ကျမ်းစာများ
မောရှေ ၆


အခန်းကြီး ၆

(နိုဝင်ဘာ–ဒီဇင်ဘာ ၁၈၃၀)

အာဒံ၏​အမျိုးအနွယ်တို့သည် အောက်မေ့ဖွယ်ရာ စာအုပ်ကို ရေးကြ၏—သူ၏ ဖြောင့်မတ်သော သားစဉ်​မြေးဆက်တို့သည် နောင်တရခြင်းကို ဟောပြော​ကြ၏—ဘုရားသခင်သည် ဧနောက်ကို ကိုယ်ထင်​ပြတော်မူ၏—ဧနောက်သည် ဧဝံဂေလိ​တရားတော်ကို ဟောပြော၏—ကယ်တင်ခြင်း​အစီအစဉ်ကို အာဒံသို့ ဖော်ပြ၏—သူသည် ဗတ္တိဇံနှင့် ယဇ်ပုရောဟိတ်​အခွင့်ကို လက်ခံ​ရရှိ၏။

အာဒံသည် ဘုရားသခင်၏​အသံကို စေ့စေ့နားထောင်၏၊ သူ၏​သားတို့ကိုလည်း နောင်တ​ရရန် တောင်းပန်၏။

အာဒံသည် သူ့ဇနီးကို တစ်ဖန် ဆက်ဆံသဖြင့်၊ သားကို ဖွားမြင်၍ ရှေသဟု အမည်​မှည့်၏။ အာဒံသည် ဘုရားသခင်၏ နာမတော်ကို ချီးမွမ်း၏။ အကြောင်းမူကား၊ သူဆိုသည်မှာ ကာဣန​ကွပ်မျက်ခဲ့သည့် အာဗေလ​အစား၊ ဘုရားသခင်သည် ငါ့အား တခြားသော​အမျိုးအနွယ်ကို ပေးအပ်​တော်မူလေပြီ။

ဘုရားသခင်သည် ရှေသသို့ ကိုယ်ထင်​ပြ၏၊ သူလည်း ပုန်ကန်ခြင်း​မပြုဘဲ၊ အစ်ကို အာဗေလ​ကဲ့သို့ပင် နှစ်သက်ဖွယ်သော​ယဇ်ကို ပူဇော်၏။ သူအဖို့လည်း သားတစ်ယောက်ကို ဖွားမြင်၍၊ ဧနုတ်ဟု အမည်​မှည့်၏။

ဤလူတို့သည်လည်း ကိုယ်တော်ရှင်၏​နာမတော်အား ပတ္ထနာပြုစ​ပြုကြ၏၊ ကိုယ်တော်ရှင်ကလည်း သူတို့ကို ကောင်းချီး​ပေးတော်မူ၏။

အောက်မေ့ဖွယ်ရာ​စာအုပ်​တစ်အုပ်ကို ရေးခဲ့​ကြ၏၊ ထိုစာအုပ်၌၊ အာဒံ၏ ဘာသာစကားဖြင့် မှတ်တမ်းတင်​ထား၏၊ အကြောင်း​မူကား၊ လမ်းပြ​လှုံ့ဆော်ခြင်း​ဝိညာဉ်​အားဖြင့် ရေးခြင်းငှာ ဘုရားသခင်အား ပတ္ထနာပြုသူ​မှန်သမျှအား ပေးထား​လေ၏။

သူတို့အားဖြင့် သူတို့၏​သားသမီးများသည် ရေးတတ်​ဖတ်တတ်ရန် သွန်သင်​ခံကြရ၏၊ စင်ကြယ်၍ မညစ်ညူးသော​ဘာသာစကားကိုလည်း ရရှိခဲ့ကြ၏။

ယခုတွင် ရှေးဦးစွာ၌ ရှိလေသည့်၊ ဤတူသော ယဇ်ပုရောဟိတ်​အခွင့်သည်၊ ကမ္ဘာကုန်သည့် အခါ၌လည်း ရှိလိမ့်မည်။

ယခုတွင် ဤ​ပရောဖက်ပြု​ဟောချက်ကို အာဒံသည်၊ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် တိုက်တွန်းတော်မူခြင်းကို ခံရသည့်အတိုင်း ဟောပြောခဲ့၏၊ ဘုရားသခင်၏​သားသမီးတို့​အကြောင်း ဆွေစဉ်​မျိုးဆက်​မှတ်တမ်းကိုလည်း ရေးထား၏။ ဤ​အရာသည် အာဒံ၏​မျိုးဆက်တို့​အကြောင်း စာအုပ်ဖြစ်၍၊ ဆိုလေသည်ကား၊ လူသားကို ဘုရားသခင်​ဖန်ဆင်းတော်မူသည့်​နေ့၌၊ ဘုရားသခင်၏ ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​တော်မူ​ခဲ့၏။

သူကိုယ်တိုင်၏ကိုယ်ခန္ဓာ​ပုံသဏ္ဌာန်​အတိုင်း၊ ယောက်ျားနှင့် မိန်းမကို၊ သူတို့ကို သူဖန်ဆင်း​တော်မူခဲ့၏၊ သူတို့ကို ကောင်းချီးပေး၍၊ အမည်ကို အာဒံဟု ခေါ်၏၊ သူတို့ကို ဖန်ဆင်း​လေသည့် နေ့၌ ဘုရားသခင်၏ ခြေတင်ရာခုံ​ရှိသည့် ပြည်တွင် သက်ရှိ​လူများ ဖြစ်လာခဲ့၏။

