ကျမ်းစာများ
ဟေလမန် ၁


ဟေလမန်ကျမ်း

နီဖိုင်း​အမျိုးသားတို့​အကြောင်း​မှတ်တမ်း။ သူတို့၏​စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများနှင့် ငြင်း​ခုံခြင်းများ။ ဟေလမန်၏​သား​ဖြစ်သူ ဟေလမန်၏​မှတ်တမ်းများ​အတိုင်း၊ ထို့အတူ၊ သူ့​သားများ၏​မှတ်တမ်းများ​အတိုင်း၊ ခရစ်တော်၏​ကြွလာ​တော်မူခြင်း​မတိုင်မီမှ၊ ခရစ်တော်​ကြွလာ​တော်မူခြင်း​အထိ သန့်​ရှင်းသော​ပရောဖက်တို့၏ ပရောဖက်​ပြု​ဟောချက်များ။ များစွာသော​လာမန်​အမျိုး​သားတို့သည် ပြောင်းလဲ​ကြ၏။ သူတို့၏​ပြောင်းလဲခြင်း​အကြောင်း မှတ်တမ်း။ ဟေလမန်​ကျမ်းဟု​ခေါ်သည့် ခရစ်တော်​ကြွလာ​တော်မူခြင်း​အထိ၊ ဟေလမန်နှင့်​သူ့​သားများ၏​မှတ်​တမ်း​အတိုင်း လာမန်​အမျိုး​သားတို့၏​ဖြောင့်မတ်ခြင်း၊ နီဖိုင်း​အမျိုး​သားတို့၏ ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှု​များ​အကြောင်း မှတ်တမ်းနှင့် စသည့်​အရာများ။

အခန်းကြီး ၁

ဒုတိယ​ပါဟောရန်သည် တရား​သူကြီး​ချုပ်​ဖြစ်​လာပြီး၊ ခိရှခူမင်​အားဖြင့် အသတ်​ခံရ၏—ပါကူမေနိသည် တရား​ပလ္လင်၌ ထမ်း​ဆောင်၏—ကောရန္တူမာသည် လာမန်​အမျိုးသား​တပ်များကို ဦးဆောင်၍၊ ဇရဟင်မလကို သိမ်းယူ၍၊ ပါကူမေနိကို ကွပ်မျက်၏—မော်ရော်နိဟသည် လာမန်​အမျိုး​သားတို့ကို အနိုင်​ရ၍၊ ဇရဟင်မလကို ပြန်လည်​သိမ်းယူ၏၊ ကော်ရန္တူမာလည်း ကွပ်မျက်​ခံရ၏။ ဘီစီ ၅၂–၅၀ ခန့်။

ယခုမူကား၊ ရှုလော့၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​နှစ်မြောက်​အစတွင်၊ နီဖိုင်း​လူမျိုးတို့၌ ပြင်း​ထန်သော​အခက်​အခဲ​ရှိ​စ​ပြု၏။

အကြောင်းမူကား၊ ရှုလော့၊ ပါဟောရန်​သေ၍၊ မြေကြီးပေါ်မှာ နေထိုင်သူခပ်သိမ်းတို့၏ သွားရာ​လမ်းသို့ သွားလေ​သဖြင့်၊ ပါဟောရန်၏​သား​များဖြစ်သော ညီအစ်ကိုတို့ကြား၌ အဘယ်​သူသည် တရား​ပလ္လင်ကို ရသင့်သည်​ဟူသော​အကြောင်းနှင့်​စပ်လျဉ်း၍ ပြင်းထန်သော​ငြင်းခုံခြင်း ရှိ​စပြု၏။

ယခုတွင်၊ ပါဟောရန်၊ ပန်းခိနှင့် ပါကူမေနိတို့​သည်ကား၊ တရား​ပလ္လင်​အတွက် ယှဉ်​ပြိုင်သော​သူ၊ လူများ​ကိုလည်း ယှဉ်​ပြိုင်​စေသော​သူတို့၏ အမည်များ​ဖြစ်၏။

