ကျမ်းစာများ
အာဗြဟံ ၁


အာဗြဟံကျမ်း

ဂျိုးဇက်​စမစ် ရှေး​စက္ကူများမှ ဘာသာပြန်​ထားသော​ကျမ်း

ဤကျမ်း​သည်ကား၊ အဲဂုတ္တု​လှိုင်ဂူများဆီမှ ကျွန်ုပ်တို့​လက်များ​ထဲသို့ ကျရောက်​လာသည့် ရှေးမှတ်တမ်းများကို ဘာသာပြန်ခြင်း ဖြစ်၏။ အာဗြဟံ အဲဂုတ္တုပြည်၌​ရှိစဉ် ရှေးစက္ကူများ​ပေါ်၌ အာဗြဟံ​ကိုယ်တိုင်၏ လက်ဖြင့်​ရေးထားသည့်၊ အာဗြဟံ​ကျမ်းဟု​ခေါ်သည့်၊ အာဗြဟံ၏ စာများလည်း​ဖြစ်၏။

အခန်းကြီး ၁

အာဗြဟံသည် မျိုးနွယ်စုအဘ​အစီ​အစဉ်၏ ကောင်းချီးမင်္ဂလာများကို ရှာ၏—သူသည် ခါလဒဲပြည်၌ ယဇ်ပုရောဟိတ် အတု​အယောင်တို့​အားဖြင့် ညှဉ်းဆဲ​ခံရ၏—ယေဟောဝါက သူ့ကို ကယ်တင်ခဲ့၏—အဲဂုတ္တု၏ မူရင်း​ဇစ်မြစ်နှင့် အစိုးရကို ရှင်းပြထား၏။

ခါလဒဲလူတို့၏ ပြည်ထဲ၌၊ ငါ၏​ဘိုးဘေးတို့​နေထိုင်ရာ၌၊ ငါ၊ အာဗြဟံသည်၊ ငါ့အဖို့ တခြား​နေထိုင်ရာ နေရာ​တစ်နေရာ ရရှိရန်​လိုအပ်ကြောင်း သိမြင်၏။

ထို့အတူ၊ ငါ့အတွက် သာ၍​ကြီးစွာသော ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အနားရခြင်းတို့ကို တွေ့မြင်​ရလျက်၊ ငါသည် ဘိုးဘေးတို့၏ ကောင်းချီးမင်္ဂလာများကို​လည်းကောင်း၊ ထိုအရာတို့ကို စီမံ​ဆောင်ရွက်ရန် ငါ​ခန့်ထား​ခံရမည့်​အခွင့်​အရေးကို လည်းကောင်း ရှာ၏။ ငါကိုယ်တိုင်သည် ဖြောင့်မတ်ခြင်းကို လိုက်လျှောက်သူ​တစ်ဦးလည်း​ဖြစ်လျက်၊ ကြီးစွာသော အသိပညာကို ပိုင်ဆိုင်သော သူတစ်ဦး ဖြစ်ရန်၊ ထို့အတူ ဖြောင့်မတ်ခြင်းကို လိုက်လျှောက်သည့် သာ၍ ကြီးစွာသောသူ တစ်ဦး ဖြစ်ရန်၊ ထို့အတူ သာ၍​ကြီးစွာသော အသိပညာကို ပိုင်ဆိုင်ရန်၊ ထို့အတူ များစွာသော ပြည်သားတို့၏ အဘတစ်ဦး၊ ငြိမ်းချမ်းခြင်း၏ အရှင်တစ်ဦးဖြစ်ရန် အလိုရှိလျက်၊ ထို့အတူ သွန်သင်ခြင်းတို့ကို ရရှိရန်နှင့် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းရန် အလိုရှိလျက်၊ ငါသည် ဘိုးဘေးတို့​ပိုင်ဆိုင်သည့် အခွင့်​အရေးကို ကိုင်ဆောင်လျက်၊ အမွေခံ​အခွင့်​အရေး​ရှိသောသူ​တစ်ဦး၊ ယဇ်ပုရောဟိတ်မင်း​တစ်ဦး ဖြစ်လာ​ခဲ့၏။

