ကျမ်းစာများ
ဟေလမန် ၁၁


အခန်းကြီး ၁၁

နီဖိုင်းသည် ကိုယ်တော်ရှင်အား မိမိတို့​စစ်​တိုက်ခြင်းကို ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးဖြင့် အစား​ထိုးရန် တောင်း​ဆို၏—များစွာ​သော​လူတို့ ပျက်​စီးကြ၏—သူတို့​သည် နောင်တ​ရကြ၏၊ နီဖိုင်းသည် ကိုယ်တော်ရှင်အား မိုးရွာ​စေရန် အပူ​တ​ပြင်းတောင်း​ဆို၏—နီဖိုင်းနှင့် လေဟိတို့​သည် များစွာသော ဗျာဒိတ်တော်​များကို လက်ခံ​ရရှိ​ကြ၏—ဂါဒျန်တန်​ဓား​ပြတို့သည် သူတို့ကိုယ်​သူတို့ ထိုပြည်၌ ခိုင်​မာစွာ တည်​ဆောက်ကြ၏။ ဘီစီ ၂၀–၆ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခုနစ်ဆယ်နှစ်​နှစ်​မြောက်၌၊ ရန်​တွေ့ခြင်းများ တိုး​ပွားသဖြင့်၊ ထိုပြည်​တစ်လျှောက်​လုံးရှိ ခပ်သိမ်းသော​နီဖိုင်း​လူမျိုးတို့၌ စစ်​တိုက်ခြင်း​များ​ရှိ၏။

ထိုအမှုမှာ၊ ဤဖျက်​ဆီးခြင်းနှင့် ဆိုး​ညစ်ခြင်း​အမှုကို ပြုသူ ဤလျှို့​ဝှက်သော​ဓားပြ​အဖွဲ့​ဖြစ်၏။ ဤစစ်​တိုက်ခြင်း​သည်​လည်း ထိုနှစ်​တစ်နှစ်လုံး တာ​ရှည်၏။ ခုနစ်​ဆယ်သုံး​နှစ်မြောက်​၌​လည်း ရှိ​လေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤနှစ်၌၊ နီဖိုင်းသည် ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်၍ ဆို​လေ​သည်​ကား၊

အို ကိုယ်တော်ရှင်၊ ဤ​လူမျိုးတို့အား ဓား​ဘေးဖြင့် ဖျက်​ဆီး​ခံရမည့်​အကြောင်း အခွင့်​ပေး​တော်​မမူပါနှင့်။ သို့ရာတွင်၊ အို ကိုယ်တော်ရှင်၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား အောက်​မေ့ဖို့ရာ သူတို့ကို နှိုးဆော်ခြင်းငှာ၊ ထိုပြည်၌ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးကို​သာလျှင်၊ ရှိ​စေတော်မူပါ။ သူတို့​သည်​လည်း ကိုယ်တော်​ထံသို့ နောင်တ​ရ၍၊ ပြန်​လာ​ကောင်း​ပြန်​လာကြ​ပါမည်။

နီဖိုင်း၏​စကား​များ​အတိုင်းပင် ဖြစ်လေ၏။ ထိုပြည်ပေါ်​ရှိ ခပ်သိမ်း​သော​နီဖိုင်း​လူမျိုးတို့၌ ကြီးစွာသော ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ ခုနစ်ဆယ်လေး​နှစ်​မြောက်၌၊ ငတ်​မွတ်​ခေါင်း​ပါးခြင်းဘေး ဆက်၍​ရှိလျက်၊ ဓား​ဘေးဖြင့် ဖျက်​ဆီးခြင်းမှာ ရပ်​တန့်သော်​လည်း၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေး​သည်​ကား၊ ပြင်း​ထန်​လာ၏။

