အခန်းကြီး ၂
အာဗြဟံသည် ခါနာန်ပြည်သို့ သွားရန် ဥရမြို့ကို စွန့်ခွာ၏—ယေဟောဝါသည် ခါရန်မြို့၌ သူ့ထံသို့ ပေါ်လာတော်မူ၏—ခပ်သိမ်းသော ဧဝံဂေလိတရားတော် ကောင်းချီးမင်္ဂလာများကို သူ၏အမျိုးအနွယ်များသို့ လည်းကောင်း၊ သူ၏ အမျိုးအနွယ်တို့အားဖြင့် ခပ်သိမ်းသောသူများသို့ လည်းကောင်း ကတိထားတော်မူ၏—သူသည် ခါနာန်ပြည်သို့ သွား၏၊ အဲဂုတ္တုပြည်သို့လည်း ဆက်၍သွား၏။
၁ ယခုတွင်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ဥရပြည်၌ ပြင်းထန်လာစေသဖြင့်၊ ငါ၏ညီ ခါရန် သေ၏။ သို့ရာတွင်၊ တေရမသေ၊ ငါ၏ အဘသည် ခါလဒဲအမျိုးသားတို့၏ ဥရမြို့၌ နေခဲ့သေး၏။
၂ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ငါ၊ အာဗြဟံသည် စာရဲနှင့် အိမ်ထောင်ဖက်ပြု၏၊ နာခေါ်၊ ငါ၏အစ်ကိုသည်လည်း ခါရန်၏ သမီးဖြစ်လေသူ မိလခါနှင့် အိမ်ထောင်ဖက်ပြု၏။
၃ ယခုတွင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ အာဗြဟံ၊ သင်သည် သင်၏ တိုင်းပြည်မှ၊ ထို့အတူ သင်၏ ဆွေမျိုးတို့ဆီမှ၊ ထို့အတူ သင့်အဘ၏ အိမ်မှထွက်၍၊ ငါ သင့်ကို ပြမည့် ပြည်သို့ သွားလော့။
၄ ထို့ကြောင့်၊ ငါသည် ခါနာန်ပြည်ထဲသို့ သွားရန်ခါလဒဲအမျိုးသားတို့၏ ဥရပြည်ကို စွန့်ခွာခဲ့၏။ ငါသည် ငါ့အစ်ကို၏သား လောတနှင့် သူ့ဇနီး၊ ထို့အတူ ငါ့ဇနီးစာရဲတို့ကို ခေါ်ခဲ့၏။ ငါ၏ အဘသည်လည်း ခါရန်ဟု ငါတို့အမည်ပေးသည့် ပြည်သို့ ငါ့နောက်က လိုက်လာခဲ့၏။
၅ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း လျော့၏။ ခါရန်ပြည်၌ သိုးစုများစွာရှိ၍ ငါ၏ အဘသည် ခါရန်ပြည်၌ တည်းခို၍ နေထိုင်၏။ ငါ၏ အဘသည် သူ၏ ရုပ်တုကိုးကွယ်ခြင်းသို့ တစ်ဖန် လှည့်၏၊ ထို့ကြောင့် သူသည် ခါရန်ပြည်၌ ဆက်၍နေထိုင်၏။
၆ သို့ရာတွင်၊ ငါ၊ အာဗြဟံနှင့် ငါ့အစ်ကို၏သား လောတတို့သည် ကိုယ်တော်ရှင်ထံသို့ ဆုတောင်းကြ၏၊ ကိုယ်တော်ရှင်သည်လည်း ငါ့ထံသို့ ပေါ်လာတော်မူပြီး၊ မိန့်တော်မူလေသည်ကား၊ ထလော့၊ လောတကိုလည်း သင်နှင့်အတူ ခေါ်သွားလော့။ အကြောင်းမူကား၊ ငါသည် သင့်ကို ခါရန်ပြည်မှ နုတ်ယူရန်၊ ထို့အတူ သင့်နောက်မှ သင်၏ အမျိုးအနွယ်တို့ ငါ့အသံကို စေ့စေ့နားထောင်ကြလျှင်၊ ထာဝရတည်မြဲသော ဥစ္စာပစ္စည်းအဖြစ် သူ့တို့အား ငါပေးမည့် အကျွမ်းမဝင်သော ပြည်၌ သင့်ကို အမှုတော်ဆောင်တစ်ဦး ဖြစ်စေရန် ရည်ရွယ်တော်မူလေပြီ။