ထို​အခွင့်​အရေးမှာ ဘိုးဘေးတို့​ဆီမှ ငါ့ထံ​အပ်နှင်း​ထား၏။ ဘိုးဘေးတို့​ဆီမှ၊ ရှေးဦးစွာ အချိန်​ကတည်းက၊ ထိုမှတစ်ပါး၊ ရှေးဦးစွာ ကတည်း​ကပင်၊ သို့မဟုတ် မြေကြီး​အုတ်မြစ်​မတိုင်မီမှ၊ မျက်မှောက်​ကာလ​အထိ တိုင်အောင်၊ သားဦး သို့မဟုတ် အာဒံဖြစ်သည့် ပထမဦးဆုံး​လူသား၊ သို့မဟုတ် ပထမဦးဆုံး​အဘ၏ အခွင့်​အရေးပင်​ဖြစ်သည့် ထိုအခွင့်​အရေးသည် ဘိုးဘေးတို့မှ​တစ်ဆင့် ငါ့ထံသို့ ကျလာ​ခဲ့၏။

ငါသည် အမျိုး​အနွယ်နှင့် စပ်လျဉ်း၍ ဘိုးဘေးတို့ထံ ဘုရားသခင်၏ ခန့်အပ်ခြင်း​အတိုင်း ယဇ်ပုရောဟိတ်​အခွင့်သို့ ငါ၏​ခန့်အပ်ခြင်းကို ရှာ၏။

ငါ၏​ဘိုးဘေးတို့သည် ဖြောင့်မတ်ခြင်းမှ​နေ၍၊ ထို့အတူ သူတို့၏ ဘုရားသခင် ကိုယ်တော်ရှင် ပေးတော်မူ​လေသည့် သန့်ရှင်းသော​ပညတ်တော်များမှ နေ၍၊ သာသနာပလူတို့၏ ဘုရားများကို ကိုးကွယ်ခြင်းသို့​လှည့်ကြပြီး၊ ငါ၏​အသံကို စေ့စေ့နားထောင်ရန် ရှင်းရှင်း​ငြင်းပယ်ကြ၏။

အကြောင်း​မူကား၊ သူတို့၏ စိတ်နှလုံးကို မကောင်းမှုပြုရန် ထား၍၊ ဧလကာန၏ ဘုရားဆီသို့၊ ထို့အတူ လိဗန၏ ဘုရားဆီသို့၊ ထို့အတူ မာမက်ခရ၏ ဘုရားဆီသို့၊ ထို့အတူ ခေါ်ရတ်၏ ဘုရားဆီသို့၊ ထို့အတူ အဲဂုတ္တုဘုရင်၊ ဖာရော၏​ဘုရားဆီသို့ လုံးလုံး​လှည့်ကြ၏။

ထို့ကြောင့်၊ သူတို့သည် မိမိတို့စိတ်နှလုံးကို သာသနာပလူတို့သားသမီးများအား ဤ​စကား​မပြော​နိုင်သည့် ရုပ်တုတို့ကို ပူဇော်သည့်​ယဇ်ဆီသို့ လှည့်၍၊ ငါ၏​အသံကို စေ့စေ့နားထောင်ခြင်း​မရှိကြ၊ ဧလကာန၏ ယဇ်ပုရောဟိတ်၏ လက်အားဖြင့် ငါ့အသက်ကို နုတ်ယူရန်သာ ကြိုးစား​အားထုတ်​ကြ၏။ ဧလကာန၏ ယဇ်ပုရောဟိတ်သည် ဖာရော၏ ယဇ်ပုရောဟိတ်လည်း​ဖြစ်၏။

ယခုတွင်၊ ဤ​အချိန်မှာ ခါလဒဲပြည်၌ တည်ဆောက်ထား​လေသည့် ယဇ်ပလ္လင်၌ ပူဇော်ရန်၊ ဤ​ထူးဆန်းသော ဘုရားတို့အား ယောက်ျား၊ မိန်းမနှင့် ကလေးများကို ပူဇော်ခြင်း​အတွက်၊ အဲဂုတ္တုဘုရင်၊ ဖာရော၏​ယဇ်ပုရောဟိတ်၏ ထုံးစံ​ဖြစ်လေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယဇ်ပုရောဟိတ်သည် ဖာရော၏ ဘုရားအား၊ ထို့အတူ ရှာဂရေလ၏ ဘုရားအား၊ အဲဂုတ္တုလူတို့၏ နည်းအတိုင်းပင် ပူဇော်သက္ကာ​ပြု၏။ ယခုတွင်၊ ရှာဂရေလ၏ ဘုရားမှာ နေဖြစ်၏။