ယခုတွင်၊ ဤသူတို့မှာ ပါဟောရန်၏​သား​အားလုံး​မဟုတ်သေး (သူ့တွင် များစွာရှိ​သောကြောင့်)၊ သို့ရာတွင်၊ ဤသူတို့​သည်ကား၊ တရား​ပလ္လင်​အတွက် ယှဉ်​ပြိုင်သော​သူများ​ဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် လူတို့၌ အသင်း​အဖွဲ့​သုံးဖွဲ့ကို ဖြစ်စေ၏။

အဘယ်သို့​ပင်ဖြစ်စေ၊ အချိန်​တန်​လာသော​အခါ၊ ပါဟောရန်သည် နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီး​ချုပ်နှင့် အုပ်​ချုပ်သူ​အဖြစ်၊ လူတို့၏​မဲဆန္ဒဖြင့် ခန့်အပ်​ခံရ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ပါကူမေနိသည် တရား​ပလ္လင်ကို မရရှိ​နိုင်ကြောင်း သိမြင်လျှင်၊ လူတို့၏​ဆန္ဒနှင့် ပူးပေါင်း၏။

သို့ရာတွင်၊ ရှုလော့၊ ပန်းခိနှင့်​အတူ၊ သူ့ကို သူတို့၏​အုပ်ချုပ်သူ​ဖြစ်စေရန် အလို​ရှိသည့် ထိုလူ​အချို့မှာ လွန်စွာ​အမျက်​ထွက်ကြ၏။ ထို့ကြောင့်၊ သူသည် သူတို့၏​ညီအစ်​ကိုတို့ကို ဆန့်ကျင်၍ ပုန်ကန်ထကြွ​စေခြင်းငှာ၊ ထိုလူတို့ကို မြှောက်ပင့်​ပြောဆို၍သွေး​ဆောင်​တော့မည်​ပြု၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ဤအမှုကို ပြုတော့မည့်​အချိန်တွင်၊ ရှုလော့၊ ဖမ်းဆီး​ခံရ၏၊ လူတို့၏​ဆန္ဒ​အတိုင်း​စီရင်၍၊ သေဒဏ်ချ​မှတ် ခံရ၏။ အကြောင်း​မူကား၊ သူသည် ပုန်ကန်ထကြွ၍၊ လူတို့၏​လွတ်​လပ်ခြင်းကို ဖျက်​ဆီးခြင်းငှာ ကြိုးစား​အားထုတ်၏။

ယခုတွင်၊ သူ့ကို မိမိတို့၏​အုပ်ချုပ်​သူ​ဖြစ်စေရန် အလို​ရှိသည့် ထိုလူတို့သည် သူ့အား သေဒဏ်ချ​မှတ်​ခံရကြောင်း သိကြလျှင်၊ အမျက်​ထွက်ကြ၏။ ရှုဦးလော့၊ သူတို့သည် ခိရှခူမင်​အမည်​ရှိသော​သူ​တစ်ဦးကို ပါဟောရန်၏​တရား​ပလ္လင်သို့ပင် စေလွှတ်၍၊ ပါဟောရန်ကို တရား​ပလ္လင်ပေါ်၌​ထိုင်နေ​စဉ်တွင် သတ်၏။

၁၀ သူသည်လည်း ပါဟောရန်၏​ကျွန်တို့​အားဖြင့် အ​လိုက်ခံရ၏။ သို့ရာတွင်၊ ရှုလော့၊ ခိရှခူမင်​ထွက်​ပြေးခြင်းမှာ အလွန်​မြန်​ဆန်သဖြင့်၊ အဘယ်သူမျှ မမီနိုင်။

၁၁ သူသည်လည်း မိမိကို​စေလွှတ်​ခဲ့သော​သူတို့​ထံ​သွား၍၊ သူတို့​အားလုံးသည် ပဋိညာဉ်​တစ်ခုကို​ပြုလျက်၊ အထူး​သဖြင့်၊ ပါဟောရန်ကို ခိရှခူမင်​သတ်ကြောင်း အဘယ်သူ့​ကိုမျှ ပြောပြ​လိမ့်မည်​မဟုတ်ဟု သူတို့၏​ထာဝရ​တည်မြဲသည့် ဖန်ဆင်း​တော်မူသော​အရှင်ကို တိုင်တည်၍ ကျိန်ဆိုကြ၏။

