ကျမ်းစာများ
ဟေလမန် ၉


အခန်းကြီး ၉

တမန်တို့သည် တရား​သူကြီးချုပ်ကို တရား​ပလ္လင်၌ သေ​နေသည်ကို တွေ့​ရှိကြ၏—သူတို့သည် ထောင်ထဲ၌ လှောင်​ထားခံ​ရ၏၊ နောက်ပိုင်း၌ လွှတ်​ပေး​ခံရကြ၏—လမ်း​ပြ​လှုံ့ဆော်မှု​အားဖြင့်၊ နီဖိုင်းသည် ရှေနတမ်ကို လူ့​အသက်​သတ်သော​သူ​အဖြစ် ဖော်​ထုတ်၏—နီဖိုင်းကို ပရောဖက်​တစ်ပါး​အဖြစ် အချို့သော​သူများက လက်​ခံကြ၏။ ဘီစီ ၂၃–၂၁ ခန့်။

ရှုလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း ဤစကားများကို ပြောလေ​ပြီးလျှင်၊ သူတို့​အထဲမှ လူအချို့သည် တရား​ပလ္လင်သို့ ပြေးသွားကြ၏။ အထူးသဖြင့်၊ သွားသော​သူ ငါး​ဦး​ရှိ၏၊ သူတို့​သွားကြစဉ် အချင်း​ချင်း ပြော​ကြလေ​သည်ကား၊

ရှုလော့၊ ယခုတွင်၊ ငါတို့သည် ဤလူအား ပရောဖက်​တစ်ပါး ဟုတ်​မဟုတ်ကို​လည်း​ကောင်း၊ ငါတို့​ထံသို့၊ ထိုကဲ့သို့ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ပရောဖက်​ပြု၍​ဟော​စေခြင်းငှာ၊ သူ့ကို ဘုရားသခင် မိန့်​တော်မူ​လေခြင်း ရှိ​မရှိ​ကိုလည်း​ကောင်း ဧကန်​အမှန်​သိကြ​လိမ့်မည်။ ရှုလော့၊ သူမိန့်​တော်မူ​ခံရကြောင်းကို ငါတို့​မယုံကြည်ကြ။ ထိုမှတစ်ပါး၊ သူသည် ပရောဖက်​တစ်ပါး​ဖြစ်​သည်ဟု ငါတို့​မယုံကြည်ကြ။ အဘယ်သို့​ပင်​ဖြစ်စေ၊ တရား​သူကြီး​ချုပ်နှင့်​စပ်လျဉ်း၍၊ သေသည့်​အကြောင်း၊ သူ​ပြောသည့်​အရာ မှန်ကန်​မည်​ဆိုလျှင်၊ ထို့နောက်တွင်၊ သူ​ပြောလေသည့် အခြား​သော​စကား​များ​သည်​လည်း မှန်​ကန်​ကြောင်းကို ငါတို့​ယုံကြည်​ကြမည်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် အစွမ်း​ရှိသမျှ​ပြေး​သွား၍၊ တရား​ပလ္လင်​ရှိရာသို့ ဝင်​လာကြ၏။ ရှုဦးလော့၊ တရား​သူကြီး​ချုပ်သည် မြေကြီးသို့​လဲ​ကျ၍၊ အသွေး၌ လဲ​နေ၏။

ယခုမူကား၊ ရှုလော့၊ သူတို့သည် ဤအမှုကို​မြင်လျှင်၊ လွန်စွာ​အံ့ဩကြ​သည်မှာ မြေကြီးသို့ လဲကျသည့်​တိုင်​အောင်​ပင်​တည်း။ အကြောင်း​မူကား၊ တရား​သူကြီး​ချုပ်နှင့်​စပ်​လျဉ်း၍၊ နီဖိုင်း​ပြောသည့်​စကားများကို မယုံကြည်ကြ။

