ကျမ်းစာများ
ဟေလမန် ၁၂


အခန်းကြီး ၁၂

လူသားတို့သည် မတည်​ကြည်၊ မိုက်​မဲ၍၊ မကောင်းမှုကို​ပြုရန် လျင်​မြန်ကြ၏—ကိုယ်တော်ရှင်သည် သူ၏​လူမျိုးတို့ကို ဆုံးမ​တော်မူ၏—လူသား၏​အရေး​မပါခြင်းကို ဘုရားသခင်၏​တန်ခိုး​တော်နှင့် နှိုင်း​ယှဉ်​ထား၏—တရား​စီရင်တော်​မူရာ​နေ့၌၊ လူသားတို့သည် ထာဝရ​တည်မြဲသော​အသက်​တာ၊ သို့မဟုတ် ထာဝရ​တည်မြဲသော​အပြစ်​ဒဏ်​ရောက်ခြင်းကို ရ​ရှိကြမည်။ ဘီစီ ၆ ခန့်။

ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် လူသားတို့၏​စိတ်နှလုံး​အဘယ်မျှ​လောက် မှား​ယွင်းခြင်းနှင့်၊ မတည်​ငြိမ်ခြင်းတို့​ရှိကြောင်းကို နား​လည်​နိုင်ကြ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်သည် သူ့အား ကိုးစားသော​သူတို့ကို သူ၏​ကြီးစွာသော အတိုင်း​မသိသော ကောင်း​မြတ်ခြင်းဖြင့်၊ ကောင်း​ချီး​ပေး၍၊ အောင်မြင်​စေတော်မူကြောင်း ငါတို့​သိနိုင်​ကြ၏။

ထိုမှတစ်ပါး၊ သူ၏​လူမျိုးတို့ကို၊ အောင်မြင်​စေသည့်​အချိန်၌ ငါတို့​သိနိုင်​ကြ​သည်မှာ၊ အထူး​သဖြင့်၊ သူတို့၏​လယ်ကွင်းများ၊ သူတို့၏​သိုးစုများနှင့် သူတို့၏​နွားစုများ၊ ရွှေ၊ ငွေနှင့် အမျိုး​မျိုးသော အဖိုး​ထိုက်​သည့်​အရာ အမျိုး​အစား​မှန်သမျှတို့၌ တိုး​ပွားခြင်း၊ သူတို့၏​အသက်ကို ချမ်း​သာ​ပေး၍၊ သူတို့ကို သူတို့​ရန်သူများ၏​လက်မှ ကယ်​လွှတ်ခြင်း၊ သူတို့ကို​ဆန့်ကျင်၍ စစ်​မကြေ​ညာ​စေခြင်းငှာ၊ သူတို့​ရန်သူများ၏​စိတ်နှလုံးကို ပျော့​ပျောင်း​စေခြင်း၊ ထိုမှတစ်ပါး၊ အချုပ်​အားဖြင့်၊ သူ့​လူမျိုးတို့၏​ကောင်း​ကျိုးနှင့် ပျော်​ရွှင်ခြင်း​အတွက် ခပ်သိမ်းသော​အမှုတို့ကို​ပြုခြင်းတို့၏​အချိန်၌၊ ထိုမှတစ်ပါး၊ ယင်း​နောက်​တွင်ကား၊ သူတို့သည် စိတ်နှလုံးကို မာကျော​စေ၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို မေ့လျော့၍၊ သန့်ရှင်း​တော်မူသော​ဘုရားကို ခြေဖြင့်​နင်းကြ၏—ထိုမှတစ်ပါး၊ ဤအမှု​သည်ကား၊ သူတို့၏ သက်​သာခြင်းနှင့် အလွန်​ကြီးစွာသော အောင်မြင်ခြင်းတို့​ကြောင့်​ပင်တည်း။

ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိ​မြင်ကြ​သည်မှာ ကိုယ်တော်ရှင်က သူ၏​လူမျိုးတို့ကို များစွာသော ဆင်းရဲ​ဒုက္ခများနှင့် မဆုံး​မလျှင်၊ အထူးသဖြင့်၊ သေခြင်းနှင့် ကြောက်​မက်​ဖွယ်သော​အရာတို့​ဖြင့်​လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးဖြင့်​လည်း​ကောင်း၊ အမျိုး​မျိုးသော ကာလ​နာ​ဘေးတို့​ဖြင့်​လည်း​ကောင်း ပြစ်​ဒဏ်​ပေး​မဆုံး​မလျှင်၊ သူတို့ သူ့ကို အောက်​မေ့ကြ​မည်​မဟုတ်​ကြောင်း​ပေတည်း။

အို လူသားတို့သည် မိုက်မဲ​လှပေစွ​တကား၊ အချည်း​နှီး​ဖြစ်ပေစွ​တကား၊ ဆိုး၍ နတ်ဆိုး​ကဲ့သို့​ဖြစ်​ပေစွ​တကား၊ ဒုစရိုက်ကို​ပြုရန် လျင်​မြန်၍၊ ကောင်း​မြတ်​သည်ကို ပြုရန် နှေး​ကွေးလှ​ပေစွတကား။ ထိုမှတစ်ပါး၊ မာရ်နတ်၏​စကားများကို စေ့စေ့နား​ထောင်ရန်နှင့် သူတို့​စိတ်နှလုံးကို လောက၏​အချည်း​နှီးသော​အရာတို့​အပေါ်၌​ထားရန် လျင်​မြန်​လှပေ​စွတကား။

ထိုမှတစ်ပါး၊ မာနဖြင့် ဘဝင်မြင့်ရန် လျင်​မြန်​လှပေစွ​တကား။ ထိုမှတစ်ပါး၊ ဝါကြွား၍၊ ဒုစရိုက်​ဖြစ်သည့် အမျိုး​မျိုးသော​အရာတို့ကို​ပြုရန် လျင်​မြန်လှ​ပေစွတကား။ ထို့အတူ၊ သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို အောက်မေ့ရန်နှင့် သူ၏​အကြံ​များကို နားညောင်းရန် နှေးကွေး​လှပေစွ​တကား။ ထိုမှတစ်ပါး၊ ဉာဏ်​ပညာ၏​လမ်း​ကြောင်းများသို့ လိုက်ရန် နှေးကွေး​လှပေစွ​တကား။

ရှုလော့၊ သူတို့ကို ဖန်ဆင်း​တော်မူ​လေသည့် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား သူတို့​အပေါ် အစိုး​ရ၍ အုပ်စိုးမည်ကို အလို​မရှိကြ။ သူတို့​အပေါ်သို့ သူ၏​ကြီးစွာသော ကောင်း​မြတ်ခြင်းနှင့် ကရုဏာတော်တို့ ရှိသော်​ငြားလည်း သူ၏​အကြံကို အလေး​မထားဘဲ​လျစ်လျူ​ရှုလျက်၊ သူ့ကို သူတို့၏ ဦးဆောင်​လမ်းပြ မဖြစ်​စေလိုကြ။

အို လူ​သားတို့၏​အရေး​မပါခြင်း​သည်ကား၊ ကြီးပေစွ​တကား။ ထိုမှတစ်ပါး၊ သူတို့သည် မြေမှုန့်​ထက်ပင် နိမ့်ကျ၏။

အကြောင်း​မူကား၊ ရှုလော့၊ ငါတို့၏​ကြီး​မြတ်သည့် ထာဝရ​တည်​မြဲသော​ဘုရားသခင်၏ အမိန့်ဖြင့် မြေမှုန့်သည် အရပ်ရပ်သို့ လွင့်၍၊ အစိတ်​စိတ်​ကွဲ၏။

