အခန်းကြီး ၇
(ဒီဇင်ဘာ ၁၈၃၀)
ဧနောက်သည် သွန်သင်၏၊ လူမျိုးတို့ကို ပို့ဆောင်၏၊ တောင်များကိုလည်း ရွှေ့၏—ဇိအုန်မြို့ကို တည်ထောင်၏—ဧနောက်သည် လူသားတော် ကြွလာတော်မူခြင်း၊ သူ၏အပြစ်ဖြေခြင်းယဇ်နှင့် သန့်ရှင်းသူတို့၏ ရှင်ပြန်ထမြောက်ခြင်းတို့ကို ကြိုတင်၍မြင်၏—သူသည် ပြန်လည်ဆောင်ယူခြင်း၊ စုဝေးခြင်း၊ ဒုတိယအကြိမ်ကြွလာတော်မူခြင်းနှင့် ဇိအုန်၏ပြန်လာခြင်းတို့ကို ကြိုတင်၍မြင်၏။
၁ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ဧနောက်သည် မိမိစကားကို ဆက်၍၊ ဆိုလေ သည်ကား၊ ရှုလော့၊ ငါတို့၏ အဘ အာဒံသည် ဤအရာတို့ကို သွန်သင်ခဲ့၏၊ များစွာသော သူတို့သည် ယုံကြည်၍၊ ဘုရားသခင်၏ သားများဖြစ်လာကြ၏၊ များစွာသောသူတို့သည် ယုံကြည်ခြင်းမရှိကြ၊ သူတို့၏ အပြစ်များ၌ ပျက်စီးကြလေပြီ၊ ဘုရားသခင်၏ အမျက်တော်မီးကဲ့သို့သော ဒေါသကို သူတို့အပေါ် သွန်းလောင်းခံရဖို့ ကြောက်ရွံ့ခြင်းနှင့်အတူ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်လျက် မျှော်လင့်နေကြ၏။
၂ ထိုအချိန်မှစ၍ ဧနောက်သည် ပရောဖက်ပြု၍ ဟောစပြုလျက်၊ လူတို့ကို ဆိုလေသည်ကား၊ ငါသည် ခရီးသွားစဉ်တွင်၊ မဟုယအရပ်၌ ရပ်၍၊ ကိုယ်တော်ရှင်ကို တောင်းလျှောက်သဖြင့်၊ ကောင်းကင်ဘုံမှ အသံရောက်လာ၍ မိန့်တော်မူလေသည်ကား၊ သင်လှည့်၍၊ ရှိမောင်တောင်ပေါ်သို့ တက်သွားလော့။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် လှည့်၍ တောင်ပေါ်သို့ တက်၏။ တောင်ပေါ်၌ ရပ်စဉ်တွင်၊ ကောင်းကင်ပွင့်သည်ကို မြင်ရ၏၊ ဘုန်းအသရေနှင့်လည်း ဝတ်ဆင်ခံရ၏။
၄ ကိုယ်တော်ရှင်ကို မြင်ရ၏၊ သူသည်လည်း ငါ၏ မျက်နှာရှေ့မှာ ရပ်၍၊ လူတစ်ဦးက တခြားတစ်ဦးနှင့် မျက်နှာချင်းဆိုင် ပြောသကဲ့သို့ပင် သူသည် ငါနှင့် စကားပြော၍၊ ကြည့်လော့၊ ငါသည် သင့်အား မျိုးဆက်များစွာကြာအောင် ရှိသည့် လောကကို ပြတော်မူမည်ဟု မိန့်တော်မူ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ရှုမချိုင့်ဝှမ်း၌ မြင်ရသည်ကား၊ ကြည့်ဦးလော့၊ တဲများ၌ နေထိုင်ကြသည့်၊ ရှုမလူမျိုးများဖြစ်လေသည့် များစွာသောလူတို့ဖြစ်လေ၏။
၆ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်က ကြည့်လော့ဟု ငါ့ကို မိန့်တော်မူ၏။ ငါသည်လည်း မြောက်ဘက်လားရာသို့ကြည့်လျှင်၊ တဲများ၌နေထိုင်ကြသည့် ခါနာန်လူမျိုးတို့ကို မြင်ရ၏။
၇ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်က ပရောဖက်ပြု၍ဟောလော့ဟု ငါ့ကိုမိန့်တော်မူ၏။ ငါသည်လည်း ပရောဖက်ပြုဟော၍၊ ဆိုလေသည်ကား၊ ရှုလော့၊ အမြောက်အမြားရှိသည့် ခါနာန်လူမျိုးတို့သည်၊ ရှုမလူမျိုးတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာ ခင်းကျင်းလျက် တိုက်ခိုက်ကြလိမ့်မည်၊ ကွပ်မျက်သဖြင့် ရှင်းရှင်းဖျက်ဆီး ခံရလိမ့်မည်။ ခါနာန်လူမျိုးတို့သည်လည်း ထိုပြည်ထဲ၌ သူတို့ကိုယ်သူတို့ ပိုင်းခြားလိမ့်မည်၊ ထိုပြည်သည်လည်း မဖြစ်ထွန်း၍ အကျိုးမဲ့လိမ့်မည်၊ ထိုနေရာ၌ ခါနာန်လူမျိုးတို့မှတစ်ပါး၊ အခြားအဘယ်လူမျိုးမျှ နေကြလိမ့်မည်မဟုတ်။