ဤဖျက်​ဆီးခြင်း​အမှုသည် ခုနစ်ဆယ်​ငါး​နှစ်​မြောက်​၌​လည်း ဆက်၍​ရှိ၏။ မြေကြီးသည် ဒဏ်ခတ် ခံရ​သဖြင့်၊ ခြောက်​သွေ့၍၊ စပါးရာ​သီ၌ စပါး​မသီး။ လာမန်​အမျိုးသားတို့နှင့် နီဖိုင်း​အမျိုး​သား​နှစ်မျိုး​စလုံးတို့၌ မြေကြီး​တစ်ခုလုံးသည် ဒဏ်ခတ် ခံရ၏။ ထို့ကြောင့်၊ သူတို့သည် ဒဏ်ခတ်​ခံရ​သဖြင့်၊ ထိုပြည်၏ ပို၍​ဆိုးညစ်သော​အရပ်များ၌ ထောင်​ပေါင်းများစွာ ပျက်​စီးကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့သည် ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးဖြင့် ဖျက်ဆီး​ခံရတော့​မည်ကို သိလျှင်၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို အောက်​မေ့​စ​ပြု​ကြ၏။ နီဖိုင်း၏​စကားများ​ကို​လည်း သတိ​ရစ​ပြုကြ၏။

လူတို့သည် မိမိတို့၏​တရား​သူကြီး​ချုပ်များနှင့် မိမိတို့၏​အကြီး​အကဲတို့ကို​လည်း​တောင်း​ပန်၍၊ သူတို့ကို နီဖိုင်း​ထံသို့ ပြော​စေလို​သည်​ကား၊ ရှုလော့၊ သင်သည် ဘုရားသခင်၏​လူ​ဖြစ်ကြောင်း ငါတို့​သိကြ၏။ ထို့ကြောင့်​လည်း၊ ငါတို့၏​ပျက်စီးခြင်းနှင့်​စပ်လျဉ်း၍ သင်​ပြောသည့် အလုံး​စုံသော​စကားများ မပြီး​ပြည့်စုံ​စေခြင်းငှာ၊ ငါတို့​ထံမှ ဤငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးကို လွှဲ​ဖယ်​တော်မူမည့်​အကြောင်း ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ တောင်း​လျှောက်​ပါလော့။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီး​တို့သည် လူတို့​အလို​ရှိသည့် စကားများ​အတိုင်း နီဖိုင်း​ထံသို့ ပြော​ကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည် လူတို့​နောင်တ​ရ၍၊ သူတို့​ကိုယ်သူတို့ လျှော်တေ​အဝတ်၌ နှိမ့်ချ​ကြ​သည်ကို မြင်ရလျှင်၊ ကိုယ်တော်ရှင်​ထံသို့ တစ်ဖန်​တောင်း​လျှောက်​လေ​သည်ကား၊

၁၀ အို ကိုယ်တော်ရှင်၊ ဤလူမျိုးတို့ နောင်တ​ရသည်ကို ရှုတော်မူပါ။ သူတို့​သည်လည်း ဂါဒျန်တန်​ဓားပြ​အဖွဲ့ကို သူတို့​အထဲမှ ပယ်​ရှားသဖြင့်၊ ၎င်းတို့ ဆိတ်​သုဉ်း​သွားပါပြီ။ သူတို့၏ လျှို့​ဝှက်သော​အကြံ​အစည်များ​ကိုလည်း မြေကြီး​ထဲ၌ မြှုပ်​ကြ​ပါပြီ။

၁၁ ယခုတွင်၊ အို ကိုယ်တော်ရှင်၊ သူတို့၏ ဤနှိမ့်​ချခြင်း​ကြောင့်၊ ကိုယ်တော်သည် ကိုယ်တော်၏​အမျက်​တော်ကို လွှဲ​တော်မူပါ။ ကိုယ်တော်၏​အမျက်​တော်ကို ကိုယ်တော်​ဖျက်ဆီးနှင့်​လေပြီးသည့် ထိုဆိုး​ညစ်သော​သူတို့ကို ဖျက်ဆီးရာ၌​လည်း ကျေ​နပ်စေ​တော်မူပါ။

၁၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏​အမျက်​တော်​ကို၊ အမှန်စင်စစ်၊ ကိုယ်တော်၏ ပြင်းစွာသော​အမျက်​တော်ကို လွှဲ​တော်မူပါ၊ ဤပြည်၌ ဤငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးကို ရပ်တန့်​စေတော်မူပါ။

