ကျမ်းစာများ
ဟေလမန် ၄


အခန်းကြီး ၄

နီဖိုင်း​အမျိုး​သား​သဘော​ကွဲလွဲသော​သူများနှင့် လာမန်​အမျိုး​သားတို့သည် အင်အားစုများ​ပူးပေါင်း၍၊ ဇရဟင်မလ​ပြည်ကို သိမ်းယူကြ၏—နီဖိုင်း​အမျိုး​သားတို့၏ အရေး​နိမ့်ခြင်းသည် သူတို့၏​ဆိုး​ညစ်ခြင်းကြောင့် ကျရောက်၏—အသင်းတော်သည် လျော့ပါး​ဆုတ်ယုတ်​လာ၏၊ လူတို့သည်လည်း လာမန်​အမျိုး​သားများကဲ့သို့ အားနည်း​လာကြ၏။ ဘီစီ ၃၈–၃၀ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါးဆယ်လေး​နှစ်​မြောက်တွင်၊ အသင်းတော်၌ များစွာသော​ငြင်းခုံခြင်းများ ရှိ၏၊ များစွာသော​အသွေး​သွန်း​လောင်းသည့်​တိုင်အောင်၊ လူတို့၌ တိုက်ခိုက်ခြင်း​များလည်း ရှိ၏။

ပုန်ကန်သော​သူ​အချို့သည် ကွပ်မျက်ခြင်းနှင့် ထိုပြည်မှ​နှင်ထုတ်ခြင်း​တို့ကို ခံရ၍၊ လာမန်​အမျိုး​သားတို့၏​မင်းကြီး​ထံသို့ သွားကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်း​အမျိုး​သားတို့ကို ဆန့်ကျင်၍​စစ်တိုက်ရန် လာမန်​အမျိုး​သားတို့ကို နှိုးဆော်ခြင်းငှာ ကြိုးစား​အား​ထုတ်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ လာမန်​အမျိုး​သားတို့သည် လွန်စွာ​ကြောက်လန့်၍၊ သဘော​ကွဲလွဲသော​သူတို့၏ စကားများကို စေ့စေ့နားမ​ထောင်လိုကြ။

သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်​ခြောက်​နှစ်​မြောက်တွင်၊ နီဖိုင်း​အမျိုး​သားတို့​ထံမှ လာမန်​အမျိုး​သားတို့​ဆီသို့ သွားသည့် သဘော​ကွဲလွဲသော​သူများ​ရှိ၏။ သူတို့​သည်လည်း နီဖိုင်း​အမျိုး​သားတို့ကို ဆန့်ကျင်၍​အမျက်ထွက်စေရန် အခြား​သော​သူတို့ကို နှိုးဆော်ရာ၌ အောင်မြင်ကြ၏။ သူတို့သည် ထို​တစ်နှစ်လုံး၌ စစ်တိုက်ခြင်း​အတွက် ပြင်ဆင်လျက်​ရှိကြ၏။

ငါးဆယ်​ခုနစ်​နှစ်​မြောက်တွင်၊ နီဖိုင်း​အမျိုး​သားတို့ကို ဆန့်ကျင်​၍​စစ်တိုက်ရန် ဆင်းလာကြ၏။ အသေ​သတ်ခြင်းအမှုကိုလည်း စတင်ကြ၏။ အမှန်စင်စစ်၊ တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်ရှစ်​နှစ်မြောက်၌၊ ဇရဟင်မလ​ပြည်၊ ထိုမှတစ်ပါး၊ အလျှံပယ်​ပြည်​အနီး၌ရှိသော ပြည်သို့​တိုင်အောင်၊ ခပ်သိမ်းသော​ပြည်တို့ကို သိမ်းယူရာ၌ အောင်မြင်ကြ၏။

နီဖိုင်း​အမျိုး​သားတို့နှင့် မော်ရော်နိဟ၏​တပ်များ​သည်လည်း အလျှံပယ်​ပြည်ထဲသို့​တိုင်အောင် နှင်ထုတ်​ခံရ၏။

ထိုအရပ်၌ သူတို့သည် လာမန်​အမျိုးသားတို့၏​တစ်ဖက်တွင်၊ အနောက်မှ အရှေ့​ပင်လယ်​အထိ အင်အား​ခိုင်မာ​စေ၏။ ထိုနေရာမှာ၊ သူတို့​အင်အား​ခိုင်မာ​စေ၍၊ သူတို့၏​မြောက်​ပိုင်း​တိုင်းပြည်ကို ကာကွယ်ခြင်းငှာ တပ်များ​ချထားသော​နယ်ခြား​စည်း​တစ်လျှောက်တွင် နီဖိုင်း​အမျိုး​သား​တစ်ဦး​အတွက် တစ်နေ့​ခရီးဖြစ်၏။

ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့၏​သဘော​ကွဲလွဲသော​သူများသည် လာမန်​အမျိုးသားတို့၏ မြောက်​မြားစွာ​သော​တပ်တို့၏​အကူ​အညီဖြင့် တောင်ဘက်​လားရာ​ပြည်၌​ရှိသော၊ နီဖိုင်း​အမျိုးသားတို့၏​ပိုင်ဆိုင်ရာ​မှန်သမျှကို ရယူကြ၏။ ဤခပ်သိမ်းသော​အမှုများ​သည်လည်း တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်​ရှစ်နှင့် ငါးဆယ်ကိုး​နှစ်မြောက်၌ ဖြစ်လေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​နှစ်​မြောက်တွင်၊ မော်ရော်နိဟသည် သူ၏​တပ်များဖြင့် ထိုပြည်၏​များစွာသော​အရပ်တို့ကို ရယူရာ၌ အောင်​မြင်၏။ ထိုမှတစ်ပါး၊ သူတို့သည် လာမန်​အမျိုးသားတို့၏​လက်ထဲသို့ ကျရောက်​ခဲ့သည့် များစွာသော​မြို့တို့ကို ပြန်လည်​ရရှိကြ၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​တစ်နှစ်​မြောက်တွင်၊ သူတို့​ပိုင်ဆိုင်ရာ​အားလုံး၏​တစ်ဝက်ကိုပင် ပြန်လည်​ရရှိရာ၌ အောင်​မြင်ကြ၏။

၁၁ ယခုတွင်၊ နီဖိုင်း​အမျိုး​သားတို့၌​ဖြစ်သည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​မရှိလျှင်၊ ဤကြီးစွာသော​ဆုံးရှုံးခြင်းနှင့် သူတို့၌​ဖြစ်သည့် ကြီးစွာသော သိမ်းရုံး​သတ်ဖြတ်ခြင်းတို့လည်း ဖြစ်​ပျက်မည်​မဟုတ်။ ထိုမှတစ်ပါး၊ ယင်း​အမှုတို့မှာ၊ ဘုရားသခင်၏​အသင်းတော်နှင့် ဆိုင်သောသူ အယောင်​ဆောင်သော​သူတို့၌​လည်း ရှိပေ၏။

၁၂ ထိုအမှုမှာ၊ သူတို့၏မာန​စိတ်နှလုံးနှင့် သူတို့၏​အလွန်​များသော​စည်းစိမ်​ဥစ္စာများ​ကြောင့် ဖြစ်၏။ ထိုမှတစ်ပါး၊ ယင်းအမှု​သည်ကား၊ ဆင်းရဲသားတို့ကို သူတို့​၏ညှဉ်းပန်း​နှိပ်စက်ခြင်း၊ သူတို့၏ စားစရာကို မွတ်သိပ်သော​သူတို့အား မပေးဘဲ​ဆိုင်းငံ့​ထားခြင်း၊ သူတို့၏​အဝတ်များကို အဝတ်​မရှိ​သူတို့အား မပေးဘဲ​ဆိုင်းငံ့​ထားခြင်း၊ သူတို့​၏ညီအစ်ကိုတို့အား ပါးကို​ရိုက်ခြင်း၊ သန့်ရှင်း​မွန်မြတ်သော​အရာကို ပြက်ရယ်​ပြုခြင်း၊ ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်တို့ကို ငြင်းဆိုခြင်း၊ လူ့​အသက်ကို သတ်ခြင်း၊ လုယက်ခြင်း၊ မုသား​ပြောခြင်း၊ ခိုးယူခြင်း၊ သူ့​သား​မယားအားပြစ်​မှားခြင်းကို ကျူးလွန်ခြင်း၊ ကြီးစွာသော​ရန်တွေ့ခြင်း၌ ထကြွခြင်း၊ လာမန်​အမျိုးသားတို့​အကြား နီဖိုင်း​ပြည်သို့ ခွဲ​ထွက်​သွားခြင်းတို့​ကြောင့်​ပေတည်း—