ထိုမှတစ်ပါး၊ ရှုလော့၊ သူ၏​အသံ​အားဖြင့် တောင်ကုန်းနှင့် တောင်များတုန်၍၊ လှုပ်၏။

၁၀ သူ့​အသံ၏​တန်ခိုး​အားဖြင့်လည်း ၎င်းတို့သည် ကွဲ​ပြတ်၍၊ ညီညာ​လာသဖြင့်၊ အမှန်​စင်စစ်၊ ချိုင့်ဝှမ်း​ကဲ့သို့​ပင်​ဖြစ်၏။

၁၁ ထိုမှတစ်ပါး၊ သူ့​အသံ၏​တန်းခိုး​အားဖြင့် မြေကြီး​တစ်ခုလုံး လှုပ်၏။

၁၂ ထိုမှတစ်ပါး၊ သူ့​အသံ၏​တန်ခိုး​အားဖြင့် အုတ်​မြစ်သည် အလယ်​ဗဟိုထိ​တိုင်အောင်ပင် သိမ့်​သိမ့်​တုန်၏။

၁၃ ထိုမှတစ်ပါး၊ သူက မြေကြီးကို—ရွေ့လော့—ဟု ဆိုလျှင်၊ ရွေ့၏။

၁၄ ထိုမှတစ်ပါး၊ သူက မြေကြီးကို—နောက်သို့ ပြန်လည်၍၊ နေ့ကို နာရီ​ပေါင်း​များစွာ ဆန့်​စေလော့—ဟု ဆိုလျှင် ထို​အမှု​ဖြစ်၏။

၁၅ ထိုကဲ့သို့​အားဖြင့်၊ သူ၏​စကား​အတိုင်း မြေကြီးသည် နောက်သို့​လည်၍၊ လူ​သား​အနေဖြင့် နေသည် ငြိမ်၍​ရပ်နေ​ဟန်​ရှိ၏။ ထိုမှတစ်ပါး၊ ရှုဦးလော့၊ ဤကဲ့သို့ပင်​ဖြစ်၏။ အကြောင်းမူကား၊ ရွေ့​လျား​သည်မှာ မြေကြီး​ဧကန်​အမှန်ဖြစ်၏၊ နေ​မဟုတ်။

၁၆ ရှုဦးလော့၊ သူက မဟာသမုဒ္ဒရာ​ရေကို—သင် ခန်း​ခြောက်လော့—ဟု ဆိုလျှင်​လည်း၊ ထိုအမှု ဖြစ်၏။

၁၇ ရှုလော့၊ သူသည် ဤတောင်ကို—သင် ထ​လာ၍၊ ထိုမြို့ကို ဖုံး​လွှမ်းစေခြင်းငှာ အပေါ်သို့ ကျလော့—ဟု ဆိုလျှင်၊ ရှုလော့၊ ထိုအမှု ဖြစ်၏။

၁၈ ရှုဦးလော့၊ အကြင်​လူသည် မြေကြီး​ထဲ၌ ဘဏ္ဍာကို ဝှက်​ထားလျှင်၊ ကိုယ်တော်ရှင် မိန့်တော်​မူလိမ့်မည်​မှာ—ဝှက်ထား​သူ၏​ဒုစရိုက်​ကြောင့်၊ ထိုအရာသည် ကျိန်ခြင်းကို ခံစေဟု​ဖြစ်သတည်း—ရှု​လော့၊ ထိုအရာသည် ကျိန်ခြင်းကို ခံရ​လိမ့်မည်။

၁၉ ထို့အတူ၊ ကိုယ်တော်ရှင်က—သင်သည် ကျိန်ခြင်းကို ခံရ​သဖြင့်၊ ဤအချိန် ယခုမှ​စ၍၊ ကာလ​အစဉ်​အဆက် အဘယ်​သူမျှ သင့်ကို ရှာမတွေ့​ဘဲရှိ​လိမ့်မည်—ဟု မိန့်တော်မူလျှင်၊ ရှုလော့၊ ယခု​မှ​စ၍၊ ကာလ​အစဉ်​အဆက် ၎င်းကို အဘယ်​သူမျှ မတွေ့လတ္တံ့။

