ကျမ်းစာများ
အာဗြဟံ ၅


အခန်းကြီး ၅

ဘုရားသခင်တို့သည် သူတို့၏ ခပ်သိမ်းသော​အရာတို့ ဖန်ဆင်းခြင်းအစီ​အစဉ် ပြီးဆုံး၏—သူတို့သည် ဖန်ဆင်းခြင်းကို သူတို့၏ အစီ​အစဉ်များအတိုင်း ဖြစ်ပေါ်​စေကြ၏—အာဒံသည် သက်ရှိသတ္တဝါတိုင်းကို အမည်ပေး၏။

ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ ၎င်းတို့ရှိ အလုံး​အရင်းမှန် သမျှကို ပြီးဆုံး​ကြမည်။

ဘုရားသခင်တို့သည် သူတို့​အချင်းချင်း၌ မိန့်တော်မူကြ​လေသည်ကား၊ သတ္တမ​အချိန်တွင်၊ ငါတို့သည် ငါတို့၏​အမှု၊ ငါတို့​တိုင်ပင်ခဲ့ကြ​လေသည့်​အမှုကို လက်စသတ်​ကြမည်။ ထို့အတူ ငါတို့သည် သတ္တမ​အချိန်တွင်၊ ငါတို့​တိုင်ပင်ခဲ့​လေသည့် ငါတို့၏ ခပ်သိမ်းသော​အမှုမှ အနားယူ​ကြမည်။

ဘုရားသခင်တို့သည် သတ္တမ​အချိန်၌ လက်စသတ်​ကြ၏၊ အကြောင်း​မူကား သတ္တမ​အချိန်၌ သူတို့ (ဘုရားသခင်တို့) အချင်းချင်း တိုင်ပင်​ခဲ့ကြသည့် ခပ်သိမ်းသော​အမှုကို ဖန်ဆင်းခြင်းမှ အနားယူလိမ့်မည်။ သန့်ရှင်း​စင်ကြယ်စေ​ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းရန် သူတို့​အချင်းချင်း တိုင်ပင်သည့်​အချိန်၌ သူတို့၏​ဆုံးဖြတ်ချက်များ ရှိလေ၏။

ဘုရားသခင်တို့သည် ဆင်းလာ​ကြပြီး၊ ကောင်းကင်နှင့် မြေကြီး၏ အတ္ထုပ္ပတ္တိတို့ကို ဖန်ဆင်း​ခဲ့ကြ၏၊ ကောင်းကင်နှင့် မြေကြီးကို ဘုရားသခင်တို့ ဖန်ဆင်းသည့် အချိန်တွင် ၎င်းတို့ကို ဖန်ဆင်းခဲ့သည်မှာ၊

မြေကြီး၌ မရှိမီက လယ်ကွင်းမှ အပင်​မှန်သမျှ၊ ထို့အတူ မကြီးပွား​မီက လယ်ကွင်းမှ စပါးပင် မှန်သမျှ​တို့နှင့် စပ်လျဉ်း၍ သူတို့​မိန့်တော်မူ​ခဲ့ကြ​လေသည့် အတိုင်း​ဖြစ်၏။ အကြောင်း​မူကား၊ ဘုရားသခင်​တို့သည် ၎င်းတို့ကို လုပ်ဆောင်ရန် တိုင်ပင်ကြသော အချိန်တွင်၊ မြေကြီးပေါ်၌ မိုးကို ရွာစေတော်​မမူသေး၊ မြေကြီးကို ထွန်ယက်​စေရန် လူသားကိုလည်း မဖန်ဆင်း​ရသေး။

သို့ရာတွင်၊ မြေကြီးမှ အခိုး​အငွေ့​ထွက်၍၊ မြေမျက်နှာပြင်​တစ်ခုလုံးကို စိုစေ၏။

ဘုရားသခင်တို့သည် မြေမှုန့်ဖြင့် လူသားကို ဖန်ဆင်း၍၊ ထို့အတူ သူ၏​ဝိညာဉ်ကို (ဆိုလို​သည်ကား၊ လူသား၏​ဝိညာဉ်) ကို ယူ၍၊ သူ့အထဲသို့ သွင်း၏။ သူ၏ နှာခေါင်း​ထဲသို့ ဇီဝ​အသက်ကို မှုတ်တော်မူလျှင်၊ လူသားသည် သက်ရှိလူ ဖြစ်လာ​ခဲ့၏။

ဘုရားသခင်တို့သည် အရှေ့​မျက်နှာ ဧဒင်​အရပ်၌ ဥယျာဉ်ကို စိုက်ကြ​ပြီးလျှင်၊ သူတို့ ဖန်ဆင်းတော်မူခဲ့လေသည့် ကိုယ်ခန္ဓာ​ထဲသို့ သူတို့​သွင်းခဲ့သည့် ဝိညာဉ်ရှိသူ လူသားကို ထားတော်မူ​ကြ၏။

ထိုမြေ​ထဲက၊ ဘုရားသခင်တို့သည် အဆင်း​လှ၍၊ စားဖွယ်​ကောင်းသည့် အပင်တိုင်းကို ပေါက်စေ​ခဲ့ကြ၏။ အသက်ပင်ကိုလည်း၊ ဥယျာဉ်​အလယ်၌ပေါက်စေ၍၊ ထို့အတူ အကောင်းနှင့်​အဆိုးကို သိကျွမ်းရာ​အပင်ကို ပေါက်စေခဲ့ကြ၏။