၇ အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင်ကိုယ်တော်ရှင် ဖြစ်တော်မူ၏။ ငါသည် ကောင်းကင်ဘုံ၌ နေထိုင်တော်မူ၏။ မြေကြီးသည် ငါ၏ခြေတင်ရာခုံ ဖြစ်၏။ ငါ၏လက်ကို ပင်လယ်အပေါ်မှာ ဆန့်လျှင်၊ ငါ့အသံကို နာခံ၏။ ငါသည် လေနှင့်မီးကို ငါ၏မြင်းရထား ဖြစ်စေ၏။ ငါသည် တောင်တို့အား—ဤနေရာမှ ထွက်ခွာသွားလော့—ဟုမိန့်တော်မူလျှင်၊ ရှုဦးလော့၊ ၎င်းတို့သည် လေပွေအားဖြင့် အလျင်တဆောချက်ချင်း ပယ်ရှားခံရ၏။
၈ ငါ၏နာမတော်မှာ ယေဟောဝါဖြစ်၏၊ ငါသည် အစမှအဆုံးအထိသိ၏။ ထို့ကြောင့်၊ ငါ၏ လက်သည် သင့်အပေါ်မှာ ရှိတော်မူလိမ့်မည်။
၉ ငါသည် သင့်ကို ကြီးစွာသောလူမျိုး ဖြစ်စေမည်၊ ငါသည် သင့်ကို အတိုင်းထက်အလွန် ကောင်းချီးပေး၍၊ သင်၏အမည်ကိုလည်း ခပ်သိမ်းသောပြည်သားတို့၌ ကြီးမြတ်စေမည်၊ သင်သည်လည်း သင့်နောက်မှ သင်၏အမျိုးအနွယ်တို့အဖို့ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်လိမ့်မည်၊ သူတို့၏လက်များထဲ၌ ဤအမှုတော်ဆောင်ခြင်းနှင့် ယဇ်ပုရောဟိတ်အခွင့်ကို ခပ်သိမ်းသော ပြည်သားတို့အဖို့ သယ်ဆောင်ကြလိမ့်မည်။
၁၀ ငါသည်လည်း သူတို့ကို သင်၏အမည်အားဖြင့် ကောင်းချီးပေးတော်မူမည်။ အကြောင်းမူကား၊ ဤဧဝံဂေလိတရားတော်ကို လက်ခံမည့်သူမှန်သမျှသည် သင်၏အမည်အတိုင်း အခေါ်ခံရလိမ့်မည်၊ သင်၏အမျိုးအနွယ်အဖြစ်လည်း မှတ်ယူခံရလိမ့်မည်၊ သင့်ကိုလည်း သူတို့၏အဘအဖြစ် ထ၍ ကောင်းချီးပေးကြလိမ့်မည်။
၁၁ ငါသည် သင့်ကို ကောင်းချီးပေးသောသူတို့ကို ကောင်းချီးပေးမည်၊ သင့်ကို ကျိန်သောသူတို့ကို ကျိန်မည်။ သင့်၌ (ဆိုလေသည်ကား၊ သင်၏ ယဇ်ပုရောဟိတ်အခွင့်၌) ထို့အတူ သင်၏အမျိုးအနွယ်၌ (ဆိုလေသည်ကား၊ သင်၏ယဇ်ပုရောဟိတ်အခွင့်)၊ အကြောင်းမူကား ငါသည် သင့်အား ဤအခွင့်အရေး သင့်၌ ဆက်၍ရှိရမည့်အကြောင်း ကတိထား၏၊ သင်၏ နောက်မှ သင်၏ အမျိုးအနွယ်တို့၌လည်း (ဆိုရမည်ကား၊ အမျိုးအနွယ်စစ်၊ သို့မဟုတ် သင့်ကိုယ်ခန္ဓာမှ အမျိုးအနွယ်) မြေကြီးရှိ ခပ်သိမ်းသော မိသားစုတို့သည် ကယ်တင်ခြင်းကောင်းချီးမင်္ဂလာများ၊ ထာဝရအသက်ပင် ဖြစ်သည့်၊ ဧဝံဂေလိတရားတော်၏ ကောင်းချီးမင်္ဂလာများနှင့်ပင် ကောင်းချီးခံစားကြရလိမ့်မည်။