သို့ရာတွင်၊ ယခု​မူကား၊ မြင်ကြရသောအခါ ယုံကြည်ကြ၏။ နီဖိုင်း​ပြောသည့် ခပ်သိမ်းသော​တရား​စီရင်​တော်မူခြင်းများ လူတို့​အပေါ် ကျ​ရောက်​လာမည်ကို ကြောက်ရွံ့ခြင်းသည် သူတို့​အပေါ် ကျ​ရောက်​လာ၏။ ထို့ကြောင့်၊ သူတို့သည် တုန်​လှုပ်၍ မြေကြီးသို့ လဲ​ကျကြ၏။

ယခုတွင်၊ တရား​သူကြီး အသတ်​ခံရ​ပြီးလျှင်​ပြီးချင်း—သူ့ ညီက လျှို​ဝှက်သော​အဝတ်​အစားကို​ဝတ်၍၊ ထိုးသည်ကို သူ​ခံရခြင်း​ဖြစ်၏။ ထိုသူ ထွက်​ပြေး၍၊ ကျွန်တို့​သည်​လည်း သူတို့၌ လူ့​အသက်ကို​သတ်ခြင်း​အမှုကို အော်ဟစ်၍​ပြေး​လာပြီးလျှင်၊ လူတို့ကို ပြော​ပြကြ၏။

ရှုဦးလော့၊ လူတို့သည် တရား​ပလ္လင်​ရှိရာ​နေရာသို့ သူတို့​ကိုယ်​သူတို့ အတူတကွ​စုဝေးကြ၏—ရှုဦးလော့၊ သူတို့သည် မြေကြီးသို့ လဲကျသူ ထိုလူ​ငါးဦးကို​မြင်၍ အံ့ဩကြ၏။

ယခု​မူကား၊ ရှုလော့၊ လူတို့သည် နီဖိုင်း၏​ဥယျာဉ်၌ အတူတကွ​စုဝေးသည့် လူ​အစု​အဝေး​အကြောင်း အဘယ်​အရာကိုမျှ မသိကြ။ ထို့ကြောင့်၊ သူတို့​အချင်း​ချင်း​ဆိုကြ​သည်မှာ၊ ဤ​လူတို့​သည်ကား၊ တရား​သူကြီးကို သတ်သော​သူများ​ဖြစ်၏၊ ဘုရားသခင်က သူတို့ကို ဒဏ်​ခတ်​တော်မူသဖြင့်၊ သူတို့သည် ငါတို့​ထံမှ ထွက်​မပြေး​နိုင်ကြ။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့ကို ဖမ်းဆီး၍ ချည်​နှောင်ပြီးလျှင်၊ ထောင်ထဲ၌ လှောင်​ထားကြ၏။ တရား​သူကြီး​ချုပ် ကွပ်​မျက်​ခံရ​လေကြောင်းနှင့် လူ့​အသက်​သတ်သော​သူများကို ဖမ်းဆီး၍ ထောင်ထဲ၌ လှောင်​ထားလေ​ပြီ​ဖြစ်​ကြောင်း ကြေ​ညာချက်​ကို​လည်း ထုတ်​ပြန်၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နက်​ဖြန်​နေ့၌၊ လူတို့သည် ကွပ်မျက်​ခံရသည့် တရား​သူကြီး​ချုပ်​ကို သင်္ဂြိုဟ်ရာ၌ ငိုကြွေး​မြည်တမ်းခြင်းငှာနှင့် အစာ​ရှောင်ခြင်းငှာ၊ သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးကြ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း၏​ဥယျာဉ်၌ ရှိကြ၏၊ သူ၏​စကားများကို ကြားနာသူ ထိုတရား​သူကြီးတို့​သည်လည်း သင်္ဂြိုဟ်ရာတွင် အတူတကွ စုဝေးကြ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​သည်လည်း လူတို့၌​မေးမြန်း​ကြားသည်ကား၊ တရား​သူကြီး​ချုပ်နှင့်​စပ်လျဉ်း၍၊ သေမသေ​မေးမြန်းရန် စေလွှတ်​ခံရသူ ငါး​ယောက်သည် အဘယ်မှာ​ရှိလေ​သနည်းဟု ဆိုကြ၏။ သူတို့​က​ဖြေသည်မှာ၊ သင်တို့​စေလွှတ်ခဲ့​သည်​ဆိုသော ငါး​ယောက်​အကြောင်းကို ငါတို့​သိခြင်း​မရှိ။ သို့ရာတွင်၊ လူ့အသက်ကို​သတ်သူ၊ ထောင်​ထဲ၌ ငါတို့​လှောင်​ထားသူ ငါး​ယောက်​ရှိ၏​ဟု ဆိုကြ​၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တရား​သူကြီးတို့က သူတို့ကို ဆောင်ယူခဲ့​ရမည့်​အကြောင်း တောင်းဆို၍၊ ဆောင်​ယူခဲ့ကြ၏။ ရှုဦးလော့၊ သူတို့​သည်ကား၊ စေလွှတ်​ခံရသူ ငါး​ဦး​ဖြစ်၏။ ရှုဦးလော့၊ တရား​သူကြီးတို့​က​လည်း ထိုအမှု​အကြောင်းကို သိခြင်းငှာ သူတို့ကို မေးမြန်းရာ၊ သူတို့​ပြု​ခဲ့​သမျှကို ပြော​ပြ၍ ဆိုလေ​သည်​ကား၊