၈ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ထိုမြေကို များစွာသောအပူဖြင့် ကျိန်တော်မူလိမ့်မည်၊ ထိုမြေ၌ မဖြစ်ထွန်းခြင်းသည်လည်း ကာလအစဉ်အဆက် ရှိလိမ့်မည်။ ခပ်သိမ်းသော ခါနာန်အမျိုးသားတို့အပေါ်သို့ နက်မှောင်ခြင်း ရောက်လာသဖြင့်၊ ခပ်သိမ်းသောလူမျိုးတို့၌ မထီမဲ့မြင်ပြု ခံကြရ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်က ကြည့်လော့ဟု ငါ့ကို မိန့်တော်မူ၏။ ငါသည်လည်း ကြည့်လျှင်၊ ရှာရုန်ပြည်၊ ထို့အတူ ဧနောက်ပြည်၊ ထို့အတူ ဩမနာပြည်၊ ထို့အတူ ဟေနိပြည်၊ ထို့အတူ ရှေမပြည်၊ ထို့အတူ ဟန်နာပြည်၊ ထို့အတူ ဟာနန္နိဟပြည်နှင့် ထိုပြည်တို့၌ နေထိုင်သူခပ်သိမ်းတို့ကို မြင်ရ၏။
၁၀ ကိုယ်တော်ရှင်ကလည်း ငါ့ကို ဤလူမျိုးများသို့ သွားလော့၊ ငါထွက်လာပြီး သူတို့ကို ကျိန်ခြင်းဖြင့် ဒဏ်ခတ်၍၊ မသေကြစေခြင်းငှာ—နောင်တရကြလော့ဟု သူတို့ကို ဆိုလော့ဟု မိန့်တော်မူ၏။
၁၁ ငါသည် ခမည်းတော်၏၊ ထို့အတူ ကျေးဇူးတော်နှင့် သမ္မာတရားတို့နှင့် ပြည့်စုံသည့် သားတော်၏၊ ထို့အတူ ခမည်းတော်နှင့် သားတော်အကြောင်းကို သက်သေခံသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေးရမည့်အကြောင်း သူသည် ငါ့အား ပညတ်တော်ကို ပေးတော်မူ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် ခါနာန်လူမျိုးတို့ကိုမှတစ်ပါး၊ ခပ်သိမ်းသောလူမျိုးတို့ကို နောင်တရရန်၊ ဆက်၍တောင်းပန်၏။
၁၃ ဧနောက်၏ယုံကြည်ခြင်းမှာ အလွန်ကြီးလေရကား၊ ဘုရားသခင်၏ လူမျိုးတို့ကို ပို့ဆောင်၍၊ သူတို့၏ရန်သူများက သူတို့ကို စစ်တိုက်ကြ၏။ သူသည်လည်း ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ဟောပြော၍၊ မြေကြီးသည် တုန်၏၊ တောင်တို့သည်လည်း သူ့အမိန့်အတိုင်းပင် ရွေ့၏။ ရေစီးရာ မြစ်တို့သည်လည်း မိမိတို့ရေစီးကြောင်းကို ပြောင်းကြ၏။ ခြင်္သေ့တို့၏ ဟောက်သံ တောရိုင်းထဲမှ ထွက်လာသည်ကိုလည်း ကြားကြရ၏။ ခပ်သိမ်းသော ပြည်သားတို့သည်လည်း ကြီးစွာ ကြောက်ရွံ့ကြ၏၊ တန်ခိုးနှင့် အလွန်ပြည့်စုံသည်မှာ ဧနောက်၏ စကားဖြစ်လေ၏၊ အလွန်ကြီးလေသည်မှာ သူ့အား ဘုရားသခင် ပေးတော်မူလေသည့် ဘာသာစကား၏ တန်ခိုးဖြစ်၏။
၁၄ ပင်လယ်ရေနက်ထဲမှ ထွက်လာသောမြေလည်းရှိ၏၊ အလွန်ကြီးလေသည်မှာ ဘုရားသခင်၏ လူမျိုးတို့၏ ရန်သူတို့၏ကြောက်ရွံ့ခြင်းဖြစ်၍၊ ထွက်ပြေးကြပြီးလျှင် အဝေးမှာရပ်၍၊ ပင်လယ်ရေနက်ထဲမှ ပေါ်လာသောမြေပေါ်သို့ သွားကြ၏။
၁၅ ထိုပြည်မှ ကိုယ်ကြီးမားသော သူတို့သည်လည်း၊ အဝေးမှာ ရပ်ကြ၏။ ထွက်သွားသော ကျိန်ခြင်းသည်လည်း ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သည့် ခပ်သိမ်းသောလူမျိုးတို့ အပေါ်၌ ရှိ၏။
၁၆ ထိုအချိန်မှစ၍၊ သူတို့၌ စစ်တိုက်ခြင်းများနှင့် အသွေးသွန်းလောင်းခြင်းတို့ရှိ၏။ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ကြွလာတော်မူပြီး၊ မိမိလူမျိုးတို့နှင့် အတူနေထိုင်တော်မူ၏၊ သူတို့သည်လည်း ဖြောင့်မတ်ခြင်း၌ နေထိုင်ကြ၏။
၁၇ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းသည် ခပ်သိမ်းသောပြည်သားတို့အပေါ်၌ ရှိလေ၏၊ အလွန်ကြီးမြတ်လေသည့် ကိုယ်တော်ရှင်၏ဘုန်းတော်မှာ သူ၏လူမျိုးတို့အပေါ်၌ ရှိလေ၏။ ကိုယ်တော်ရှင်သည်လည်း ထိုပြည်ကို ကောင်းချီးပေး၍၊ သူတို့သည် တောင်များပေါ်၌၊ ထို့အတူ မြင့်သောနေရာများပေါ်၌၊ ကောင်းချီးခံစားကြရလေပြီး၊ ဖွံ့ဖြိုးတိုးတက်ကြ၏။
