ကျမ်းစာများ
မောရှေ ၁


မောရှေကျမ်း

၁၈၃၀ ဇွန်–၁၈၃၁ ဖေဖော်ဝါရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်သို့ ဖော်ပြသည့်​အတိုင်း​ရှိသည့် သမ္မာကျမ်း​ဘာသာပြန်ခြင်းမှ ကောက်နုတ်ချက်။

အခန်းကြီး ၁

(ဇွန် ၁၈၃၀)

ဘုရားသခင်သည် မောရှေအား သူကိုယ်တိုင် ဖော်ပြတော်မူ၏—မောရှေသည် ပုံသဏ္ဌာန်​ပြောင်းလဲ၏—သူသည် စာတန်နှင့် ရင်ဆိုင်တွေ့ရ၏—မောရှေသည် လူတို့​နေထိုင်သည့် ကမ္ဘာ​များစွာကို​မြင်ရ၏—မရေတွက်​နိုင်သည့် ကမ္ဘာများကို သားတော်​အားဖြင့် ဖန်ဆင်း​ထား၏—ဘုရားသခင်၏ အမှုတော်နှင့် ဘုန်းတော်မှာ လူသား၏ သေခြင်း​မရှိရာနှင့် ထာဝရ​အသက်ကို ဖြစ်ပေါ်​စေရန်​ဖြစ်၏။

အလွန်မြင့်သည့်​တောင်​တစ်လုံး​ပေါ်သို့ မောရှေ ချီဆောင်​ခံရသော​အချိန်၌၊ မောရှေသို့ ဘုရားသခင်​မြွက်ဆို​တော်မူသည့် သူ၏​နှုတ်ကပတ်တော်များ​သည်ကား၊

သူသည် ဘုရားသခင်ကို မျက်နှာချင်း​ဆိုင်၍ မြင်ရ၏၊ သူနှင့် စကားဆို၏၊ ဘုရားသခင်၏ ဘုန်းတော်​သည်လည်း မောရှေ​အပေါ်၌​ရှိလေ၏။ ထို့ကြောင့် မောရှေသည် သူ၏​မျက်မှောက်တော်၌ ကြံ့ကြံ့​ခံနိုင်​ခဲ့၏။

ဘုရားသခင်​ကလည်း မောရှေကို မြွက်ဆို၍၊ မိန့်တော်မူ​လေသည်ကား၊ ရှုလော့၊ ငါသည် ကိုယ်တော်ရှင် ဘုရားသခင် အနန္တတန်ခိုးရှင် ဖြစ်၏၊ ထို့အတူ အဆုံး​မရှိသူ​ဟူသည်မှာ ငါ၏​နာမတော် ဖြစ်၏။ အကြောင်း​မူကား၊ ငါသည် ရက်များနေ့များ အစ​အဆုံး​မရှိဘဲ ဖြစ်၏။ ဤ​အရာ​သည်လည်း အဆုံး​မရှိ မဟုတ်​သလော။

ထို့အတူ၊ ရှုလော့၊ သင်သည် ငါ့သား​ဖြစ်၏။ သို့ဖြစ်၍၊ ကြည့်လော့၊ ငါသည်လည်း သင့်အား ငါ၏လက်နှင့် ဖန်ဆင်းထားတော်မူသော အရာကိုပြမည်၊ သို့ရာတွင် ခပ်သိမ်းသော​အရာတို့ကို မပြ၊ အကြောင်း​မူကား၊ ငါ၏​အမှုတော်​တို့သည် အဆုံး​မရှိဘဲ​ဖြစ်၏၊ ငါ၏ နှုတ်ကပတ်တော်တို့သည်လည်း ထိုနည်းတူ ဖြစ်၏၊ အကြောင်း​မူကား၊ ၎င်းတို့သည် အဘယ်တော့မျှ​မရပ်တန့်။