၁၄ ငါတို့​သည် ပြေး​သွား၍ တရား​ပလ္လင်​ရှိရာ​နေရာသို့ ရောက်လျှင်၊ နီဖိုင်း​သက်​သေခံသည့်​အတိုင်းပင် ခပ်သိမ်းသော​အရာတို့ကို မြင်ရ၍၊ မြေကြီးသို့​လဲကျသည်​တိုင်အောင် အံ့​ဩကြ၏။ အံ့ဩရာမှ ပြန်လည်​အသိဝင်​လာသော​အခါ၊ သူတို့သည် ငါတို့ကို ထောင်​ထဲ၌ လှောင်​ထားကြ၏။

၁၅ ယခုတွင်၊ ဤလူကို သတ်ခြင်း​အမှုနှင့်​စပ်လျဉ်း၍၊ ငါတို့သည် ထိုအမှုကို အဘယ်​သူ​ပြုမှန်း သိခြင်း​မရှိ။ ငါတို့သည် သင်​တောင်းဆိုသည့်​အတိုင်း ပြေး၍၊ ရောက်​လာကြ၏။ ရှုလော့၊ နီဖိုင်း၏​စကားများ​အတိုင်း၊ သူသည်​လည်း သေပြီ၊ ဤမျှ​အထိသာ သိကြ၏။

၁၆ ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးတို့သည် ထို​အမှုကို လူတို့​အား ရှင်း​ပြ၍၊ နီဖိုင်းကို ဆန့်​ကျင်၍ အော်​ဟစ်လျက် ဆိုကြ​လေသည်ကား၊ ရှုလော့၊ ဤနီဖိုင်းသည် တရား​သူကြီးကို ကွပ်မျက်ရန် တစ်စုံ​တစ်ဦးနှင့် သဘော​တူညီ​ခဲ့ရ​ပေမည်။ ထို့နောက်တွင်၊ သူသည် ငါတို့ကို သူ၏​ယုံကြည်ခြင်းသို့ ပြောင်းလဲ​နိုင်​စေခြင်းငှာ​လည်း​ကောင်း၊ သူ့ကိုယ်သူ ကြီး​မြတ်သော​သူ၊ ဘုရားသခင် ရွေး​ကောက်​တော်မူ​ထားသည့်​သူနှင့် ပရောဖက်​တစ်ပါး​အဖြစ် ချီးမြှောက်နိုင် ခြင်း​ငှာ​လည်း​ကောင်း၊ ငါတို့အား ထိုအမှုကို ကြေညာ​နိုင်ပေမည်။

