ကျမ်းစာများ
ပုံတူ ၂


အာဗြဟံကျမ်းမှ ပုံတူတစ်ပုံ

စဉ် ၂

ပုံတူ ၂

ရှင်းပြချက်

ရုပ်ပုံ ၁၊ ကော်လောဘ၊ ပထမဖန်ဆင်းခြင်းကို ပုံဆောင်ခြင်း၊ ဆီလက်ရှယ်လ်၊ သို့မဟုတ် ဘုရားသခင်၏ နေထိုင်ရာနှင့် အနီးဆုံး​အရာ။ ထိန်းချုပ်မှုနှင့်​စပ်လျဉ်း၍ ပထမဦးဆုံး၊ အချိန် အတိုင်းအတာနှင့် စပ်လျဉ်း၍ နောက်ဆုံး။ ဆီလက်ရှယ်လ် အချိန်အရ​အတိုင်း​အတာ၊ ထိုဆီလက်ရှယ်လ်​အချိန်သည် တစ်နေ့ကို တစ်တောင်​အဖြစ် ပုံဆောင်၏။ ကော်လောဘ၌ တစ်နေ့သည် အဲဂုတ္တုလူတို့က ယာဩရက်ဟု ခေါ်သည့် မြေကြီးပေါ်ရှိ​အတိုင်းအတာ​အားဖြင့် နှစ်ပေါင်း​တစ်ထောင်နှင့် ညီမျှ၏။

ရုပ်ပုံ ၂၊ ကော်လောဘနှင့် ကပ်လျက်​ရှိသည့်​အရာ၊ ဩလိ​ဗလိရှဟု အဲဂုတ္တုလူတို့က​ခေါ်ကြ၏၊ ဆီလက်ရှယ်လ် သို့မဟုတ် ဘုရားသခင်​နေထိုင်ရာနှင့် နီးသည့်၊ နောက်တစ်ဆင့် ခမ်းနားသော ထိန်းချုပ်ရာ ဖန်ဆင်းခြင်းဖြစ်၏။ အခြားဂြိုဟ်တို့နှင့် စပ်လျဉ်းသည့် တန်ခိုးသော့ကို ကိုင်ဆောင်၏။ အာဗြဟံက ကိုယ်တော်ရှင်​အဖို့ တည်ဆောက်ခဲ့သည့် ယဇ်ပလ္လင်​ပေါ်၌ ယဇ်ပူဇော်စဉ် ဘုရားသခင်မှ ဖော်ပြတော်မူ​ခဲ့သည့် အတိုင်း​ဖြစ်၏။

ရုပ်ပုံ ၃၊ ဘုရားသခင် သူ၏​ပလ္လင်တော်​ပေါ်မှာ ထိုင်တော်​မူစဉ်၊ တန်ခိုးနှင့် အခွင့်​အာဏာတို့ဖြင့် ဝတ်ဆင်လျက်၊ ဦးခေါင်းပေါ်၌ ထာဝရ​အလင်းသရဖူကို ဆောင်းလျက်​ရှိသည်ကို ဖော်ပြရန် ဆွဲထား၏။ ဧဒင်​ဥယျာဉ်၌ အာဒံထံ ဖော်ပြခဲ့သည့်​အတိုင်း၊ ရှေသ၊ နောဧ၊ မေလခိဇေဒက်၊ အာဗြဟံ၊ ထို့အတူ ယဇ်ပုရောဟိတ်​အခွင့်ကို ဖော်ပြခံရသူ​ခပ်သိမ်းတို့ထံ ဖော်ပြခဲ့သည့်​အတိုင်း သန့်ရှင်းသောယဇ်ပုရောဟိတ်​အခွင့်၏ ခမ်းနားသောအထူးစကားတို့ကိုလည်း ကိုယ်စား​ပြု၏။

ရုပ်ပုံ ၄၊ ဟေဗြဲ​ဘာသာစကား ရော့ခေရန်းနှင့် တူညီ၏၊ ပြင်ကျယ်၊ သို့မဟုတ် ကောင်းကင်​မိုးမျက်နှာကြက်ကို ပုံဆောင်၏။ ကိန်းဂဏန်း​တစ်လုံးလည်း​ဖြစ်၏၊ အဲဂုတ္တု​ဘာသာစကား၌ တစ်ထောင်ကို ပုံဆောင်၏။ လည်ပတ်ခြင်းနှင့် အချိန်​တိုင်းတာခြင်း၌ ကော်လောဘနှင့် ညီမျှသည့် ဩလိဗလိရှ၏ အချိန် တိုင်းတာခြင်းနှင့် တူညီ၏။