သို့ဖြစ်၍၊ ခပ်သိမ်းသော ငါ၏​ဘုန်းတော်ကို မမြင်လျှင်၊ အဘယ်သူမျှ ငါ၏ခပ်သိမ်းသော အမှုတော်​တို့ကို မမြင်နိုင်။ အဘယ်သူ​မျှလည်း ငါ၏​ခပ်သိမ်းသော​ဘုန်းတော်ကို မမြင်​နိုင်၍ ထို့နောက် မြေကြီး​ပေါ်၌ ဇာတိ​ကိုယ်ခန္ဓာဖြင့် ဆက်၍​ရှိ၏။

ငါ့၌ သင့်အတွက် အမှု​တစ်ခု​ရှိ၏၊ မောရှေ၊ ငါ့သား။ သင်သည်လည်း ငါ၏ တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်း​ဖြစ်၏။ ငါ၏ တစ်ပါးတည်းသော သားတော်သည် ကယ်တင်ရှင်ဖြစ်၏၊ ဖြစ်လည်းဖြစ်လိမ့်မည်၊ အကြောင်း​မူကား၊ သူသည် ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံ၏။ သို့ရာတွင် ငါမှတစ်ပါး ဘုရားသခင်​မရှိ၊ ခပ်သိမ်းသော အရာတို့သည်လည်း ငါ့မျက်မှောက်၌ ရှိ၏၊ အကြောင်း​မူကား ငါသည် ထို​အရာ​ခပ်သိမ်းတို့ကို သိ၏။

ယခု​မူကား၊ ရှုလော့၊ ဤ​တစ်ခုသော​အရာကို ငါသည် သင့်အားပြ၏၊ မောရှေ၊ ငါ့သား၊ အကြောင်း​မူကား၊ သင်သည် ကမ္ဘာ​ထဲ၌ရှိ၏၊ ယခုမူကား၊ ငါသည် ထိုအရာကို သင့်အားပြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် ကြည့်၍၊ သူ​ဖန်ဆင်းခံ​ခဲ့ရသည့် ကမ္ဘာ​ပေါ်၌​ရှိသည်ကို မြင်ရ၏။ မောရှေသည် ကမ္ဘာနှင့် ၎င်း၏​အဆုံးတို့ကို လည်းကောင်း၊ ဖန်ဆင်း​ထားသည့်၊ ထို့အတူ ဖန်ဆင်း​ထားခဲ့​လေသည့် ခပ်သိမ်းသော​လူသားတို့ကို လည်းကောင်း​မြင်ရ၏။ ၎င်းတို့​အကြောင်းကို သူသည် ကြီးစွာ​အံ့ဩ၍ အံ့မခန်း​ဖြစ်၏။

ဘုရားသခင်၏​မျက်မှောက်တော်ကို မောရှေ​ထံမှ သိမ်းယူ​သဖြင့်၊ သူ၏​ဘုန်းတော်သည် မောရှေ​အပေါ်၌ မရှိ။ မောရှေသည်လည်း သူကိုယ်တိုင်​အဖြစ်သာ ကျန်ရှိ၏။ သူကိုယ်တိုင်​အဖြစ်သာ ကျန်ရှိသော​အခါ မြေကြီးသို့ လဲကျ၏။

၁၀ ဤသို့အားဖြင့် အချိန်တန်​လာသော​အခါ၊ မောရှေသည် လူသား​တစ်ဦး​ကဲ့သို့ သူ၏ ဇာတိ​ပကတိ ခွန်အားကို တစ်ဖန် မရရှိမီ​အထိ နာရီပေါင်း​များစွာ ကြာလေ၏။ သူ့ကိုယ်သူ ဆိုသည်မှာ၊ ယခုတွင်၊ ဤ​အကြောင်းကြောင့်၊ လူသားသည် ဘာမျှ​မဟုတ်ကြောင်းကို ငါသိပြီ၊ ထိုအရာကို ငါ​ဘယ်တုန်းကမျှ မတွေး​လေခဲ့။

