အခန်းကြီး ၅
ဘုရားသခင်တို့သည် သူတို့၏ ခပ်သိမ်းသောအရာတို့ ဖန်ဆင်းခြင်းအစီအစဉ် ပြီးဆုံး၏—သူတို့သည် ဖန်ဆင်းခြင်းကို သူတို့၏ အစီအစဉ်များအတိုင်း ဖြစ်ပေါ်စေကြ၏—အာဒံသည် သက်ရှိသတ္တဝါတိုင်းကို အမည်ပေး၏။
၁ ထိုကဲ့သို့အားဖြင့်၊ ငါတို့သည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ ၎င်းတို့ရှိ အလုံးအရင်းမှန် သမျှကို ပြီးဆုံးကြမည်။
၂ ဘုရားသခင်တို့သည် သူတို့အချင်းချင်း၌ မိန့်တော်မူကြလေသည်ကား၊ သတ္တမအချိန်တွင်၊ ငါတို့သည် ငါတို့၏အမှု၊ ငါတို့တိုင်ပင်ခဲ့ကြလေသည့်အမှုကို လက်စသတ်ကြမည်။ ထို့အတူ ငါတို့သည် သတ္တမအချိန်တွင်၊ ငါတို့တိုင်ပင်ခဲ့လေသည့် ငါတို့၏ ခပ်သိမ်းသောအမှုမှ အနားယူကြမည်။
၃ ဘုရားသခင်တို့သည် သတ္တမအချိန်၌ လက်စသတ်ကြ၏၊ အကြောင်းမူကား သတ္တမအချိန်၌ သူတို့ (ဘုရားသခင်တို့) အချင်းချင်း တိုင်ပင်ခဲ့ကြသည့် ခပ်သိမ်းသောအမှုကို ဖန်ဆင်းခြင်းမှ အနားယူလိမ့်မည်။ သန့်ရှင်းစင်ကြယ်စေကြ၏။ ထိုကဲ့သို့အားဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းရန် သူတို့အချင်းချင်း တိုင်ပင်သည့်အချိန်၌ သူတို့၏ဆုံးဖြတ်ချက်များ ရှိလေ၏။
၄ ဘုရားသခင်တို့သည် ဆင်းလာကြပြီး၊ ကောင်းကင်နှင့် မြေကြီး၏ အတ္ထုပ္ပတ္တိတို့ကို ဖန်ဆင်းခဲ့ကြ၏၊ ကောင်းကင်နှင့် မြေကြီးကို ဘုရားသခင်တို့ ဖန်ဆင်းသည့် အချိန်တွင် ၎င်းတို့ကို ဖန်ဆင်းခဲ့သည်မှာ၊
၅ မြေကြီး၌ မရှိမီက လယ်ကွင်းမှ အပင်မှန်သမျှ၊ ထို့အတူ မကြီးပွားမီက လယ်ကွင်းမှ စပါးပင် မှန်သမျှတို့နှင့် စပ်လျဉ်း၍ သူတို့မိန့်တော်မူခဲ့ကြလေသည့် အတိုင်းဖြစ်၏။ အကြောင်းမူကား၊ ဘုရားသခင်တို့သည် ၎င်းတို့ကို လုပ်ဆောင်ရန် တိုင်ပင်ကြသော အချိန်တွင်၊ မြေကြီးပေါ်၌ မိုးကို ရွာစေတော်မမူသေး၊ မြေကြီးကို ထွန်ယက်စေရန် လူသားကိုလည်း မဖန်ဆင်းရသေး။
၆ သို့ရာတွင်၊ မြေကြီးမှ အခိုးအငွေ့ထွက်၍၊ မြေမျက်နှာပြင်တစ်ခုလုံးကို စိုစေ၏။
၇ ဘုရားသခင်တို့သည် မြေမှုန့်ဖြင့် လူသားကို ဖန်ဆင်း၍၊ ထို့အတူ သူ၏ဝိညာဉ်ကို (ဆိုလိုသည်ကား၊ လူသား၏ဝိညာဉ်) ကို ယူ၍၊ သူ့အထဲသို့ သွင်း၏။ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသားသည် သက်ရှိလူ ဖြစ်လာခဲ့၏။
၈ ဘုရားသခင်တို့သည် အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ကြပြီးလျှင်၊ သူတို့ ဖန်ဆင်းတော်မူခဲ့လေသည့် ကိုယ်ခန္ဓာထဲသို့ သူတို့သွင်းခဲ့သည့် ဝိညာဉ်ရှိသူ လူသားကို ထားတော်မူကြ၏။