၁၀ အကယ်​စင်စစ်၊ ကျေးဇူးတော်​ဝန်ခံရာ​ပူဇော်သက္ကာ​အဖြစ် ကလေး​တစ်ယောက်ကို ဖာရော၏ ယဇ်ပုရောဟိတ်က၊ အိုလီရှမ်​လွင်ပြင်​ထိပ်ရှိ၊ ပေါတိဖာ၏တောင်ကုန်းဟု ခေါ်သည့် တောင်ကုန်း​ပေါ်၌ တည်ရှိသည့် ယဇ်ပလ္လင်​ပေါ်၌ ပူဇော်၏။

၁၁ ယခုတွင်၊ ဤ​ယဇ်ပုရောဟိတ်သည် ဤ​ယဇ်ပလ္လင်ပေါ်၌ တစ်ကြိမ်တွင် အပျို​ကညာ သုံးဦးကို ပူဇော်၏၊ ထိုသူတို့သည်ကား ဟာမ၏ ရင်သွေးတို့​အထဲမှ တော်ဝင်​မျိုးရိုး အရင်း​အချာ တစ်ဦး​ဖြစ်သူ၊ ဩနိတ၏ သမီးများ​ဖြစ်လေ၏။ ဤ​အပျိုကညာတို့သည် သူတို့၏ ကိုယ်ကျင့်​သီလကြောင့် ပူဇော်ခံရ​ကြ၏။ သူတို့သည် သစ်သား၊ သို့မဟုတ် ကျောက်ဘုရားတို့ကို ကိုးကွယ်ရန် ဦးမညွှတ်​လိုကြ၊ ထို့ကြောင့် ဤ​ယဇ်ပလ္လင်​ပေါ်၌ အသတ်​ခံကြရ၏၊ ထိုအမှုကိုလည်း အဲဂုတ္တုလူတို့၏ နည်းအတိုင်း ပြုလေ၏။

၁၂ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ ယဇ်ပုရောဟိတ်တို့သည် ဤ​ယဇ်ပလ္လင်​ပေါ်၌ ထို​အပျို​ကညာတို့ကို ပြုခဲ့ကြသည့်​အတိုင်း၊ ငါ့ကိုလည်း ကွပ်မျက်​နိုင်ခြင်းငှာ၊ အဓမ္မ ဖမ်းဆီး​ကြ၏။ ဤ​ယဇ်ပလ္လင်အကြောင်းကို သင်တို့​သိနိုင်ကြ​စေခြင်းငှာလည်း၊ ငါသည် ဤမှတ်တမ်း၏ အစ၌​ရှိသည့် အမှတ်​လက္ခဏာကို သင်တို့အား ရည်ညွှန်းမည်။

၁၃ ခါလဒဲလူတို့၌ ရှိခဲ့​လေသည့်၊ ခုတင်​ပုံစံမျိုးဖြင့် ပြုလုပ်ထား၏၊ ဧလကာန၊ လိဗန၊ မာမက်ခရ၊ ခေါ်ရတ်တို့၏​ဘုရားများ၊ ထို့အတူ အဲဂုတ္တုဘုရင်၊ ဖာရော၏​ဘုရားကဲ့သို့သော ဘုရား၏ရှေ့၌ ရှိ၏။

၁၄ ဤဘုရားတို့​အကြောင်းကို သင်တို့​နားလည်ခြင်း ရှိနိုင်​စေခြင်းငှာ၊ ငါသည် အစ၌ အရုပ်များထဲတွင် ၎င်းတို့၏​ပုံကိုကို ဖော်ပြခဲ့​လေပြီ၊ ထိုကဲ့သို့သော​အရုပ်များကို ခါလဒဲလူ ရာလေနုတ်များဟု ခေါ်၏၊ အရုပ်စာများကို ပုံဆောင်၏။