၁၁ သို့ရာတွင်၊ ယခု၌ ငါကိုယ်တိုင်၏ မျက်စိများက ဘုရားသခင်ကို မြင်လေပြီ။ သို့ရာတွင် ငါ၏ ဇာတိ​ပကတိမဟုတ်၊ ငါ၏ဝိညာဉ်​ပကတိ မျက်စိများသာ ဖြစ်၏၊ အကြောင်း​မူကား၊ ငါ၏ ဇာတိ​ပကတိ မျက်စိ​များက မမြင်နိုင်​လေခဲ့။ အကြောင်းမူကား၊ ငါသည် သူ၏ မျက်မှောက်တော်၌ ညှိုးနွမ်း၍ သေသင့်ခဲ့လေပြီ။ သို့ရာတွင် သူ၏​ဘုန်းတော်သည် ငါ့အပေါ်၌ ရှိခဲ့လေ၏။ ငါသည် သူ၏​မျက်နှာကို မြင်ရ၏၊ အကြောင်း​မူကား၊ ငါသည် သူ့ရှေ့၌ ပုံသဏ္ဌာန်​ပြောင်းလဲ​ခဲ့လေ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် ဤ​စကားတို့ကို ပြောလျှင်၊ ရှုလော့၊ စာတန်သည် သူ့ကို လာပြီး​သွေးဆောင်​ဖြားယောင်း၍ ဆိုလေ​သည်ကား၊ မောရှေ၊ လူသား၊ ငါ့ကို ကိုးကွယ်လော့။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် စာတန်ကို ကြည့်၍ ဆိုလေ​သည်ကား၊ သင်သည် အဘယ်​သူနည်း။ အကြောင်း​မူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်၏ သားတစ်ယောက် ဖြစ်၏၊ သူ၏ တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်း​ဖြစ်၏။ သင့်ကို ငါ​ကိုးကွယ် ရမည့်အကြောင်း၊ သင်၏​ဘုန်းသည် အဘယ်မှာရှိသနည်း။

၁၄ အကြောင်း​မူကား၊ ရှုလော့၊ ဘုရားသခင်၏ ဘုန်းတော်သည် ငါ့အပေါ်၌ မရှိလျှင်၊ ငါသည် သူ့ကို မကြည့်နိုင်၊ ငါသည် သူ့ရှေ့၌ ပုံသဏ္ဌာန်​ပြောင်းလဲ​ခဲ့၏။ သို့ရာတွင်၊ ငါသည် ဇာတိ​ပကတိ လူသားအနေဖြင့် သင့်ကိုကြည့်နိုင်၏။ ထိုသို့ ဧကန်​အမှန် မဟုတ်​သလော။

၁၅ ငါ့ဘုရားသခင်၏ နာမတော်သည် မင်္ဂလာ​ရှိပါစေသော်၊ အကြောင်း​မူကား၊ သူ၏​ဝိညာဉ်တော်ကို ငါ့ထံမှ လုံးဝ​မနုတ်ယူသေး၊ သို့မဟုတ်လျှင်၊ သင်၏ ဘုန်းသည် အဘယ်မှာ​ရှိသနည်း၊ အကြောင်း​မူကား၊ ထိုအရာသည် ငါ့အဖို့ မှောင်မိုက်ဖြစ်၏။ ထို့အတူ ငါသည် သင်နှင့် ဘုရားသခင်ကို ခွဲခြား၍ သိနိုင်၏။ အကြောင်း​မူကား၊ ငါ့ကို ဘုရားသခင် မိန့်တော်မူ​ခဲ့သည်မှာ၊ ဘုရားသခင်ကို ကိုးကွယ်လော့၊ အကြောင်း​မူကား၊ သူ့ကိုသာ သင်​အစေခံရမည်။

၁၆ သင် ဤ​နေရာမှ ထွက်သွားလော့၊ စာတန်၊ ငါ့ကို လှည့်စားခြင်း​မပြုနှင့်။ အကြောင်း​မူကား၊ ငါ့ကို ဘုရားသခင် မိန့်တော်မူ​ခဲ့သည်မှာ၊ သင်သည် ငါ၏​တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်းအတိုင်းရှိ၏။