၁၃ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စေ့စေ့နား​ထောင်​တော်မူ၍၊ အကျွန်ုပ်၏​စကားများ​အတိုင်း ဖြစ်စေ​တော်မူ၍၊ မြေကြီးသည် မိမိအသီးကို သီးနိုင်​စေခြင်းငှာ​လည်း​ကောင်း၊ စပါးရာ​သီ၌ မိမိစပါးကို သီးနိုင်​စေခြင်းငှာ​လည်း​ကောင်း၊ မြေကြီး​မျက်နှာ​ပြင်ပေါ်သို့ မိုးရွာ​စေ​တော်မူပါ။

၁၄ အို ကိုယ်တော်ရှင်၊ ဓား​ဘေး​တည်းဟူသော ကာလ​နာဘေးကို ရပ်တန့်​နိုင်​စေခြင်းငှာ၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးကို ကျ​ရောက်​စေတော်မူပါဟု အကျွန်ုပ်​ဆိုသော​အခါ အကျွန်ုပ်၏​စကားများကို ကိုယ်တော် စေ့စေ့နား​ထောင်​တော်မူ၏။ ဤကာလ၌ပင်၊ အကျွန်ုပ်၏​စကားများကို ကိုယ်တော်နား​ထောင်​တော်မူမည့်အကြောင်း အကျွန်ုပ်​သိ​ပါ၏။ အကြောင်း​မူကား၊ ကိုယ်တော် မိန့်​တော်မူ​သည်မှာ၊ ဤလူမျိုးတို့ နောင်တ​ရလျှင်၊ ငါသည် သူတို့ကို ချမ်း​သာ​ပေးမည်။

၁၅ ထိုမှတစ်ပါး၊ အို ကိုယ်တော်ရှင်၊ သူတို့​ထံသို့ ရောက်သော ငတ်မွတ်​ခေါင်း​ပါးခြင်း​ဘေး၊ ကာလ​နာဘေးနှင့် ဖျက်​ဆီးခြင်း​ဘေး​ကြောင့် သူတို့​နောင်တ​ရသည်ကို ကိုယ်တော် သိမြင်​တော်မူ​ပါ၏။

၁၆ ယခုမူကား၊ အို ကိုယ်တော်ရှင်၊ သူတို့သည် ကိုယ်တော်ကို အစေ​ခံကြ​လျှင်၊ ကိုယ်တော်သည် ကိုယ်တော်၏ အမျက်တော်ကို လွှဲ​တော်မူ၍ သူတို့ကို တစ်ဖန်​စမ်းသပ်​တော်မူ​မည်​လော။ ထိုသို့​ဆိုလျှင်၊ အိုကိုယ်တော်ရှင်၊ ကိုယ်တော်သည် သူတို့ကို ကိုယ်တော်​မိန့်​တော်မူ​လေသည့် စကားများ​အတိုင်း ကောင်းချီး​ပေးနိုင်​တော်မူ​ပါပေ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ခုနစ်ဆယ်ခြောက်​နှစ်မြောက်တွင်၊ ကိုယ်တော်ရှင်သည် မိမိ​အမျက်တော်ကို လူတို့​ထံ​မှ လွှဲ​တော်မူ၍၊ မြေကြီး​ပေါ်သို့ မိုးရွာ​စေသဖြင့်၊ မြေကြီးသည် မိမိအသီး​ရာသီ၌ မိမိအသီးကို သီး၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မိမိ​စပါးရာသီ၌ မိမိစပါးကို သီး၏။

၁၈ ရှုဦးလော့၊ လူတို့သည် ရွှင်လန်း​ဝမ်းမြောက်၍၊ ဘုရားသခင်ကို ချီးမွမ်းလျက်၊ ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခုလုံး​သည် ရွှင်လန်း​ဝမ်းမြောက်ခြင်း​နှင့်​ပြည့်၏။ သူတို့သည် နီဖိုင်းကို ဖျက်ဆီးရန် မကြိုးစား​တော့၊ သူ့ကို ကြီးစွာသော ပရောဖက်၊ ထို့အတူ၊ ဘုရားသခင်၏​လူ၊ ဘုရားသခင်​ထံမှ​ပေး​ထားသော ကြီးစွာ​သော​တန်ခိုးနှင့် အခွင့်​အာဏာ​ရှိလေ​သူ​အဖြစ် မှတ်​ယူကြ၏။