၁၂ ယခုတွင်၊ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူခြင်းမှ ရုပ်သိမ်းခဲ့လေပြီးနောက်၊ သူ၏မျက်နှာကိုလည်း ငါ့ထံမှ ရုပ်သိမ်းခဲ့၏၊ ငါ့စိတ်နှလုံး၌ တွေးမိသည်ကား၊ ကိုယ်တော်၏ကျွန်သည် ကိုယ်တော်ကို အလေးအနက် ရှာပါ၏။ ယခု ကျွန်ုပ်သည် ကိုယ်တော်ကို တွေ့လေပြီ။
၁၃ ကိုယ်တော်သည် ကိုယ်တော်၏ ကောင်းကင်တမန်ကို အကျွန်ုပ်အား ဧလကာန၏ဘုရားတို့ထံမှ ကယ်လွှတ်ရန် စေလွှတ်တော်မူခဲ့၏၊ ကိုယ်တော်၏အသံကို စေ့စေ့နားထောင်ရန်မှာ အကျွန်ုပ်အဖို့ကောင်းပါ၏၊ ထို့ကြောင့်၊ ကိုယ်တော်၏ကျွန်ကို ထ၍၊ ငြိမ်းချမ်းစွာ ထွက်ခွာသွားခွင့်ပေးတော်မူပါ။
၁၄ ထို့ကြောင့်၊ ငါ၊ အာဗြဟံသည် ကိုယ်တော်ရှင်မိန့်တော်မူခဲ့လေသည့်အတိုင်း ထွက်ခွာသွားခဲ့၏၊ လောတသည်လည်း ငါနှင့်အတူရှိ၏။ ငါ၊ အာဗြဟံသည်လည်း၊ ခါရန်ပြည်မှ ထွက်ခွာသွားခဲ့သည့် အချိန်၌ အသက် ခြောက်ဆယ့်နှစ်နှစ်ရှိလေ၏။
၁၅ ထို့အတူ၊ ငါသည် ခါလဒဲပြည်၊ ဥရမြို့၌ရှိစဉ် အိမ်ထောင်ဖက်ပြုခဲ့သူ စာရဲ၊ ထို့အတူ ငါ့အစ်ကို၏သား လောတ၊ ထို့အတူ ငါတို့စုဆောင်းခဲ့သည့် ငါတို့၏ ခပ်သိမ်းသောဥစ္စာများ၊ ထို့အတူ ခါရန်ပြည်၌ ငါတို့ရခဲ့လေသည့်သူများတို့ကို ယူ၍၊ ခါနာန်ပြည်သို့ သွားရန်လမ်းသို့ လာခဲ့ကြ၏၊ ငါတို့သည် လမ်း၌ရှိစဉ် တဲများ၌ နေထိုင်ခဲ့ကြ၏။
၁၆ ထို့ကြောင့်၊ ငါတို့သည် ယာရှုန်ပြည်ကို ဖြတ်၍၊ ခါရန်ပြည်မှ ခါနာန်ပြည်သို့ ခရီးသွားစဉ်တွင် ထာဝရကာလမှာ ငါတို့၏ အကာအကွယ်၊ ထို့အတူ ငါတို့၏ ကျောက်၊ ထို့အတူ ငါတို့၏ ကယ်တင်ခြင်း ဖြစ်၏။
၁၇ ယခုတွင်၊ ငါ၊ အာဗြဟံသည်၊ ယရှုန်ပြည်၌ ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်၍၊ ကိုယ်တော်ရှင်အား ပူဇော်သက္ကာပြု၏၊ ငါ့အဘ၏ အိမ်သားတို့ မပျက်စီးနိုင်ကြစေကြောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို သူတို့ထံမှ လွှဲသွားနိုင်ခြင်းငှာလည်း ဆုတောင်း၏။
၁၈ ထို့နောက်တွင်၊ ငါတို့သည် ယာရှုန်ပြည်ကို ဖြတ်၍၊ ရှက်ခင်အရပ်သို့ သွားခဲ့ကြ၏။ ထိုအရပ်မှာ မောရလွင်ပြင်၌ ရှိ၏၊ ငါတို့သည်လည်း ခါနာန်အမျိုးသားတို့၏ နယ်နိမိတ်ထဲသို့ ဝင်လာခဲ့ကြလေပြီးလျှင်၊ ငါသည် မောရလွင်ပြင် အရပ်၌ ယဇ်ပူဇော်ခဲ့၏၊ ကိုယ်တော်ရှင်ကိုလည်း လေးနက်စွာ ပတ္ထနာပြုခဲ့၏၊ အကြောင်းမူကား၊ ငါတို့သည် ဤရုပ်တု ကိုးကွယ်ကြသော လူမျိုးတို့၏ ပြည်ထဲသို့ ဝင်လာခဲ့ကြပြီးလေပြီ။