၁၇ ယခုမူကား၊ ရှုလော့၊ ငါတို့သည် ဤလူကို စုံစမ်းကြမည်။ သူ​သည်​လည်း မိမိ​အမှားကို ဝန်ခံ၍၊ ဤတရား​သူကြီးကို သတ်သော​သူ​အမှန်​ကို ငါတို့​အား ဖော်​ပြလိမ့်​မည်။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သင်္ဂြိုဟ်သော​နေ့၌၊ ထိုငါး​ယောက်သည် လွတ်​မြောက်၏။ သို့သော်​လည်း၊ သူတို့သည် တရား​သူကြီးတို့အား နီဖိုင်းကို ဆန့်​ကျင်​ပြောသည့် စကားများနှင့်​စပ်လျဉ်း၍ အပြစ်​တင်ကြ၏၊ သူတို့ကို တစ်ဦးချင်း ငြင်းခုံ၍၊ ချေ​ပကြဆို၏။

၁၉ သို့သော်လည်း၊ နီဖိုင်းကို ဖမ်းဆီး၍ ချည်​နှောင်ပြီးလျှင်၊ လူ​အစု​အဝေး၏​ရှေ့သို့ ဆောင်​ယူ​လာ​စေ​လျက်၊ သူ့ကို ဆန့်​ကျင်​ဘက်​ပြုကြခြင်း​ငှာနှင့်၊ စွပ်စွဲ၍၊ သေ​ပြစ်ကို​စီရင်​နိုင်ကြခြင်းငှာ အထူး​ထူး​အပြား​ပြား​မေး​မြန်း​စပြုကြ၏—

၂၀ သူ့ကို ဆိုလေ​သည်ကား၊ သင်သည် တစ်စုံ​တစ်ဦးနှင့် ပူးပေါင်း​ကြံစည်၏။ ဤလူ့​အသက်​သတ်ခြင်းကို ပြုသည့်​သူကား အဘယ်​သူနည်း။ ယခုတွင်၊ ငါတို့ကို ပြော၍၊ သင်၏​အမှားတို့ကို ဝန်​ခံလော့။ ဆိုကြ​ပြန်သည်​ကား၊ ရှုလော့၊ ဒီမှာ ငွေ​ရှိ၏။ သင်သည် ငါတို့ကို ပြောပြ၍၊ သူနှင့်​ပြုခဲ့သည့် သဘော​တူညီမှု​ကို​လည်း ဝန်​ခံလျှင်၊ ငါတို့​သည် သင့်​အသက်ကို ချမ်း​သာ​ပေးမည်။

၂၁ သို့ရာတွင်၊ နီဖိုင်းက သူတို့ကို ဆိုလေ​သည်ကား၊ အို အသင်​လူမိုက်တို့၊ အသင် စိတ်နှလုံး​အားဖြင့် အရေပြား​လှီးခြင်းကို မခံကြသော​သူတို့၊ အသင် လူ​ကန်းတို့၊ အသင် လည်ပင်း​ခိုင်မာသော လူမျိုးတို့၊ သင်တို့​အပြစ်​ပြုရာ ဤလမ်းသို့ သင်တို့​ဆက်၍​လိုက်စေရန် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်က သင်တို့ကို အဘယ်​မျှ​ကြာအောင် အခွင့်​ပေးတော်မူ​ခဲ့​လေသည်ကို သင်တို့​သိသ​လော။

၂၂ အို အသင်တို့သည် နောင်တ​မရလျှင်၊ ဤကာလ၌ သင်တို့ကို စောင့်​နေသည့် ကြီးစွာသော​ပျက်​စီးခြင်းကြောင့်၊ ညည်း​တွား​မြည်​တမ်းလျက် ငိုကြွေး​မြည်တမ်း​စပြု​သင့်​ပေပြီ။

၂၃ ရှုလော့၊ လူ​တစ်​ယောက်က ငါတို့၏​တရား​သူကြီးချုပ် စေဇောရမ်ကို သတ်ရန်၊ ထိုသူနှင့် ငါသဘော​တူညီ​သည်ဟု သင်တို့​ဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ ဤသို့​ဖြစ်ရ​သည်မှာ၊ ဤအရာ​အကြောင်း သင်တို့​သိနိုင်​စေခြင်းငှာ၊ ထိုမှတစ်ပါး၊ သင်တို့၌​ရှိသည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို ငါသိ​ကြောင်း သက်​သေ​တစ်ခု​အဖြစ် သင်တို့ကို ငါသက်​သေခံ​သော​ကြောင့်​ပင်တည်း။

