အခန်းကြီး ၄
ဘုရားသခင်တို့သည် မြေကြီးနှင့် ထိုမြေကြီး၌ရှိသူခပ်သိမ်းကို ဖန်ဆင်းခြင်းအတွက် စီစဉ်၏—သူတို့၏ ခြောက်ရက်ကြာဖန်ဆင်းခြင်းအစီအစဉ်များကို ရှင်းပြထား၏။
၁ ထို့နောက်တွင်၊ ငါတို့ဆင်းသွားကြကုန်အံ့ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။ သူတို့သည်လည်း အစ၌ ဆင်းသွားကြပြီး၊ သူတို့သည်၊ ဆိုလိုသည်ကား၊ ဘုရားသခင်တို့သည် ကောင်းကင်နှင့် မြေကြီးကို ဖွဲ့စည်း၍၊ ဖန်ဆင်းကြ၏။
၂ မြေကြီးသည်လည်း ဖန်ဆင်းပြီးနောက်၌၊ ဘာမျှမရှိ၍ လူဆိတ်ညံ၏၊ မြေကြီးမှတစ်ပါး အဘယ်အရာကိုမျှ မဖန်ဆင်းခဲ့လေသောကြောင့်ဖြစ်၏။ မှောင်မိုက်ခြင်းသည်လည်း နက်ရာအရပ်၏ မျက်နှာပြင်ပေါ်မှာ အုပ်စိုး၏၊ ဘုရားသခင်တို့၏ ဝိညာဉ်တော်သည်လည်း ရေမျက်နှာပြင်ပေါ်၌ အုပ်လွှမ်း၏။
၃ သူတို့ (ဘုရားသခင်တို့) ကလည်း အလင်းဖြစ်စေဟု မိန့်တော်မူကြလျှင်၊ အလင်းဖြစ်လေ၏။
၄ သူတို့ (ဘုရားသခင်တို့) သည်လည်း အလင်းကို သိနားလည်ကြ၏၊ အကြောင်းမူကား တောက်ပလေ၏။ သူတို့သည် အလင်းကို ပိုင်းခြားကြ၊ သို့မဟုတ် မှောင်မိုက်ခြင်းနှင့် ပိုင်းခြားစေ၏။
၅ ဘရားသခင်တို့သည် အလင်းကို နေ့ဟု ခေါ်ကြ၏၊ မှောင်မိုက်ခြင်းကို ညဟု သူတို့ခေါ်ကြ၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ညဦးမှ နံနက်အထိကို ညဟု သူတို့ခေါ်ကြ၏။ နံနက်မှ ညဦးအထိကို နေ့ဟု သူတို့ခေါ်ကြ၏။ ဤအရာသည်ကား၊ နေ့နှင့် ညဟု သူတို့ခေါ်သည့်အရာ၏ ပထမ၊ သို့မဟုတ် အစဖြစ်၏။
၆ ဘုရားသခင်တို့က ရေများအလယ်၌ ပြင်ကျယ်တစ်ခု ရှိစေလော့၊ ၎င်းသည် ရေနှင့် ရေကို ပိုင်းခြားရမည်ဟု မိန့်တော်မူကြ၏။
၇ ဘုရားသခင်တို့က ပြင်ကျယ်ကို အမိန့်ပေးကြသဖြင့်၊ ပြင်ကျယ်အောက်၌ ရှိသောရေကို ပြင်ကျယ်အထက်၌ ရှိသောရေနှင့် ပိုင်းခြား၏။ သူတို့အမိန့်ပေးလေသည့်အတိုင်းပင် ဖြစ်လေ၏။
၈ ဘုရားသခင်တို့သည်လည်း ပြင်ကျယ်ကို ကောင်းကင်ဟုခေါ်ကြ၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ညဦးမှ နံနက်အထိသည် ညဟု သူတို့ခေါ်သည့် အရာဖြစ်၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ နံနက်မှ ညဦးအထိသည် နေ့ဟု သူတို့ခေါ်သည့် အရာဖြစ်၏။ ဤအရာသည်ကား၊ နေ့နှင့် ညဟု သူတို့ခေါ်သည့်အရာ၏ ဒုတိယအချိန်ဖြစ်၏။
၉ ဘုရားသခင်တို့သည်လည်း ကောင်းကင်အောက်ရှိရေကို တစ်နေရာသို့ အတူတကွစုဝေးစေ၊ မြေကြီးကိုလည်း ခြောက်သွေ့လာစေဟု ဆို၍အမိန့်ပေးလျှင်၊ သူတို့အမိန့်ပေးသည့်အတိုင်းဖြစ်လေ၏။