၁၉ ရှုဦးလော့၊ သူ၏​ညီ​လေဟိ​သည်လည်း ဖြောင့်​မတ်ခြင်း​နှင့်​စပ်ဆိုင်​သော​အရာ​တို့၌ သူ့ထက် အနည်း​ငယ်မျှ လျော့​နည်းသူ မဟုတ်။

၂၀ ထိုကဲ့သို့​အားဖြင့်၊ အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့သည် ထိုပြည်၌ တစ်ဖန်​အောင်မြင်​စပြု၍၊ သူတို့၏​ဆိတ်ညံရာ​အရပ်​တို့ကို ပြန်၍​တည်​ဆောက်​စပြုလျက်၊ အရှေ့​ပင်လယ်မှ အနောက်​ပင်လယ်သို့၊ မြောက်​ဘက်​လားရာနှင့် တောင်​ဘက်​လားရာ နှစ်ခု​စလုံး၌ ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခုလုံးကို ဖုံးလွှမ်း​သည့်​တိုင်အောင်ပင်၊ ပွားများ၍ ပျံ့နှံ့​စပြု​ကြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ခုနစ်ဆယ်​ခြောက်​နှစ်​မြောက်သည် ငြိမ်းချမ်းစွာ ပြီးဆုံး၏။ ခုနစ်ဆယ်ခုနစ်​နှစ်​မြောက်​သည်လည်း ငြိမ်းချမ်းစွာ​အစ​ပြု၏။ အသင်းတော်​သည်လည်း ခပ်သိမ်းသော​ပြည်တို့၏ မျက်​နှာ​ပြင်​တစ်လျှောက် ပျံ့​နှံ့၏။ နီဖိုင်း​အမျိုး​သားနှင့် လာမန်​အမျိုး​သား​နှစ်မျိုး​စလုံးမှ လူ​အများ​စုသည် အသင်းတော်နှင့် ဆိုင်ကြ၏။ သူတို့​သည်လည်း ထိုပြည်၌ အလွန်​ကြီးစွာသော ငြိမ်း​ချမ်းခြင်း ရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ ခုနစ်ဆယ်​ခုနစ်​နှစ်​မြောက် ပြီး​ဆုံး၏။

၂၂ ထို့အတူ၊ ခုနစ်ဆယ်ရှစ်​နှစ်​မြောက်​၌​လည်း၊ ပရောဖက်တို့​အားဖြင့် တည်​ထောင်သည့် ဩဝါဒအချက်များနှင့်​စပ်လျဉ်း၍၊ အနည်း​ငယ်သော ငြင်း​ခုံခြင်းတို့​မှတစ်ပါး၊ ငြိမ်း​ချမ်းခြင်း​ရှိ၏။

၂၃ ခုနစ်ဆယ့်​ကိုး​နှစ်မြောက်​၌လည်း၊ ရန်​တွေ့ခြင်း​များစွာ ရှိ​စပြု၏။ သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ နီဖိုင်းနှင့်​လေဟိ၊ ထို့အတူ မှန်သော​ဩဝါဒ​အချက်များကို သိသည့် သူတို့၏​ညီအစ်ကို​များစွာ​တို့သည် များစွာသော ဗျာဒိတ်တော်​တို့ကို နေ့စဉ်​ရရှိလျက်၊ ထို့ကြောင့်၊ လူတို့အား ဟော​ပြောသဖြင့်၊ ထိုတစ်နှစ်​တည်းတွင် သူတို့၏​ရန်တွေ့ခြင်းများကို အဆုံး​သတ်ကြ၏။

