ကျမ်းစာများ
အာဗြဟံ ၂


အခန်းကြီး ၂

အာဗြဟံသည် ခါနာန်ပြည်သို့ သွားရန် ဥရမြို့ကို စွန့်ခွာ၏—ယေဟောဝါသည် ခါရန်မြို့၌ သူ့ထံသို့ ပေါ်လာ​တော်မူ၏—ခပ်သိမ်းသော ဧဝံဂေလိ​တရားတော် ကောင်းချီး​မင်္ဂလာများကို သူ၏အမျိုး​အနွယ်များသို့ လည်းကောင်း၊ သူ၏ အမျိုး​အနွယ်တို့အားဖြင့် ခပ်သိမ်းသောသူများသို့ လည်းကောင်း ကတိ​ထားတော်မူ၏—သူသည် ခါနာန်ပြည်သို့ သွား၏၊ အဲဂုတ္တုပြည်သို့လည်း ဆက်၍​သွား၏။

ယခုတွင်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးကို ဥရပြည်၌ ပြင်းထန်​လာစေ​သဖြင့်၊ ငါ၏ညီ ခါရန် သေ၏။ သို့ရာတွင်၊ တေရ​မသေ၊ ငါ၏ အဘသည် ခါလဒဲ​အမျိုးသားတို့၏ ဥရမြို့၌ နေခဲ့​သေး၏။

ဤသို့​အားဖြင့် အချိန်တန်​လာသောအခါ၊ ငါ၊ အာဗြဟံသည် စာရဲနှင့် အိမ်ထောင်ဖက်​ပြု၏၊ နာခေါ်၊ ငါ၏​အစ်ကို​သည်လည်း ခါရန်၏ သမီးဖြစ်လေသူ မိလခါနှင့် အိမ်ထောင်ဖက်​ပြု၏။

ယခုတွင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ အာဗြဟံ၊ သင်သည် သင်၏ တိုင်းပြည်မှ၊ ထို့အတူ သင်၏ ဆွေမျိုးတို့​ဆီမှ၊ ထို့အတူ သင့်အဘ၏ အိမ်မှ​ထွက်၍၊ ငါ သင့်ကို ပြမည့် ပြည်သို့ သွားလော့။

ထို့ကြောင့်၊ ငါသည် ခါနာန်ပြည်​ထဲသို့ သွားရန်​ခါလဒဲ​အမျိုးသားတို့၏ ဥရပြည်ကို စွန့်ခွာ​ခဲ့၏။ ငါသည် ငါ့အစ်ကို၏သား လောတနှင့် သူ့ဇနီး၊ ထို့အတူ ငါ့ဇနီး​စာရဲတို့ကို ခေါ်ခဲ့၏။ ငါ၏ အဘသည်လည်း ခါရန်ဟု ငါတို့​အမည်ပေးသည့် ပြည်သို့ ငါ့နောက်က လိုက်လာ​ခဲ့၏။

ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးသည်လည်း လျော့၏။ ခါရန်ပြည်၌ သိုးစုများစွာရှိ၍ ငါ၏ အဘသည် ခါရန်ပြည်၌ တည်းခို၍ နေထိုင်၏။ ငါ၏ အဘသည် သူ၏ ရုပ်တု​ကိုးကွယ်ခြင်းသို့ တစ်ဖန် လှည့်၏၊ ထို့ကြောင့် သူသည် ခါရန်ပြည်၌ ဆက်၍​နေထိုင်၏။

သို့ရာတွင်၊ ငါ၊ အာဗြဟံနှင့် ငါ့အစ်ကို၏သား လောတတို့သည် ကိုယ်တော်ရှင်​ထံသို့ ဆုတောင်း​ကြ၏၊ ကိုယ်တော်ရှင်​သည်လည်း ငါ့ထံသို့ ပေါ်လာတော်မူပြီး၊ မိန့်တော်မူ​လေသည်ကား၊ ထလော့၊ လောတကိုလည်း သင်နှင့်အတူ ခေါ်သွားလော့။ အကြောင်း​မူကား၊ ငါသည် သင့်ကို ခါရန်ပြည်မှ နုတ်ယူရန်၊ ထို့အတူ သင့်နောက်မှ သင်၏ အမျိုးအနွယ်တို့ ငါ့အသံကို စေ့စေ့နားထောင်​ကြလျှင်၊ ထာဝရ​တည်မြဲသော ဥစ္စာ​ပစ္စည်း​အဖြစ် သူ့တို့အား ငါပေးမည့် အကျွမ်းမဝင်သော ပြည်၌ သင့်ကို အမှုတော်ဆောင်​တစ်ဦး ဖြစ်စေရန် ရည်ရွယ်​တော်မူ​လေပြီ။