၁၀ အာဒံသည် တစ်ရာ့သုံးဆယ်​နှစ် နေပြီးသော်၊ မိမိပုံသဏ္ဌာန်နှင့် တညီ​တစ်သဏ္ဌာန်​တည်းသော သားကို ဖွားမြင်​စေ၍ အမည်ကို ရှေသဟု​မှည့်၏။

၁၁ အာဒံ၏အသက်မှာ၊ ရှေသကို သူဖွားမြင်​စေပြီးနောက်၊ အနှစ်​ရှစ်ရာ ဖြစ်လေ၏၊ သူသည် များစွာသော သားများနှင့်သမီးများကို ဖွားမြင်​စေ၏။

၁၂ အာဒံနေသည့်အသက်မှာ နှစ်ပေါင်းမှာ ကိုးရာ့သုံးဆယ်​ဖြစ်၏၊ ထို့နောက် သေ၏။

၁၃ ရှေသသည် တစ်ရာ့​ငါးနှစ်​နေပြီးသော် ဧနုတ်ကို ဖွားမြင်​စေ၏။ သူ့အသက်တာ တစ်လျှောက်​လုံးတွင် ပရောဖက်ပြု၍ ဟောခဲ့၏၊ သူ့သား​ဧနုတ်ကိုလည်း ဘုရားသခင်၏ လမ်းအတိုင်း သွန်သင်​ခဲ့၏။ သို့ဖြစ်၍၊ ဧနုတ်လည်း ပရောဖက်ပြု၍​ဟောခဲ့၏။

၁၄ ရှေသသည် ဧနုတ်ကို ဖွားမြင်​စေပြီးနောက်၊ အနှစ်​ရှစ်ရာ့​ခုနစ်နှစ် နေ၍၊ များစွာသော သားများနှင့်သမီးများကို ဖွားမြင်​စေ၏။

၁၅ လူသားတို့သည် ထိုပြည်၏ မျက်နှာပြင် တစ်ခုလုံး​ပေါ်၌ အမြောက်​အမြား​ရှိလေ၏။ ထိုကာလ၌ စာတန်သည် လူသားတို့၌ ကြီးစွာသော​အစိုးရခြင်း​ရှိ၏၊ သူတို့၏​စိတ်နှလုံးကိုလည်း လှုပ်ရှား​ထကြွ​စေ၏။ ထို​အချိန်မှ​စ၍၊ စစ်တိုက်ခြင်းများနှင့် အသွေး​သွန်းလောင်းခြင်းများ ကျရောက်​လာ၏။ လျှို့ဝှက်သော​အမှုများနှင့် အာဏာကို ရှာခြင်းတို့ကြောင့်၊ လူတစ်ဦး၏​လက်သည် သေခြင်းကို စီမံ​ဆောင်ရွက်​ရာ၌ မိမိ​ညီအစ်ကို၏​တစ်ဖက်၌ ရှိ၏။

၁၆ ရှေသသည် အသက်​နှစ်ပေါင်း ကိုးရာ​တစ်ဆယ့်နှစ်​နှစ်စေ့သော် သေလေ၏။

၁၇ ဧနုတ်သည် အသက်​ကိုးဆယ်​ရှိသော်၊ ကာဣနန်ကို ဖွားမြင်​စေ၏။ ဧနုတ်နှင့်၊ ဘုရားသခင်၏ ကျန်ကြွင်းသော လူမျိုးတို့သည် ရှူလုန်ဟု​ခေါ်သော​ပြည်မှ ထွက်လာ​ခဲ့ကြပြီး၊ ကာဣနန်ဟု သူ​အမည်​မှည့်ခဲ့​လေသည့် သူ့သား၏​အမည်​အတိုင်းခေါ်သည့် ကတိတော်မြေ၌ နေထိုင်​ကြ၏။

၁၈ ဧနုတ်သည် ကာဣနန်ကို ဖွားမြင်​စေပြီးနောက် အနှစ်​ရှစ်ရာ​တစ်ဆယ့်​ငါးနှစ်​အသက်ရှင်၍၊ များစွာသော​သားများနှင့် သမီးများကို ဖွားမြင်​စေ၏။ ဧနုတ်သည် နှစ်ပေါင်းကိုးရာ့​ငါးနှစ်​စေ့သော် သေလေ၏။

၁၉ ကာဣနန်သည် အသက်​ခုနစ်ဆယ်​ရှိသော်၊ မဟာ​လေလကို ဖွားမြင်​စေ၏။ ကာဣနန်သည် မဟာလေလကို ဖွားမြင်​စေပြီးနောက်၊ အနှစ်​ရှစ်ရာ့​လေးဆယ် အသက်​ရှင်၍ သားများနှင့် သမီးများကို ဖွားမြင်​စေ၏။ ကာဣနန်သည် နှစ်ပေါင်း ကိုးရာ​တစ်ဆယ့်နှစ်​စေ့သော် သေလေ၏။