၁၂ ထို့ကြောင့်၊ ခိရှခူမင်ကို နီဖိုင်း​လူမျိုးတို့၌ မသိကြ။ အကြောင်းမူကား၊ သူသည် ပါဟောရန်ကို​သတ်သော​အချိန်၌ ခြားနားသော​အယောင်ကို ဆောင်၏။ ထို့အတူ၊ ခိရှခူမင်နှင့်​အတူ၊ သူနှင့်​ပဋိညာဉ်​ပြုသည့်​အဖွဲ့တို့သည် သူတို့ကိုယ်​သူတို့ လူတို့​ကြား၌ သူတို့​အားလုံးကို ရှာဖွေ၍​မတွေ့​နိုင်သော နည်း​မျိုးဖြင့်၊ ရောနှော​နေကြ၏။ သို့ရာတွင်၊ ရှာဖွေ၍​တွေ့ရှိ​သူ​မှန်သမျှ​သည်လည်း သေဒဏ်ချ​မှတ်ခံရ၏။

၁၃ ယခု​မူကား၊ ရှုလော့၊ ပါကူမေနိသည် သူ့​အစ်ကို ပါဟောရန်​အစား အုပ်ချုပ်ရန် လူတို့​အပေါ်၌ တရား​သူကြီး​ချုပ်နှင့် အုပ်ချုပ်သူ​အဖြစ်၊ လူတို့၏​မဲဆန္ဒ​အတိုင်း ခန့်အပ်​ခံရ၏။ ထိုအမှုမှာ၊ သူ၏အခွင့်အရေး​အတိုင်း​ဖြစ်၏။ ဤခပ်သိမ်းသော​အမှုတို့သည် တရား​သူကြီးများ​အုပ်စိုးခြင်း​လေးဆယ်​နှစ်မြောက်တွင် ဖြစ်ခဲ့​လေ၏။ ထိုနှစ်​သည်လည်း ပြီး​ဆုံး၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​တစ်​နှစ်မြောက်တွင်၊ လာမန်​အမျိုး​သားတို့သည် မရေတွက်​နိုင်​သော​တပ်​သားများကို အတူတကွ​စုဝေးလျက်၊ သူတို့ကို ဓားများနှင့်​လည်းကောင်း၊ ဓားကောက်များနှင့်​လည်းကောင်း၊ လေးတို့နှင့်​လည်း​ကောင်း၊ မြား​တို့​နှင့်​လည်း​ကောင်း၊ ဦး​ခေါင်း​တန်ဆာတိုနှင့်​လည်း​ကောင်း၊ အမျိုးမျိုးသော​ဒိုင်း​မှန်သမျှတို့နှင့်​လည်း​ကောင်း လက်နက်​စွဲကိုင်​စေ၏။

၁၅ သူတို့သည် နီဖိုင်း​အမျိုးသားတို့ကို​ဆန့်ကျင်၍ စစ်တိုက်​နိုင်ခြင်းငှာ၊ တစ်ဖန်​ဆင်း​လာ​ပြန်၏။ သူတို့ကို ကော်ရန္တူမာ​အမည်​ရှိသော​သူက ဦးဆောင်၏။ ထိုသူသည် ဇရဟင်မလ၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်၏။ နီဖိုင်း​အမျိုး​သားတို့နှင့် သဘော​ကွဲလွဲသော​သူ​တစ်ဦးလည်း​ဖြစ်၏။ ကြီးမား၍၊ အားကြီးသော​သူ​တစ်ဦးလည်း​ဖြစ်၏။