၁၃ သူတို့၏ ဤကြီးစွာသော​ဆိုးညစ်ခြင်းနှင့် သူတို့​ကိုယ်တိုင်၏​ခွန်အား၌ ဝါကြွားခြင်း​ကြောင့်​လည်း၊ သူတို့​ကိုယ်တိုင်၏​ခွန်အား၌ ပစ်ထား ခံရ၏။ ထို့ကြောင့်၊ သူတို့သည် မအောင်မြင်ကြ၊ ဒုက္ခ​ရောက်ကြ၊ ပြင်းစွာ​အရိုက်​ခံရ၊ သူတို့၏​ပိုင်ဆိုင်ရာ​ပြည်​အားလုံး​နီးပါးတို့ကို ဆုံးရှုံး​ရသည်​အထိ လာမန်​အမျိုးသားတို့​ရှေ့မှ နှင်ထုတ် ခံရခြင်းသာရှိကြ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ မော်ရော်နိဟသည် လူတို့​အား၊ သူတို့၏​ဒုစရိုက်ကြောင့် များစွာသော​အရာ​များကို ဟော​ပြော၏။ ထို့အတူ၊ ဟေလမန်၏​သားများ​ဖြစ်သည့် နီဖိုင်းနှင့် လေဟိတို့​ကလည်း လူတို့အား များစွာသော​အရာများကို ဟောပြောလျက်၊ ထိုမှတစ်ပါး၊ သူတို့၏​ဒုစရိုက်များ​နှင့်​စပ်လျဉ်းသည့် များစွာသော​အရာများကို​လည်းကောင်း၊ သူတို့၏​အပြစ်များမှ သူတို့​နောင်တ​မရလျှင်၊ သူတို့​အပေါ်​ကျရောက်​လာမည့်​အရာများကို​လည်းကောင်း ပရောဖက်​ပြု၍​ဟောကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နောင်တရကြ၏။ သူတို့​သည် နောင်တရ​သည်နှင့်​အမျှ၊ အောင်မြင်​စပြုကြ၏။

၁၆ အကြောင်းမူကား၊ မော်ရော်နိဟသည် သူတို့​နောင်တရ​သည်ကို မြင်လျှင်၊ သူတို့ကို တစ်နေရာမှ တစ်နေရာသို့၊ ထို့အတူ မြို့​တစ်မြို့မှ တစ်မြို့သို့ ပို့ဆောင်ရန် စွန့်စား​သည်မှာ၊ သူတို့​ဥစ္စာ​ပစ္စည်းများ၏​တစ်ဝက်နှင့် သူတို့၏​ခပ်သိမ်းသော​ပြည်တို့၏​တစ်ဝက်ကို သူတို့​ပြန်လည်​ရရှိ​ခဲ့လေသည့်​တိုင်အောင်​ပင်တည်း။

၁၇ ထိုကဲ့သို့​အားဖြင့် တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​တစ်​နှစ်​မြောက် ပြီး​ဆုံး၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ့်​နှစ်​နှစ်မြောက်တွင် မော်ရော်နိဟသည် လာမန်​အမျိုး​သားတို့ထံမှ ပိုင်ဆိုင်ရာတို့ကို မရ​ယူနိုင်​တော့။

၁၉ ထို့ကြောင့်၊ သူတို့သည် သူတို့၏​ကျန်ကြွင်းသော​ပြည်များကို ရယူရန်​အကြံ​အစည်ကို စွန့်လွှတ်ကြ၏။ အကြောင်းမူကား၊ လာမန်​အမျိုး​သားတို့မှာ အလွန်​မြောက်မြား​လှသဖြင့်၊ နီဖိုင်​အမျိုးသားတို့​အတွက် ထိုသူတို့​ထက်​ပို၍​ကြီးသော အင်အားကို ရရှိရန်မှာ မဖြစ်​နိုင်သော အခြေ​အနေသို့ ရောက်​လာ၏။ ထို့ကြောင့်၊ မော်ရော်နိဟသည် မိမိ၏​ခပ်သိမ်းသော​တပ်များကို သူသိမ်းယူ​ခဲ့လေသည့် ထိုအရပ်တို့ကို ထိန်းသိမ်းရာ၌ လုပ်ကိုင်​စေ၏။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏ အရေ​အတွက်​များခြင်းကြောင့်၊ နီဖိုင်း​အမျိုး​သားတို့သည် မိမိတို့ အနိုင်ခံရ၊ ထို့အတူ နင်းချေခံရ၊ ထို့အတူ ကွပ်မျက်​ခံရ၊ ထို့အတူ ဖျက်ဆီး​ခံရမည်တို့ကို ကြီးစွာ​စိုးရိမ်ကြ၏။

