ကျမ်းစာများ
အာဗြဟံ ၃


အခန်းကြီး ၃

အာဗြဟံသည် နေ၊ လနှင့် ကြယ်တို့​အကြောင်းကို ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် သင်ယူ၏—ကိုယ်တော်ရှင်သည် သူ့အား စိတ်ဝိညာဉ်တို့၏ ထာဝရသဘောကို ဖော်ပြ၏—သူသည် ကမ္ဘာမြေကြီး မတိုင်မီဘဝ၊ ကြိုတင်​ခန့်ထားတော်မူခြင်း၊ ဖန်ဆင်းခြင်း၊ ရွေးနုတ်ရှင်ကို ရွေးချယ်ခြင်းနှင့် လူသား၏ ဒုတိယ​အရိပ်အရာတို့အကြောင်းကို သင်ယူ၏။

ငါ၊ အာဗြဟံ၌၊ ခါလဒဲ​အမျိုးသားတို့၏ ဥရမြို့တွင် ငါ၏ ဘုရားသခင်​ကိုယ်တော်ရှင် ပေးထား​တော်မူခဲ့လေသည့် ဥရိမ်နှင့် သုမိမ်​ရှိ၏။

ငါသည် ကြယ်တို့ကို မြင်၏၊ ၎င်းတို့မှာ အလွန်​များ၏၊ ၎င်းတို့​အထဲမှ တစ်လုံးမှာ ဘုရားသခင်၏ ပလ္လင်​အနီး၌ ရှိ၏။ ထိုကြယ်​အနီး၌ ကြီးစွာသော​ကြယ်များစွာလည်း ရှိလေ၏။

ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ဤ​အရာတို့သည် ထိန်းချုပ်သော ကြယ်များ ဖြစ်ကြ၏။ ကြီးသော​ကြယ်သည်ကား ငါနှင့်နီးသောကြောင့်၊ အမည်မှာ ကော်လောဘ ဖြစ်၏၊ အကြောင်း​မူကား၊ ငါသည် သင်၏ ဘုရားသခင်​ကိုယ်တော်ရှင်​ဖြစ်၏။ ငါသည် ဤကြယ်ကို သင်ရပ်သည့် နေရာ​နည်းတူရှိသည့် ခပ်သိမ်းသော​အရာတို့ကို ထိန်းချုပ်​စေရန် ထားတော်မူ​လေပြီ။

ကိုယ်တော်ရှင်သည် ဥရိမ်နှင့် သုမိမ်တို့​အားဖြင့်၊ ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ကော်လောဘသည် ကိုယ်တော်ရှင်၏ နည်းအတိုင်း၊ ၎င်း၏ လည်ပတ်ခြင်း အချိန်နှင့်​ရာသီတို့​အတိုင်း​ရှိလေ၏။ လည်ပတ်ခြင်းတစ်ခုမှာ ကိုယ်တော်ရှင်အဖို့ သူ၏​ရေတွက်ခြင်း​နည်းအတိုင်း တစ်နေ့ ဖြစ်၏၊ ထိုလည်ပတ်ခြင်းမှာ သင်ရပ်သည့်​နေရာအဖို့ စီရင်​ထားသည့်​အချိန်​အတိုင်း​ဆိုလျှင်၊ နှစ်တစ်ထောင် ဖြစ်၏။ ဤ​အရာမှာ ကော်လောဘ၏ ရေတွက်ခြင်း​အတိုင်း ကိုယ်တော်ရှင်၏ အချိန်ရေတွက်ခြင်း​ပေတည်း။

ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေသည်ကား၊ အလင်းအိမ် အငယ်၊ နေ့ကို အုပ်စိုးသည့် အလင်းအိမ်ထက် ငယ်သည့်၊ ညဉ့်ကို အုပ်စိုးသည့် ဂြိုဟ်သည် ရေတွက်ခြင်း​အတွက် သင်ရပ်သည့် နေရာ​အထက်၌ ရှိ၏ သို့မဟုတ် သာ၍​ကြီး၏၊ အကြောင်း​မူကား ပို၍ နှေးကွေးစွာ​ရွေ့၏။ သင်ရပ်သည့် နေရာ၏ အထက်၌ ရှိသောကြောင့်၊ ဤ​အရာမှာ အစီအစဉ်​တကျ​ရှိ၏၊ ထို့ကြောင့် အချိန်​ရေတွက်ခြင်း၌ ထိုအရာ၏ နေ့၊ လ၊ နှစ်တို့မှာ အလွန်​မများလှ။

ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ယခုတွင်၊ အာဗြဟံ၊ ဤ​အချက်အလက်နှစ်ခု ရှိ၏၊ ရှုလော့၊ သင်၏ မျက်စိများ​မြင်၏။ ရေတွက်ရာ အချိန်များကို အထူးသဖြင့်၊ သင်ရပ်သည့် မြေကြီးအတွက် သတ်မှတ်​ထားသော အချိန်ကို၊ ထို့အတူ နေ့ကို အုပ်စိုး​စေရန် ထားသည့် အလင်းအိမ် အကြီးအတွက် သတ်မှတ်​ထားသော အချိန်ကို၊ ထို့အတူ ညဉ့်ကို အုပ်စိုး​စေရန် ထားသည့် အလင်းအိမ် အငယ်အတွက် သတ်မှတ်​ထားသော အချိန်ကို သိရန် သင့်အားပေးထား၏။

ယခုတွင် အလင်းအိမ် အငယ်​အတွက် ရေတွက်ခြင်းနှင့်​စပ်လျဉ်း၍ သတ်မှတ်​ထားသော အချိန်မှာ သင်ရပ်သည့် မြေကြီးအတွက် ရေတွက်ခြင်း အချိန်ထက် သာ၍ကြာ၏။

ဤ​အချက်​အလက်နှစ်ခု တည်ရှိရာ​နေရာ၌၊ ၎င်တို့​အထက်တွင် တခြား​အချက်​အလက် တစ်ခု ရှိလိမ့်မည်၊ ဆိုလိုသည်ကား၊ အချိန်​ရေတွက်ခြင်း၌ သာ၍ပင်​ကြာမည့် တခြားဂြိုဟ်​တစ်ခု ရှိလိမ့်မည်။

ထိုကဲ့သို့​အားဖြင့်၊ ကော်လောဘသို့ နီးလာသည်​အထိ၊ အချိန် ရေတွက်ခြင်း၌ ဂြိုဟ်တစ်လုံး အထက်၌ တစ်လုံး​ရှိလိမ့်မည်၊ ထိုကော်လောဘသည် ကိုယ်တော်ရှင်၏ အချိန်​ရေတွက်ခြင်း အတိုင်း ရှိ၏။ ထိုကော်လောဘကို ဘုရားသခင်၏​ပလ္လင်အနီး၌ ထား၏၊ သင်ရပ်သည့်​နေရာနှင့် အဆင့်တူရာ၌ရှိသည့် ထိုဂြိုဟ်​ခပ်သိမ်းတို့ကို အုပ်စိုးခြင်းငှာ​ပေတည်း။

၁၀ အလင်းကို ပေးရန်​ထားသည့် ခပ်သိမ်းသော ကြယ်တို့၏ သတ်မှတ်​ထားသော​အချိန်ကို သိရန် သင့်ကို ပေးထား​သည်ကား၊ ဘုရားသခင်၏ ပလ္လင်အနီးသို့ ရောက်လာသည်​အထိပင်​ဖြစ်၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ ငါ​အာဗြဟံသည် လူတစ်ဦးက တခြား​တစ်ဦးနှင့် ပြောသကဲ့သို့ပင်၊ ကိုယ်တော်ရှင်နှင့် မျက်နှာချင်းဆိုင် ပြောခဲ့၏။ သူ့လက်ဖြင့် ဖန်ဆင်း​ထားလေသည့် အရာများအကြောင်းကိုလည်း ငါ့ကို သူပြောပြ​တော်မူခဲ့၏။