၁၀ ဘုရားသခင်တို့သည်လည်း ခြောက်သွေ့သောမြေကို၊ မြေကြီးဟု အမည်ပေး၏။ အတူတကွ စုဝေးသော ရေတို့ကိုလည်း ကြီးစွာသောရေဟု သူတို့အမည်ပေး၏။ ၎င်းတို့ နာခံကြသည်ကိုလည်း ဘုရားသခင်တို့မြင်ကြ၏။
၁၁ ဘုရားသခင်တို့သည်လည်း၊ ငါတို့သည် မြေကြီးမှ မြက်ကိုလည်းကောင်း၊ အစေ့ကို ဖြစ်စေသည့် စပါးပင်ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ တညီတစ်သဏ္ဌာန်တည်းသော မျိုးစေ့ပါသည့်၊ သစ်သီးကို ဖြစ်စေသည့် သစ်ပင်ကိုလည်းကောင်း ပေါက်စေရန် ပြင်ဆင်ကြကုန်အံ့ဟု မိန့်တော်မူကြ၏။ သူတို့ အမိန့်ပေးသည့်အတိုင်းပင် ဖြစ်လေ၏။
၁၂ ဘုရားသခင်တို့သည် မြက်ပင်ကို သူ့မျိုးစေ့မှ ပေါက်စေရန်၊ ထို့အတူ သူ့အမျိုးအတိုင်း အစေ့ကို ဖြစ်စေသည့် စပါးပင်ကို၊ သူ့မျိုးစေ့မှ ပေါက်စေရန်၊ မြေကြီးကို ဖွဲ့စည်း၏။ ထို့အတူ သူ့အမျိုးအတိုင်း တူသောအပင်ကိုသာ သူ့အထဲမှ ပေါက်စေနိုင်သည့် မျိုးစေ့ရှိရာ၊ သူမျိုးစေ့မှ သစ်သီးကို ဖြစ်စေသည့် သစ်ပင်ကို ပေါက်စေရန် မြေကြီးကို ဖွဲ့စည်း၏။ ၎င်းတို့နာခံကြသည်ကိုလည်း ဘုရားသခင်တို့မြင်ကြ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် နေ့များကို ရေတွက်ကြ၏။ ညဦးမှ နံနက်အထိကို ညဟုသူတို့ခေါ်ကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နံနက်မှ ညဦးအထိကို နေ့ဟု သူတို့ခေါ်ကြ၏။ ထိုအရာမှာ တတိယအချိန်ဖြစ်၏။
၁၄ ဘုရားသခင်တို့သည် ကောင်းကင်ပြင်ကြယ်၌ အလင်းအိမ်များကို ဖွဲ့စည်း၍၊ နေ့နှင့်ညကို ပိုင်းခြားစေ၏။ နိမိတ်လက္ခဏာများအတွက်နှင့် ရာသီများအတွက်၊ နေ့ရက်များနှင့် နှစ်များအတွက်လည်း ၎င်းတို့ကို ဖွဲ့စည်း၏။
၁၅ မြေကြီးပေါ်၌ အလင်းကိုပေးရန်၊ ကောင်းကင်ပြင်ကျယ်၌ အလင်းအိမ်များအဖြစ်လည်း ၎င်းတို့ကို ဖွဲ့စည်း၏။ ထိုကဲ့သို့ပင်ဖြစ်လေ၏။
၁၆ ဘုရားသခင်တို့သည် ကြီးစွာသောအလင်းအိမ်နှစ်လုံးကို ဖွဲ့စည်း၏၊ အလင်းအိမ်အကြီးမှာ နေ့ကို အုပ်စိုးစေရန်ဖြစ်ပြီး၊ အလင်းအိမ်အငယ်မှာ ညဉ့်ကို အုပ်စိုးစေရန်ဖြစ်၏။ အလင်းအိမ်အငယ် နှင့်အတူ ကြယ်များကိုလည်း သူတို့တည်ထားကြ၏။
၁၇ ဘုရားသခင်တို့သည် မြေကြီးပေါ်၌ အလင်းကိုပေးရန်၊ ထို့အတူ နေ့ကို အုပ်စိုးစေရန်နှင့် ညဉ့်ကို အုပ်စိုးစေရန်၊ ထို့အတူ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားရန် ထိုအရာတို့ကို ကောင်းကင်ပြင်ကျယ်၌ တည်ထားကြ၏။