၉ ထိုမြေထဲက၊ ဘုရားသခင်တို့သည် အဆင်းလှ၍၊ စားဖွယ်ကောင်းသည့် အပင်တိုင်းကို ပေါက်စေခဲ့ကြ၏။ အသက်ပင်ကိုလည်း၊ ဥယျာဉ်အလယ်၌ပေါက်စေ၍၊ ထို့အတူ အကောင်းနှင့်အဆိုးကို သိကျွမ်းရာအပင်ကို ပေါက်စေခဲ့ကြ၏။
၁၀ ထိုဥယျာဉ်ကို စိုစေလိုသောငှာ ဧဒင်မှ စီးထွက်နေသော မြစ်တစ်မြစ်ရှိ၏၊ ထိုနေရာမှ မြစ်သည် ကွဲ၍၊ လေးသွယ်ဖြစ်လေ၏။
၁၁ ဘုရားသခင်တို့သည် လူသားကို ယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူကြ၏။
၁၂ ဘုရားသခင်တို့သည် လူသားကို မိန့်တော်မူ၍၊ ဆိုကြလေသည်ကား၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏ အသီးကို သင်သည် လွတ်လပ်စွာစားနိုင်၏၊
၁၃ သို့ရာတွင် အကောင်းနှင့်အဆိုးကို သိကျွမ်းရာအပင်မှ အသီးကို သင်မစားရ။ အကြောင်းမူကား၊ ထိုအပင်မှအသီးကို စားသောအချိန်တွင် သင်ဧကန်အမှန်သေရမည်။ ယခုတွင်၊ ငါ၊ အာဗြဟံသည် ကော်လောဘ၏ အချိန်အတိုင်းရှိသည့် ကိုယ်တော်ရှင်၏ အချိန်အတိုင်းဖြစ်လေသည်ကို သိမြင်၏။ အကြောင်းမူကား၊ ဤအချိန်အထိ၊ ဘုရားသခင်တို့သည် အာဒံအား သူ၏ရေတွက်ခြင်းကို စီရင် မထားရသေးပေ။
၁၄ ဘုရားသခင်တို့ကလည်း ငါတို့သည် ယောက်ျားအတွက် သင့်လျော်သည့် အကူအညီကို ပြုကြကုန်အံ့၊ အကြောင်းမူကား၊ ယောက်ျားသည် တစ်ယောက်တည်းနေရသည်မှာ မကောင်း၊ ထို့ကြောင့် သူ့အတွက် သင့်လျော်သည့် အကူအညီကို ငါတို့ပြုကြမည်ဟု မိန့်တော်မူကြ၏။
၁၅ ဘုရားသခင်တို့သည်လည်း အာဒံအပေါ် ကြီးသောအိပ်ခြင်းကို ရောက်စေတော်မူ၍၊ သူအိပ်ပျော်စဉ် သူတို့သည် သူ၏ နံရိုးတစ်ချောင်းကို ထုတ်ပြီးလျှင်၊ ထိုအရိုးနေရာ၌ အသားကို စေ့စပ်စေတော်မူကြ၏။
၁၆ လူထဲက ထုတ်သောနံရိုးဖြင့် ဘုရားသခင်တို့သည် မိန်းမကို ဖန်ဆင်း၍ ထိုလူရှိရာသို့ ဆောင်တော်မူခဲ့ကြ၏။
၁၇ အာဒံကလည်း ဤလူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ ယခုတွင် လူထဲက ထုတ်သောကြောင့် မိန်းမဟု ခေါ်အပ်သည်ဟု ဆို၏။
၁၈ ထို့ကြောင့် ယောက်ျားသည် ကိုယ့်အဘနှင့် ကိုယ့်အမိကို စွန့်၍၊ ကိုယ့်ဇနီး၌ စွဲမြဲရမည်၊ ထိုသူတို့သည်လည်း တစ်သားတစ်ကိုယ်တည်း ဖြစ်ရမည်။
၁၉ ယောက်ျားနှင့် ဇနီး၊ သူတို့နှစ်ဦးစလုံးသည်လည်း အဝတ်မရှိ၍၊ မရှက်ကြ။
၂၀ ထိုမြေထဲက၊ ဘုရားသခင်တို့သည်၊ တောသားရဲများနှင့် မိုးကောင်းကင်ငှက်တို့ကို ဖန်ဆင်းတော်မူခဲ့ကြ၏၊ သူတို့ကို အာဒံအဘယ်သို့ ခေါ်မည့်အကြောင်းကို ကြည့်ရန် သူ့ထံသို့ ဆောင်ယူခဲ့ကြ၏၊ သက်ရှိသတ္တဝါတိုင်းကို အာဒံခေါ်သမျှသည် ၎င်းတို့၏ အမည်ဖြစ်ရမည်။
၂၁ အာဒံသည် ခပ်သိမ်းသော ကျွဲနွားတိရစ္ဆာန်တို့ကို၊ ခပ်သိမ်းသော မိုးကောင်းကင် ငှက်တို့ကို၊ တောသားရဲတိုင်းကို အမည်ပေး၏။ အာဒံအတွက်လည်း၊ သင့်လျော်သည့် အကူအညီရှိလေသတည်း။