၁၉ ကိုယ်တော်ရှင်သည်လည်း ငါ့ဆုတောင်းခြင်းတို့၏ အဖြေအဖြစ် ငါ့ထံသို့ပေါ်လာတော်မူပြီးလျှင်၊ သင်၏ အမျိုးအနွယ်တို့အဖို့ ငါသည် ဤပြည်ကို ပေးတော်မူမည်ဟု ငါ့ကို မိန့်တော်မူ၏။
၂၀ ငါ၊ အာဗြဟံသည်လည်း၊ ကိုယ်တော်ရှင်အဖို့ ငါတည်ဆောက်ခဲ့လေသည့် ယဇ်ပလ္လင်ရှိရာအရပ်မှ ထ၏၊ ထိုအရပ်မှနေ၍ ဗေသလမြို့ အရှေ့ရှိတောင်သို့ပြောင်း၍၊ အနောက်၌ ဗေသလမြို့၊ အရှေ့၌ အာဣမြို့ ရှိရာစပ်ကြားနေရာ၌ ငါ၏တဲကို ဆောက်၏။ ထိုနေရာ၌ ငါသည် တခြား ယဇ်ပလ္လင် တစ်ခုကိုလည်း ကိုယ်တော်ရှင်အဖို့ တည်ဆောက်၍၊ ကိုယ်တော်ရှင်၏နာမတော်ကို တစ်ဖန်ပတ္ထနာပြု၏။
၂၁ ငါ၊ အာဗြဟံသည် တောင်အရပ်သို့ပင် ဆက်၍ ခရီးသွား၏။ ထိုပြည်၌ ငတ်မွတ် ခေါင်းပါးခြင်း ဘေးလည်း ဆက်၍ရှိ၏။ ငါ၊ အာဗြဟံသည်လည်း အဲဂုတ္တုပြည်ထဲသို့ ဆင်းသွားရန်၊ ထိုနေရာ၌ တည်းခိုရန် ဆုံးဖြတ်ခဲ့၏၊ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးခြင်းဘေးမှာ အလွန်ပြင်းထန်လာခဲ့၏။
၂၂ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ ငါသည် အဲဂုတ္တုပြည်ထဲသို့ဝင်ရန် အနီးသို့ရောက်လျှင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူလေသည်ကား၊ ရှုလော့၊ သင်၏ဇနီး၊ စာရဲသည် အဆင်း အလွန်ချောမောသော မိန်းမဖြစ်၏။
၂၃ ထို့ကြောင့် အချိန်တန်လာ၍၊ အဲဂုတ္တုလူတို့က သူမကိုမြင်လျှင် သူမသည် သူ၏ဇနီးဖြစ်၏ဟုဆို၍ သင့်ကို သတ်လိမ့်မည်၊ သို့ရာတွင် သူမကို အသက်ချမ်းသာပေးလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဤသို့ဆိုလော့၊
၂၄ သူမအား သင်၏နှမဖြစ်ကြောင်း အဲဂုတ္တုလူတို့ကို ပြောစေလော့၊ သင်၏အသက် ချမ်းသာရလိမ့်မည်။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ အာဗြဟံသည်၊ ငါ၏ဇနီး၊ စာရဲအား၊ ငါ့ကို ကိုယ်တော်ရှင်မိန့်တော်မူသမျှကို ပြောပြ၏—ထို့ကြောင့် သင်သည် ငါ့နှမဖြစ်သည်ဟု သူတို့ကို ပြောပါလော့၊ သင့်ကို ငါတောင်းပန်၏၊ ထိုသို့ပြောလျှင် ငါသည် သင့်အတွက် ကောင်းစားလိမ့်မည်၊ ငါ့အသက်လည်း သင့်ကြောင့် ချမ်းသာရလိမ့်မည်။