၁၈ ဘုရားသခင်တို့သည် သူတို့အမိန့်ပေးသည့် ထိုအရာများ နာခံကြသည်အထိ စောင့်ကြည့်ကြ၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ညဦးမှ နံနက်အထိဖြစ်လေပြီး၊ ညဖြစ်၏။ ဤသို့ အားဖြင့် အချိန်တန်လာသောအခါ၊ နံနက်မှ ညဦးအထိဖြစ်လေပြီး နေ့ဖြစ်လေ၏။ ထိုအရာမှာ စတုတ္ထအချိန် ဖြစ်၏။
၂၀ ဘုရားသခင်တို့သည်လည်း၊ ငါတို့သည် အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါတို့ကို ရေသည် မြောက်မြားစွာ မွေးဖွားစေရန်၊ ငှက်တို့သည်လည်း မြေကြီးအထက် ကောင်းကင်ပြင်ကျယ်၌ ပျံနိုင်ကြစေရန် ပြင်ဆင်ကြကုန်အံ့ဟု မိန့်တော်မူကြ၏။
၂၁ ဘုရားသခင်တို့သည် ရေများကို၊ သူတို့အမျိုးအတိုင်း မြောက်မြားစွာ မွေးဖွား၍၊ ကြီးစွာသော ဝေလငါးများ၊ လှုပ်ရှားတတ်သော သက်ရှိသတ္တဝါတိုင်းကို လည်းကောင်း၊ သူ့အမျိုးအတိုင်းရှိသည့် တောင်ပံပါသော ငှက်တိုင်းကို လည်းကောင်း၊ ပေါက်ဖွားစေရန် ပြင်ဆင်၏။ ဘုရားသခင်တို့သည် ထိုရေများနာခံကြသည်ကို၊ ထို့အတူ မိမိတို့အစီအစဉ် ကောင်းမြတ်သည်ကို မြင်ကြ၏။
၂၂ ဘုရားသခင်တို့က၊ ငါတို့သည် ထိုအရာတို့ကို ကောင်းချီးပေးကြမည်၊ ဝပြောကြ၊ ပွားများကြ၍၊ ပင်လယ်ရေများ သို့မဟုတ် ကြီးစွာသောရေများကို ပြည့်စေမည်။ ငှက်တို့ကိုလည်း မြေကြီး၌ ပွားများကြစေမည်ဟု မိန့်တော်မူကြ၏။
၂၃ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ညဦးမှ နံနက်အထိသည် ညဟု သူတို့ခေါ်သည့်အရာ ဖြစ်၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ နံနက်မှ ညဦးအထိသည် နေ့ဟု သူတို့ခေါ်သည့်အရာ ဖြစ်၏။ ထိုအရာသည် ပဉ္စမအချိန် ဖြစ်၏။
၂၄ ဘုရားသခင်တို့သည် သူ့အမျိုးအတိုင်းရှိသည့် သက်ရှိသတ္တဝါ၊ ကျွဲနွားတိရစ္ဆာန်တို့ကို လည်းကောင်း၊ သူတို့အမျိုးအတိုင်းရှိသည့် တွားသွားတတ်သော အကောင်များကိုလည်းကောင်း၊ မြေကြီး၏ သားရဲတို့ကိုလည်းကောင်း မွေးဖွားစေရန် ပြင်ဆင်ကြ၏။ သူတို့ မိန့်တော်မူကြလေသည့် အတိုင်းပင် ဖြစ်လေ၏။
၂၅ ဘုရားသခင်တို့သည် သားရဲတို့ကို သူတို့အမျိုးအတိုင်း၊ ထို့အတူ ကျွဲနွားတိရစ္ဆာန်တို့ကို သူတို့ အမျိုးအတိုင်း၊ ထို့အတူ မြေကြီးပေါ်၌ တွားသွားတတ်သည့် အကောင်မှန်သမျှကို သူတို့အမျိုးအတိုင်း မွေးဖွားစေရန် မြေကြီးကို ဖွဲ့စည်းကြ၏။ ၎င်းတို့နာခံကြမည်ကိုလည်း ဘုရားသခင်တို့ မြင်ကြ၏။
