အခန်းကြီး ၃
(ဇွန်–အောက်တိုဘာ ၁၈၃၀)
ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို မြေကြီးပေါ်၌ ဇာတိပကတိအတိုင်းမရှိမီ ဝိညာဉ်ပကတိအတိုင်း ဖန်ဆင်းတော်မူခဲ့၏—သူသည် ယောက်ျား၊ မြေကြီးပေါ်၌ ပထမဦးဆုံးလူကို ဖန်ဆင်းတော်မူခဲ့၏—မိန်းမသည် ယောက်ျားအတွက် သင့်လျော်သည့် အကူအညီဖြစ်၏။
၁ ထိုကဲ့သို့အားဖြင့် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
၂ သတ္တမနေ့၌၊ ငါ၊ ဘုရားသခင်သည်၊ ငါ၏ အမှုကို၊ ထို့အတူ ငါ ဖန်ဆင်းတော်မူခဲ့လေသည့် ခပ်သိမ်းသောအရာတို့ကို လက်စသတ်တော်မူခဲ့၏။ ငါသည် သတ္တမနေ့၌ ငါ၏ ခပ်သိမ်းသောအမှုမှ အနားယူ၍၊ ငါ ဖန်ဆင်းတော်မူခဲ့လေသည့် ခပ်သိမ်းသောအရာတို့သည်လည်း ပြီးစီးလေ၏၊ တစ်ဖန် ငါ၊ ဘုရားသခင်သည် ထိုအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၃ တစ်ဖန် ငါ၊ ဘုရားသခင်သည် သတ္တမနေ့ကို ကောင်းချီးပေး၍၊ သန့်ရှင်းစင်ကြယ်စေတော်မူ၏။ အကြောင်းမူကား၊ ငါ၊ ဘုရားသခင် ဖန်ဆင်း၍ ပြုတော်မူခဲ့သည့် ငါ၏ခပ်သိမ်းသောအမှုတို့မှ ထိုနေ့၌ အနားယူတော်မူခဲ့လေပြီ။
၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤအရာတို့သည်ကား ကောင်းကင်နှင့် မြေကြီးကို ငါ၊ ကိုယ်တော်ရှင်ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သည့် နေ့၌၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခဲ့စဉ်က ၎င်းတို့၏ ဖြစ်စဉ်များပေတည်း။
၅ လယ်ကွင်းမှ အပင်မှန်သမျှ မြေကြီး၌ မရှိမီက၊ ထို့အတူ လယ်ကွင်းမှ စပါးပင်မှန်သမျှ မကြီးပွားမီက အကြောင်းလည်းဖြစ်၏။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါမိန့်တော်မူခဲ့လေသည့် ခပ်သိမ်းသောအရာတို့ကို ၎င်းတို့မြေကြီးပေါ်၌ ဇာတိပကတိအားဖြင့် မရှိမီ၊ ဝိညာဉ်ပကတိအားဖြင့် ဖန်ဆင်းတော်မူခဲ့၏။ အကြောင်းမူကား၊ ငါ၊ ဘုရားသခင်သည်၊ မြေကြီးမျက်နှာပြင်ပေါ်၌ မိုးကို ရွာစေတော်မမူသေး။ ထို့အတူ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ခပ်သိမ်းသော လူသားတို့ကို ဖန်ဆင်းတော်မူခဲ့၏။ မြေကြီးကို ထွန်ယက်သောသူလည်း မရှိသေး။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ငါသည် သူတို့ကို ဖန်ဆင်းတော်မူခဲ့၏။ မြေကြီးပေါ်၌ လူမရှိသေး၊ ရေထဲ၌လည်းမရှိ၊ လေထဲ၌လည်းမရှိ။
၆ သို့ရာတွင် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်၊ မြွက်ဆိုတော်မူသဖြင့်၊ မြေကြီးမှ အခိုးအငွေ့ထွက်၍၊ မြေမျက်နှာပြင်တစ်ခုလုံးကို စိုစေ၏။
၇ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ မြေမှုန့်ဖြင့် လူသားကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသားသည် သက်ရှိလူ၊ မြေကြီးပေါ်၌ ပထမဦးဆုံးလူ၊ ပထမဦးဆုံးလူသားလည်း ဖြစ်လာခဲ့၏။ သို့သော်လည်း၊ ခပ်သိမ်းသောအရာတို့ကို ယခင်က ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင် ဝိညာဉ်ပကတိအားဖြင့် ၎င်းတို့ကို ဖန်ဆင်းတော်မူခဲ့ပြီး ငါ၏ နှုတ်ကပတ်တော်အတိုင်း ပြုတော်မူခဲ့၏။
၈ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပြီးလျှင်၊ ငါဖန်ဆင်းတော်မူခဲ့လေသည့် လူသားကို ထိုနေရာ၌ ထားတော်မူ၏။
၉ ထိုမြေထဲက၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ လူသားအဖို့ အဆင်းလှသည့် အပင်တိုင်းကို ပေါက်စေတော်မူခဲ့၏။ လူသားသည်လည်း ထိုအပင်ကို မြင်နိုင်၏။ ထိုအပင်သည်လည်း အသက် ရှင်သောအရာ ဖြစ်လာခဲ့၏။ အကြောင်းမူကား၊ ထိုအပင်သည် ငါဖန်ဆင်းတော်မူခဲ့သည့် နေ့၌ ဝိညာဉ်ပကတိ ဖြစ်လေ၏။ ထိုအပင်ကို ငါ၊ ဘုရားသခင် ဖန်ဆင်းတော်မူခဲ့ရာ ဂြိုဟ်ထဲ၌ ထိုအပင်၊ အထူးသဖြင့်၊ လူသားအသုံးပြုစရာအတွက် ငါပြင်ဆင်၍ အမှန်ဖန်ဆင်းတော်မူခဲ့သည့် ခပ်သိမ်းသော အရာတို့သည် ဆက်၍ရှိ၏။ လူသားကလည်း ထိုအပင်မှာ စားဖွယ်ကောင်းသည်ကို မြင်၏။ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် အသက်ပင်ကိုလည်း ထိုဥယျာဉ်အလယ်၌ စိုက်၏၊ အကောင်းနှင့် အဆိုးကို သိကျွမ်းရာအပင်ကိုလည်း စိုက်၏။