၁၅ သူတို့သည် ငါ့ကို ပူဇော်၍ ငါ၏အသက်ကို နုတ်ယူနိုင်ခြင်းငှာ ငါ့အပေါ် သူတို့လက်ကို ချီကြ​စဉ်တွင်၊ ရှုလော့၊ ငါသည် ငါ၏ ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ ကြွေးကြော်လျှင်၊ ကိုယ်တော်ရှင်သည် စေ့စေ့နားထောင်၍ ကြားတော်မူ၏၊ ငါ့ကို အနန္တတန်ခိုးရှင်၏ ရူပါရုံနှင့်လည်း ပြည့်စေ၏၊ သူ့မျက်မှောက်မှ ကောင်းကင်တမန်သည်လည်း ငါ့ဘေးမှာရပ်၍၊ ငါ၏ကြိုးများကို ချက်ချင်း ဖြေလွှတ်၏။

၁၆ သူ၏​အသံကလည်း ငါ့ကို မိန့်တော်မူ​လေသည်ကား၊ အာဗြဟံ၊ အာဗြဟံ၊ ရှုလော့၊ ငါ၏ နာမတော်မှာ ယေဟောဝါ​ဖြစ်၏၊ ငါသည် သင့်ကိုကြား၍၊ ကယ်လွှတ်ရန်၊ သင့်အဘ၏ အိမ်မှ၊ ထို့အတူ သင်၏ ခပ်သိမ်းသော ဆွေမျိုးသားချင်းတို့​ထံမှ နုတ်ယူ၍၊ အကြောင်းကို သင်သိခြင်း​မရှိသည့် အကျွမ်းမဝင်သော ပြည်ထဲသို့ ပို့ဆောင်ရန် ဆင်းလာတော်​မူလေပြီ။

၁၇ ဤ​အမှုမှာလည်း သူတို့သည် ဧလကာန၏ဘုရား၊ ထို့အတူ လိဗန၏​ဘုရား၊ ထို့အတူ မာမက်ခရ၏ ဘုရား၊ ထို့အတူ ခေါ်ရတ်၏ ဘုရား၊ ထို့အတူ အဲဂုတ္တုဘုရင်၊ ဖာရော၏ ဘုရားကို ကိုးကွယ်ရန် စိတ်နှလုံးကို ငါ့ထံမှ​ဝေးရာသို့ လှည့်ကြ​လေသောကြောင့်ပေတည်း။ ထို့ကြောင့်၊ ငါသည် သူတို့ကို ဆုံးမရန်၊ ထို့အတူ သင်၏အသက်ကို နုတ်ယူခြင်းငှာ သင်၊ အာဗြဟံ၊ ငါ့သား၏ တစ်ဖက်၌ လက်ကိုချီလေသူအား ဖျက်ဆီးရန် ဆင်းလာတော်မူလေပြီ။

၁၈ ရှုလော့၊ ငါသည် သင့်ကို ငါ့လက်ဖြင့် ပို့ဆောင်​တော်မူမည်၊ ထို့အတူ သင့်အပေါ်၌ ငါ၏ နာမတော်၊ ခမည်းတော်၏ ယဇ်ပုရောဟိတ်​အခွင့်​ကိုပင် ထားရန် ငါသည် သင့်ကို ဆောင်ယူ​တော်မူမည်၊ ငါ၏ တန်ခိုးတော်​သည်လည်း သင့်အပေါ်မှာ ရှိလိမ့်မည်။

၁၉ နောဧနှင့် အတူ​ရှိလေ​သကဲ့သို့ပင် သင်နှင့်လည်း အတူ​ရှိလိမ့်မည်။ သို့ရာတွင်၊ သင်၏ အမှုတော်ဆောင်ခြင်းအားဖြင့်၊ ငါ၏ နာမတော်သည် မြေကြီး၌ ကာလ​အစဉ်​အဆက် ထင်ရှား​လိမ့်မည်၊ အကြောင်း​မူကား၊ ငါသည် သင်၏ ဘုရားသခင်ဖြစ်၏။

၂၀ ရှုလော့၊ ပေါတိဖာ၏​တောင်ကုန်းသည် ခါလဒဲပြည်၊ ဥရမြို့၌ ရှိလေ၏။ ကိုယ်တော်ရှင်သည် ထိုပြည်ရှိ​ဘုရားတို့၏ ဧလကာန​ယဇ်ပလ္လင်ကို ဖြိုချ၏၊ ထိုဘုရားတို့ကိုလည်း ရှင်းရှင်း​ဖျက်ဆီး၏၊ ယဇ်ပုရောဟိတ်ကိုလည်း ပြင်းစွာ​ရိုက်၍ သေ၏။ ခါလဒဲပြည်၌၊ ထို့အတူ ဖာရော၏​အခန်း၌လည်း ကြီးစွာသော ငိုကြွေး​မြည်တမ်းခြင်း​ရှိလေ၏။ ထိုဖာရောသည်ကား တော်ဝင်​အသွေး​အားဖြင့် ရှင်ဘုရင်ကို ပုံဆောင်၏။