၁၈ ကိုယ်တော်ရှင်ကလည်း သူ၏လူမျိုးတို့ကို ဇိအုန်ဟု ခေါ်၏၊ အကြောင်းမူကား၊ သူတို့သည် နှစ်လုံးသားတစ်ခုနှင့် စိတ်တစ်ခု၌ ရှိကြလေ၏၊ ဖြောင့်မတ်ခြင်း၌ နေထိုင်ကြ၏။ သူတို့၌ ဆင်းရဲသား မရှိ။
၁၉ ဧနောက်သည်လည်း ဘုရားသခင်၏လူမျိုးများသို့ ဖြောင့်မတ်ခြင်းဖြင့် သူ၏ဟောပြောခြင်းကို ဆက်၍ ပြု၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ သူ့လက်ထက်၌၊ သန့်ရှင်းခြင်းမြို့ဟု ခေါ်သည့်၊ ဇိအုန်ကိုပင် တည်ဆောက်ခဲ့၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် ကိုယ်တော်ရှင်နှင့် စကားပြော၍၊ ဇိအုန်သည် ဘေးလွတ်ရာ၌ ဧကန်အမှန်ပင် ကာလအစဉ်အဆက်ရှိပါလိမ့်မည်ဟု ကိုယ်တော်ရှင်ကို လျှောက်၏။ သို့ရာတွင် ကိုယ်တော်ရှင်က ဧနောက်အား၊ ဇိအုန်ကို ငါကောင်းချီးပေးလေပြီ၊ သို့ရာတွင် ကျန်ကြွင်းသောလူမျိုးတို့ကို ငါကျိန်တော်မူလေပြီဟု မိန့်တော်မူ၏။
၂၁ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ဧနောက်အား မြေကြီးပေါ်မှာ နေထိုင်သူ ခပ်သိမ်းတို့ကို ပြခဲ့၏။ သူသည်လည်း မြင်ရ၏၊ ကြည့်ဦးလော့၊ ဇိအုန်သည်၊ ကာလစေ့သော အခါ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခံရလေ၏။ ကိုယ်တော်ရှင်ကလည်း ဧနောက်အား၊ ရှုလော့၊ ငါ၏ အိမ်သည် ကာလအစဉ်အဆက်ရှိ၏ဟု မိန့်တော်မူ၏။
၂၂ ဧနောက်သည် အာဒံ၏သားမြေးများဖြစ်သည့် ကျန်ကြွင်းသောလူမျိုးတို့ကိုလည်း မြင်၏။ သူတို့သည်ကား၊ ကာဣန၏ အမျိုးအနွယ်များမှတစ်ပါး၊ အာဒံ၏ခပ်သိမ်းသော အမျိုးအနွယ်တို့နှင့် သွေးနှောထားသူများဖြစ်လေ၏၊ အကြောင်းမူကား၊ ကာဣန၏ အမျိုးအနွယ်တို့မှာ မည်းမှောင်ကြ၏၊ သူတို့၌ နေရာရခြင်းမရှိကြ။
၂၃ ဇိအုန်ကို ကောင်းကင်ဘုံသို့ ဆောင်ယူခံရလေပြီးနောက်၊ ဧနောက်မြင်ရသည်ကား၊ ကြည့်ဦးလော့၊ မြေကြီးပေါ်ရှိခပ်သိမ်းသောပြည်သားတို့သည် သူ့ရှေ့၌ ရှိလေ၏။
၂၄ မျိုးဆက် တစ်ခုပြီးတစ်ခုလည်း ရောက်လာ၏။ ဧနောက်သည် အမြင့်၌၊ ခမည်းတော်၏၊ ထို့အတူ လူသားတော်၏ရင်၌ပင် ချီးမြှောက်ခံရလေ၏။ ရှုဦးလော့၊ စာတန်၏ တန်ခိုးသည် မြေကြီး မျက်နှာပြင် တစ်ခုလုံးပေါ်၌ ရှိလေ၏။
၂၅ သူသည် ကောင်းကင်တမန်များ ကောင်းကင်ဘုံမှ ဆင်းသက်လာနေသည်ကိုလည်း မြင်ရ၏။ မြေကြီးပေါ်မှာ နေထိုင်သူတို့သည် အမင်္ဂလာရှိ၏၊ အမင်္ဂလာရှိ၏ဟု မိန့်တော်မူသည့် ကျယ်သောအသံကိုလည်း ကြားရ၏။
၂၆ စာတန်ကိုလည်းမြင်ရ၏။ သူ့လက်ထဲ၌ ကြီးစွာသော သံကြိုးကို ကိုင်ထား၏၊ မြေကြီး မျက်နှာပြင် တစ်ခုလုံးကို မှောင်မိုက်ခြင်းဖြင့် ဖုံးလွှမ်းထား၏။ သူသည် မော့ကြည့်၍ ရယ်၏၊ သူ၏တမန်တို့လည်း ရွှင်လန်းဝမ်းမြောက်ကြ၏။
၂၇ ဧနောက်သည် ကောင်းကင်တမန်တို့ ကောင်းကင်ဘုံမှ ဆင်းသက်လျက်၊ ခမည်းတော်နှင့် သားတော်အကြောင်း သက်သေခံနေကြသည်ကိုလည်း မြင်ရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း များစွာသောသူတို့အပေါ် သက်ဆင်းတော်မူသဖြင့်၊ သူတို့သည် ကောင်းကင်ဘုံ၏ တန်ခိုးတို့အားဖြင့် ဇိအုန်သို့ ချီဆောင်ခံကြရလေ၏။