၁၆ ထို့ကြောင့်၊ အမ်မော်ရုန်၏​သား​ဖြစ်သူ၊ တာဗောလုတ်​အမည်​ရှိသည့် လာမန်​အမျိုး​သားတို့၏​မင်း​ကြီးသည် ကော်ရန္တူမာအား၊ အားကြီးသော​သူ​တစ်ဦး​ဖြစ်၍၊ သူ၏​ခွန်အားနှင့်​အတူ၊ သူ၏​ကြီးစွာသော​ဉာဏ်​ပညာတို့​ဖြင့် နီဖိုင်း​အမျိုး​သားတို့ကို တိုက်​ခိုက်နိုင်၍ သူ့ကို​စေလွှတ်ခြင်း​အားဖြင့်၊ နီဖိုင်း​အမျိုး​သားတို့​အပေါ် အစိုး​ရနိုင်​လိမ့်မည်ဟု ထင်​မှတ်၏—

၁၇ ထို့ကြောင့်၊ သူတို့ကို အမျက်​ထွက်စေရန် နှိုးဆော်၍၊ မိမိ​တပ်များကို အတူတကွ​စုဝေးပြီးလျှင်၊ ကော်ရန္တူမာကို သူတို့၏​အကြီး​အကဲ​အဖြစ်​ခန့််​အပ်၍၊ သူတို့​အား နီဖိုင်း​အမျိုးသားတို့ကို ဆန့်​ကျင်၍​စစ်တိုက်ရန် ဇရဟင်မလ​ပြည်သို့ ချီတက်​စေ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အလွန်​များစွာသော​ရန်တွေ့ခြင်းနှင့် အစိုးရ၌ အလွန်​များစွာသော​အခက်​အခဲတို့ကြောင့်၊ ဇရဟင်မလ​ပြည်၌ လုံလောက်သော​အစောင့်များကို ချ​မထားကြ။ အကြောင်းမူကား၊ သူတို့သည် လာမန်​အမျိုး​သားတို့ ထိုဇရဟင်မလ​မြို့ကြီးကို တိုက်ခိုက်ရန် မိမိတို့​ပြည်၏​အလယ်သို့ လာဝံ့​ကြမည်​မဟုတ်ဟု ထင်​မှတ်​ကြ၏။

၁၉ သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် သူ၏​မြောက်​မြား​စွာသော​ဗိုလ်ခြေတို့၏​တပ်​ဦးမှ​နေ၍ ရှေ့သို့​ချီတက်ပြီးလျှင်၊ မြို့၌​နေထိုင်သော​သူတို့ကို လာ၍​တိုက်​ခိုက်၏။ သူတို့၏​ချီ​တက်ခြင်းမှာ အလွန်​ကြီး​စွာ​သော​လျင်​မြန်ခြင်းနှင့်​ဖြစ်၍၊ နီဖိုင်း​အမျိုး​သားတို့​အဖို့ မိမိတို့​တပ်​များကို အတူတကွ​စုဝေးရန် အချိန်​မရကြ။

၂၀ ထို့ကြောင့်၊ ကော်ရန္တူမာသည် မြို့တံခါး​ပေါက်​အနီးရှိ အစောင့်ကို ခုတ်ချ၍၊ သူ၏​တပ်​တစ်ခု​လုံး​ဖြင့် မြို့​ထဲသို့ ချီ​တက်၍၊ သူတို့အား ခု​ခံသော​သူ​မှန်သမျှကို ကွပ်မျက်လျက်၊ မြို့​တစ်မြို့​လုံးကို သိမ်း​ယူကြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူ​ကြီး​ချုပ်​ဖြစ်​သူ ပါကူမေနိ​သည် ကော်ရန္တူမာ၏​ရှေ့မှ​နေ၍ မြို့တံတိုင်းများ​အထိ ထွက်​ပြေး၏။ ဤသို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တံတိုင်းကို မှီစဉ် ကော်ရန္တူမာက ပြင်းစွာရိုက်​သဖြင့်၊ သေ၏။ ထိုကဲ့သို့​အားဖြင့်၊ ပါကူမေနိ၏​အသက်​တာ​ပြီး​ဆုံး၏။