၁၂ ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ငါ့သား၊ ငါ့သား (သူ့လက်ကို​ဆန့်၍) ရှုလော့၊ ငါသည် သင့်အား ခပ်သိမ်းသော​ဤအရာတို့ကို ပြတော်မူမည်။ သူ့လက်ကို ငါ့မျက်စိများ​ပေါ်မှာ​တင်သဖြင့်၊ ငါသည်လည်း သူ့လက်ဖြင့် ဖန်ဆင်း​ထားလေသည့်၊ များစွာ​ရှိလေသည့် ထိုအရာတို့ကို မြင်ရ၏။ ငါ့မျက်စိများ​ရှေ့၌ များစွာ​ပွားများ​သဖြင့်၊ ထိုအရာတို့၏​အဆုံးကို ငါ​မမြင်နိုင်ခဲ့။

၁၃ ဤ​အရာမှာ နေဖြစ်သည့် ရှိနေဟ ဖြစ်၏ဟု ငါ့ကို မိန့်တော်မူ၏။ ကြယ်ဖြစ်သည့် ကော်ကောဘ ဟု ငါ့ကို မိန့်တော်မူ၏။ လ ဖြစ်သည့် ဩလေဟု ငါ့ကို မိန့်တော်မူ၏။ ကြယ်တို့ကို ပုံဆောင်သည့် ကော်ကူဘေးမ၊ သို့မဟုတ်၊ မိုးမျက်နှာကြက်၌ ရှိလေသည့် ကြီးစွာသော အလင်းအိမ် ခပ်သိမ်းတို့ ဖြစ်သည်ဟု ငါ့ကို မိန့်တော်မူ၏။

၁၄ ကိုယ်တော်ရှင်က ငါ့အား ဤစကားတို့ကို မိန့်တော်မူ​လေသော အချိန်မှာ ညဉ့်အချိန်​ဖြစ်လေ၏၊ ငါသည် သင့်ကို ပွားများ​စေမည်၊ သင်၏​နောက်မှ သင့်​အမျိုး​အနွယ်တို့​ကိုလည်း ဤ​အရာများ​ကဲ့သို့ ဖြစ်စေမည်။ သင်သည် သဲလုံးတို့ကို ရေတွက်​နိုင်လျှင်၊ သင့်​အမျိုး​အနွယ်တို့၏​အရေ​အတွက်ကိုလည်း ထိုနည်းတူ ရေတွက်နိုင်​လိမ့်မည်။

၁၅ ကိုယ်တော်ရှင်က ငါ့ကို​မိန့်တော်မူ​လေသည်ကား၊ အာဗြဟံ၊ အဲဂုတ္တုပြည်​ထဲသို့ သင်မသွားမီ ဤ​အရာတို့ကို ငါပြ၏၊ ခပ်သိမ်းသော ဤစကားတို့ကို သင်​ဟောကြား​နိုင်စေ​ခြင်းငှာ​ပေတည်း။

၁၆ အရာ​နှစ်ခု​ရှိလျှင်၊ တစ်ခုသည် အခြား​တစ်ခု၏ အထက်၌ ရှိလိမ့်မည်၊ ၎င်းတို့​အထက်၌ သာ၍ ကြီးသော​အရာများ ရှိလိမ့်မည်။ ထို့ကြောင့် ကော်လောဘသည် ငါနှင့်​အနီးဆုံး ဖြစ်သောကြောင့်၊ သင်​မြင်လေသည့် ကော်ကူ​ဘေးမ​တစ်ခုလုံး၌ အကြီးဆုံး​ဖြစ်၏။

၁၇ ယခုတွင်၊ အရာ​နှစ်ခု​ရှိလျှင်၊ တစ်ခုသည် အခြား​တစ်ခု အထက်၌ ရှိ၏၊ လသည် မြေကြီး အထက်၌ ရှိ၏၊ ထိုသို့​ဆိုလျှင်၊ အထက်၌ ဂြိုဟ်​တစ်လုံး သို့မဟုတ် ကြယ်​တစ်လုံး တည်ရှိ​နိုင်၏။ သင်၏ ဘုရားသခင် ကိုယ်တော်ရှင်သည် လုပ်ဆောင်ရန် သူ၏​စိတ်နှလုံး၌ ကြံစည်လျှင်၊ မလုပ်ဆောင်မည့် အရာတစ်ခုမျှ​မရှိ။