အကြောင်း​မူကား၊ ငါသည် သင်၏​ဘုရားသခင်​ကိုယ်တော်ရှင် ဖြစ်တော်မူ၏။ ငါသည် ကောင်းကင်ဘုံ၌ နေထိုင်​တော်မူ၏။ မြေကြီးသည် ငါ၏​ခြေတင်ရာခုံ ဖြစ်၏။ ငါ၏​လက်ကို ပင်လယ်​အပေါ်မှာ ဆန့်လျှင်၊ ငါ့အသံကို နာခံ၏။ ငါသည် လေနှင့်မီးကို ငါ၏​မြင်းရထား ဖြစ်စေ၏။ ငါသည် တောင်တို့အား—ဤနေရာမှ ထွက်ခွာ​သွားလော့—ဟုမိန့်တော်မူလျှင်၊ ရှုဦးလော့၊ ၎င်းတို့သည် လေပွေ​အားဖြင့် အလျင်တဆော​ချက်ချင်း ပယ်ရှား​ခံရ၏။

ငါ၏​နာမတော်မှာ ယေဟောဝါ​ဖြစ်၏၊ ငါသည် အစမှ​အဆုံး​အထိ​သိ၏။ ထို့ကြောင့်၊ ငါ၏ လက်သည် သင့်​အပေါ်မှာ ရှိတော်မူ​လိမ့်မည်။

ငါသည် သင့်ကို ကြီးစွာသော​လူမျိုး ဖြစ်စေမည်၊ ငါသည် သင့်ကို အတိုင်းထက်​အလွန် ကောင်းချီး​ပေး၍၊ သင်၏​အမည်ကိုလည်း ခပ်သိမ်းသော​ပြည်သားတို့၌ ကြီးမြတ်​စေမည်၊ သင်သည်လည်း သင့်နောက်မှ သင်၏အမျိုးအနွယ်တို့​အဖို့ ကောင်းချီး​မင်္ဂလာ​တစ်ခု ဖြစ်လိမ့်မည်၊ သူတို့၏​လက်များ​ထဲ၌ ဤ​အမှုတော်ဆောင်ခြင်းနှင့် ယဇ်ပုရောဟိတ်​အခွင့်ကို ခပ်သိမ်းသော ပြည်သားတို့​အဖို့ သယ်ဆောင်ကြ​လိမ့်မည်။

၁၀ ငါသည်လည်း သူတို့ကို သင်၏​အမည်​အားဖြင့် ကောင်းချီး​ပေးတော်​မူမည်။ အကြောင်း​မူကား၊ ဤ​ဧဝံဂေလိ​တရားတော်ကို လက်ခံမည့်သူ​မှန်သမျှသည် သင်၏​အမည်​အတိုင်း အခေါ်​ခံရ​လိမ့်မည်၊ သင်၏​အမျိုး​အနွယ်​အဖြစ်လည်း မှတ်ယူ​ခံရ​လိမ့်မည်၊ သင့်ကိုလည်း သူတို့၏​အဘ​အဖြစ် ထ၍ ကောင်းချီးပေးကြလိမ့်မည်။

၁၁ ငါသည် သင့်ကို ကောင်းချီး​ပေးသော​သူတို့ကို ကောင်းချီး​ပေးမည်၊ သင့်ကို ကျိန်သော​သူတို့ကို ကျိန်မည်။ သင့်၌ (ဆိုလေ​သည်ကား၊ သင်၏ ယဇ်ပုရောဟိတ်​အခွင့်၌) ထို့အတူ သင်၏အမျိုး​အနွယ်၌ (ဆိုလေ​သည်ကား၊ သင်၏​ယဇ်ပုရောဟိတ်​အခွင့်)၊ အကြောင်း​မူကား ငါသည် သင့်အား ဤ​အခွင့်အရေး သင့်၌ ဆက်၍​ရှိရမည့်အကြောင်း ကတိထား၏၊ သင်၏ နောက်မှ သင်၏ အမျိုး​အနွယ်တို့၌လည်း (ဆိုရမည်ကား၊ အမျိုး​အနွယ်စစ်၊ သို့မဟုတ် သင့်ကိုယ်ခန္ဓာမှ အမျိုး​အနွယ်) မြေကြီးရှိ ခပ်သိမ်းသော မိသားစုတို့သည် ကယ်တင်ခြင်း​ကောင်းချီး​မင်္ဂလာများ၊ ထာဝရ​အသက်ပင် ဖြစ်သည့်၊ ဧဝံဂေလိ​တရားတော်၏ ကောင်းချီး​မင်္ဂလာများနှင့်ပင် ကောင်းချီး​ခံစားကြ​ရလိမ့်မည်။

