ့၏။
၅ ယခုမူကား၊ မြွေသည် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင် ဖန်ဆင်းတော်မူသည့် တောသားရဲ တကာတို့ထက် ပို၍ဉာဏ်များလေ၏။
၆ စာတန်သည်လည်း ထိုဉာဏ်များခြင်းကို မြွေ၏ စိတ်နှလုံးထဲသို့ သွတ်သွင်း၍၊ (အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကို သူ့နောက်သို့ သွေးဆောင်၍ခေါ်သွားခဲ့၏၊) ဧဝကို လှည့်ဖြားရန် ကြိုးစား၏၊ အကြောင်းမူကား၊ သူသည် ဘုရားသခင်၏စိတ်ကို သိခြင်းမရှိ၊ သို့ဖြစ်၍၊ သူသည် လောကကို ဖျက်ဆီးရန် ကြိုးစား၏။
၇ သူသည် မိန်းမအား၊ သင်တို့သည် ဥယျာဉ်ထဲရှိ အပင်တိုင်း၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ (သူသည် မြွေ၏နှုတ်ဖြင့် ပြော၏။ )
၈ မိန်းမကလည်း မြွေကိုဆိုသည်ကား၊ ငါတို့သည် ဥယျာဉ်၌ ရှိသော အပင်တို့မှ အသီးကို စားရနိုင်၏။
၉ သို့ရာတွင်၊ ဥယျာဉ်အလယ်၌ ရှိသည့်၊ သင်တို့မြင်သည့် အပင်၏အသီးကိုကား—သင်တို့မစားရ၊ ထိလည်းမထိရ၊ သို့မဟုတ် သေမည်ဟု ဘုရားသခင်မိန့်တော်မူသည်ဟု ဆို၏။
၁၀ မြွေကလည်း မိန်းမကို ဆိုသည်ကား၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
၁၁ အကြောင်းမူကား၊ သင်တို့ ထိုအသီးကို စားသောနေ့၌ သင်တို့၏မျက်စိပွင့်လင်းလျက်၊ အကောင်းနှင့် အဆိုးကို သိ၍၊ ဘုရားများကဲ့သို့ ဖြစ်လိမ့်မည်ကို ဘုရားသခင် သိတော်မူ၏။
၁၂ မိန်းမသည်လည်း အပင်မှာ စားဖွယ်ကောင်းခြင်း၊ မျက်စိအတွက်လည်း နှစ်သက်ဖွယ် ဖြစ်လာခဲ့ခြင်း၊ သူမကိုလည်း ဉာဏ်ပညာရှိစေရန် အလိုရှိအပ်သော အပင်ဖြစ်ခြင်းကို သိမြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍၊ သူသည်လည်း စား၏။
၁၃ ထိုသူနှစ်ယောက်စလုံး၏ မျက်စိများ ပွင့်လင်း၍၊ မိမိတို့အဝတ်မရှိသည်ကို သိကြ၏။ သူတို့သည် သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းများကို လုပ်ကြ၏။
၁၄ သူတို့သည် နေအေးသောအချိန်တွင်၊ ဥယျာဉ်ထဲ၌ လမ်းလျှောက်နေစဉ်၊ ကိုယ်တော်ရှင် ဘုရားသခင်၏ အသံကို ကြားကြ၏။ အာဒံနှင့် သူ၏ဇနီးသည် ကိုယ်တော်ရှင် ဘုရားသခင်၏ မျက်မှောက်တော်မှ သူတို့ကိုယ်သူတို့ ပုန်းကွယ်ခြင်းငှာ ဥယျာဉ်၏အပင်များကြားသို့ သွားကြ၏။
၁၅ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် အာဒံကို ခေါ်၍၊ သင်ဘယ်ကို သွားသနည်းဟု မေး၏။
၁၆ သူက ကျွန်တော်သည် ကိုယ်တော်၏ဥယျာဉ်၌၊ ကိုယ်တော်၏အသံကို ကြားလျှင်၊ အဝတ်မရှိသည်ကို သိရသောကြောင့် ကြောက်၍၊ ကျွန်တော့်ဘာသာ ပုန်းနေပါသည်ဟု လျှောက်လေ၏။
၁၇ တစ်ဖန် ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်သည် အာဒံအား သင်သည် အဝတ်မရှိသည်ဟု သင့်အား အဘယ်သူ ပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလော၊ ထိုသို့ဆိုလျှင် သင်ဧကန်အမှန် သေရမည်ဟု မိန့်တော်မူ၏။
၁၈ ယောက်ျားကလည်း၊ ကျွန်တော်အား ကိုယ်တော်ပေး၍၊ ကျွန်တော်နှင့် အတူဆက်၍ရှိရမည်ဟု မိန့်တော်မူသော မိန်းမသည် ထိုအသီးကို ပေး၍ ကျွန်တော်စားမိပါပြီဟု လျှောက်လေ၏။
၁၉ တစ်ဖန် ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်သည် မိန်းမအား သင်ပြုပြီးလေသည့် ဤအရာသည်ကား အဘယ်နည်းဟု မေးလျှင်၊ မြွေသည် ကျွန်တော်မျိုးမကို လှည့်ဖြား၍၊ ကျွန်တော်မျိုးမသည် စားမိပါပြီဟု လျှောက်လေ၏။
၂၀ တစ်ဖန် ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်သည် မြွေကို မိန့်တော်မူသည်ကား၊ သင်သည် ဤအမှုကို ပြုသောကြောင့်၊ ခပ်သိမ်းသောကျွဲနွားတိရစ္ဆာန်တို့ထက်၊ တောသားရဲတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်၏ ဝမ်းဖြင့်သွား၍၊ မြေမှုန့်ကို တစ်သက်လုံးစားရမည်။