၂၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း ရှစ်​ဆယ်​နှစ်​မြောက်၌၊ ယခင်က​အချို့သော​နှစ်များတွင် လာမန်​အမျိုး​သားတို့​ထံသို့ ထွက်​သွား၍၊ မိမိတို့​အပေါ်၌ လာမန်​အမျိုး​သားတို့၏​အမည်ကို ခံ​ယူကြ​သော​သူ၊ နီဖိုင်း​လူမျိုးတို့နှင့် သဘော​ကွဲလွဲသော​သူ အချို့​ရှိလေ၏၊ လာမန်​အမျိုး​သားတို့၏​အမျိုး​အနွယ် အစစ်​အမှန်​ဖြစ်​သူ​အချို့​တို့သည် ထိုသူတို့​အားဖြင့်၊ သို့မဟုတ်၊ ထိုသဘော​ကွဲလွဲသော​သူတို့​အားဖြင့် အမျက်​ထွက်​စေကြောင်း နှိုးဆော်​ခံရ၏။ ထို့ကြောင့်၊ သူတို့​ညီအစ်ကို​များနှင့် စစ်တိုက်ခြင်းကို စတင်ကြ၏။

၂၅ သူတို့သည် လူ့​အသက်ကို​သတ်ခြင်းနှင့် လုယက်ခြင်းတို့​ကိုလည်း ကျူး​လွန်ကြ၏။ ထို့နောက်တွင်၊ သူတို့သည် တောင်များ​ထဲသို့၊ တောရိုင်းနှင့် လျှို့ဝှက်သော​အရပ်များ​ထဲသို့ ပြန်ပြီး​ဆုတ်ခွာ၍၊ သူတို့ကို မတွေ့​ရှိနိုင်​စေခြင်းငှာ၊ ပုန်း​ကွယ်​နေကြ၏။ သူတို့​ထံသို့ ထွက်​သွားသည့် သဘော​ကွဲလွဲသော​သူများ​ရှိလေသဖြင့်၊ သူတို့​၏အရေ​အတွက်မှာ နေ့စဉ်​တိုး​ပွားလျက်​ရှိ၏။

၂၆ ထိုကဲ့သို့​အားဖြင့် အချိန်​စေ့သော​အခါ၊ များစွာ​မကြာသော​နှစ်များ​အတွင်း၌၊ သူတို့သည် အလွန်​ကြီးစွာသော ဓားပြ​အဖွဲ့ ဖြစ်​လာ၏။ သူတို့သည် ဂါဒျန်တန်၏ လျှို့ဝှက်သည့်​အကြံ​အစည်ခပ်သိမ်းတို့​ကိုလည်း ရှာ​ဖွေကြ၏။ ထိုကဲ့သို့​အားဖြင့် သူတို့သည် ဂါဒျန်တန်​ဓားပြများ ဖြစ်​လာကြ၏။

၂၇ ယခုတွင်၊ ရှုလော့၊ ဤဓားပြတို့​သည် ကြီးစွာသော​ပျက်စီးခြင်း၊ အမှန်​စင်စစ်၊ နီဖိုင်း​လူမျိုးတို့၌၊ ထို့အတူ၊ လာမန်​လူမျိုးတို့၌​လည်း ကြီးစွာသော​ဖျက်​ဆီးခြင်းကို ပြုကြ၏။

၂၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤဖျက်​ဆီးခြင်း​အမှုကို ရပ်တန့်​စေရန် လို​အပ်၏။ ထို့ကြောင့်၊ သူတို့သည် ဤ​ဓားပြများ​အဖွဲ့ကို ရှာဖွေ၍ ဖျက်​ဆီးခြင်းငှာ၊ အားကြီး​သော​သူ​တပ်​တစ်တပ်ကို တောရိုင်း​ထဲနှင့်၊ တောင်များ​ပေါ်သို့ စေ​လွှတ်၏။

၂၉ သို့ရာတွင်၊ ရှုလော့၊ အချိန်​တန်​လာသော​အခါ၊ ထို​တစ်နှစ်​တည်း​တွင်၊ သူတို့နေရင်း​ပြည်ထဲသို့ ပြန်၍​မောင်း​ထုတ်​ခံရ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူ​ကြီးများ​အုပ်စိုးခြင်း ရှစ်​ဆယ်​ပြည့်​နှစ်​မြောက် ပြီး​ဆုံး၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှစ်ဆယ်တစ်​နှစ်မြောက်​အစတွင်၊ သူတို့သည် ဤ​ဓားပြ​များ​အဖွဲ့ကို တစ်ဖန်​ထွက်​သွား၍ တိုက်လျက်၊ များစွာသော​သူတို့ကို ဖျက်​ဆီးကြ၏။ သူတို့​သည်လည်း များစွာသော ပျက်စီးခြင်းကို တွေ့​ကြုံရ၏။