၁၈ သို့သော်လည်း သူသည် သာ၍ ကြီးသော​ကြယ်ကို ဖန်ဆင်း​တော်မူခဲ့၏။ ထိုနည်း​တူစွာပင်၊ ဝိညာဉ်နှစ်ခု ရှိလျှင်လည်း၊ တစ်ခုသည် အခြား​တစ်ခုထက် ပို၍​ဉာဏ်စွမ်း ရှိလိမ့်မည်၊ သို့သော်လည်း ဤ​ဝိညာဉ် နှစ်ခုတို့သည် တစ်ခုမှာ အခြား​တစ်ခုထက် ပို၍​ဉာဏ်စွမ်း​ရှိသော်​ငြားလည်း အစ​မရှိ။ ၎င်းတို့သည် ယခင်က​တည်ရှိ၏၊ အဆုံး​မရှိရ၊ နောက်၌လည်း တည်ရှိ​လိမ့်မည်၊ အကြောင်း​မူကား၊ ၎င်းတို့သည် နိုလောင်၊ သို့မဟုတ် ထာဝရ​ဖြစ်၏။

၁၉ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ဤ​အချက်​အလက် နှစ်ခု​အမှန် တည်ရှိ၏၊ ဝိညာဉ်​နှစ်ခုရှိ၍၊ တစ်ခုသည် အခြား​တစ်ခုထက် ပို၍ ဉာဏ်စွမ်း​ရှိ၏။ ၎င်းတို့ထက်​ပို၍ ဉာဏ်စွမ်း​ရှိသည့် တခြား​တစ်ခု​ရှိလိမ့်မည်။ ငါသည် သင်၏ ဘုရားသခင်​ကိုယ်တော်ရှင်​ဖြစ်၏၊ ငါသည် ၎င်းတို့ အားလုံးထက် ပို၍ဉာဏ်စွမ်း​ရှိ၏။

၂၀ သင်၏ ဘုရားသခင်​ကိုယ်တော်ရှင်သည် သူ၏ ကောင်းကင်​တမန်အား သင့်ကို ဧလကာန၏ ယဇ်ပုရောဟိတ်၏ လက်မှ ကယ်လွှတ်ရန်​စေလွှတ်​ခဲ့၏။

၂၁ ငါသည် သူတို့အားလုံး၏​အလယ်၌ နေထိုင်၏။ ထို့ကြောင့်၊ ယခုတွင်၊ ငါသည် သင့်အား ငါ့လက်ဖြင့် ဖန်ဆင်းခဲ့​လေသည့်​အရာများကို ဟောကြားရန် သင့်ဆီကို ဆင်းလာ​တော်မူလေပြီ၊ ထို​ဖန်ဆင်းခြင်း၌ ငါ၏​ဉာဏ်ပညာသည် သူတို့အားလုံးထက် သာလွန်၏၊ အကြောင်း​မူကား၊ ငါသည် အထက်​ကောင်းကင်၌၊ ထို့အတူ အောက်အရပ်​မြေကြီး၌၊ ရှေးဦးစွာ​ကတည်းက သင်၏​မျက်စိများ မြင်လေသည့် ခပ်သိမ်းသော ဝိညာဉ်​သားသမီးတို့​အပေါ် ခပ်သိမ်းသော​ဉာဏ်ပညာနှင့် ပညာသတိ ရှိခြင်းတို့ဖြင့် အုပ်စိုး​တော်မူ၏။ ငါသည် ရှေးဦးစွာ၌ သင်မြင်လေသည့် ခပ်သိမ်းသော ဝိညာဉ်​သားသမီးတို့ အလယ်၌ ဆင်းလာတော်မူ​ခဲ့၏။

၂၂ ယခုတွင်၊ ကိုယ်တော်ရှင်သည်၊ ငါ၊ အာဗြဟံအား၊ ကမ္ဘာ​မတည်ရှိမီက ဖွဲ့စည်း​ထားလေသည့် ဝိညာဉ်​သားသမီးတို့ကို ပြ၏။ ဤ​ခပ်သိမ်းသော​သူတို့၌ ဆွေကြီး​မျိုးကြီးများနှင့် ကြီးမြတ်သောသူ များစွာရှိလေ၏။