၁၀ ထိုဥယျာဉ်ကို စိုစေ​လိုသောငှာ ဧဒင်မှ စီးထွက်နေသော မြစ်တစ်မြစ်​ရှိ၏၊ ထိုနေရာမှ မြစ်သည် ကွဲ၍၊ လေးသွယ်​ဖြစ်လေ၏။

၁၁ ဘုရားသခင်တို့သည် လူသားကို ယူ၍ ဧဒင်ဥယျာဉ်ကို ပြုစု​စောင့်နေစေ​ခြင်းငှာ ထားတော်မူ​ကြ၏။

၁၂ ဘုရားသခင်တို့သည် လူသားကို မိန့်တော်မူ၍၊ ဆိုကြလေ​သည်ကား၊ ထို​ဥယျာဉ်၌ ရှိသမျှသော​အပင်တို့၏ အသီးကို သင်သည် လွတ်လပ်စွာ​စားနိုင်၏၊

၁၃ သို့ရာတွင် အကောင်းနှင့်​အဆိုးကို သိကျွမ်းရာ​အပင်မှ အသီးကို သင်​မစားရ။ အကြောင်း​မူကား၊ ထို​အပင်မှ​အသီးကို စားသော​အချိန်တွင် သင်​ဧကန်​အမှန်​သေရမည်။ ယခုတွင်၊ ငါ၊ အာဗြဟံသည် ကော်လောဘ၏ အချိန်​အတိုင်း​ရှိသည့် ကိုယ်တော်ရှင်၏ အချိန်​အတိုင်း​ဖြစ်လေသည်ကို သိမြင်၏။ အကြောင်း​မူကား၊ ဤ​အချိန်​အထိ၊ ဘုရားသခင်တို့သည် အာဒံအား သူ၏​ရေတွက်ခြင်းကို စီရင် မထားရသေးပေ။

၁၄ ဘုရားသခင်တို့ကလည်း ငါတို့သည် ယောက်ျား​အတွက် သင့်လျော်သည့် အကူ​အညီကို ပြုကြ​ကုန်အံ့၊ အကြောင်း​မူကား၊ ယောက်ျားသည် တစ်ယောက်တည်း​နေရ​သည်မှာ မကောင်း၊ ထို့ကြောင့် သူ့အတွက် သင့်လျော်သည့် အကူ​အညီကို ငါတို့​ပြုကြမည်ဟု မိန့်တော်မူ​ကြ၏။

၁၅ ဘုရားသခင်တို့​သည်လည်း အာဒံ​အပေါ် ကြီးသော​အိပ်ခြင်းကို ရောက်စေ​တော်မူ၍၊ သူ​အိပ်ပျော်စဉ် သူတို့သည် သူ၏ နံရိုး​တစ်ချောင်းကို ထုတ်ပြီးလျှင်၊ ထိုအရိုး​နေရာ၌ အသားကို စေ့စပ်စေ​တော်မူကြ၏။

၁၆ လူထဲက ထုတ်သော​နံရိုးဖြင့် ဘုရားသခင်တို့သည် မိန်းမကို ဖန်ဆင်း၍ ထိုလူရှိရာသို့ ဆောင်တော်မူ​ခဲ့ကြ၏။

၁၇ အာဒံကလည်း ဤ​လူသည် ငါ့အရိုး​ထဲက​အရိုး၊ ငါ့အသား​ထဲက အသားဖြစ်၏။ ယခုတွင် လူထဲက ထုတ်သောကြောင့် မိန်းမဟု ခေါ်အပ်သည်ဟု ဆို၏။

၁၈ ထို့ကြောင့် ယောက်ျားသည် ကိုယ့်အဘနှင့် ကိုယ့်အမိကို စွန့်၍၊ ကိုယ့်ဇနီး၌ စွဲမြဲ​ရမည်၊ ထိုသူတို့​သည်လည်း တစ်သား​တစ်ကိုယ်တည်း ဖြစ်ရမည်။

၁၉ ယောက်ျားနှင့် ဇနီး၊ သူတို့​နှစ်ဦး​စလုံး​သည်လည်း အဝတ်မရှိ၍၊ မရှက်ကြ။

၂၀ ထိုမြေထဲက၊ ဘုရားသခင်တို့သည်၊ တောသားရဲများနှင့် မိုးကောင်းကင်​ငှက်တို့ကို ဖန်ဆင်း​တော်မူ​ခဲ့ကြ၏၊ သူတို့ကို အာဒံ​အဘယ်သို့ ခေါ်မည့်​အကြောင်းကို ကြည့်ရန် သူ့ထံသို့ ဆောင်ယူ​ခဲ့ကြ၏၊ သက်ရှိသတ္တဝါတိုင်းကို အာဒံ​ခေါ်သမျှသည် ၎င်းတို့၏ အမည်​ဖြစ်ရမည်။

၂၁ အာဒံသည် ခပ်သိမ်းသော ကျွဲနွားတိရစ္ဆာန်တို့ကို​၊ ခပ်သိမ်းသော မိုးကောင်းကင် ငှက်တို့ကို၊ တောသားရဲတိုင်းကို အမည်​ပေး၏။ အာဒံအတွက်လည်း၊ သင့်လျော်သည့် အကူ​အညီ​ရှိလေသတည်း။