၂၆ ဘုရားသခင်တို့သည် သူတို့အချင်းချင်း ဆွေးနွေး၍၊ ငါတို့ ဆင်းသွားကြပြီး၊ လူသားကို ငါတို့ ပုံသဏ္ဌာန်နှင့်အညီ၊ ငါတို့ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းကြကုန်အံ့။ သူတို့အား ပင်လယ်ငါးတို့အပေါ်၊ ထို့အတူ မိုးကောင်းကင်ငှက်တို့အပေါ်၊ ထို့အတူ ကျွဲနွားတိရစ္ဆာန်တို့အပေါ်၊ ထို့အတူ မြေကြီးတစ်ခုလုံးအပေါ်၊ ထို့အတူ မြေကြီးပေါ်၌ တွားသွားတတ်သည့် တွားသွားသတ္တဝါတိုင်းအပေါ် အစိုးရခြင်းကို ပေးမည်ဟု မိန့်တော်မူကြ၏။
၂၇ ထိုကဲ့သို့အားဖြင့် ဘုရားသခင်တို့သည် လူသားကို သူတို့ပုံသဏ္ဌာန်နှင့်အညီ ဖွဲ့စည်းရန်၊ ဘုရားသခင်တို့၏ ပုံသဏ္ဌာန်နှင့်အညီ၊ သူတို့ဖန်ဆင်းရန်၊ ယောက်ျား၊ မိန်းမတို့ကို သူတို့ဖန်ဆင်းရန် ဆင်းသွားတော်မူကြ၏။
၂၈ ဘုရားသခင်တို့က ငါတို့သည် သူတို့ကို ကောင်းချီးပေးတော်မူမည်ဟု မိန့်တော်မူကြ၏။ ဘုရားသခင်တို့က ငါတို့သည် သူတို့အား ဝပြောစေ၊ ထို့အတူ ပွားများစေ၊ ထို့အတူ မြေကြီးကို ပြည့်စေ၊ ထို့အတူ နိုင်စေ၊ ထို့အတူ ပင်လယ် ငါးတို့အပေါ်၊ ထို့အတူ မိုးကောင်းကင်ငှက်တို့အပေါ်၊ ထို့အတူ မြေကြီးပေါ်၌ လှုပ်ရှားသည့် အသက်ရှင်သောအရာတိုင်းအပေါ် အစိုးရစေမည်ဟု မိန့်တော်မူကြ၏။
၂၉ ဘုရားသခင်တို့ မိန့်တော်မူကြသည်ကား၊ ရှုလော့၊ ငါတို့သည် သူတို့အား မြေကြီးမျက်နှာပြင် တစ်ခုလုံးပေါ်၌ အစေ့ကို ဖြစ်စေသည့် စပါးပင်တိုင်းကို လည်းကောင်း၊ အသီးရှိမည့် သစ်ပင်တိုင်းကို လည်းကောင်း ပေးကြမည်။ ထိုမှတစ်ပါး၊ အစေ့ကို ဖြစ်စေသည့် အသီးရှိသည့် သစ်ပင်ကို သူတို့အား ငါတို့ပေးကြမည်။ ထိုအရာမှာ သူတို့အတွက် စားစရာဖြစ်လိမ့်မည်။
၃၀ မြေကြီးပေါ်ရှိ သားရဲတိုင်းအဖို့၊ ထို့အတူ မိုးကောင်းကင်ငှက်တိုင်းအဖို့၊ ထို့အတူ မြေကြီးပေါ်၌ တွားသွားတတ်သည့် အကောင်တိုင်းအဖို့၊ ရှုလော့၊ ငါတို့သည် သူတို့အား ရှင်ရာအသက်ကို ပေးကြမည်၊ ထို့အတူ ငါတို့သည် သူတို့အား စားစရာအဖြစ် စိမ်းသောစပါးပင်တိုင်းကို ပေးကြမည်၊ ခပ်သိမ်းသော ဤအရာတို့ကိုလည်း ထိုကဲ့သို့အားဖြင့် ဖွဲ့စည်းလိမ့်မည်။
၃၁ ဘုရားသခင်တို့က ငါတို့သည် မိန့်တော်မူကြလေသည့် အရာတိုင်းကို လုပ်ဆောင်၍ ဖွဲ့စည်းကြမည်။ ရှုဦးလော့၊ သူတို့သည် အလွန်နာခံကြလိမ့်မည်ဟု မိန့်တော်မူကြ၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ညဦးမှ နံနက်အထိဖြစ်လေပြီး ညဟု သူတို့ခေါ်ကြ၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ နံနက်မှ ညဦးအထိဖြစ်လေပြီး နေ့ဟု သူတို့ခေါ်သည့်အရာဖြစ်၏။ သူတို့သည်လည်း ဆဋ္ဌမအချိန်ဟု ရေတွက်၏။