၂၁ ထိုမှတစ်ပါး၊ အယ်လမာ၏​ပရောဖက်​ပြုဟောချက်​များနှင့် မောဇိယ၏​စကားများ​ကို​လည်း သတိ​ရ​စပြု​ကြ၏။ သူတို့သည် လည်ပင်း​ခိုင်မာသော​လူမျိုးများ ဖြစ်​ကြကြောင်း၊ ထို့အတူ ဘုရားသခင်၏​ပညတ်တော်များကို အလေး​မထား​ဘဲ​လျစ်လျူရှု ကြ​ကြောင်းကို သိကြ၏။

၂၂ မောဇိယ၏​ပညတ်​တရား၊ သို့မဟုတ်၊ လူတို့​ကို​ပေးရန် သူ့အား ကိုယ်တော်ရှင်​မိန့်တော်မူ​ခဲ့သည့်​အရာကို ပြောင်းလဲ၍ သူတို့​ခြေအောက်၌ နင်းချေကြ​သည်​ကို​လည်း သိကြ၏။ သူတို့၏​ဥပဒေများ ဖောက်​ပြန်​လာ၍၊ သူတို့သည် ဆိုးညစ်သော​လူမျိုးများ ဖြစ်​လာ၍၊ လာမန်​အမျိုး​သားတို့​ကဲ့သို့ပင် ဆိုးညစ်ကြောင်း​ကိုလည်း သိကြ၏။

၂၃ သူတို့၏​ဒုစရိုက်ကြောင့်၊ အသင်းတော်​သည်လည်း လျော့ပါး​ဆုတ်​ယုတ်​လာ​စပြု၏။ သူတို့သည် ပရောဖက်​ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်ကို မယုံကြည်​စပြု​လာကြ၏။ ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်း​များကလည်း သူတို့​မျက်နှာကို စေ့​စေ့​ကြည့်​တော်မူ၏။

၂၄ သူတို့​ညီအစ်ကို လာမန်​အမျိုး​သားများကဲ့သို့ အားနည်း​လာကြကြောင်းနှင့် သူတို့ကို ကိုယ်တော်ရှင်၏​ဝိညာဉ်တော် ကာကွယ်​စောင့်​မတော်မူခြင်း မရှိတော့​ကြောင်းတို့​ကိုလည်း သူတို့​သိ​ကြ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် မသန့်ရှင်းသော​ဗိမာန်များ၌ မနေ​ထိုင်​သောကြောင့်၊ သူတို့​ထံမှ ထွက်ခွာ​တော်မူ​လေပြီ—

၂၅ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို သူ၏​အလွန်​တရာ​အံ့ဩဖွယ်​ကောင်း၍ အတု​မရှိသော​တန်ခိုးတော်​အားဖြင့် ကာကွယ်​စောင့်မ​တော်မူခြင်းမှ ရန့်တန့်​တော်မူ၏။ အကြောင်း​မူကား၊ သူတို့သည် မယုံကြည်ခြင်းနှင့် အလွန်​ဆိုးရွားသော ဆိုး​ညစ်ခြင်းတို့၏​အခြေ​အနေ​ထဲသို့ ကျ​ရောက်ကြ၏။ သူတို့သည် လာမန်​အမျိုး​သားတို့မှာ၊ သူတို့ထက် အလွန်​ပို၍​အမြောက်​အမြား​ရှိကြောင်း​ကိုလည်း သိကြ၏။ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင်ကို မှီဝဲ​ဆည်းကပ်ခြင်း​မရှိလျှင်၊ ရှောင်လွှဲ၍​မရဘဲ​ပျက်စီးရ​ကြမည်။

၂၆ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် လာမန်​အမျိုး​သားတို့၏​ခွန်အားမှာ လူ​တစ်ဦး​ချင်း​သည်ပင်၊ မိမိတို့၏​ခွန်အား​ကဲ့သို့ အားကြီး​သည်ကို သိကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဤကြီးစွာသော​လွန်ကျူးခြင်း​ထဲသို့ လဲကျကြ၏။ အမှန်စင်စစ်၊ ထိုကဲ့သို့ များစွာ​မကြာသော​နှစ်များ​အတွင်း​တွင် သူတို့၏​လွန်ကျူးခြင်းကြောင့် အားနည်း​လာကြ​လေသတည်း။