၂၀ မဟာလေလသည် အသက် ခြောက်ဆယ့်​ငါးနှစ်​ရှိသော် ယာရက်ကို ဖွားမြင်​စေ၏။ မဟာလေလသည် ယာရက်ကို ဖွားမြင်​စေပြီးနောက်၊ အနှစ်​ရှစ်ရာ့​သုံးဆယ် အသက်​ရှင်၍၊ သားများနှင့် သမီးများကို ဖွားမြင်​စေ၏။ မဟာလေလသည် နှစ်ပေါင်း ရှစ်ရာ​ကိုးဆယ့်​ငါးနှစ်​စေ့သော် သေလေ၏။

၂၁ ယာရက်သည် အသက်​ခြောက်ဆယ့်​နှစ်နှစ်​ရှိသော်၊ ဧနောက်ကို ဖွားမြင်​စေ၏။ ယာရက်သည် ဧနောက်ကို ဖွားမြင်​စေပြီးနောက်၊ အနှစ်​ရှစ်ရာ အသက်​ရှင်၍၊ သားများနှင့် သမီးများကို ဖွားမြင်​စေ၏။ ယာရက်သည် ဧနောက်အား ဘုရားသခင်၏​ခပ်သိမ်းသော​လမ်းတို့​အတိုင်း သွန်သင်​ခဲ့၏။

၂၂ ဤ​အရာ​သည်ကား၊ ဘုရားသခင်​ကိုယ်တိုင် စကားဆိုခဲ့သူ၊ ဘုရားသခင်၏​သားဖြစ်လေသူ အာဒံ၏​သားမြေးတို့၏ ဆွေစဉ်​မျိုးဆက်​စာရင်း​ဖြစ်၏။

၂၃ သူတို့သည် ဖြောင့်မတ်ခြင်း​အကြောင်း ဟောပြောသူများ ဖြစ်လေပြီး၊ နေရာတိုင်းရှိ၊ ခပ်သိမ်းသော​လူသားတို့အား၊ နောင်တ​ရရန် မြွက်ဆို၍၊ ပရောဖက်ပြု​ဟော၍၊ တောင်းပန်​ခဲ့ကြ၏။ ယုံကြည်ခြင်း​ကိုလည်း လူသားတို့အား သွန်သင်ခဲ့​ကြ၏။

၂၄ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ ယာရက်သည် နှစ်ပေါင်း ကိုးရာ​ခြောက်ဆယ့်နှစ်နှစ်​စေ့သော် သေလေ၏။

၂၅ ဧနောက်သည် ခြောက်ဆယ့်​ငါးနှစ်နေပြီးသော်၊ မသုရှလကို ဖွားမြင်​စေ၏။

၂၆ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ ဧနောက်သည် ထိုပြည်တွင်၊ လူတို့၌ ခရီးသွားခဲ့၏။ ခရီးသွား​စဉ်တွင်၊ ဘုရားသခင်၏​ဝိညာဉ်တော်သည် ကောင်းကင်ဘုံမှ ဆင်းသက်၍၊ သူ့အပေါ်မှာ နားတော်မူ၏။

၂၇ သူသည်လည်း ကောင်းကင်ဘုံမှ အသံကို ကြား၏၊ ဆိုလေသည်ကား၊ ဧနောက်၊ ငါ့သား၊ လူတို့ကို ပရောဖက်ပြု၍ ဟောလော့၊ သူတို့ကို—နောင်တရကြလော့၊ အကြောင်း​မူကား၊ ကိုယ်တော်ရှင် မိန့်တော်မူ၏ဟု ဆိုလော့။ ငါသည် ဤ​လူမျိုးတို့ကို အမျက်​ထွက်တော်မူ၏၊ ငါ၏ ပြင်းစွာသော အမျက်သည် သူတို့​တစ်ဖက်၌ ထွက်လေပြီ။ အကြောင်း​မူကား၊ သူတို့၏​စိတ်နှလုံးသည် မာကျော လာကြ​လေပြီ၊ နားများသည်လည်း ကောင်းကောင်း​မကြားကြ၊ မျက်စိများသည်လည်း ဝေးဝေး​မမြင်နိုင်ကြ။

၂၈ သူတို့ကို ငါ​ဖန်ဆင်း​တော်မူ​ခဲ့သည့် နေ့ကတည်းက၊ ဤ​များစွာသော​မျိုးဆက်တို့​ကြာအောင်၊ သူတို့သည် လမ်းလွဲ၍ ငါ့ကို ငြင်းဆိုကြ​လေပြီ၊ မှောင်မိုက်​ထဲ၌ သူတို့ကိုယ်တိုင်၏​အကြံများကို ရှာကြ​လေပြီ။ သူတို့ကိုယ်တိုင်၏ စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၌ လူ့အသက်​သတ်ခြင်းကို ကြံစည်ကြ​လေပြီ၊ သူ့တို့အဘ အာဒံကို ငါ​ပေးခဲ့သည့် ပညတ်တော်များကိုလည်း မစောင့်ထိန်းကြ။

၂၉ သို့ဖြစ်၍၊ သူတို့ကိုယ်သူတို့ မဟုတ်​မမှန် ကျိန်ဆို၍၊ သူတို့၏ ကျိန်ဆိုခြင်း​တို့ကြောင့် သူတို့​ကိုယ်ပေါ်သို့ သေခြင်းကို​ရောက်စေ​ကြ၏။ သူတို့​နောင်တရခြင်း​မရှိကြလျှင်၊ ငရဲကို သူတို့​အဖို့ ငါ​ပြင်ဆင်ထား​လေပြီ။