၂၈ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် ကျန်ကြွင်းသော လူမျိုးတို့ကို ကြည့်၍၊ ငိုကြွေးတော်မူ၏။ ဧနောက်သည်လည်း ထိုအမှုကို သက်သေခံ၍၊ ကောင်းကင်ဘုံတို့သည် အဘယ်သို့အားဖြင့် ငိုကြွေးသနည်း၊ တောင်များပေါ်မှာ ရွာသောမိုးကဲ့သို့ ၎င်းတို့၏ မျက်ရည်များ ကျလေသနည်းဟု ဆို၏။
၂၉ ဧနောက်က ကိုယ်တော်ရှင်ကို လျှောက်လေသည်ကား၊ ကိုယ်တော်သည် သန့်ရှင်းတော်မူလျက်၊ ထာဝရကာလတစ်ခုလုံးမှ ထာဝရကာလတစ်ခုလုံးသို့ ရှိတော်မူလျက်၊ အဘယ်သို့အားဖြင့် ငိုကြွေး နိုင်တော်မူသနည်း။
၃၀ လူသားသည် မြေကြီးအမှုန်တို့ကို၊ အထူးသဖြင့်၊ ဤကဲ့သို့ အသောင်းအသိန်းရှိသော မြေကြီးကို ရေတွက်နိုင်ဖို့ ဖြစ်နိုင်မည်ဆိုလျှင်၊ ကိုယ်တော်၏ဖန်ဆင်းထားသောအရာတို့၏ အရေအတွက်နှင့် စပ်လျဉ်း၍ အစရှိလိမ့်မည်မဟုတ်။ ကိုယ်တော်၏ ကန့်လန့်ကာတို့သည် ဖြန့်လျက်ရှိသေး၏။ သို့သော်လည်း ကိုယ်တော်သည် ထိုနေရာ၌ ရှိတော်မူသေး၏၊ ကိုယ်တော်၏ရင်သည်လည်း ထိုနေရာ၌ ရှိတော်မူ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းလည်းရှိတော်မူ၏။ ကိုယ်တော်သည် ကာလအစဉ်အဆက် ကရုဏာကြီး၍ ကြင်နာတော်မူ၏။
၃၁ ကိုယ်တော်သည် ဇိအုန်ကို၊ ကိုယ်တော်၏ ဖန်ဆင်းထားသော အရာခပ်သိမ်းတို့ထံမှ၊ ထာဝရကာလ တစ်ခုလုံးမှ ထာဝရကာလ တစ်ခုလုံးသို့၊ ကိုယ်တော်၏ ရင်သို့ ဆောင်ယူတော်မူ၏။ မထီမဲ့မြင် အပြုခံရသော်လည်း၊ ငြိမ်းချမ်းခြင်း၊ ဖြောင့်မှန်ခြင်းနှင့် သမ္မာတရားတို့ ရှိသည်မှာ ကိုယ်တော့်ပလ္လင်၏ နေရပ်ဖြစ်ပါ၏။ ကရုဏာတော်သည်လည်း ကိုယ်တော်၏ မျက်နှာရှေ့မှ သွား၍၊ အဆုံးမရှိရ။ ကိုယ်တော်သည် အဘယ်သို့အားဖြင့် ငိုကြွေးနိုင်တော်မူသနည်း။
၃၂ ကိုယ်တော်ရှင်ကလည်း ဧနောက်ကို မိန့်တော်မူလေသည်ကား၊ သင်၏ ဤညီအစ်ကိုတို့ကို ရှုလော့။ သူတို့သည် ငါ့လက်၏ လက်ရာများဖြစ်ကြ၏၊ ငါသည်လည်း သူတို့ကို ဖန်ဆင်းတော်မူခဲ့သည့် နေ့၌ သူတို့အား အသိပညာကို ပေး၏။ ဧဒင်ဥယျာဉ်ထဲ၌ ငါသည် လူသားအား ရွေးချယ်ပြုမူနိုင်ခွင့်ကို ပေးတော်မူခဲ့၏။
၃၃ သင်၏ညီအစ်ကိုတို့ကိုလည်း ငါမိန့်တော်မူလေ၏၊ တစ်ယောက်ကို တစ်ယောက် ချစ်ရမည့်အကြောင်း၊ ထို့အတူ သူတို့၏အဘ၊ ငါ့ကို ရွေးချယ်ရမည့်အကြောင်း ပညတ်တော်ကိုလည်း ပေး၏။ သို့ရာတွင်ရှုလော့၊ သူတို့၌ ချစ်ခြင်းမရှိကြ၊ သူတို့ကိုယ်တိုင်၏အသွေးကို မုန်းကြ၏။
၃၄ ငါ၏ ဒေါသမီးသည်လည်း သူတို့တစ်ဖက်၌ ထွက်လေပြီ။ ငါ၏ ပြင်းစွာသော မကျေမနပ် ဖြစ်ခြင်းဖြင့် သူတို့အပေါ် ရေလွှမ်းမိုးခြင်းကို စေလွှတ်တော်မူမည်၊ အကြောင်းမူကား၊ ငါ၏ ပြင်းစွာသောအမျက်သည် သူတို့တစ်ဖက်၌ ထွက်လေပြီ။
၃၅ ရှုလော့၊ ငါသည် ဘုရားသခင် ဖြစ်၏။ သန့်ရှင်းခြင်း ယောက်ျားဟူသည်ကား ငါ၏နာမတော်ဖြစ်၏။ အကြံပေးယောက်ျားဟူသည်ကား ငါ၏နာမတော် ဖြစ်၏။ အဆုံးမရှိခြင်းနှင့် ထာဝရဟူသည်မှာလည်း ငါ၏နာမတော် ဖြစ်၏။
၃၆ သို့ဖြစ်၍၊ ငါ၏လက်ကို ဆန့်နိုင်၏၊ ငါဖန်ဆင်းလေသည့် ဖန်ဆင်းထားသော အရာ ခပ်သိမ်းတို့ကိုလည်း ကိုင်နိုင်၏။ ငါ၏မျက်စိသည်လည်း ၎င်းတို့ကို စူးရှနိုင်၏၊ ငါ့လက်၏ ခပ်သိမ်းသော လက်ရာတို့၌ အလွန်ကြီးစွာသော ဆိုးညစ်ခြင်းမှာ သင်၏ညီအစ်ကိုတို့မှာကဲ့သို့ မရှိစဖူးလေပြီ။
