အခန်းကြီး ၂
(၁၈၃၀ ဇွန်–အောက်တိုဘာ)
ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏—အမျိုးမျိုးသောသတ္တဝါတို့ကို ဖန်ဆင်းထားတော်မူ၏—ဘုရားသခင်သည် လူသားကိုဖန်ဆင်း၍ ခပ်သိမ်းသော အခြားအရာတို့ အပေါ် အစိုးရခြင်းကို ပေး၏။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် မောရှေကို မြွက်ဆို၍ မိန့်တော်မူ လေသည်ကား၊ ရှုလော့၊ ငါသည် သင့်အား ဤကောင်းကင်၊ ထို့အတူ ဤမြေကြီးတို့အကြောင်းကို ဖော်ပြတော်မူ၏။ ငါမြွက်ဆိုသည့်စကားတို့ကို ရေးလော့။ ငါသည် အစနှင့် အဆုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ၏တစ်ပါးတည်းသော သားတော်အားဖြင့် ငါသည် ဤအရာတို့ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး၊ ရှေးဦးစွာ၌ ငါသည် ကောင်းကင်ကို ဖန်ဆင်း၏၊ ထို့နောက် သင်ရပ်သည့် မြေကြီးကို ဖန်ဆင်း၏။
၂ မြေကြီးသည် သဏ္ဌာန်မရှိ၊ ဟင်းလင်းပြင်ဖြစ်၏။ ငါသည် နက်ရာအရပ်၏ မျက်နှာပြင်ပေါ်သို့ မှောင်မိုက်ကို ရောက်စေ၏။ ငါ၏ဝိညာဉ်တော်သည်လည်း ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ဖြစ်၏။
၃ ငါ၊ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု မိန့်တော်မူ၍ အလင်းဖြစ်လေ၏။
၄ ငါ၊ ဘုရားသခင်သည် အလင်းကိုမြင်၏၊ ထိုအလင်းသည် ကောင်းမြတ်၏။ ငါ၊ ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားထားတော်မူ၏။
၅ ငါ၊ ဘုရားသခင်သည် အလင်းကို နေ့ဟု ခေါ်၏။ မှောင်မိုက်ကို ညဟု ငါခေါ်၏။ ဤအမှုကိုလည်း ငါ့တန်ခိုးတော်၏နှုတ်ကပတ်တော်အားဖြင့် ငါပြုတော်မူ၍၊ မိန့်တော်မူသည့်အတိုင်း ဖြစ်လေ၏။ ညဦးနှင့် နံနက်သည် ပထမနေ့ဖြစ်လေ၏။
၆ ထိုမှတစ်ဖန်၊ ငါ၊ ဘုရားသခင်က ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေဟု မိန့်တော်မူသဖြင့်၊ ငါမိန့်တော်မူသည့်အတိုင်းပင် ဖြစ်၏။ ထို့အတူ ငါက ရေနှင့်ရေချင်း ခြားနားစေဟု မိန့်တော်မူလျှင်၊ ထိုသို့ဖြစ်လေ၏။
၇ တစ်ဖန် ငါ၊ ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍၊ ရေတို့ကို၊ အထူးသဖြင့် မိုးမျက်နှာကြက်အောက်မှ ကြီးစွာသောရေတို့ကို မိုးမျက်နှာကြက်ပေါ်၌ရှိသောရေတို့နှင့် ပိုင်းခြားတော်မူ၍ ငါ မိန့်တော်မူသည့်အတိုင်းပင် ဖြစ်လေ၏။
၈ တစ်ဖန် ငါ၊ ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ကောင်းကင်ဟုခေါ်၏။ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။
၉ တစ်ဖန် ငါ၊ ဘုရားသခင်က ကောင်းကင်အောက်မှ ရေတို့ကို တစ်နေရာသို့ အတူတကွစုဝေးစေဟု မိန့်တော်မူ၍၊ စုဝေးလေ၏။ ထို့အတူ ငါဘုရားသခင်က ကုန်းမြေဖြစ်စေဟု မိန့်တော်မူ၍ ဖြစ်လေ၏။
၁၀ တစ်ဖန် ငါ၊ ဘုရားသခင်သည် ကုန်းမြေကို မြေကြီးဟု ခေါ်၏။ အတူတကွစုဝေးသောရေတို့ကို ငါသည် ပင်လယ်ဟု ခေါ်၏။ ငါ၊ ဘုရားသခင်သည် ငါဖန်ဆင်းတော်မူခဲ့လေသည့် ခပ်သိမ်းသောအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၁၁ တစ်ဖန် ငါ၊ ဘုရားသခင်က၊ မြေကြီးသည် မြက်ပင်ကို လည်းကောင်း၊ အစေ့ကို ဖြစ်စေသည့် စပါးပင်ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ မျိုးစေ့ပါရမည့်၊ သူ့အမျိုးအတိုင်း သစ်သီးကို ဖြစ်စေ၍၊ အပင်မှ သစ်သီးကိုဖြစ်စေသည့် သစ်သီးပင်ကိုလည်းကောင်း ပေါက်စေဟု မိန့်တော်မူလျှင်၊ ငါမိန့်တော်မူသည့် အတိုင်းပင် ပေါက်လေ၏။