၃၀ ဤ​အရာသည်ကား၊ ကမ္ဘာဦး၌၊ ငါ၏​နှုတ်မှ၊ ကမ္ဘာဦး​ကတည်းက ငါ​စေလွှတ်​ခဲ့သည့် ငါ၏​စီရင်ချက်​ဖြစ်၏၊ ငါ့ကျွန်များ​ဖြစ်သည့်၊ သင်တို့​ဘိုးဘေးတို့၏​နှုတ်အားဖြင့်လည်း၊ ငါ​စီရင်၍၊ ကမ္ဘာထဲသို့၊ အစွန်းသို့​တိုင်အောင်ပင် စေလွှတ်​လိမ့်မည်။

၃၁ ဧနောက်သည်လည်း ဤ​နှုတ်ကပတ်တော်တို့ကို ကြားရသော​အခါ၊ ကိုယ်တော်ရှင်​ရှေ့၌ မြေကြီးသို့ ဦးညွှတ်​ပျပ်ဝပ်၍၊ ကိုယ်တော်ရှင်​ရှေ့၌​ဆို၍၊ အကျွန်ုပ်သည် အဘယ်​အတွက် ကိုယ်တော်၏ အမြင်၌ နှစ်သက်ခြင်းကို ခံရ​ပါသနည်း၊ သူငယ်​တစ်ယောက်သာ​ဖြစ်၍၊ ခပ်သိမ်းသော​လူတို့က ကျွန်ုပ်ကို မုန်းကြ​ပါ၏။ အကြောင်း​မူကား၊ အကျွန်ုပ်သည် စကား​လေးပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏​ကျွန် ဖြစ်ပါ​သလောဟု လျှောက်လျှင်၊

၃၂ ကိုယ်တော်ရှင်​ကလည်း ဧနောက်ကို မိန့်တော်မူ​လေသည်ကား၊ ထွက်သွား၍၊ သင့်ကို ငါ​မိန့်တော်မူ​လေသည့်​အတိုင်း လုပ်ဆောင်လော့၊ အဘယ်သူမျှ သင့်ကို မထိုးဖောက်ရ။ သင်၏​နှုတ်ကို ဖွင့်လော့၊ ပြည့်လိမ့်မည်၊ ငါသည် သင့်အား ဟောပြောခြင်းအခွင့်ကို ပေးတော်မူမည်၊ အကြောင်း​မူကား၊ ခပ်သိမ်းသော လူတို့သည် ငါ၏ လက်ထဲ၌ ရှိ၏။ ငါသည် ကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ပြုတော်​မူမည်။

၃၃ သင်တို့ကို ဖန်ဆင်းတော်မူ​ခဲ့သည့် ကိုယ်တော်ရှင်​ဘုရားသခင်ကို အစေခံရန် ဤနေ့၌ သင်တို့​ရွေးချယ်​ကြလော့ဟု ဤလူမျိုးတို့ကို ဆိုလော့။

၃၄ ရှုလော့၊ ငါ၏ ဝိညာဉ်တော်သည် သင့်အပေါ်၌ ရှိ၏၊ သို့ဖြစ်၍ သင်၏ ခပ်သိမ်းသော စကားတို့ကို ငါ​လွှတ်မည်။ တောင်တို့သည် သင့်ရှေ့မှ ထွက်ပြေး​လိမ့်မည်၊ မြစ်တို့သည်လည်း မိမိတို့ စီးရာ​ရေကြောင်းကို ပြောင်းလိမ့်မည်။ သင်သည် ငါ၌ တည်၍၊ ငါသည်လည်း သင်၌ တည်မည်။ ထို့ကြောင့် ငါနှင့်အတူ​လျှောက်လော့။

၃၅ ကိုယ်တော်ရှင်သည် ဧနောက်ကို မြွက်ဆို၍၊ သင်၏​မျက်စိတို့ကို ရွှံ့နှင့်လူး၍ ဆေးပစ်လော့၊ မြင်ရ​လိမ့်မည်ဟု မိန့်တော်မူ၏။ သူသည်လည်း မိန့်တော်မူသည့်​အတိုင်း လုပ်ဆောင်၏။

၃၆ ဘုရားသခင်​ဖန်ဆင်း​တော်မူ​ခဲ့လေသည့် ဝိညာဉ်တို့ကိုလည်း မြင်ရ၏။ ပကတိ​မျက်စိဖြင့် မမြင်နိုင်သော​အရာတို့ကိုလည်း မြင်ရ၏။ ထိုအချိန်မှ​စ၍ သတင်းစကားသည်လည်း ထိုပြည်၌ ပျံ့နှံ့၏။ မြင်သောသူ​တစ်ဦးကို ကိုယ်တော်ရှင်သည် ဤလူမျိုးတို့​အဖို့ ပေါ်ထွန်း​စေတော်​မူလေပြီ။

၃၇ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ ဧနောက်သည် ထိုပြည်၌ ထွက်သွားပြီး၊ လူမျိုးတို့တွင် တောင်ကုန်းများ​ပေါ်၌​လည်းကောင်း၊ မြင့်သော​နေရာများ၌​လည်းကောင်း ရပ်လျက်၊ ကျယ်သော​အသံနှင့် ဟစ်ကြွေး၍၊ သူတို့​အကျင့်များ တစ်ဖက်၌ သက်သေခံလျက်​ရှိ၏။ ခပ်သိမ်းသော လူသားတို့သည်လည်း သူ့ကြောင့် စိတ်ပျက်ကြ​လေ၏။