၁၇ သူသည် လောင်မြိုက်​နေသော ချုံပုတ်​ထဲမှ​နေ၍ ငါ့ကိုခေါ်ပြီး၊ ပညတ်တော်များကို ပေး၍ မိန့်တော်မူလေသည်ကား၊ ငါ၏ တစ်ပါးတည်းသော သားတော်၏ နာမတော်ဖြင့် ဘုရားသခင်ကို ပတ္ထနာပြုလော့၊ ထို့အတူ ငါ့ကို ကိုးကွယ်လော့။

၁၈ ထိုမှ​တစ်ဖန်၊ မောရှေ​ဆိုလေသည်ကား၊ ငါသည် ဘုရားသခင်ကို ပတ္ထနာပြုရန် ရပ်တန့်မည် မဟုတ်၊ ငါ့၌ သူ့ကို မေးလျှောက်ရန် အခြားသောအရာများ ရှိ၏။ အကြောင်း​မူကား၊ သူ၏ ဘုန်းတော်သည် ငါ့အပေါ်၌ ရှိလေပြီ၊ သို့ဖြစ်၍၊ ငါသည် သူနှင့် သင့်ကို ခွဲခြား၍ သိနိုင်၏။ ဤ​နေရာမှ ထွက်ခွာ​သွားလော့၊ စာတန်။

၁၉ ယခု​မူကား၊ မောရှေက ဤစကားတို့ကို ဆိုသော​အခါ၊ စာတန်သည် ကျယ်သော​အသံနှင့် ဟစ်ကြွေး၍၊ မြေကြီး​ပေါ်၌ ဟိန်းဟောက်၍၊ မိန့်မှာ၍၊ ဆိုလေ​သည်ကား၊ ငါသည် တစ်ပါးတည်းသော သားတော် ဖြစ်၏၊ ငါ့ကို ကိုးကွယ်လော့။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် လွန်စွာ​ကြောက်ရွံ့စ​ပြု၏။ သူသည် ကြောက်ရွံ့စ​ပြုသည်နှင့် ငရဲ၏​ခါးသည်းမှုကိုလည်း မြင်ရ၏။ သို့သော်လည်း၊ ဘုရားသခင်ကို ပတ္ထနာ​ပြုလျက်၊ ခွန်အားကို ရရှိ၍၊ မိန့်မှာ၍၊ ဆိုလေ​သည်ကား၊ ငါ့ထံမှ ထွက်ခွာ​သွားလော့၊ စာတန်၊ အကြောင်း​မူကား၊ ဘုန်းတော်​ရှိသည့် ဘုရားသခင်​ဖြစ်သည့် ဤ​တစ်ပါးတည်းသော ဘုရားသခင်ကိုသာ ငါ​ကိုးကွယ်မည်။

၂၁ ယခု​မူကား၊ စာတန်သည် တုန်စပြု၏၊ မြေကြီးသည်လည်း လှုပ်၏။ မောရှေသည်လည်း ခွန်အားကို ရရှိ၍၊ ဘုရားသခင်ကို ပတ္ထနာပြု၍၊ ဆိုလေ​သည်ကား၊ တစ်ပါးတည်းသော သားတော်၏ နာမတော်​အားဖြင့်၊ ဤနေရာမှ ထွက်ခွာ​သွားလော့၊ စာတန်။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ စာတန်သည် ကျယ်သော​အသံနှင့်၊ ထို့အတူ ငိုကြွေးခြင်း၊ ထို့အတူ မြည်တမ်းခြင်း၊ ထို့အတူ အံသွား​ခဲကြိတ်ခြင်းတို့ဖြင့် ဟစ်ကြွေး၏။ ဤနေရာမှ၊ မောရှေ၏ မျက်မှောက်မှပင် ထွက်ခွာ​သွားသဖြင့် သူ့ကို မြင်ရခြင်း​မရှိ။