၂၂ ယခုမူကား၊ ကော်ရန္တူမာသည် ဇရဟင်မလ​မြို့ကို သူပိုင်​ဆိုင်​ကြောင်း​သိမြင်၏၊ ထို့​အတူ၊ နီဖိုင်း​အမျိုး​သားတို့ သူတို့​ရှေ့မှ​ထွက်​ပြေးကြ၊ ကွပ်မျက်​ခံရကြ၊ ဖမ်းဆီး​ခံရကြ၊ ထောင်ထဲ၌​လှောင်​ထား​ခံရ​ကြကြောင်း၊ ထို့အတူ၊ ထို​ပြည်​တစ်ခုလုံးရှိ အခိုင်မာ​ဆုံး​စခန်းကိုလည်း သူ​ရယူကြောင်းကို သိမြင်သော​အခါ၊ သူ့​စိတ်နှလုံးသည် ရဲရင့်၍၊ ပြည်တစ်ခုလုံးကို သွား၍​တိုက်​တော့မည်​ကဲ့သို့​ရှိလေ၏။

၂၃ ယခုမူကား၊ သူသည် ဇရဟင်မလ​ပြည်ထဲ၌ တည်း​ခိုမနေ၊ ကြီးစွာသော​တပ်နှင့်​အတူ၊ အလျှံပယ်မြို့​ဆီသို့ပင် ချီတက်၍သာ​သွား၏။ အကြောင်းမူကား၊ သူ၏​သန္နိဌာန်မှာ ထိုပြည်၏ မြောက်​ပိုင်း​အရပ်တို့ကို ရ​ယူ​နိုင်ခြင်းငှာ ထွက်​သွား၍ လမ်း​တစ်​လျှောက်တွင်၊ ဓားဖြင့်​တိုက်ခိုက်​သွားရန်​ဖြစ်၏။

၂၄ အကြီး​မား​ဆုံးသော​ခွန်အားမှာ ထို့ပြည်၏​အလယ်၌ ရှိ​လေပြီဟု တွေး​တောလျက်၊ ထို့ကြောင့်၊ သူသည် ချီတက်သွား၍၊ အဖွဲ့​ငယ်များ​မှတစ်ပါး၊ သူတို့ကိုယ်​သူတို့ အတူတကွ​စည်းဝေးစေရန် အချိန်​မပေး။ ဤကဲ့သို့​အားဖြင့်၊ တိုက်​ခိုက်၍ မြေကြီးသို့​တိုင်အောင် ခုတ်ချ​ကြ၏။

၂၅ သို့ရာတွင်၊ ရှုလော့၊ ကွပ်မျက်​ခံရသော နီဖိုင်း​အမျိုး​သားတို့၏ အရေ​အတွက်​များ​လှ​သော်​ငြား​လည်း၊ ထိုပြည်၏​အလယ်သို့ ကော်ရန္တူမာ၏ ဤသို့​ချီတက်ခြင်းက မော်ရော်နိဟ​အတွက် သူတို့​အပေါ် ကြီးစွာ​အခွင့်​သာခြင်းကို ရစေ၏။

၂၆ အကြောင်းမူကား၊ ရှုလော့၊ မော်ရော်နိဟသည် လာမန်​အမျိုး​သားတို့ ထိုပြည်၏​အလယ်ထဲသို့ မလာဝံ့၊ ယခင်က ပြုခဲ့သကဲ့သို့ပင် နယ်နိမိတ်​ပတ်ဝန်းကျင်​ဒေသ​ရှိ မြို့များကိုသာ တိုက်ခိုက်​လိမ့်မည်ဟု ထင်မှတ်၏။ ထိုကြောင့်၊ မော်ရော်နိဟသည် မိမိတို့၏​အားကြီးသော တပ်များကို နယ်နိမိတ်​အနီး ထို​ပတ်​ဝန်း​ကျင်​အရပ်တို့ကို ထိန်း​သိမ်းစေ၏။