၁၂ မြေကြီးသည်လည်း မြက်ပင်ကို လည်းကောင်း၊ သူ့အမျိုးအတိုင်း အစေ့ကိုဖြစ်သည့် စပါးပင်တိုင်းကို လည်းကောင်း၊ သူ့အမျိုးအတိုင်း မျိုးစေ့ပါရမည့်၊ သစ်သီးကို ဖြစ်စေသည့် သစ်ပင်ကို လည်းကောင်း၊ ပေါက်စေ၏။ ငါ၊ ဘုရားသခင်သည် ငါဖန်ဆင်းတော်မူလေသည့် ခပ်သိမ်းသောအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၁၃ ညဦးနှင့် နံနက်သည် တတိယနေ့ရက်ဖြစ်လေ၏။
၁၄ တစ်ဖန် ငါ၊ ဘုရားသခင်က၊ နေ့နှင့် ညဉ့်ကို ပိုင်းခြားရန်၊ ကောင်းကင်မိုးမျက်နှာကြက်၌ အလင်းအိမ်တို့ကို တည်စေ၊ ၎င်းတို့ကိုလည်း နိမိတ်လက္ခဏာများအတွက်၊ ရာသီများအတွက်၊ နေ့ရက်များအတွက်၊ နှစ်များအတွက်ဖြစ်စေ၊ ဟုမိန့်တော်မူ၍၊
၁၅ ကောင်းကင်မိုးမျက်နှာကြက်၌ တည်၍၊ မြေကြီးအား အလင်းကို ပေးရန် အလင်းအိမ်များဖြစ်စေဟု မိန့်တော်မူလျှင်၊ ဖြစ်လေ၏။
၁၆ တစ်ဖန် ငါ၊ ဘုရားသခင်သည် ကြီးစွာသော အလင်းအိမ်နှစ်လုံးကို ဖန်ဆင်းတော်မူ၏။ အလင်းအိမ်အကြီးမှာ နေ့ကို အုပ်စိုးစေရန်ဖြစ်ပြီး၊ အလင်းအိမ်အငယ်မှာ ညဉ့်ကို အုပ်စိုးစေရန်ဖြစ်၏၊ အလင်းအိမ်အကြီးမှာ နေဖြစ်၍၊ အလင်းအိမ်အငယ်မှာ လဖြစ်၏။ ကြယ်တို့ကိုလည်း ငါ၏ နှုတ်ကပတ်တော်အတိုင်းပင် ဖန်ဆင်းတော်မူလေ၏။
၁၇ တစ်ဖန် ငါ၊ ဘုရားသခင်သည် ၎င်းတို့ကို ကောင်းကင်မိုးမျက်နှာကြက်၌ထားသည်ကား၊ မြေကြီးအားအလင်းကို ပေးရန်၊
၁၈ နေအား နေ့ကို အုပ်စိုးစေရန်၊ လအား ညဉ့်ကို အုပ်စိုးစေရန်၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေရန် ဖြစ်၏။ ငါ၊ ဘုရားသခင်သည် ငါဖန်ဆင်းတော်မူလေသည့် ခပ်သိမ်းသောအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၁၉ ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။
၂၀ တစ်ဖန်၊ ငါ၊ ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါတို့ကို ရေသည် မြောက်မြားစွာမွေးဖွားစေ၊ ငှက်တို့သည်လည်း မြေကြီးအထက် ကောင်းကင်၏ မိုးမျက်နှာကြက်ဝယ် ပျံစေဟု မိန့်တော်မူ၏။
၂၁ တစ်ဖန် ငါ၊ ဘုရားသခင်က ရေသည် သူတို့အမျိုးအတိုင်း မြောက်မြားစွာ မွေးဖွား၍၊ ကြီးစွာသောဝေလငါးများ၊ လှုပ်ရှားတတ်သော သက်ရှိသတ္တဝါတိုင်းကို လည်းကောင်း၊ သူ့အမျိုးအတိုင်းရှိသည့် တောင်ပံပါသောငှက်တိုင်းကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ ငါ၊ ဘုရားသခင်သည် ငါဖန်ဆင်းတော်မူလေသည့် ခပ်သိမ်းသောအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၂၂ တစ်ဖန် ငါ၊ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေး၍၊ ဝပြောကြလော့၊ ပွားများကြလော့၊ ပင်လယ်ရေများကို ပြည့်စေလော့။ ငှက်တို့ကိုလည်း မြေကြီး၌ ပွားများကြလော့ဟု မိန့်တော်မူ၏။