၂၃ ယခု​မူကား၊ ဤ​အရာ​အကြောင်းကို မောရှေ​သက်သေခံ၏။ သို့ရာတွင်၊ ဆိုးညစ်ခြင်းကြောင့်၊ ထို​သက်သေခံချက်မှာ လူသားတို့၌ မရှိ။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ စာတန်သည် မောရှေ၏ မျက်မှောက်မှ ထွက်ခွာ​သွားလျှင်၊ မောရှေသည် ကောင်းကင်ကို မျှော်ကြည့်၍၊ ခမည်းတော်နှင့် သားတော် အကြောင်းကို သက်သေခံသည့် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက်၊

၂၅ ဘုရားသခင်၏ နာမတော်ကို ပတ္ထနာပြုလျက်​ရှိ၍၊ သူ၏ဘုန်းတော်ကို တစ်ဖန်​မြင်ရ၏၊ အကြောင်း​မူကား၊ ထိုဘုန်းတော်သည် သူ့အပေါ်၌ ရှိ၏။ အသံ​တစ်သံကိုလည်း ကြားရ၏၊ ဆိုလေ​သည်ကား၊ သင်သည် မင်္ဂလာ​ရှိ၏၊ မောရှေ၊ အကြောင်း​မူကား၊ ငါ၊ အနန္တတန်ခိုးရှင်သည်၊ သင့်ကို ရွေးကောက်​လေပြီ၊ သင့်ကို များစွာသော​ရေတို့ထက် သာ၍​အားကြီး​စေမည်။ အကြောင်း​မူကား၊ ၎င်းတို့သည် သင့်ကိုဘုရားသခင် ဖြစ်လေသည့်အလား သင်၏အမိန့်ကို နာခံကြ​လိမ့်မည်။

၂၆ ကြည့်ဦးလော့၊ ငါသည် သင့်ဘဝ၏ အဆုံးတိုင်​အောင်ပင် သင်နှင့်အတူ ရှိတော်မူ၏။ အကြောင်း​မူကား၊ သင်သည် ငါ၏​လူမျိုးတို့ကို၊ အကယ်​စင်စစ် ဣသရေလ​အမျိုး ငါ၏​ရွေးကောက်​ထားသော​သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​လိမ့်မည်။

၂၇ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ အသံကဆက်၍ ဟောပြောလျက်ရှိစဉ်တွင်၊ မောရှေသည် မျှော်ကြည့်၍၊ မြေကြီးကို၊ အထူး​သဖြင့်၊ ၎င်း၌​ရှိသည့် ခပ်သိမ်းသောအရာတို့ကိုပင် မြင်၏။ သူမမြင်သည့် အရာ​အနည်းငယ်မျှ​မရှိ၊ ဘုရားသခင်၏ ဝိညာဉ်တော်​အားဖြင့် ပိုင်းခြား၍ သိရ၏။

၂၈ ၎င်း၌​နေထိုင်သူတို့​ကိုလည်း မြင်ရ၏၊ သူ​မြင်ရခြင်း​မရှိသည့်သူ တစ်ယောက်မျှ​မရှိ။ ဘုရားသခင်၏​ဝိညာဉ်တော်​အားဖြင့် သူတို့ကို ပိုင်းခြား၍​သိရ၏။ သူတို့၏​အရေ​အတွက်​မှာလည်း များလေပြီး၊ သမုဒ္ဒရာ​ကမ်းခြေရှိ သဲလုံး​တမျှပင် မရေ​မတွက်​နိုင်အောင်​ရှိ၏။

၂၉ သူသည် များစွာသော​ပြည်တို့ကိုလည်း မြင်ရ၏။ ပြည်​တစ်ခုချင်း​စီကို မြေကြီးဟု​ခေါ်၏၊ ၎င်း၏​မျက်နှာပြင်​ပေါ်၌ နေထိုင်​သူများလည်း​ရှိ၏။