၂၁ တစ်ဖန် ငါသည် သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် သူမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်။
၂၂ မိန်းမကိုလည်း၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေသည်ကား၊ ငါသည် သင်၏ ဝမ်းနည်းခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းကို ကြီးစွာပွားများစေမည်။ ဝမ်းနည်းခြင်းဖြင့်၊ သင်သည် သားသမီးများကို မွေးဖွားရမည်၊ သင့်ဆန္ဒသည် သင့်ခင်ပွန်း၌ရှိရမည်၊ သူသည် သင့်အပေါ် အုပ်စိုးလိမ့်မည်။
၂၃ အာဒံကိုလည်း ငါ၊ ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေသည်ကား၊ သင်သည် သင့်ဇနီး၏စကားကို စေ့စေ့နားထောင်၍၊ အသီးကို မစားရဟု ငါပညတ်သည့် အပင်၏အသီးကို စားမိသောကြောင့်၊ ကျိန်ခြင်းသည် မြေ၌ သင့်အတွက် ရှိလိမ့်မည်။ ဝမ်းနည်းခြင်း၌ သင်သည် မြေ၏အသီးကို တစ်သက်လုံး စားရလိမ့်မည်။
၂၄ ဆူးပင်များနှင့် ဆူးလေပင်များကိုလည်း သင့်အဖို့ မြေကပေါက်စေမည်၊ သင်သည် လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို စားရမည်။
၂၅ သင်သည် မြေသို့ မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်၍ ရသည့်မုန့်ကို စားရမည်— အကြောင်းမူကား သင်သည် ဧကန်အမှန် သေရမည်—မြေမှ သင့်ကို ဆောင်ယူခဲ့၏။ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်။
၂၆ အာဒံသည်လည်း မိမိဇနီး၏ အမည်ကို ဧဝဟု ခေါ်၏၊ အကြောင်းမူကား၊ သူသည် အသက်ရှင်သူခပ်သိမ်းတို့၏ အမိဖြစ်သတည်း။ ထိုကဲ့သို့အားဖြင့်၊ ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်သည် များစွာရှိလေသည့် ခပ်သိမ်းသောမိန်းမတို့၏ ပထမဦးဆုံးသူကို ခေါ်တော်မူ၏။
၂၇ အာဒံအဖို့ လည်းကောင်း၊ သူ၏ဇနီးအဖို့ လည်းကောင်း၊ ငါ၊ ကိုယ်တော်ရှင် ဘုရားသခင်သည် သားရေဖြင့် ဝတ်လုံကို လုပ်၍၊ သူတို့ကို ဝတ်ဆင်စေ၏။
၂၈ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါ၏တစ်ပါးတည်းသော သားတော်ကို မိန့်တော်မူလေသည်ကား၊ ရှုလော့၊ လူသားသည် ငါတို့အထဲမှ တစ်ဦးကဲ့သို့ အကောင်းနှင့် အဆိုးကို သိသောသူ ဖြစ်လာ၏။ ယခုမူကား၊ သူ့လက်ကို ထုတ်၍၊ အသက်ပင်၏အသီးကိုလည်း သုံးဆောင်၍၊ စားပြီး ကာလအစဉ်အဆက် အသက်မရှင်ရစေခြင်းငှာ၊
၂၉ ထို့ကြောင့် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ သူ့ကို နုတ်ယူခဲ့ရာ မြေကို ထွန်ယက်စေရန် ဧဒင်ဥယျာဉ်မှ နှင်ထုတ်တော်မူမည်။
၃၀ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင် ဘုရားသခင် အသက်ရှင်တော်မူသည့် အတိုင်း၊ ထိုကဲ့သို့ပင် ငါ၏နှုတ်ကပတ်တော်တို့သည် အချည်းနှီးဖြစ်၍ ပြန်မသွားနိုင်၊ ငါ့နှုတ်မှ ထွက်သွားသည့် အတိုင်း ပြီးပြည့်စုံစေရမည်။
၃၁ ထိုကဲ့သို့ ငါသည် လူသားကို နှင်ထုတ်ပြီးလျှင်၊ ဧဒင်ဥယျာဉ်၏ အရှေ့ဘက်၌ ခေရုဗိမ်တို့ကိုလည်းကောင်း၊ လမ်းတိုင်းကို လွှဲပေးသည့် မီးလျှံဓားကိုလည်းကောင်း အသက်ပင်၏လမ်းကို စောင့်ရှောက်စေခြင်းငှာ ထားတော်မူ၏။
၃၂ (ဤအရာတို့သည်ကား၊ ငါ့ကျွန်မောရှေကို ငါမြွက်ဆိုတော်မူသည့် ငါ၏နှုတ်ကပတ်တော်များ ဖြစ်၏၊ ငါအလိုရှိသည့် အတိုင်းပင် မှန်ကန်ကြ၏။ သင်တို့ကိုလည်း ငါဟောပြောလေပြီ။ ယုံကြည်သောသူတို့ကိုမှတစ်ပါး၊ သင်တို့ကို ငါအမိန့်မရှိမီ အဘယ်သူ့ကိုမျှ မပြရမည့်အကြောင်း သတိပြုကြလော့။ အာမင်။)