၃၁ တောင်များနှင့် တော​ရိုင်းတို့၌ ထ​ကြွသူ၊ ထို​ဓားပြတို့​အရေ​အတွက် အလွန်​များခြင်း​ကြောင့်၊ တောရိုင်း​ထဲမှ​လည်း​ကောင်း၊ တောင်များ​ထဲမှ​လည်း​ကောင်း သူတို့၏နေရင်းပြည်သို့ ပြန်​သွားစေရန် တစ်ဖန်အနိုင်​ပြုခံ​ရကြ၏။

၃၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထို့ကဲ့သို့​အားဖြင့်၊ ဤနှစ်သည် ပြီး​ဆုံး၏။ ဓားပြများ​သည်လည်း တိုး​ပွားလျက်​ရှိ၍၊ အားကြီး​လာ​ကြ​သည်မှာ၊ နီဖိုင်း​အမျိုး​သားတို့၏၊ ထို့အတူ၊ လာမန်​အမျိုး​သားတို့၏ တပ်​တစ်ခုလုံးကို ကြိမ်းပသည့်​တိုင်အောင်​ပင်တည်း။ သူတို့သည် ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခုလုံး​ပေါ်ရှိ လူတို့​ထံသို့ ကြီးစွာသော ကြောက်​ရွံ့ခြင်း​ကိုလည်း ရောက်​လာစေ၏။

၃၃ အကြောင်းမူကား၊ သူတို့သည် ထိုပြည်၏​အရပ်​များစွာသို့ သွား၍၊​ကြီးစွာသော ဖျက်​ဆီးခြင်းကို ပြုကြ၏။ ထိုမှတစ်ပါး၊ များစွာသော​သူတို့ကို သတ်၍၊ အခြား​သော​အကျဉ်း​သားများ၊ အထူး​သဖြင့် သူတို့၏​မိန်းမများနှင့် သူတို့၏​သားသမီးများကို အဝေးသို့ သယ်​ဆောင်​သွားကြ၏။

၃၄ ယခုတွင်၊ လူတို့၏​ဒုစရိုက်ကြောင့်၊ ရောက်​လာသည့် ဤကြီးစွာသော​မကောင်းမှုက သူတို့ကို သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား အောက်မေ့ဖို့ရာ တစ်ဖန်​နှိုးဆော်၏။

၃၅ ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း ရှစ်ဆယ်​တစ်​နှစ်မြောက် ပြီး​ဆုံး၏။

၃၆ ရှစ်ဆယ်နှစ်​နှစ်​မြောက်​တွင်​လည်း၊ သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို တစ်ဖန် မေ့​လျော့​စ​ပြုကြ၏။ သူတို့သည် ရှစ်ဆယ်​သုံး​နှစ်​မြောက်​၌လည်း၊ ဒုစရိုက်၌ အားကြီး​စ​ပြုကြ၏။ ရှစ်ဆယ်​လေး​နှစ်​မြောက်၌​လည်း သူတို့​၏အကျင့်များကို မပြု​ပြင်ကြ။

၃၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှစ်ဆယ်ငါး​နှစ်​မြောက်၌၊ သူတို့၏ မာနနှင့် သူတို့၏​ဆိုးညစ်ခြင်းတို့၌ ပို၍​အားကြီး​သည်​ထက် အားကြီး​လာကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ပျက်​စီးခြင်း​အတွက် တစ်ဖန် အချိန်​တန်​လာ၏။

၃၈ ထိုကဲ့သို့​အားဖြင့်၊ ရှစ်​ဆယ်​ငါး​နှစ်​မြောက် ပြီး​ဆုံး၏။