၃၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် ဘုရားသခင်ကို ပတ္ထနာ​ပြု၍ ဆိုလေ​သည်ကား၊ ကျွန်ုပ်ကို ပြောပြ​တော်မူပါ၊ ကိုယ်တော်ကို ကျွန်ုပ်​ဆုတောင်း​ပါ၏၊ ဤ​အရာတို့သည် အဘယ်ကြောင့် ရှိရ​သနည်း၊ ကိုယ်တော်သည် ဤ​အရာတို့ကို အဘယ်​နည်းဖြင့် ဖန်ဆင်း​တော်မူ​သနည်း။

၃၁ ရှုဦးလော့၊ ဘုရားသခင်၏​ဘုန်းတော်သည် မောရှေ​အပေါ်၌​ရှိလေ၏၊ ထို့ကြောင့် မောရှေသည် ဘုရားသခင်၏​မျက်မှောက်တော်၌ ရပ်ပြီး၊ သူနှင့်မျက်နှာချင်း​ဆိုင်၍ စကားပြော​ရ၏။ ကိုယ်တော်ရှင် ဘုရားသခင်​ကလည်း မောရှေကို မိန့်တော်မူ​လေသည်ကား၊ ငါကိုယ်တိုင်၏ ကြံရွယ်ချက်​အတွက် ငါသည် ဤ​အရာတို့ကို ဖန်ဆင်း​တော်မူ​ခဲ့၏။ ဤ​အရာ၌ ဉာဏ်ပညာ​ရှိပြီး ငါနှင့်​အတူ​ဆက်၍​ရှိ၏။

၃၂ ကျေးဇူးတော်၊ သမ္မာ​တရားတို့နှင့် ပြည့်စုံသည့်သူ​တည်းဟူသော ငါ၏တစ်ပါး​တည်းသော​သားတော်​ဖြစ်သည့် ငါ့တန်ခိုးတော်၏ နှုတ်ကပတ်တော်အားဖြင့်၊ ငါသည် ၎င်းတို့ကို ဖန်ဆင်း​တော်မူ​ခဲ့၏။

၃၃ ရေတွက်​မရသည့် ကမ္ဘာတို့ကိုလည်း ငါ​ဖန်ဆင်း​တော်မူ​ခဲ့၏။ ငါသည် ၎င်းတို့ကိုလည်း ငါကိုယ်တိုင်၏​ကြံရွယ်ချက်​အတွက် ဖန်ဆင်း​တော်မူ​ခဲ့၏။ ငါ၏​တစ်ပါး​တည်းသော သားတော်​ဖြစ်သည့် သားတော်​အားဖြင့် ငါသည် ၎င်းတို့ကို ဖန်ဆင်း​တော်မူ​ခဲ့၏။

၃၄ များစွာ​ရှိလေသည့် ခပ်သိမ်းသော လူသားတို့အထဲမှ ပထမဦးဆုံး​လူသားကို ငါသည်အာဒံဟု​ခေါ်လေပြီ။

၃၅ သို့ရာတွင်၊ ဤ​မြေကြီး၏​မှတ်တမ်း​တစ်ခုတည်း​ကိုသာလျှင်၊ ထို့အတူ ၎င်း၌နေထိုင်သူတို့ကို ငါသည် သင့်အားဖော်ပြ၏။ အကြောင်း​မူကား၊ ရှုလော့၊ ငါ့တန်ခိုးတော်၏ နှုတ်ကပတ်တော်​အားဖြင့် ကွယ်ပျောက်သွားလေပြီးဖြစ်သည့် များစွာသော​ကမ္ဘာများ​ရှိ၏။ ယခု​တည်ရှိသည့် အရာများစွာလည်း ရှိပြီး၊ ၎င်းတို့မှာ လူသား​အဖို့ မရေတွက်​နိုင်အောင်​ရှိ၏။ သို့ရာတွင် ခပ်သိမ်းသော​အရာတို့မှာ ငါ့အဖို့ ရေတွက်​ထား၏၊ အကြောင်း​မူကား၊ ၎င်းတို့သည် ငါ၏အရာများဖြစ်၍ ငါသိ၏။