၂၀ ရှုဦးလော့၊ ကိုယ်တော်ရှင်က လူ​တစ်ဦးကို—သင်၏​ဒုစရိုက်များကြောင့်၊ သင်သည် ကာလ​အစဉ်​အဆက် ကျိန်ခြင်း​ခံရမည်—ဟု မိန့်တော်မူလျှင်၊ ထိုအမှု​ဖြစ်လိမ့်မည်။

၂၁ ကိုယ်တော်ရှင်က—သင်၏​ဒုစရိုက်များ​ကြောင့်၊ သင်သည် ငါ၏​မျက်​မှောက်မှ ပယ်ရှင်းခံရမည်—ဟု မိန့်တော်မူလျှင်၊ ထိုအမှုကို​လည်း ဖြစ်​စေ​တော်မူ​လိမ့်မည်။

၂၂ ထို့အတူ၊ သူက ဤသို့​မိန့်​တော်မူ​မည့်​သူသို့ အမင်္ဂလာ​ရောက်ပေ၏။ အကြောင်း​မူကား၊ ဒုစရိုက်ကို​ပြုမည့်​သူသို့ ထိုအမှု​ရောက်​လိမ့်မည်။ ထိုသူ​သည်လည်း ကယ်​တင်ခြင်းသို့ မရောက်နိုင်။ ထို့ကြောင့်၊ လူ​သားတို့ကို ကယ်တင်ခြင်းသို့ ရောက်နိုင်​စေခြင်းငှာ​ဟူသော ဤအကြောင်း​ရင်းကြောင့်၊ နောင်တ​ရခြင်းကို ဟော​ကြား​လေ၏။

၂၃ ထို့ကြောင့်၊ နောင်တ​ရ၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​အသံကို စေ့စေ့နား​ထောင်​မည့်​သူတို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ဤသူတို့သည် ကယ်​တင်ခြင်းသို့ ရောက်မည့်​သူများ​ပေတည်း။

၂၄ လူသားတို့အား နောင်တ​ရခြင်းနှင့် ကောင်း​မြတ်သော​အကျင့်များသို့ ဆောင်​ယူခြင်းကို ခံရ​နိုင်မည့်​အကြောင်းနှင့် သူတို့၏​အကျင့်များ​အတိုင်း၊ ကျေးဇူး​အတွက် ကျေးဇူးသို့ ပြန်လည်​ဆောင်​ယူခြင်းကို ခံရ​နိုင်မည့်​အကြောင်း ဘုရားသခင်သည် သူ၏​ကြီးစွာသော ပြည့်​စုံခြင်းဖြင့် အခွင့်​ပေး​တော်မူ​ပါစေ။

၂၅ ငါသည်လည်း လူ​သား​ခပ်သိမ်းတို့ကို ကယ်​တင်ခြင်းသို့ ရောက်စေနိုင်ရန် အလို​ရှိ၏။ သို့ရာတွင်၊ ထိုကြီးစွာသော နောက်ဆုံး​နေ့၌ နှင်​ထုတ်​ခံရမည့်​သူ​အချို့၊ အထူးသဖြင့်၊ ကိုယ်တော်ရှင်၏​မျက်မှောက်မှ စွန့်ပစ်​ခံရမည့်​သူ​အချို့ ရှိ၏။

၂၆ အထူးသဖြင့်၊ ကောင်းသောအမှုကို ပြုသော​သူတို့သည် ထာဝရ​တည်မြဲသော​အသက်​တာကို ရကြမည်။ မကောင်းမှုကို ပြုသော​သူတို့သည် ထာဝရ​တည်​မြဲသော​အပြစ်​ဒဏ်​ရောက်ခြင်းကို ရရှိ​လိမ့်မည်​ဟု​ဆိုသော စကားများကို ပြီး​ပြည့်​စုံစေလျက်၊ အဆုံး​မရှိသည့် ဝမ်းနည်း​ပူဆွေးခြင်း​အခြေ​အနေသို့ လွှဲ​အပ်ခြင်းကို ခံရမည့်​သူတို့ ရှိ၏။ ဤမျှ​အထိ​ပေတည်း။ အာမင်။