၂၇ သို့ရာတွင်၊ ရှုလော့၊ လာမန်​အမျိုး​သားတို့သည် သူ​အလို​ရှိသလို မကြောက်​လန့်ကြ၊ ထိုပြည်၏​အလည်​ထဲသို့သာ ဝင်လာပြီး၊ ဇရဟင်မလ​မြို့​ဖြစ်သည့် မြို့တော်ကို သိမ်းယူ၏၊ ထိုပြည်၏​အဓိက​ဖြစ်သော​အရပ်များ​ဆီသို့ ချီတက်၍၊ လူများ၊ ယောက်ျား၊ မိန်းမနှင့် ကလေး​သူငယ်တို့ကို ကြီး​စွာသော​သိမ်းရုံး​သတ်​ဖြတ်ခြင်းဖြင့် ကွပ်​မျက်၍၊ များစွာသော​မြို့များနှင့် များစွာသော​အခိုင်​အမာ​စခန်းများကို သိမ်း​ယူကြ၏။

၂၈ သို့ရာတွင်၊ မော်ရော်နိဟသည် ဤအမှုကို တွေ့​ရှိလျှင်၊ ထိုသူတို့ အလျှံပယ်​ပြည်သို့ မရောက်မီ၊ ဟန့်​တားရန်၊ လေဟိကို တပ်နှင့်​အတူ ထို့​ပတ်ဝန်းကျင်​အရပ်သို့ ချက်ချင်း​စေလွှတ်၏။

၂၉ ထိုကဲ့သို့​အားဖြင့်၊ သူ​ပြု၏။ ထိုသူတို့ကို အလျှံပယ်​ပြည်သို့​မရောက်မီ ဟန့်​တား၍၊ စစ်​တိုက်သဖြင့်၊ ဇရဟင်မလ​ပြည်​ဆီသို့ ပြန်၍ ဆုတ်​ခွာ​စပြု​ကြ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မော်ရော်နိဟသည် သူတို့​ဆုတ်ခွာရာ​၌ ဟန့်​တား၍၊ စစ်တိုက်ရာ၊ အလွန်​အသွေး​စွန်းသည့် တိုက်ပွဲ​ဖြစ်​လာ၏။ ထိုမှတစ်ပါး၊ များစွာသော​သူတို့ ကွပ်မျက်​ခံရ၏၊ ကွပ်မျက်​ခံရ​သူတို့၏​အရေ​အတွက်​ထဲ​တွင်၊ ကော်ရန္တူမာ​ကိုလည်း တွေ့ရ၏။

၃၁ ယခုမူကား၊ ရှုလော့၊ လာမန်​အမျိုး​သားတို့သည် မြောက်​ဘက်၊ တောင်​ဘက်၊ အရှေ့​ဘက်၊ အနောက်​ဘက်၊ အဘယ်​အရပ်ကမျှ မဆုတ်​ခွာနိုင်ကြ။ အကြောင်း​မူကား၊ အဘက်​ဘက်၌ နီဖိုင်း​အမျိုး​သားတို့​အားဖြင့် ဝိုင်း​ထား ခံရ​ကြ၏။

၃၂ ထိုကဲ့သို့​အားဖြင့်၊ ကော်ရန္တူမာသည် လာမန်​အမျိုး​သားတို့ကို နီဖိုင်း​အမျိုး​သားတို့၏​အလယ်သို့ တွန်းချရာ၊ သူတို့​သည်လည်း နီဖိုင်း​လူမျိုးတို့၏​အစိုး​ရခြင်း​အောက်၌ ရှိကြ၏၊ သူ​ကိုယ်တိုင်​သည်လည်း ကွပ်မျက်​ခံရလျက်၊ လာမန်​အမျိုး​သားတို့သည် သူတို့ကိုယ်​သူတို့ နီဖိုင်း​အမျိုး​သားတို့၏​လက်ထဲသို့ အရှုံး​ပေးကြ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိဟသည် ဇရဟင်မလ​မြို့ကို တစ်ဖန်​သိမ်းယူ၍၊ စစ်​အကျဉ်း​သား​အဖြစ်​ဖမ်းဆီး​ခံရသောလာမန်အမျိုးသားများကို ထိုပြည်ထဲမှ ငြိမ်းချမ်းစွာ ထွက်​ခွာသွားစေ၏။

၃၄ ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​တစ်​နှစ်မြောက် ပြီး​ဆုံး၏။