၃၇ သို့ရာတွင် ရှုလော့၊ သူတို့၏ အပြစ်များသည် သူတို့၏ အဘတို့၏ ဦးခေါင်းများ အပေါ်၌ ရှိလိမ့်မည်။ စာတန်သည် သူတို့၏ အဘဖြစ်လိမ့်မည်၊ ဝမ်းနည်းပူဆွေးမှုသည်လည်း သူတို့၏ကြမ္မာဆိုး ဖြစ်လိမ့်မည်။ ကောင်းကင်ဘုံတစ်ခုလုံးသည်လည်း သူတို့အတွက်၊ ငါ့လက်၏ ခပ်သိမ်းသော လက်ရာတို့အတွက်ပင် ငိုကြွေးလိမ့်မည်။ သို့ဖြစ်၍၊ ဤသူတို့ ဒုက္ခဝေဒနာခံစားရသည်ကို မြင်ရလျက် ကောင်းကင်ဘုံတို့ မငိုကြွေးရလေသလော။
၃၈ သို့ရာတွင် ရှုလော့၊ သင်၏မျက်စိဖြင့် မြင်ရသောဤသူတို့သည် ရေလွှမ်းမိုးခြင်းထဲ၌ ပျက်စီးကြလိမ့်မည်။ ရှုဦးလော့၊ ငါသည် သူတို့ကို ချုပ်ထားမည်။ ထောင်တစ်ခုကို ငါသည် သူတို့အတွက် ပြင်ထားလေပြီ။
၃၉ ငါရွေးကောက်ထားလေသောသူသည် ငါ့မျက်နှာရှေ့၌ တောင်းပန်လေပြီ။ သို့ဖြစ်၍၊ သူသည် ထိုသူတို့၏ အပြစ်များအတွက် ဒုက္ခဝေဒနာ ခံစား၏။ သူတို့သည် ငါရွေးကောက်ထားသောသူ ငါ့ထံသို့ ပြန်လာမည့်နေ့၌ နောင်တရသည်အထိ၊ ထိုနေ့တိုင်အောင် စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်း၌ ရှိကြလိမ့်မည်။
၄၀ သို့ဖြစ်၍၊ ဤအမှုကြောင့် ကောင်းကင်ဘုံတို့၊ ထိုမှတစ်ပါး၊ ငါ့လက်၏ ခပ်သိမ်းသော လက်ရာတို့သည်လည်း ငိုကြွေးကြလိမ့်မည်။
၄၁ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ဧနောက်ကို မြွက်ဆို၍၊ လူသားတို့လုပ်ဆောင်သည့် ခပ်သိမ်းသောအရာတို့ကို ဧနောက်အား မိန့်တော်မူ၏။ သို့ဖြစ်၍၊ ဧနောက်သည် သိ၍၊ သူတို့၏ ဆိုးညစ်ခြင်း၊ ထို့အတူ သူတို့၏ ဝမ်းနည်းပူဆွေးမှုတို့ကို သတိထားမိ၏၊ ထို့အတူ ငိုကြွေး၍၊ သူ၏လက်ကို ဆန့်၏၊ သူ၏စိတ်နှလုံးသည်လည်း ထာဝရကာလပမာ ကြီးထွား ကျယ်ပြန့်လေ၏။ သူ၏ဝမ်းကလည်း တမ်းတ၏။ ထာဝရကာလတစ်ခုလုံးလည်း တုန်လှုပ်၏။
၄၂ ဧနောက်သည် နောဧ၊ ထို့အတူ သူ၏မိသားစုကိုလည်း မြင်ရ၏။ နောဧ၏သားခပ်သိမ်းတို့၏ သားစဉ်မြေးဆက်သည် ဇာတိပကတိကယ်တင်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၄၃ သို့ဖြစ်၍ ဧနောက်သည် နောဧသင်္ဘောတည်ဆောက်သည်ကို မြင်၏။ ကိုယ်တော်ရှင်သည်လည်း ထိုအမှုကို ပြုံး၍ သူ့လက်ထဲ၌ ထားတော်မူ၏။ သို့ရာတွင် ဆိုးညစ်သော သူတို့၌ ကျန်ကြွင်းသောသူတို့အပေါ်သို့ ရေလွှမ်းမိုးခြင်း ကျရောက်လာပြီး ဝါးမျိုလေ၏။
၄၄ ဧနောက်သည်လည်း ဤအရာကို မြင်လျှင်၊ စိတ်ညှိုးငယ်၍၊ သူ၏ညီအစ်ကိုတို့ကြောင့် ငိုကြွေး၏။ ကျွန်ုပ်သည် နှစ်သိမ့်ခံရဖို့ကို ငြင်းဆိုပါမည်ဟုလည်း ကောင်းကင်ဘုံကို လျှောက်၏။ သို့ရာတွင်၊ ကိုယ်တော်ရှင်က ဧနောက်အား စိတ်နှလုံးရွှင်လန်းအားရလျက် ဝမ်းသာလော့။ ကြည့်ဦးလော့ဟု မိန့်တော်မူ၏။
၄၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် ကြည့်သဖြင့်၊ နောဧမှစ၍၊ မြေကြီးပေါ်ရှိ ခပ်သိမ်းသောမိသားစုတို့ကို မြင်၏။ ကိုယ်တော်ရှင်ထံတောင်းလျှောက်၍၊ ကိုယ်တော်ရှင်၏နေ့သည် အဘယ်အချိန်၌ ကျရောက်ပါမည်နည်း။ ငိုကြွေးမြည်တမ်းသူခပ်သိမ်းတို့ သန့်ရှင်းစင်ကြယ်စေနိုင်ခြင်းငှာနှင့် ထာဝရအသက်ကို ရနိုင်စေခြင်းငှာ ဖြောင့်မတ်သောသူ၏ အသွေးကို အဘယ်အချိန်၌ သွန်းလောင်းမည်နည်းဟု မေး၏။