၃၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောရှေသည် ကိုယ်တော်ရှင်ထံ လျှောက်၍ တောင်းဆို​သည်ကား၊ ကိုယ်တော်၏​ကျွန်ကို ကရုဏာ​ကြီးတော်​မူပါ၊ အို ဘုရားသခင်၊ ဤ​မြေကြီးနှင့်၊ ထို့အတူ ၎င်း၌ နေထိုင်သော​သူတို့နှင့်၊ ထို့အတူ ကောင်းကင်တို့နှင့် စပ်လျဉ်း၍လည်း ကျွန်ုပ်ကို ပြောပြ​တော်မူပါ၊ ထို့နောက်တွင် ကိုယ်တော်၏​ကျွန် ကျေနပ်​ပါမည်။

၃၇ ကိုယ်တော်ရှင်​ဘုရားသခင်​ကလည်း မောရှေကို မြွက်ဆို၍၊ မိန့်တော်မူ​လေသည်ကား၊ ကောင်းကင်တို့သည်၊ များစွာ​ရှိ၏၊ ၎င်းတို့သည် လူသား​အဖို့ မရေတွက်နိုင်။ သို့ရာတွင် ငါ့အဖို့​ရေတွက်​ထား၏၊ အကြောင်း​မူကား၊ ၎င်းတို့သည် ငါ၏​အရာ​ဖြစ်၏။

၃၈ မြေကြီး​တစ်ခု ကွယ်ပျောက်​သွား၍၊ ကောင်းကင်တို့သည်လည်း ထိုနည်းတူ ကွယ်ပျောက်သွားလျှင်၊ တခြား​တစ်ခု ရောက်လာ​လိမ့်မည်။ ငါ၏ အမှုတော်တို့၌ အဆုံး​မရှိ၊ ငါ၏ နှုတ်ကပတ်တော် တို့၌လည်း အဆုံး​မရှိ။

၃၉ အကြောင်း​မူကား၊ ရှုလော့၊ ဤ​အရာသည်—လူသား၏ သေခြင်း​မရှိရာနှင့် ထာဝရ​အသက်ကို ဖြစ်ပေါ်​စေရန်မှာ ငါ၏​အမှုတော်နှင့် ငါ၏​ဘုန်းတော်​ဖြစ်၏။

၄၀ ယခု​မူကား၊ မောရှေ၊ ငါ့သား၊ သင်ရပ်သည့် ဤ​မြေကြီးအကြောင်းကို သင့်အား ငါဟောပြောမည်။ သင်သည်လည်း ငါ​ဟောပြောမည့်​အရာတို့ကို ရေး​ရမည်။

၄၁ လူသားတို့သည် ငါ၏​နှုတ်ကပတ်တော်တို့ကို တန်ဖိုး​မရှိသော​အရာများ​အဖြစ် ထင်မှတ်၍၊ သင်​ရေးမည့်​ကျမ်းမှ များစွာတို့ကို နုတ်ယူသည့်နေ့ ကျရောက်​လာသော​အခါ၊ ရှုလော့၊ ငါသည် သင်နှင့်​တူသည့် တခြားသူ​တစ်ဦးကို ပေါ်ထွန်း​စေတော်​မူမည်။ ၎င်းတို့​သည်လည်း လူသားတို့၌—ယုံကြည်​မည့်သူ​မှန်သမျှ​တို့၌ တစ်ဖန်​ရှိလိမ့်ဦးမည်။

၄၂ (ဤ​စကားများသည် တောင်ပေါ်၌ မောရှေကို မိန့်တော်မူ​ခဲ့သော​စကားများ​ဖြစ်၏၊ ထိုတောင်၏ အမည်ကို လူသားတို့၌ သိရလိမ့်မည်​မဟုတ်။ ယခု​မူကား၊ သင့်အား ဟောပြော​ထား၏။ ၎င်းတို့ကို ယုံကြည်သူများ​မှတစ်ပါး အဘယ်သူကိုမျှ ပြခြင်း​မပြုနှင့်။ ထိုကဲ့သို့​ပင်တည်း။ အာမင်)