၁၂ ယခုတွင်၊ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူခြင်းမှ ရုပ်သိမ်း​ခဲ့လေပြီးနောက်၊ သူ၏​မျက်နှာကိုလည်း ငါ့ထံမှ ရုပ်သိမ်း​ခဲ့၏၊ ငါ့စိတ်နှလုံး၌ တွေးမိ​သည်ကား၊ ကိုယ်တော်၏​ကျွန်သည် ကိုယ်တော်ကို အလေး​အနက် ရှာပါ၏။ ယခု ကျွန်ုပ်သည် ကိုယ်တော်ကို တွေ့လေပြီ။

၁၃ ကိုယ်တော်သည် ကိုယ်တော်၏ ကောင်းကင်တမန်ကို အကျွန်ုပ်အား ဧလကာန၏​ဘုရားတို့​ထံမှ ကယ်လွှတ်ရန် စေလွှတ်​တော်မူ​ခဲ့၏၊ ကိုယ်တော်၏​အသံကို စေ့စေ့နားထောင်ရန်မှာ အကျွန်ုပ်​အဖို့​ကောင်းပါ၏၊ ထို့ကြောင့်၊ ကိုယ်တော်၏​ကျွန်ကို ထ၍၊ ငြိမ်းချမ်းစွာ ထွက်ခွာ​သွားခွင့်​ပေးတော်မူပါ။

၁၄ ထို့ကြောင့်၊ ငါ၊ အာဗြဟံသည် ကိုယ်တော်ရှင်​မိန့်တော်မူခဲ့လေသည့်​အတိုင်း ထွက်ခွာ​သွားခဲ့၏၊ လောတသည်လည်း ငါနှင့်​အတူရှိ၏။ ငါ၊ အာဗြဟံသည်လည်း၊ ခါရန်ပြည်မှ ထွက်ခွာ​သွားခဲ့သည့် အချိန်၌ အသက် ခြောက်ဆယ့်​နှစ်နှစ်​ရှိလေ၏။

၁၅ ထို့အတူ၊ ငါသည် ခါလဒဲပြည်၊ ဥရမြို့၌​ရှိစဉ် အိမ်ထောင်ဖက်​ပြုခဲ့သူ စာရဲ၊ ထို့အတူ ငါ့အစ်ကို၏သား လောတ၊ ထို့အတူ ငါတို့​စုဆောင်းခဲ့သည့် ငါတို့၏ ခပ်သိမ်းသော​ဥစ္စာများ၊ ထို့အတူ ခါရန်ပြည်၌ ငါတို့ရခဲ့လေသည့်​သူများတို့ကို ယူ၍၊ ခါနာန်ပြည်သို့ သွားရန်လမ်းသို့ လာခဲ့ကြ၏၊ ငါတို့သည် လမ်း၌ရှိစဉ် တဲများ၌ နေထိုင်​ခဲ့ကြ၏။

၁၆ ထို့ကြောင့်၊ ငါတို့သည် ယာရှုန်ပြည်ကို ဖြတ်၍၊ ခါရန်ပြည်မှ ခါနာန်ပြည်သို့ ခရီးသွား​စဉ်တွင် ထာဝရကာလမှာ ငါတို့၏ အကာ​အကွယ်၊ ထို့အတူ ငါတို့၏ ကျောက်၊ ထို့အတူ ငါတို့၏ ကယ်တင်ခြင်း ဖြစ်၏။

၁၇ ယခုတွင်၊ ငါ၊ အာဗြဟံသည်၊ ယရှုန်ပြည်၌ ယဇ်ပလ္လင်​တစ်ခုကို တည်ဆောက်၍၊ ကိုယ်တော်ရှင်အား ပူဇော်သက္ကာပြု၏၊ ငါ့အဘ၏ အိမ်သားတို့ မပျက်စီး​နိုင်ကြ​စေကြောင်း၊ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးကို သူတို့ထံမှ လွှဲသွား​နိုင်ခြင်းငှာလည်း ဆုတောင်း၏။