၂၁ ယခုတွင် ဤ​အဲဂုတ္တု​ဘုရင်သည် ဟာမ၏​ရင်သွေးမှ အမျိုး​အနွယ်​တစ်ဦး​ဖြစ်၏၊ ခါနာန်​အမျိုးသားဇာတိသွေးကို ခံယူသူ​တစ်ဦးလည်း​ဖြစ်၏။

၂၂ ဤ​မျိုးရိုးမှ​နေ၍၊ ခပ်သိမ်းသော အဲဂုတ္တုလူတို့ ပေါက်ဖွား​လာကြ၏၊ ထိုကဲ့သို့​အားဖြင့် ခါနာန်​အမျိုးသားတို့၏အသွေးကို ထိုပြည်​ထဲ၌ ထိန်းသိမ်း​စောင့်ရှောက်​ထားခဲ့၏။

၂၃ အဲဂုတ္တုပြည်ကို မိန်းမ​တစ်ဦးကရှာဖွေ​တွေ့ရှိခဲ့ပြီး၊ ထိုမိန်းမမှာ ဟာမ၏​သမီး၊ ခါလဒဲ၌ အဲဂုတ္တုကို ပုံဆောင်သည့်၊ တားမြစ်​ထားသော​အရာကို ပုံဆောင်သည့် အဲဂုတ္တပ်၏​သမီးလည်း​ဖြစ်၏။

၂၄ ဤမိန်းမက ထိုပြည်ကို​တွေ့သော​အချိန်တွင်၊ ထိုပြည်သည် ရေအောက်မှာ​ရှိလေ၏၊ ထို့နောက်တွင် သူမ၏​သားတို့ကို ထိုပြည်​ထဲ၌ နေရာချ​ခဲ့၏။ ထိုကဲ့သို့​အားဖြင့်၊ ဟာမမှ​နေ၍၊ ထိုပြည်ထဲ၌ ကျိန်ခြင်းကို ထိန်းသိမ်းသည့် မျိုးနွယ်ကို ပေါက်ဖွား​ခဲ့၏။

၂၅ ယခုတွင် အဲဂုတ္တု၏​ပထမဦးဆုံး​အစိုးရကို ဖာရော၊ ဟာမသမီး အဲဂုတ္တပ်၏​အကြီးဆုံး​သားက တည်ထောင်​ခဲ့၏၊ မျိုးနွယ်စု​အဘနှင့် ဆိုင်လေသည့် ဟာမ၏ အစိုးရ​အတိုင်း​ဖြစ်လေ၏။

၂၆ ဖာရောသည်၊ ဖြောင့်မတ်သော​သူတစ်ဦး​ဖြစ်၍၊ သူ့နိုင်ငံကို တည်ထောင်ပြီးလျှင်၊ သူ့လက်ထက် တစ်လျှောက်​လုံး၌ သူ၏​လူမျိုးတို့ကို ဉာဏ်ပညာ​ရှိစွာနှင့် မျှတစွာ​တရား​စီရင်၍၊ ပထမ​ဦးဆုံး မျိုးဆက်၌၊ မျိုးနွယ်စုအဘနှင့်ဆိုင်သော ပထမဦးဆုံး အုပ်စိုးခြင်း၌၊ အာဒံ၏၊ ထို့အတူ မြေကြီးနှင့် ဆိုင်သော ကောင်းချီး​မင်္ဂလာတို့နှင့် လည်းကောင်း၊ ဉာဏ်ပညာနှင့်​ဆိုင်သော ကောင်းချီးမင်္ဂလာတို့နှင့် လည်းကောင်း သူ့ကိုကောင်းချီး​ပေးခဲ့သူ၊ သို့ရာတွင် ယဇ်ပုရောဟိတ်​အခွင့်နှင့်စပ်ဆိုင်၍ သူ့ကို ကျိန်ခဲ့သူ အဘ​နောဧ၏ လက်ထက်၌ပင်၊ ဘိုးဘေးတို့​အားဖြင့် တည်ထောင်​ခဲ့သည့် ထိုစနစ်ကို အတုယူရန် အလေး​အနက် ကြိုးစား​အားထုတ်​ခဲ့၏။