၁၀ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တစ်မြစ်ကို ဧဒင်မှ စီးထွက်စေ၏။ ထိုနေရာမှ မြစ်သည်ကွဲ၍၊ လေးသွယ်ဖြစ်လေ၏။
၁၁ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ပထမမြစ်၏အမည်ကို ဖိရှုန်ဟုခေါ်၏၊ ထိုမြစ်သည်လည်း များစွာသောရွှေတို့ကို ငါ၊ ကိုယ်တော်ရှင်ဘုရားသခင် ဖန်ဆင်းတော်မူသည့်နေရာ ဟာဝိလပြည်နား တစ်လျှောက်လုံးကို စီးသွားလေ၏။
၁၂ ထိုပြည်မှဖြစ်သောရွှေသည် ကောင်းမြတ်၏၊ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။
၁၃ ဒုတိယမြစ်ကို ဂိဟုန်ဟုခေါ်၏။ ထိုမြစ်သည် အဲသယောပိပြည်နားတစ်လျှောက်လုံးကို စီးသွားလေ၏။
၁၄ တတိယမြစ်၏အမည်မှာ ဟိဒကေလဖြစ်၏။ ထိုမြစ်သည် အာရှုရိ အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်မှာ ဥဖရတ်ဖြစ်၏။
၁၅ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားကို ယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။
၁၆ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် လူသားကို မိန့်တော်မူ၍၊ ဆိုလေသည်ကား၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည် လွတ်လပ်စွာစားနိုင်၏၊
၁၇ သို့ရာတွင် အကောင်းနှင့် အဆိုးကိုသိကျွမ်းရာအပင်မှ အသီးကို သင်မစားရ၊ သို့သော်လည်း၊ သင်ကိုယ်တိုင်ရွေးချယ်နိုင်ပေ၏၊ အကြောင်းမူကား ထိုအခွင့်ကို သင့်အား ပေးထား၏။ သို့ရာတွင်၊ ငါတားမြစ်ကြောင်းကို သတိရလော့၊ ထိုအပင်မှအသီးကို စားသောနေ့တွင် သင်ဧကန်အမှန်သေရမည်။
၁၈ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်က ယောက်ျားသည် တစ်ယောက်တည်းနေရသည်မှာ မကောင်း၊ သို့ဖြစ်၍ သူ့အတွက် သင့်လျော်သည့် အကူအညီကို ငါပြုမည်ဟု ငါ၏ တစ်ပါးတည်းသော သားတော်ကို မိန့်တော်မူ၏။
၁၉ ထိုမြေထဲက၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်တို့ကို ဖန်ဆင်းတော်မူခဲ့၏။ သူတို့ကို အာဒံအဘယ်သို့ ခေါ်မည့်အကြောင်းကို ကြည့်ရန် သူ့ထံသို့ လာရမည်ကိုလည်း မိန့်တော်မူခဲ့၏။ သူတို့သည်လည်း သက်ရှိလူများ ဖြစ်ကြ၏။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ သူတို့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူ၍၊ သက်ရှိသတ္တဝါတိုင်းကို အာဒံခေါ်သမျှသည် ၎င်းတို့၏အမည်ဖြစ်ရမည်ဟု မိန့်တော်မူခဲ့၏။
၂၀ အာဒံသည် ခပ်သိမ်းသော ကျွဲနွားတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မိုးကောင်းကင် ငှက်တို့ကိုလည်းကောင်း၊ တောသားရဲတိုင်းကိုလည်းကောင်း အမည်ပေး၏။ သို့ရာတွင် အာဒံအတွက် သင့်လျော်သည့် အကူအညီ မပေါ်မရှိသေး။
၂၁ တစ်ဖန် ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ အာဒံအပေါ် ကြီးသော အိပ်ခြင်းကို ရောက်စေ တော်မူ၍၊ သူအိပ်ပျော်စဉ် နံရိုးတစ်ချောင်းကို ထုတ်ပြီးလျှင်၊ ထိုအရိုးနေရာ၌ အသားကို စေ့စပ် စေတော်မူ၏။
၂၂ လူထဲကထုတ်သောနံရိုးဖြင့်၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မိန်းမကို ဖန်ဆင်း၍ ထိုလူရှိရာသို့ ဆောင်တော်မူခဲ့၏။
၂၃ အာဒံကလည်း ယခု ဤလူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်ကြောင်း ငါသိ၏။ လူထဲက ထုတ်သောကြောင့် မိန်းမဟု ခေါ်အပ်သည်ဟု ဆို၏။
၂၄ ထို့ကြောင့် ယောက်ျားသည် ကိုယ့်အဘနှင့် ကိုယ့်အမိကို စွန့်၍၊ ကိုယ့်ဇနီး၌ စွဲမြဲရမည်။ ထိုသူတို့သည်လည်း တစ်သားတစ်ကိုယ်တည်း ဖြစ်ရမည်။
၂၅ ယောက်ျားနှင့် ဇနီး၊ သူတို့နှစ်ဦးစလုံးသည်လည်း အဝတ်မရှိ၍၊ မရှက်ကြ။