၃၈ သူ့အသံကို ကြားနာ​ကြရန် မြင့်သော​နေရာတို့၌ ထွက်လာ​ကြ၍၊ တဲစောင့်တို့ကို ဆိုလေ​သည်ကား၊ မြင်သောသူကို ကြည့်ရန် ထိုနေရာသို့ ငါတို့သွားကြစဉ် ဤ​နေရာ၌​နေ၍ တဲများကို သင်တို့​စောင့်ကြလော့၊ အကြောင်း​မူကား ထိုသူသည် ပရောဖက်​ပြု၍ ဟော၏၊ ဤ​ပြည်၌ ထူးဆန်းသော​အရာလည်း​ရှိ၏။ ငါတို့၌ သူရူး​တစ်ယောက် ရောက်လာပြီ။

၃၉ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ သူ့ကို ကြားနာ​ကြလျှင်၊ အဘယ်သူမျှ မဖမ်းဆီးကြ။ အကြောင်း​မူကား၊ သူ့ကို ကြားနာသူ​ခပ်သိမ်းတို့​အပေါ် ကြောက်ရွံ့ခြင်းသည် ကျရောက်​လာ၏။ အကြောင်းမူကား၊ သူသည် ဘုရားသခင်နှင့်​အတူ လျှောက်၏။

၄၀ မဟိယဟု အမည်​ရှိသူ​တစ်ဦး သူ့ထံ​ရောက်လာပြီး၊ သင် အဘယ်သူ​ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြောပြ​ပါလော့၊ အဘယ်​အရပ်မှ လာပါ​သနည်းဟု မေးလျှင်၊

၄၁ ငါသည် ကာဣနန်ပြည်၊ ငါ့ဘိုးဘေးတို့၏ပြည်၊ ဤနေ့​အထိ ဖြောင့်မတ်ခြင်းပြည်​ဖြစ်သည့် ပြည်မှ ထွက်လာ​ခဲ့၏။ ငါ၏​အဘသည် ငါ့ကို ဘုရားသခင်၏ ခပ်သိမ်းသော လမ်းတို့​အတိုင်း သွန်သင်​ခဲ့၏ဟု သူတို့ကို ဖြေ၏။

၄၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် ကာဣနန်ပြည်မှ၊ အရှေ့​ပင်လယ်​အနီး၌ ခရီးသွား​စဉ်တွင် ရူပါရုံ​တစ်ခုကို မြင်ရ၏။ ကြည့်ဦးလော့၊ ကောင်းကင်ဘုံကို ငါ​မြင်ရ၏၊ ကိုယ်တော်ရှင်သည်လည်း ငါနှင့် စကား​မြွက်ဆို၍၊ ငါ့အား ပညတ်တော်ကို ပေး၏။ သို့ဖြစ်၍၊ ဤ​အကြောင်းကြောင့်၊ ပညတ်တော်ကို စောင့်ထိန်းရန်၊ ငါသည် ဤစကားတို့ကို ကြေညာ၏။

၄၃ ဧနောက်သည် မိမိ​စကားကို ဆက်၍၊ ဆိုလေ​သည်ကား၊ ငါနှင့် စကား​မြွက်ဆိုသည့် ကိုယ်တော်ရှင်မှာ၊ ကောင်းကင်ဘုံ၏ ဘုရားသခင်နှင့် အတူတူ​ဖြစ်၏၊ သူသည် ငါ၏​ဘုရားသခင်​ဖြစ်၏၊ သင်တို့၏​ဘုရားသခင်လည်း​ဖြစ်၏၊ သင်တို့သည် ငါ၏​ညီအစ်ကိုများ ဖြစ်ကြ၏၊ အဘယ်ကြောင့် သင်တို့ကိုယ်​သင်တို့ တိုင်ပင်၍၊ ကောင်းကင်ဘုံ၏ ဘုရားသခင်ကို ငြင်းဆိုကြ​သနည်း။

၄၄ ကောင်းကင်ကို သူ​ဖန်ဆင်း​တော်မူ​ခဲ့၏။ မြေကြီးသည် သူ၏​ခြေတင်ရာခုံ​ဖြစ်၏။ ထိုမြေကြီး၏​အုတ်မြစ်သည်လည်း သူ၏​အရာ​ဖြစ်၏။ ရှုလော့၊ သူသည် ထိုအုတ်မြစ်ကို ချခဲ့၏။ လူအလုံးအရင်းကို ထိုမြေကြီး​မျက်နှာပြင်ပေါ်သို့ ဆောင်ယူ​တော်မူ​ခဲ့၏။

၄၅ သေခြင်း​သည်လည်း ငါ့တို့​ဘိုးဘေးတို့​အပေါ် ကျရောက်​လာခဲ့ပြီ။ သို့သော်လည်း ငါတို့သည် သူတို့ကို သိ၏၊ မငြင်းဆို​နိုင်ကြ၊ အကယ်​စင်စစ်၊ ခပ်သိမ်းသော​သူတို့​အထဲမှ ပထမဦးဆုံး​ဖြစ်သည့် အာဒံကိုပင် ငါတို့သိကြ၏။