၁၈ ထို့နောက်တွင်၊ ငါတို့သည် ယာရှုန်ပြည်ကို ဖြတ်၍၊ ရှက်ခင်​အရပ်သို့ သွားခဲ့ကြ၏။ ထိုအရပ်မှာ မောရ​လွင်ပြင်၌ ရှိ၏၊ ငါတို့သည်လည်း ခါနာန်​အမျိုးသားတို့၏ နယ်နိမိတ်​ထဲသို့ ဝင်လာ​ခဲ့ကြ​လေပြီးလျှင်၊ ငါသည် မောရလွင်ပြင် အရပ်၌ ယဇ်ပူဇော်ခဲ့၏၊ ကိုယ်တော်ရှင်ကိုလည်း လေးနက်စွာ ပတ္ထနာပြုခဲ့၏၊ အကြောင်း​မူကား၊ ငါတို့သည် ဤရုပ်တု ကိုးကွယ်ကြသော လူမျိုးတို့၏ ပြည်ထဲသို့ ဝင်လာခဲ့ကြပြီးလေပြီ။

၁၉ ကိုယ်တော်ရှင်သည်လည်း ငါ့ဆုတောင်းခြင်းတို့၏ အဖြေ​အဖြစ် ငါ့ထံသို့​ပေါ်လာတော်​မူပြီးလျှင်၊ သင်၏ အမျိုး​အနွယ်တို့​အဖို့ ငါသည် ဤ​ပြည်ကို ပေးတော်မူမည်ဟု ငါ့ကို မိန့်တော်မူ၏။

၂၀ ငါ၊ အာဗြဟံသည်လည်း၊ ကိုယ်တော်ရှင်​အဖို့ ငါ​တည်ဆောက်ခဲ့​လေသည့် ယဇ်ပလ္လင်​ရှိရာ​အရပ်မှ ထ၏၊ ထို​အရပ်မှ​နေ၍ ဗေသလမြို့ အရှေ့ရှိ​တောင်သို့​ပြောင်း၍၊ အနောက်၌ ဗေသလမြို့၊ အရှေ့၌ အာဣမြို့ ရှိရာ​စပ်ကြား​နေရာ၌ ငါ၏​တဲကို ဆောက်၏။ ထို​နေရာ၌ ငါသည် တခြား ယဇ်ပလ္လင် တစ်ခုကိုလည်း ကိုယ်တော်ရှင်​အဖို့ တည်ဆောက်၍၊ ကိုယ်တော်ရှင်၏​နာမတော်ကို တစ်ဖန်​ပတ္ထနာပြု၏။

၂၁ ငါ၊ အာဗြဟံသည် တောင်အရပ်သို့ပင် ဆက်၍ ခရီးသွား၏။ ထိုပြည်၌ ငတ်မွတ် ခေါင်းပါးခြင်း ဘေးလည်း ဆက်၍ရှိ၏။ ငါ၊ အာဗြဟံသည်လည်း အဲဂုတ္တုပြည်​ထဲသို့ ဆင်းသွားရန်၊ ထို​နေရာ၌ တည်းခိုရန် ဆုံးဖြတ်​ခဲ့၏၊ အကြောင်း​မူကား ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးမှာ အလွန်​ပြင်းထန်​လာခဲ့၏။

၂၂ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ ငါသည် အဲဂုတ္တုပြည်​ထဲသို့ဝင်ရန် အနီးသို့ရောက်လျှင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ရှုလော့၊ သင်၏​ဇနီး၊ စာရဲသည် အဆင်း အလွန်ချောမောသော မိန်းမ​ဖြစ်၏။

၂၃ ထို့ကြောင့် အချိန်တန်​လာ၍၊ အဲဂုတ္တုလူတို့က သူမကို​မြင်လျှင် သူမသည် သူ၏​ဇနီးဖြစ်၏ဟုဆို၍ သင့်ကို သတ်လိမ့်မည်၊ သို့ရာတွင် သူမကို အသက်ချမ်းသာ​ပေးလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဤသို့​ဆိုလော့၊

၂၄ သူမအား သင်၏နှမဖြစ်ကြောင်း အဲဂုတ္တုလူတို့ကို ပြောစေလော့၊ သင်၏အသက် ချမ်းသာရလိမ့်မည်။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါ၊ အာဗြဟံသည်၊ ငါ၏​ဇနီး၊ စာရဲအား၊ ငါ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​သမျှကို ပြောပြ၏—ထို့ကြောင့် သင်သည် ငါ့နှမ​ဖြစ်သည်ဟု သူတို့ကို ပြောပါလော့၊ သင့်ကို ငါ​တောင်းပန်၏၊ ထိုသို့ပြောလျှင် ငါသည် သင့်​အတွက် ကောင်းစား​လိမ့်မည်၊ ငါ့အသက်လည်း သင့်ကြောင့် ချမ်းသာရ​လိမ့်မည်။