၂၇ ယခုတွင်၊ ဖာရောတို့သည် ယဇ်ပုရောဟိတ်​အခွင့်၏အခွင့်​အရေးကို ဟာမ​အားဖြင့်၊ နောဧ​ထံမှ တောင်းဆိုချင်​မတတ်ရှိသော်ငြားလည်း၊ ဖာရောမှာ ထို​အခွင့်​အရေးကို မရရှိ​နိုင်ရာ မျိုးရိုးမှဖြစ်၍၊ ထို့ကြောင့် ငါ၏​အဘသည် သူတို့၏ ရုပ်တုကိုးကွယ်ခြင်းဖြင့် လှည့်ဖြားခေါ်ဆောင်သွားခံခဲ့​ရ၏။

၂၈ သို့ရာတွင်၊ ငါကိုယ်တိုင်မှ​စ၍ ဖန်ဆင်းခြင်း၏​အစ​အထိ ဖြစ်ပျက်ချိန် မှတ်တမ်းကို နောက်သို့​ပြန်၍​ရေးဆွဲ​ပြရန်၊ နောင်​ကာလ၌၊ ငါ​ကြိုးစား​အားထုတ်မည်၊ အကြောင်း​မူကား၊ ယခု မျက်မှောက် ကာလ​အထိ ငါ​ကိုင်ဆောင်​ထားသည့် မှတ်တမ်းများသည် ငါ၏​လက်များ​ထဲသို့ ရောက်လာ​လေပြီ။

၂၉ ယခုတွင်၊ ဧလကာန၏ ယဇ်ပုရောဟိတ် ပြင်းစွာ​အရိုက်​ခံရ၍ သေပြီးနောက်၊ ခါလဒဲပြည်၌ ငတ်မွတ်​ခေါင်းပါးခြင်းဘေး ရှိလိမ့်မည့်အကြောင်း၊ ထိုပြည်နှင့် စပ်လျဉ်း၍ ငါ့ကို မိန့်တော်မူ​ခဲ့သည့် အရာများ၏ပြီးပြည့်စုံစေခြင်း ရောက်လာ၏။

၃၀ ထို​အတိုင်းပင် ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးသည် ခါလဒဲပြည်​တစ်လျှောက် ပျံ့နှံ့၏၊ ငါ၏ အဘသည်လည်း ငတ်မွတ်​ခေါင်းပါးခြင်း ဘေးကြောင့်၊ ပြင်းစွာ စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်လေ၏၊ ငါ၏ အသက်ကို နုတ်ယူရန် ငါ့တစ်ဖက်၌ သူ​သန္နိဋ္ဌာန်​ချခဲ့​လေသည့် မကောင်းမှုမှလည်း နောင်တရ လေ၏။

၃၁ သို့ရာတွင် ယဇ်ပုရောဟိတ်​အခွင့်၏ အခွင့်​အရေးနှင့် စပ်လျဉ်းသည့် ဘိုးဘေးတို့၊ အကယ်စင်စစ် မျိုးနွယ်စု​အဘတို့၏ မှတ်တမ်းများကို ငါ၏ ဘုရားသခင်​ကိုယ်တော်ရှင်သည် ငါကိုယ်တိုင်၏ လက်များ​ထဲ၌ ကာကွယ် စောင့်မ​ထား၏။ ထို့ကြောင့်၊ ဖန်ဆင်းခြင်း၏ အစ​အကြောင်း ထို့အတူ ဂြိုဟ်များ​အကြောင်း၊ ထို့အတူ ကြယ်များ​အကြောင်း သိခြင်းတို့ကို၊ ဘိုးဘေးတို့အား ဖော်ပြ လေသည့်အတိုင်း၊ ငါသည် ဤနေ့​အထိပင် သိမ်းဆည်း​ထား၏၊ ဤအရာတို့​အထဲမှ အချို့ကို ဤ​မှတ်တမ်း၌ ရေးရန်လည်း ကြိုးစား​အားထုတ်မည်၊ ငါ့နောက်မှ​လာမည့် ငါ၏ သားစဉ်မြေးဆက်တို့၏ အကျိုးအတွက်​ပေတည်း။