၄၆ အကြောင်း​မူကား၊ အောက်မေ့ဖွယ်ရာ​စာအုပ်​တစ်အုပ်ကို ဘုရားသခင်၏ လက်ချောင်းတော်ဖြင့် ပေးထားသည့် ပုံစံ​အတိုင်း ငါတို့၌ ရေးထားလေပြီ။ ငါတို့ကိုယ်တိုင်၏ ဘာသာစကားဖြင့် ပေးထား၏။

၄၇ ဧနောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြေညာ​စဉ်တွင် လူတို့သည် တုန်လှုပ်ကြ၏၊ သူ့မျက်မှောက်၌ မရပ်နိုင်ကြ။

၄၈ သူတို့ကို ဆိုလေ​သည်ကား၊ အာဒံလဲ​ကျ​သောကြောင့်၊ ငါတို့​ရှိကြ၏။ သူ၏​လဲကျခြင်းအားဖြင့် သေခြင်းကျရောက်​ခဲ့၏။ ငါတို့ကိုလည်း ဝမ်းနည်း​ပူဆွေးမှုနှင့် အမင်္ဂလာကို သုံးဆောင်သူများ ဖြစ်စေ​ခဲ့၏။

၄၉ ရှုလော့၊ စာတန်သည် လူသားတို့၌ လာ၍၊ သူ့ကို ကိုးကွယ်​စေရန် သွေးဆောင်​ဖြားယောင်း၏။ လူသားတို့သည်လည်း ကာမဂုဏ်​သဘော၊ ရာဂစိတ်ဖြင့်​စွဲလန်းခြင်းနှင့် နတ်ဆိုးကဲ့သို့ ဖြစ်လာကြပြီး၊ ဘုရားသခင်၏ မျက်မှောက်တော်မှ ပိတ်ပင်​ခံကြရ၏။

၅၀ သို့ရာတွင် ဘုရားသခင်သည် ငါတို့၏​ဘိုးဘေးတို့အား ခပ်သိမ်းသော လူသားတို့ နောင်တ​ရကြ​ရမည့်အကြောင်းကို ဖော်ပြ​တော်မူ​ခဲ့လေ၏။

၅၁ သူသည် ငါတို့၏​အဘ အာဒံအား သူ့အသံဖြင့် တောင်းဆို၍ မိန့်တော်မူ​လေသည်ကား၊ ငါသည် ဘုရားသခင်​ဖြစ်၏။ ငါသည် ကမ္ဘာကို ဖန်ဆင်း​တော်မူ​ခဲ့၏၊ လူသားတို့ကိုလည်း ဇာတိ​ကိုယ်ခန္ဓာဖြင့် မရှိမီက ဖန်ဆင်း​တော်မူ​ခဲ့၏။

၅၂ သင်သည် ငါ့ထံသို့ ပြန်လာ၍၊ ငါ၏​အသံကို စေ့စေ့နားထောင်၍၊ ယုံကြည်၍၊ သင်၏​ခပ်သိမ်းသော လွန်ကျူးခြင်း​တို့မှ နောင်တ​ရ၍၊ ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံသည့်သူတည်းဟူသော ငါ၏​တစ်ပါး​တည်းသော သားတော်၊ ယေရှု​ခရစ်တော်၏ နာမတော်ဖြင့်၊ လူသားတို့ထံ ကယ်တင်ခြင်း ရောက်လာ​နိုင်ရာ ကောင်းကင်​အောက်၌ ပေးလိမ့်မည့် တစ်ခု​တည်းသော​နာမတော်ဖြင့်၊ ရေထဲ​၌ပင်၊ ဗတ္တိဇံကို ခံလျှင်၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ ဆုကျေးဇူးကို ရရှိ​လိမ့်မည်။ ခပ်သိမ်းသော အရာတို့ကိုလည်း သူ၏​နာမတော်ဖြင့် တောင်းလော့၊ တောင်းမည့်​အရာ​မှန်သမျှကို ပေးလိမ့်မည်ဟုလည်း သူ့ကို မိန့်တော်မူ၏။

၅၃ ငါတို့၏​အဘ​အာဒံသည်လည်း လူသားတို့သည် အဘယ်ကြောင့် နောင်တရ၍ ရေထဲ၌ ဗတ္တိဇံ​ခံရကြ​မည်နည်းဟု ကိုယ်တော်ရှင်ကို လျှောက်လျှင်၊ ကိုယ်တော်ရှင်က အာဒံကို၊ ရှုလော့၊ ငါသည် ဧဒင်ဥယျာဉ်​ထဲ၌ သင်၏​လွန်ကျူးခြင်းကို ခွင့်လွှတ်​လေပြီဟု မိန့်တော်မူ၏။

၅၄ ဤ​နေရာမှ​စ၍၊ သတင်းစကားသည် လူမျိုးတို့၌ ပျံ့နှံ့​သဖြင့်၊ ဘုရားသခင်၏ သားတော်သည် မူရင်းအပြစ်​ရောက်ခြင်းအတွက် အပြစ်​ဖြေတော်မူ​လေ၏၊ ထိုနည်း​အားဖြင့်၊ မိဘတို့၏​အပြစ်များကို သားသမီးတို့၏ ဦးခေါင်းပေါ်သို့ မကျရောက်ရ​စေနိုင်၊ အကြောင်း​မူကား၊ သူတို့သည် ကမ္ဘာတည်ကတည်းက စင်ကြယ်​ကြ၏။