၂၃ ညဦးနှင့် နံနက်သည် ပဉ္စမနေ့ရက် ဖြစ်လေ၏။
၂၄ တစ်ဖန် ငါ၊ ဘုရားသခင်က မြေကြီးသည် သူ့အမျိုးအတိုင်းရှိသည့် သက်ရှိသတ္တဝါ၊ ကျွဲနွားတိရစ္ဆာန်တို့ကို လည်းကောင်း၊ သူတို့အမျိုးအတိုင်းရှိသည့် တွားသွားတတ်သော အကောင်များကို လည်းကောင်း၊ မြေကြီး၏သားရဲတို့ကို လည်းကောင်း မွေးဖွားစေလော့ဟု မိန့်တော်မူလျှင်၊ မွေးဖွားလေ၏။
၂၅ တစ်ဖန် ငါ၊ ဘုရားသခင်သည် မြေကြီး၏ သားရဲတို့ကို သူတို့အမျိုးအတိုင်း၊ ထို့အတူ ကျွဲနွားတိရစ္ဆာန်တို့ကို သူတို့အမျိုးအတိုင်း၊ မြေကြီးပေါ်၌ တွားသွားတတ်သည့်အကောင်မှန်သမျှကို သူ့အမျိုးအတိုင်း ဖန်ဆင်းတော်မူ၏။ ငါ၊ ဘုရားသခင်သည် ခပ်သိမ်းသောဤအရာတို့ ကောင်းမြတ်သည်ကို မြင်တော်မူ၏။
၂၆ တစ်ဖန် ငါ၊ ဘုရားသခင်သည် ရှေးဦးစွာကတည်းက ငါနှင့် အတူရှိသည့် ငါ၏ တစ်ပါး တည်းသော သားတော်အား၊ လူသားကို ငါတို့ ပုံသဏ္ဌာန်နှင့်အညီ၊ ငါတို့ပုံသဏ္ဌာန်အတိုင်း၊ ဖန်ဆင်း ကြကုန်အံ့ဟု မိန့်တော်မူ၍၊ ဖန်ဆင်းလေ၏။ တစ်ဖန် ငါ၊ ဘုရားသခင်က သူတို့အား ပင်လယ်ငါးတို့ အပေါ်၊ ထို့အတူ မိုးကောင်းကင်ငှက်တို့အပေါ်၊ ထို့အတူ ကျွဲနွားတိရစ္ဆာန်တို့အပေါ်၊ ထို့အတူ မြေကြီးတစ်ခုလုံးအပေါ်၊ ထို့အတူ မြေကြီးပေါ်၌ တွားသွားတတ်သည့် တွားသွားသတ္တဝါတိုင်းအပေါ် အစိုးရစေဟု မိန့်တော်မူ၏။
၂၇ တစ်ဖန် ငါ၊ ဘုရားသခင်သည် လူသားကို ငါကိုယ်တိုင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းတော်မူ၏၊ ငါ၏တစ်ပါးတည်းသော သားတော်၏ပုံသဏ္ဌာန်နှင့်အညီ ငါသည် သူ့ကိုဖန်ဆင်းတော်မူ၏၊ ယောက်ျားနှင့် မိန်းမကို ငါဖန်ဆင်းတော်မူ၏။
၂၈ တစ်ဖန် ငါ၊ ဘုရားသခင်သည် သူတို့ကို ကောင်းချီးပေး၍၊ မိန့်တော်မူသည်ကား၊ ဝပြော ကြလော့၊ ထို့အတူ ပွားများကြလော့၊ ထို့အတူ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့၊ ပင်လယ် ငါးတို့အပေါ်၊ ထို့အတူ မိုးကောင်းကင် ငှက်တို့အပေါ်၊ ထို့အတူ မြေကြီးပေါ်၌ လှုပ်ရှားသည့် အသက်ရှင်သော အရာတိုင်းအပေါ် အစိုးရကြလော့။
၂၉ တစ်ဖန် ငါ၊ ဘုရားသခင်က၊ လူသားကို၊ ရှုလော့၊ ငါသည် သင့်အား မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ အစေ့ကို ဖြစ်စေသည့် စပါးပင်တိုင်းကို လည်းကောင်း၊ အစေ့ကို ဖြစ်စေသည့် အသီးရှိမည့် သစ်ပင်တိုင်းကို လည်းကောင်းပေး၏။ သင့်အဖို့ ထိုအရာသည် စားစရာဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၃၀ မြေကြီးပေါ်ရှိ သားရဲတိုင်းအဖို့၊ ထို့အတူ မိုးကောင်းကင်ငှက်တိုင်းအဖို့၊ ထို့အတူ မြေကြီးပေါ်၌ တွားသွားတတ်သည့် အကောင်တိုင်းအဖို့၊ ထိုကဲ့သို့အားဖြင့် ငါသည် အသက်ကို ပေး၍၊ စားစရာအဖြစ် သန့်ရှင်းသောစပါးတိုင်းကို ပေးလိမ့်မည်ဟု ငါမိန့်တော်မူလေသည့်အတိုင်းပင် ပေးလေ၏။
၃၁ တစ်ဖန် ငါ၊ ဘုရားသခင်သည် ငါဖန်ဆင်းတော်မူခဲ့လေသည့် အရာတိုင်းကို မြင်၍၊ ထို့အတူ၊ ရှုလော့၊ ငါ ဖန်ဆင်းတော်မူခဲ့လေသည့် ခပ်သိမ်းသောအရာတို့ အလွန် ကောင်းမြတ်သည်ကို မြင်တော်မူ၏။ ညဦးနှင့် နံနက်သည် ဆဋ္ဌမနေ့ ဖြစ်လေ၏။