၄၆ ကိုယ်တော်ရှင်ကလည်း၊ ထိုအမှုသည် အထွတ်အထိပ်ကာလ၌၊ ဆိုးညစ်ခြင်းနှင့် လက်တုန့်ပြန်ခြင်းတို့ ရှိရာကာလ၌ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၄၇ ရှုဦးလော့၊ ဧနောက်သည် လူသားတော်၊ အကယ်စင်စစ် ဇာတိကိုယ်ခန္ဓာဖြင့် ကြွလာတော်မူရာနေ့ကို မြင်၏။ သူ၏စိတ်ဝိညာဉ်သည်လည်း ရွှင်လန်းဝမ်းမြောက်၍၊ ဆိုလေသည်ကား၊ ဖြောင့်မတ်သော သူသည် ချီးမြှောက်ခံရ၏၊ သိုးသငယ်သည် ကမ္ဘာတည်ကတည်းက ကွပ်မျက်ခံရ၏။ ယုံကြည်ခြင်းအားဖြင့်၊ ငါသည် ခမည်းတော်၏ ရင်၌ ရှိ၏၊ ရှုဦးလော့၊ ဇိအုန်သည် ငါနှင့်အတူရှိ၏။
၄၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် မြေကြီးကို ကြည့်၏။ မြေကြီး၏ဝမ်းမှ အသံကိုလည်း ကြားရ၏၊ ဆိုလေသည်ကား၊ အမင်္ဂလာ၊ အမင်္ဂလာသည် လူသားတို့၏အမိ ငါဖြစ်၏။ ငါသည် ငါ့သားသမီးတို့၏ ဆိုးညစ်ခြင်းကြောင့်၊ နာကျင်၏၊ မောပန်း၏။ ငါသည် အဘယ်အချိန်မှ အနားယူ၍၊ ငါ့ထံမှ ထွက်လေသည့် အညစ်အကြေးမှ သန့်ရှင်းစေရမည်နည်း။ ငါအနားယူနိုင်ခြင်းငှာ လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို ငါ၏မျက်နှာပြင်ပေါ်၌ ကာလအတန်အရာ တည်နိုင်စေခြင်းငှာ လည်းကောင်း၊ ငါ၏ ဖန်ဆင်းရှင်သည် ငါ့ကို အဘယ်အချိန်၌ သန့်ရှင်းစင်ကြယ်စေတော်မူလိမ့်မည် နည်း။
၄၉ ဧနောက်သည်လည်း မြေကြီးငိုကြွေးမြည်တမ်းသည်ကို ကြားရသောအခါ၊ သူသည် ငိုကြွေးလျက်၊ ကိုယ်တော်ရှင်ထံ တောင်းလျှောက်၍၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် မြေကြီးကို သနားခြင်း မရှိဘဲနေမည်လော။ ကိုယ်တော်သည် နောဧ၏ သားမြေးတို့ကို ကောင်းချီးမပေးဘဲ နေမည်လောဟု လျှောက်၏။
၅၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် ကိုယ်တော်ရှင်ထံ သူ၏ တောင်းလျှောက်ခြင်းကို ဆက်၍ ဆိုလေသည်ကား၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် နောဧနှင့် သူ၏ အမျိုးအနွယ်တို့အပေါ် ကရုဏာထားတော်မူပါမည့်အကြောင်း၊ မြေကြီးကို ရေလွှမ်းမိုးခြင်းဖြင့် နောက်ထပ် အဘယ်တော့မျှ ဖုံးလွှမ်းမခံရနိုင်စေကြောင်း ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်၊ ယေရှုခရစ်တော်၏ နာမတော်ဖြင့်ပင် ကိုယ်တော်ကို အကျွန်ုပ် ဆုတောင်းပါ၏။
၅၁ ကိုယ်တော်ရှင်သည်လည်း ဟန့်တားမထားနိုင်။ ဧနောက်နှင့် ပဋိညာဉ်ပြု၏၊ ရေလွှမ်းမိုးခြင်းတို့ကို ရပ်တန့်စေမည့်အကြောင်း၊ နောဧ၏ သားမြေးတို့ကို စကားဆိုမည့်အကြောင်း ကျိန်ဆိုခြင်းဖြင့် ကျိန်ဆိုတော်မူ၏။
၅၂ ပြောင်းလဲ၍ မရနိုင်သော စီရင်ချက်များကိုလည်း စေလွှတ်၍၊ မြေကြီးတည်သမျှ၊ သူ့အမျိုးအနွယ်မှ ကျန်ကြွင်းသောသူတို့ကို ခပ်သိမ်းသောပြည်သားတို့၌ တွေ့ရစေ၏။
၅၃ တစ်ဖန် ကိုယ်တော်ရှင် မိန့်တော်မူလေသည်ကား၊ အကြင်သူသည် မင်္ဂလာရှိ၏၊ ထိုသူ၏ အမျိုးအနွယ်တို့အားဖြင့် မေရှိယကြွလာတော်မူလိမ့်မည်။ အကြောင်းမူကား၊ မိန့်တော်မူလေသည်မှာ ငါသည် မေရှိယ၊ ဇိအုန်ရှင်ဘုရင်၊ ထာဝရပမာကျယ်ပြန့်သည့် ကောင်းကင်ဘုံ၏ ကျောက်ဖြစ်၏။ တံခါးမှဝင်လာပြီး၊ ငါအားဖြင့် တက်သူမှန်သမျှသည် အဘယ်တော့မျှ မကျရှုံးလတ္တံ့။ သို့ဖြစ်၍၊ ငါဟောပြောလေသူတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် ထာဝရတည်မြဲသော ဝမ်းမြောက်ခြင်း သီချင်းတို့ဖြင့် ထွက်လာကြလိမ့်မည်။