၅၅ ကိုယ်တော်ရှင်​ကလည်း အာဒံကို မြွက်ဆို၍ မိန့်တော်မူ​လေသည်ကား၊ သင်၏ သားသမီးတို့သည် အပြစ်၌ ပဋိသန္ဓေ​တည်ကြ​သမျှ၊ ထိုကဲ့သို့ပင် သူတို့​ကြီးပြင်းစပြုကြသော​အခါ၊ အပြစ်သည် သူတို့စိတ်နှလုံး၌ ပဋိသန္ဓေ​တည်သဖြင့်၊ သူတို့သည် ကောင်းမြတ်ခြင်းကို တန်ဖိုးထားနိုင်ကြစေခြင်းငှာ အခါးကို မြည်းစမ်း​ကြ၏။

၅၆ အကောင်းနှင့် အဆိုးကို ခွဲခြား၍​သိစေရန် ပေးထား၏။ သို့ဖြစ်၍၊ သူတို့သည် သူတို့​သဘောနှင့်​သူတို့ ပြုနိုင်သောသူများ ဖြစ်ကြ၏၊ ငါသည်လည်း သင့်အား တခြားသော​ဥပဒေနှင့် ပညတ်တော်ကို ပေးလေပြီ။

၅၇ သို့ဖြစ်၍၊ နေရာတိုင်း၌​ရှိသည့် ခပ်သိမ်းသော​လူသားတို့၊ နောင်တ​ရကြ​ရမည့်​အကြောင်း သင်၏ သားသမီးတို့ကို သွန်သင်လော့၊ သို့မဟုတ်လျှင်၊ သူတို့သည် ဘုရားသခင်၏​နိုင်ငံတော်ကို အလျှင်း​အမွေ​မခံရနိုင်၊ အကြောင်း​မူကား၊ အဘယ်​မသန့်ရှင်းသော​အရာမျှ ထိုနေရာ၊ သို့မဟုတ် မျက်မှောက်တော်၌ မနေထိုင်နိုင်။ အကြောင်း​မူကား အာဒံ၏ ဘာသာစကား၌၊ သန့်ရှင်းခြင်း ယောက်ျားဟူသည်ကား၊ သူ၏​နာမတော်​ဖြစ်၏။ သူ၏​တစ်ပါးတည်းသော သားတော်၏ နာမတော်မှာ လူသားတော်၊ အထွတ်​အထိပ်ကာလ၌ ကြွလာ​လိမ့်မည့်သူ​တည်းဟူသော၊ ယေရှု​ခရစ်တော်ပင်​ဖြစ်သည့်၊ ဖြောင့်မတ်သော​တရားသူကြီး​ဖြစ်၏။

၅၈ ထို့ကြောင့်၊ ငါသည် သင့်အား ဤအရာတို့ကို သင်၏​သားသမီးတို့ကို လွတ်လပ်စွာ သွန်သင်ပေးစေရန် ပညတ်တော်ကိုပေး၍၊ ဆိုလေသည်ကား၊

၅၉ လွန်ကျူးခြင်းကြောင့် လဲကျခြင်း​ရောက်လာ၏၊ ထိုလဲကျခြင်းက သေခြင်းကို ရောက်စေ၏၊ သင်သည် ငါ​ဖန်ဆင်းတော်မူ​လေသည့် ရေ၊ ထို့အတူ အသွေး၊ ထို့အတူ ဝိညာဉ်ဖြင့် လောက​ထဲသို့ မွေးခြင်းကို ခံရ​လေသမျှ၊ မြေမှုန့်မှ​နေ၍ သက်ရှိလူ​ဖြစ်လာ​ခဲ့၏၊ ထိုကဲ့သို့ပင် သင်သည် ရေဖြင့်၊ ထို့အတူ ဝိညာဉ်တော်ဖြင့် ကောင်းကင်​နိုင်ငံတော်​ထဲသို့ တစ်ဖန်​မွေးခြင်းကို ခံရမည်၊ အသွေးတော်​အားဖြင့်၊ ငါ၏ တစ်ပါးတည်းသော သားတော်၏ အသွေးတော်​အားဖြင့်ပင် သန့်ရှင်းစေ​ရမည်။ ခပ်သိမ်းသော အပြစ်မှ သန့်ရှင်း​စင်ကြယ်​စေနိုင်​ခြင်းငှာ၊ ဤ​လောကထဲ၌ ထာဝရ​အသက် နှုတ်ကပတ်တော်တို့နှင့်၊ ထို့အတူ လာမည့်​လောက၌ ထာဝရ​အသက်၊ သေခြင်း​မရှိသော ဘုန်းအသရေနှင့်ပင် ပျော်မွေ့​နိုင်စေ​ခြင်းငှာ​ပေတည်း။

၆၀ အကြောင်း​မူကား၊ ရေအားဖြင့် သင်သည် ပညတ်တော်ကို စောင့်ထိန်း၏။ ဝိညာဉ်တော်​အားဖြင့် သင့်ကို အပြစ်​ကင်းစေ၏၊ အသွေးတော်​အားဖြင့် သင့်ကို သန့်ရှင်း​စင်ကြယ်​စေ၏။