၂၄ ငါဤ​သို့​ပြုသော​ကြောင့်လည်း၊ လူ​တစ်ယောက် ဤအမှုကို​ပြုရန် ထိုသူနှင့် ငါ​သဘော​တူလေ​ပြီဟု သင်တို့​ဆိုကြ၏။ ထိုမှတစ်ပါး၊ ငါသည် သင်တို့​အား ဤ​နိမိတ်​လက္ခဏာကို ပြသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်​ထွက်၍ ငါ့​အသက်ကို ဖျက်ဆီးရန် ကြိုး​စားကြ​၏။

၂၅ ယခုမူကား၊ ရှုလော့၊ ငါသည် သင်တို့ကို တ​ခြား​နိမိတ်​လက္ခဏာ​တစ်ခုကို ပြလျှင်၊ ဤအရာနှင့်​စပ်​လျဉ်း၍၊ သင်တို့ ငါ့ကို ဖျက်ဆီးရန် ကြိုး​စားခြင်း ရှိမရှိ ကြည့်​ဦးမည်။

၂၆ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ စေဇောရမ်၏​ညီဖြစ်သူ ရှေနတမ်၏​အိမ်သို့​သွားလော့၊ သူ့ကို ဆိုရ​မည်မှာ—

၂၇ သင်၏​အစ်ကို စေဇောရမ်ကို သင်သတ်ရာ၌ ဤလူမျိုးတို့၏ မကောင်းမှု​အကြောင်းကို အလွန်​များစွာ​ပရောဖက်​ပြု၍​ဟောသည့် အယောင်​ဆောင်​ပရောဖက်​နီဖိုင်းသည် သင်နှင့် သဘော​တူညီ​ခဲ့သလော။

၂၈ ရှုဦးလော့၊ မဟုတ်ပေဟု သူသည် သင်တို့ကို ဆိုလိမ့်မည်။

၂၉ သင်တို့ကလည်း သူ့ကို မေး​ရမည်ကား၊ သင်သည် သင့်အစ်​ကိုကို သတ်သ​လော။

၃၀ ထိုသူ​သည်လည်း ကြောက်​ရွံ့စွာ​ရပ်၍ အဘယ်သို့​ပြောရမှန်း​မသိ ဖြစ်​လိမ့်မည်။ ရှုဦးလော့၊ သင်တို့ကို ငြင်းဆို​လိမ့်မည်။ အံ့ဩ​သကဲ့သို့​လည်း ပြုလိမ့်မည်။ သို့ရာတွင်၊ အပြစ်​မရှိကြောင်း သင်တို့ကို ပြော​ကြား​လိမ့်မည်။

၃၁ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် သူ့ကို စုံစမ်းစစ်​ဆေး​ရမည်။ ထို့နောက်​တွင်၊ သင်တို့သည် သူ့​ဝတ်ရုံ၏​အစွန်း၌ အသွေးကို တွေ့ရ​လိမ့်မည်။

၃၂ သင်တို့​သည်လည်း ဤအရာကို မြင်လျှင်၊ ဆိုရ​မည်ကား၊ ဤအသွေးသည် အဘယ်​နေရာမှ လာသနည်း။ သင့်​အစ်ကို၏​အသွေး​ဖြစ်ကြောင်းကို ငါတို့​မသိ​လေ​သလော။

၃၃ ထိုသူ​သည်လည်း တုန်၍၊ သူ့​အပေါ်သို့ သေခြင်း ကျ​ရောက်​လာ​သကဲ့သို့ပင် ဖြူ​ရော်​လာ​လိမ့်မည်။

၃၄ ထို့နောက်တွင်၊ သင်တို့ ဆိုကြ​မည်ကား၊ သင်၏​မျက်နှာ​ပေါ်၌ ရောက်​လာသော ဤကြောက်​ရွံ့ခြင်းနှင့်၊ ဤဖြူ​ရော်ခြင်းတို့​ကြောင့်၊ ရှုလော့၊ ငါတို့သည် သင်အပြစ်​ရောက်​ကြောင်းကို သိကြ၏။