ရုပ်ပုံ ၅၊ အဲဂုတ္တု​ဘာသာစကား၌ အန်နိရှဂိုအွန်ဒေါရှဟု ခေါ်၏။ ဤအရာသည် ထိန်းချုပ်သည့် ဂြိုဟ်များ​ထဲမှ တစ်လုံးလည်း​ဖြစ်၏၊ အဲဂုတ္တုလူတို့က နေ​အဖြစ်၊ ထို့အတူ ခမ်းနားသောသော့၊ သို့မဟုတ်၊ တစ်နည်း အားဖြင့်၊ တစ်ဆယ့်ငါးလုံးသော အခြား​တည်မြဲဂြိုဟ်များ သို့မဟုတ် ကြယ်များကို၊ ဖလေဆီးသို့မဟုတ် လ၊ မြေကြီးနှင့် နေကို ၎င်းတို့၏​နှစ်စဉ်​လည်ပတ်ခြင်း၌ ထိန်းချုပ်သည့် တန်ခိုး​ဖြစ်သည့် ခေးဧဝါရတ်​အားဖြင့် မိမိ​အလင်းကို ကော်လောဘ​ထံမှ အငှားသုံးသည်ဟု ဆိုကြ၏။ ဤဂြိုဟ်သည် မိမိ​တန်ခိုးကို ကလိ​ဖလောရှီး၊ သို့မဟုတ် ဟာခေါခူဘေးမ၊ ကော်လောဘ၏ လည်ပတ်ခြင်းမှ အလင်းကို ရရှိသည့် နံပါတ် ၂၂ နှင့် ၂၃ တို့ဖြင့်​ဖော်ပြသည့် ကြယ်တို့​အားဖြင့် ရရှိ၏။

ရုပ်ပုံ ၆၊ ဤ​မြေကြီးကို လေးမျက်နှာဖြင့် ဖော်ပြ၏။

ရုပ်ပုံ ၇၊ ဘုရားသခင် သူ၏​ပလ္လင်ပေါ်၌ ထိုင်နေပုံကို ဖော်ပြ၏၊ ကောင်းကင်​တစ်ဝန်း၌ ယဇ်ပုရောဟိတ်​အခွင့်၏ ခမ်းနားသောအထူး​စကားများကို ဖော်ပြ၏။ အာဗြဟံ​ထံသို့ သန့်ရှင်းသောဝိညာဉ်တော်၏ နိမိတ်​လက္ခဏာကို၊ ချိုးငှက်​အသွင်ဖြင့်လည်း ဖော်ပြ၏။

ရုပ်ပုံ ၈၊ လောကသို့ ဖော်ပြ၍ မရနိုင်သော၊ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းသော​ဗိမာန်တော်၌ ရရှိနိုင်သောစာများ ပါဝင်၏။

ရုပ်ပုံ ၉၊ မျက်မှောက်​ကာလ၌ ဖော်ပြသင့်ခြင်း​မရှိ။

ရုပ်ပုံ ၁၀၊ ထိုနည်းတူ။

ရုပ်ပုံ ၁၁၊ ထိုနည်းတူ။ လောကသားတို့ ဤ​နံပါတ်များကို တွေ့ရှိ​နိုင်လျှင်၊ တွေ့ရှိစေ။ အာမင်။

ရုပ်ပုံ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ နှင့် ၂၁ တို့ကို ကိုယ်တော်ရှင်၏ ကာလအချိန်တန်သောအခါ၌ ဖော်ပြ​တော်မူ​လိမ့်မည်။

အထက်ပါ​ဘာသာပြန်ခြင်းကို ယခု​မျက်မှောက်​ကာလ၌ ကျွန်ုပ်တို့​အခွင့်​အရေး​ရှိလေသမျှ​အတိုင်း ဖော်ပြ​ထား၏။