၆၁ ထို့ကြောင့်၊ သင်၌ တည်စေရန်၊ ကောင်ကင်ဘုံ၏​မှတ်တမ်း၊ နှစ်သိမ့်ရှင်၊ သေခြင်း​မရှိသော ဘုန်းအသရေ၏ ငြိမ်းချမ်းသော​အရာများ၊ ခပ်သိမ်းသော​အရာတို့၏ သမ္မာတရား၊ ခပ်သိမ်းသော အရာတို့ကို အသက်ရှင်ခြင်းသို့ ရောက်စေသည့်​အရာတည်းဟူသော၊ ခပ်သိမ်းသောအရာတို့ကို ရှင်သန်စေသောအရာများ၊ ခပ်သိမ်းသောအရာတို့ကို သိသော​အရာများကို ပေးထား၏။ ဉာဏ်ပညာ၊ ကရုဏာ၊ သမ္မာတရား၊ ဖြောင့်မှန်ခြင်းတို့​အတိုင်း အလုံးစုံသော​တန်ခိုး၊ ထို့အတူ တရား​စီရင်တော်မူခြင်းလည်း ရှိ၏။

၆၂ ယခု​မူကား၊ ရှုလော့၊ သင့်ကို ငါ​ဆိုသည်ကား၊ ဤ​အရာသည် အထွတ်​အထိပ်ကာလ၌ ကြွရောက်လာမည့်သူတည်းဟူသော၊ ငါ၏​တစ်ပါးတည်းသော သားတော်၏ အသွေးတော်​အားဖြင့် ခပ်သိမ်းသော​လူသားတို့အဖို့ ကယ်တင်ခြင်း အစီအစဉ်​ဖြစ်၏။

၆၃ ရှုဦးလော့၊ ခပ်သိမ်းသော​အရာတို့သည် မိမိတို့၏​ပုံသဏ္ဌာန်​ရှိကြ၏၊ ငါ့အကြောင်းကို သက်သေခံ​စေရန်၊ ခပ်သိမ်းသော​အရာတို့ကို၊ ဇာတိ​ပကတိ​အရာများနှင့် ဝိညာဉ်​ပကတိ အရာများ နှစ်မျိုး​စလုံးကို ဖန်ဆင်း၍၊ ပြုထား၏။ အထက်​ကောင်းကင်၌ ရှိသောအရာများ၊ ထို့အတူ မြေကြီးပေါ်၌ရှိသော​အရာများ၊ ထို့အတူ မြေကြီး​ထဲ၌ ရှိသော​အရာများ၊ ထို့အတူ မြေကြီး​အောက်၌ရှိသောအရာများ၊ အထက်နှင့် အောက်အရပ်​နှစ်မျိုးစလုံး၌ရှိသည့် ခပ်သိမ်းသော​အရာတို့သည် ငါ့အကြောင်းကို သက်သေ​ခံကြ၏။

၆၄ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်က ငါတို့၏​အဘ အာဒံကို ဟောပြော​လေသည့် အချိန်တွင်၊ အာဒံသည် ကိုယ်တော်ရှင်ကို တောင်းလျှောက်၍၊ ကိုယ်တော်ရှင်၏ ဝိညာဉ်တော်​အားဖြင့် ဆောင်ယူတော်မူခြင်းကို ခံရ၏၊ ရေထဲသို့လည်း ဆောင်ယူ​ခံရ၏၊ ရေအောက်၌ ချထားသည်ကိုလည်း ခံရ၏၊ ရေထဲမှ ဆောင်ယူသည်ကိုလည်း ခံရ၏။

၆၅ ထိုကဲ့သို့​အားဖြင့်၊ သူသည် ဗတ္တိဇံကို ခံရ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း သူ့အပေါ် ဆင်းသက်၍၊ ထိုကဲ့သို့​အားဖြင့် သူသည် ဝိညာဉ်တော်​အားဖြင့် ဖြစ်ဖွား​စေ၏၊ အတွင်းလူအဖြစ်လည်း ရှင်သန်​လာစေ​ခဲ့၏။

၆၆ ကောင်းကင်ဘုံမှ အသံကိုလည်း ကြားရ၏၊ မိန့်တော်မူ​လေသည်ကား၊ သင်သည် မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဗတ္တိဇံ​ခံရ၏။ ဤအရာသည် ခမည်းတော်နှင့် သားတော်၏ ယခုမှ​စ၍ ကာလ​အစဉ်​အဆက် သက်သေ​ဖြစ်၏။

၆၇ သင်သည် ထာဝရ​ကာလတစ်ခုလုံးမှ ထာဝရကာလ​တစ်ခုလုံးသို့​တိုင်အောင်၊ အချိန်ကာလ အစအဆုံး မရှိ​လေသည့်သူ၏ အသင်း​အတိုင်း​ရှိ၏။

၆၈ ရှုလော့၊ သင်သည် ဘရားသခင်၏ သားတစ်ယောက်​အဖြစ်၊ ငါ့၌​တစ်လုံး​တစ်ဝတည်း​ဖြစ်၏။ ထိုကဲ့သို့​အားဖြင့်၊ ခပ်သိမ်းသော​သူတို့သည် ငါ၏​သားများ ဖြစ်နိုင်ကြ​ပေ၏။ အာမင်။