၃၅ ထို့နောက်တွင် ပို၍​ကြီးစွာ​သော​ကြောက်​ရွံ့ခြင်း​သည် သူ့​အပေါ်သို့ ရောက်​လာ​လတ္တံ့။ ထို့နောက်တွင်​သင်တို့ထံ ဝန်ခံ၍၊ ဤလူ့​အသက်​သတ်ခြင်း​အမှုကို သူ​မပြု​ကြောင်း မငြင်း​ဆိုတော့လတ္တံ့။

၃၆ ထို့နောက်တွင်ကား၊ ငါ​နီဖိုင်းသည် ဘုရားသခင်၏​တန်ခိုး​တော်​အားဖြင့် ပေး​ထားသော​အသိ​မှတစ်ပါး၊ ထို​အမှုနှင့်​စပ်လျဉ်း၍ အဘယ်​အရာကိုမျှ မသိကြောင်း သူက သင်တို့ကို ဆိုလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့သည် ငါ့ကို၊ ရိုးသားသော​သူ​တစ်ဦး​ဖြစ်ကြောင်းနှင့်၊ ငါ့ကို ဘုရားသခင်ထံမှ သင်တို့ထံသို့ စေလွှတ်​တော်မူ​ကြောင်းကို သိ​ကြ​လိမ့်မည်။

၃၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် သွား၍၊ နီဖိုင်း​ပြောသည့်​အတိုင်းပင် ပြုကြ၏။ ရှုဦးလော့၊ သူ​ပြောသည့် စကားများမှာ မှန်ကန်၏။ အကြောင်းမူကား၊ ထိုစကားများ​အတိုင်းပင်၊ ထို​သူ​ငြင်းဆို၏။ ထိုစကားများ​အတိုင်းပင် ထို​သူ​ဝန်ခံ၏။

၃၈ ထို့အတူ၊ သူ​ကိုယ်တိုင်သည် လူ့​အသက်​သတ်သော​သူ​အမှန်​ဖြစ်​ကြောင်း ထင်​ရှား​စွာ​ပြစေရန် ဆောင်ယူ​ခံရ၍၊ ငါး​ယောက်နှင့် နီဖိုင်း​သည်​လည်း လွတ်​မြောက်၏။

၃၉ နီဖိုင်း၏​စကားများကို ယုံကြည်သည့် နီဖိုင်း​အမျိုးသား​အချို့လည်း ရှိ၏။ ငါး​ယောက်တို့၏ သက်​သေ​ခံချက်​ကြောင့် ယုံကြည်သူ​အချို့လည်း ရှိလေ၏။ အကြောင်း​မူကား၊ သူတို့သည် ထောင်​ထဲ၌​ရှိစဉ် ပြောင်း​လဲကြ​လေပြီ။

၄၀ ယခု​မူကား၊ နီဖိုင်း​သည် ပရောဖက်​တစ်ပါး​ဖြစ်ကြောင်း​ပြောသူ​အချို့ လူတို့၌ ရှိ၏။

၄၁ အခြား​သော​သူတို့​က​လည်း ဆိုကြ​သည်ကား၊ ရှုလော့၊ သူသည် ဘုရား​တစ်ပါး​ဖြစ်၏။ အကြောင်း​မူကား၊ ဘုရား​တစ်ပါး​မဟုတ်လျှင်၊ ခပ်သိမ်းသော​အရာတို့ကို သိနိုင်မည်​မဟုတ်။ အကြောင်း​မူကား၊ ရှုလော့၊ ငါ့တို့​စိတ်နှလုံး၏ အတွေး​အကြံတို့ကို ငါတို့​အား ပြော​ပြလေပြီ။ အရာ​များစွာတို့​ကိုလည်း ငါတို့အား ပြော​ပြလေပြီ။ ငါတို့၏​တရား​သူကြီး​ချုပ်အား သတ်သော​သူ​အမှန်ကို ငါတို့​သိခြင်း​သို့လည်း ဆောင်ခဲ့​ပေပြီ။