၅၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်သည် ကိုယ်တော်ရှင်ထံတောင်းလျှောက်၍၊ လူသားတော်သည် အဘယ်အချိန်၌ ဇာတိကိုယ်ခန္ဓာဖြင့် ကြွလာတော်မူ၍၊ မြေကြီးသည် အနားယူရမည်နည်း။ ကိုယ်တော်ကို အကျွန်ုပ်ဆုတောင်းပါ၏၊ အကျွန်ုပ်အား ဤအရာတို့ကို ပြတော်မူပါဟု လျှောက်၏။
၅၅ ကိုယ်တော်ရှင်ကလည်း ဧနောက်အား၊ ကြည့်ရှုလော့ဟု မိန့်တော်မူလျှင်၊ သူသည် ကြည့်ရှု၍၊ လူသားတော်ကို လူတို့၏နည်းအတိုင်း လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထားသည်ကို မြင်ရ၏။
၅၆ ကျယ်သောအသံကိုလည်း ကြားရ၏။ ကောင်းကင်တို့ကို ကာထား၏။ ဘုရားသခင်၏ ဖန်ဆင်းထားသော အရာခပ်သိမ်းတို့သည် ငိုကြွေးမြည်တမ်းကြ၏။ မြေကြီးသည်လည်း ညည်းတွား၏။ ကျောက်များကွဲ၏။ သန့်ရှင်းသူတို့သည်လည်း ထ၍၊ လူသားတော်၏လက်ယာတော်ဘက်၌ ဘုန်းအသရေသရဖူတို့ဖြင့် ချီးမြှင့်ခံကြရ၏။
၅၇ ထောင်ထဲ၌ ရှိသမျှသောဝိညာဉ်များစွာတို့သည်လည်း ထွက်လာကြပြီးလျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်ကြ၏။ ကျန်ကြွင်းသောသူတို့သည် မှောင်မိုက်ခြင်း သံကြိုးများထဲ၌ ကြီးစွာသောနေ့၌ တရားစီရင်တော်မူခြင်းအထိ ထိန်းသိမ်းထားခံကြရ၏။
၅၈ ထိုမှတစ်ဖန်၊ ဧနောက်သည် ငိုကြွေးလျက်၊ ကိုယ်တော်ရှင်ထံတောင်းလျှောက်၍၊ မြေကြီးသည် အဘယ်အချိန်၌ အနားယူရလိမ့်မည်နည်းဟု လျှောက်ပြန်၏။
၅၉ ဧနောက်သည် ခမည်းတော်ထံသို့ လူသားတော် တက်သွားတော်မူသည်ကို မြင်ရ၏။ သူသည် ကိုယ်တော်ရှင်ကို တောင်းလျှောက်လေသည်ကား၊ ကိုယ်တော်သည် မြေကြီးပေါ်သို့ တစ်ဖန် ကြွလာတော်မမူဘဲနေမည်လော၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူသည်နှင့်အမျှ၊ ကိုယ်တော်ကို အကျွန်ုပ်သိပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကျိန်ဆိုတော်မူလေပြီ၊ ကိုယ်တော်၏ တစ်ပါးတည်းသော သားတော်၏ နာမတော်ဖြင့် အကျွန်ုပ် ဆုတောင်းရမည်ကိုလည်း မိန့်တော်မူလေပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖန်ဆင်းတော်မူလေပြီ၊ ကိုယ်တော်၏ပလ္လင်အဖို့ အကျွန်ုပ်အား အခွင့်ကိုလည်း အကျွန်ုပ်ကိုယ်တိုင်အားဖြင့်မဟုတ်၊ ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့်သာ ပေးတော်မူလေပြီ။ သို့ဖြစ်၍၊ ကိုယ်တော်သည် မြေကြီးပေါ်သို့ တစ်ဖန် ကြွမလာဘဲနေမည်မနေမည်ကို အကျွန်ုပ်မေးလျှောက်ပါ၏။
၆၀ ကိုယ်တော်ရှင်ကလည်း ဧနောက်ကို မိန့်တော်မူလေသည်ကား၊ ငါအသက်ရှင်တော်မူသည့် အတိုင်း၊ ငါသည် နောက်ဆုံးသော ကာလများ၌၊ ဆိုးညစ်ခြင်းနှင့် လက်တုန့်ပြန်ခြင်း ကာလများ၌၊ ကြွလာတော်မူမည်၊ နောဧ၏ သားမြေးတို့နှင့် စပ်လျဉ်း၍ သင်နှင့် ပြုတော်မူလေသည့် ကျိန်ဆိုခြင်းကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။
၆၁ မြေကြီးအနားယူရမည့်နေ့သည် ကျရောက်လာလိမ့်မည်၊ သို့ရာတွင် ထိုနေ့မတိုင်မီ ကောင်းကင်သည် မှောင်မိုက်လိမ့်မည်၊ မှောင်မိုက်ခြင်းကန့်လန့်ကာသည်လည်း မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးသည်လည်း လှုပ်လိမ့်မည်။ ကြီးစွာသော အတိဒုက္ခသည်လည်း လူသားတို့၌ ရှိလိမ့်မည်၊ သို့ရာတွင် ငါ၏လူမျိုးတို့ကို ငါကာကွယ်စောင့်မတော်မူမည်။