၂၃ ဘုရားသခင်သည် ဤ​ဝိညာဉ်များ ကောင်းမြတ်ကြောင်း မြင်၏၊ သူတို့အလယ်၌ ရပ်၍၊ ဤသူတို့ကို ငါ၏​အုပ်စိုးသူများ ဖြစ်စေမည်ဟု မိန့်တော်မူ၏။ အကြောင်း​မူကား၊ သူသည် ဝိညာဉ်​ဖြစ်လေသော ထိုသူတို့​အလယ်၌ ရပ်၏၊ ထိုသူတို့​ကောင်းမြတ်ကြောင်းကိုလည်း မြင်၏။ အာဗြဟံ၊ သင်သည် သူတို့​အထဲမှ တစ်ဦး​ဖြစ်၏။ သင်​မမွေးဖွားမီ​ကတည်းက သင်​ရွေးကောက်​ခံရ၏ဟု ငါ့ကို မိန့်တော်မူ၏။

၂၄ ထိုသူတို့​အထဲ၌ ဘုရားသခင်နှင့်​တူသောသူ​တစ်ဦးသည် ရပ်၍၊ အတူ​ရှိလေသူတို့ကို ဆိုလေသည်ကား၊ ငါတို့ ဆင်းသွား​ကြမည်၊ အကြောင်း​မူကား၊ နေရာရှိ၏၊ ဤပစ္စည်းများကိုလည်း ယူသွား​ကြမည်၊ ဤသူတို့​နေထိုင်​နိုင်ရန် မြေကြီးကိုလည်း ငါတို့ ဖန်ဆင်းကြမည်။

၂၅ သူတို့၏​ဘုရားသခင်ကိုယ်တော်ရှင် မိန့်မှာလေသည့် ခပ်သိမ်းသော​အရာ​မှန်သမျှကို သူတို့​လုပ်ဆောင်ခြင်း​ရှိမရှိ ဤနည်း​အားဖြင့် ငါတို့​စမ်းသပ်​ကြမည်။

၂၆ မိမိတို့၏ ပထမ​အရိပ်​အရာကို စောင့်ထိန်းသည့် သူတို့​အပေါ် ထပ်လောင်း၍ ပေးလိမ့်မည်။ မိမိတို့၏ ပထမ​အရိပ်​အရာကို စောင့်ထိန်းခြင်း​မရှိသူတို့သည် မိမိတို့၏ ပထမ​အရိပ်​အရာကို စောင့်ထိန်းသူ​တို့နှင့်အတူ တူသည့်​နိုင်ငံ၌ ဘုန်းတော်ကို မရကြ​လတ္တံ့။ မိမိတို့၏ ဒုတိယ​အရိပ်​အရာကို စောင့်ထိန်းသူတို့သည် ဘုန်းတော်ကို ဦးခေါင်းများ​ပေါ်၌ ထပ်လောင်း၍ ကာလ​အစဉ်​အဆက် အမြဲ ရရှိကြလိမ့်မည်။

၂၇ အဘယ်သူကို ငါ​စေလွှတ်​ရမည်နည်းဟု ကိုယ်တော်ရှင်​မေးတော်မူလျှင်၊ လူသားတော်နှင့် တူသော​သူက အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်​တော်မူပါဟု လျှောက်၏။ တခြားတစ်ဦး​ကလည်း၊ အကျွန်ုပ်​ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်​တော်မူပါဟု လျှောက်လျှင်၊ ကိုယ်တော်ရှင်က ငါသည် ပထမပြောသူကို စေလွှတ်မည်ဟု မိန့်တော်မူ၏။

၂၈ ဒုတိယ​ပြောသူ​သည်လည်း အမျက်​ထွက်၍၊ သူ၏​ပထမ​အရိပ်အရာကို စောင့်ထိန်းခြင်း​မရှိ။ ထိုနေ့၌၊ များစွာသော​သူတို့သည် သူ့နောက်က​လိုက်သွားကြ၏။