၆၂ ဖြောင့်မတ်ခြင်းကို ငါသည် ကောင်းကင်ဘုံမှနေ၍ ချတော်မူမည်။ သမ္မာတရားကိုလည်း ငါ၏ တစ်ပါးတည်းသော သားတော်အကြောင်း၊ သေခြင်းမှနေ၍ သူ၏ ရှင်ပြန် ထမြောက်ခြင်း အကြောင်းတို့ကို သက်သေခံစေရန် မြေကြီးထဲမှ စေလွှတ်တော်မူမည်။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့ကိုလည်း ငါ၏ရွေးကောက်ထားသောသူများကို မြေကြီးလေးမျက်နှာမှနေ၍ ငါပြင်ဆင်မည့်နေရာ သန့်ရှင်းသောမြို့သို့ ရွေးထုတ်ရန် မြေကြီးကို ရေလွှမ်းမိုးခြင်းနှင့် ကဲသို့ပင် သုတ်သင်ပယ်ရှင်းစေမည်၊ ငါ၏လူမျိုးတို့ သူတို့၏ခါးကို စည်းနိုင်ကြစေခြင်းငှာ၊ ထို့အတူ ငါကြွလာတော်မူရာအချိန်ကို စောင့်မျှော်လျက်ရှိကြစေခြင်းငှာ ပေတည်း။ အကြောင်းမူကား၊ ထိုနေရာ၌ ငါ၏တဲရှိလိမ့်မည်၊ ထိုမြို့ကိုလည်း ဇိအုန်၊ ယေရုရှလင်မြို့သစ်ဟု ခေါ်လိမ့်မည်။
၆၃ ကိုယ်တော်ရှင်က ဧနောက်ကို မိန့်တော်မူလေသည်ကား၊ ထိုအချိန်တွင် သင်နှင့် ခပ်သိမ်းသောမြို့တို့သည် သူတို့ကို ထိုအရပ်၌ တွေ့ကြလိမ့်မည်၊ ငါတို့သည်လည်း သူတို့ကို ငါတို့ရင်၌ လက်ခံတော်မူမည်၊ သူတို့သည်လည်း ငါတို့ကို မြင်ကြလိမ့်မည်။ ငါတို့သည် သူတို့လည်ပင်းကို ဖက်၍၊ သူတို့သည် ငါတို့လည်ပင်းကို ဖက်ကြလိမ့်မည်၊ တစ်ယောက်ကို တစ်ယောက်နမ်းကြလိမ့်မည်။
၆၄ ထိုအရပ်၌ ငါ၏နေရာရှိလိမ့်မည်၊ ဇိအုန်ဟု ခေါ်ရလိမ့်မည်၊ ငါဖန်ဆင်းလေသည့် ဖန်ဆင်းထားသောအရာ ခပ်သိမ်းတို့အထဲမှ ထွက်လာလိမ့်မည်။ နှစ်တစ်ထောင်ကြာအောင် မြေကြီးသည် အနားယူလိမ့်မည်။
၆၅ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ဧနောက်သည် နောက်ဆုံးသောကာလတွင်၊ လူသားတော် မြေကြီးပေါ်၌ နှစ်တစ်ထောင်ကြာအောင် ဖြောင့်မတ်ခြင်းဖြင့်နေထိုင်ရန် ကြွလာတော်မူရာနေ့ကို မြင်ရ၏။
၆၆ သို့ရာတွင် ထိုနေ့မတိုင်မီတွင်၊ သူသည် ကြီးစွာသောအတိဒုက္ခများကို ဆိုးညစ်သောသူတို့၌ မြင်ရ၏။ ထို့အတူ ဒုက္ခတွေ့လေသည့် ပင်လယ်၊ ထို့အတူ ဆိုးညစ်သောသူတို့အပေါ် ကျရောက်လာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်တော်မူခြင်းတို့ကို ကြောက်ရွံ့ခြင်းနှင့်အတူ မျှော်လင့်နေကြသည့် လူသားတို့၏ စိတ်ပျက်နေသည့် စိတ်နှလုံးတို့ကိုလည်း မြင်ရ၏။
၆၇ ကိုယ်တော်ရှင်ကလည်း ဧနောက်အား၊ ခပ်သိမ်းသောအရာတို့ကို ကမ္ဘာကုန်သည့် တိုင်အောင်ပင် ပြတော်မူ၍၊ ဖြောင့်မတ်သောသူတို့၏နေ့၊ သူတို့ကိုရွေးနုတ်တော်မူရာ နာရီတို့ကိုလည်း မြင်ရ၏၊ ဝမ်းမြောက်ခြင်း အပြည့်အစုံကိုလည်း ရရှိကြ၏။
၆၈ ဧနောက်လက်ထက်၊ ဇိအုန်၏ခပ်သိမ်းသောကာလမှာ သုံးရာခြောက်ဆယ့်ငါးနှစ်ဖြစ်လေ၏။
၆၉ ဧနောက်နှင့် သူ၏လူမျိုးခပ်သိမ်းတို့သည် ဘုရားသခင်နှင့်အတူ လျှောက်ကြ၏၊ ဘုရားသခင်သည် ဇိအုန်အလယ်၌ နေထိုင်တော်မူ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇိအုန် မရှိလေတော့၊ အကြောင်းမူကား ဘုရားသခင်သည် ၎င်းကို မိမိရင်သို့ လက်ခံတော်မူလေ၏။ ထိုအချိန်မှစ၍၊ ဇိအုန်ထွက်ပြေးသည်ဟု ဆိုသောစကားရှိလေသတည်း။