ကျမ်းစာများ
ဟေလမန် ၃


အခန်းကြီး ၃

များစွာသော​နီဖိုင်း​အမျိုး​သားတို့သည် မြောက်​ဘက်​လားရာ​ပြည်သို့ နေရာ​ပြောင်း​ရွှေ့ကြ၏—သူတို့သည် အင်္ဂတေ​အိမ်များကို တည်​ဆောက်၍၊ များ​စွာသော​မှတ်​တမ်းများကို ရေးကြ၏—သောင်း​ပေါင်း​များစွာတို့သည် ပြောင်းလဲ​၍ ဗတ္တိဇံ​ခံကြ၏—ဘုရားသခင်၏​နှုတ်ကပတ်တော်သည် လူသားတို့ကို ကယ်တင်ခြင်းသို့ ပို့ဆောင်၏—ဟေလမန်၏​သား​နီဖိုင်းသည် တရား​ပလ္လင်၌ ထမ်း​ဆောင်၏။ ဘီစီ ၄၉–၃၉ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ တရား​သူ​ကြီးများ​အုပ်စိုးခြင်း လေးဆယ်​သုံး​နှစ်မြောက်တွင်၊ လူတို့၌ အနည်း​ငယ်သော ငြင်းခုံခြင်း​အချို့ကို ဖြစ်​စေသည့်၊ အသင်းတော်၌​ရှိသည့် အနည်း​ငယ်သော မာန​မှတစ်ပါး၊ နီဖိုင်း​လူမျိုးတို့၌ ရန်​တွေ့ခြင်း​မရှိ။ ဤအမှုများသည် လေးဆယ်​သုံး​နှစ်မြောက်၏ အဆုံး​ပိုင်းတွင် ပြေငြိမ်းသွား၏။

လေးဆယ်​လေး​နှစ်မြောက်တွင်၊ လူတို့၌ ရန်တွေ့ခြင်း​မရှိ။ လေးဆယ်​ငါး​နှစ်မြောက်​တွင်​လည်း များစွာသော​ရန်တွေ့ခြင်း​မရှိ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လေးဆယ်ခြောက်​နှစ်မြောက်တွင်၊ အမှန်စင်စစ်၊ ရန်တွေ့ခြင်း​များစွာနှင့် ငြင်းခုံခြင်း​များစွာ​ရှိ၏။ ထို​ငြင်းခုံခြင်း​များကြောင့်၊ ဇရဟင်မလ​ပြည်မှ ထွက်​ခွာ၍ မြောက်ဘက်​လားရာ​ပြည်သို့ ထိုပြည်ကို အမွေ​ခံခြင်းငှာ ထွက်​သွားသူ အလွန်​များစွာ​ရှိ၏။

သူတို့​သည်လည်း၊ အလွန်​ကြီးစွာ​ဝေးသော​အရပ်သို့ ခရီး​သွား၍၊ ကြီးစွာသော​ရေများနှင့် များစွာသော​မြစ်များ​ရှိရာသို့ ရောက်ကြ၏။

ထိုမှတစ်ပါး၊ သူတို့သည် ထိုပြည်၏ ခပ်သိမ်းသော​အရပ်များ​ထဲသို့ပင်၊ ထိုပြည်ကို ယခင်က အမွေ​ခံသည့် ပြည်​သားတို့ကြောင့်၊ သစ်ပင်​မရှိဘဲ လူ​ဆိတ်ညံရာ​မဖြစ်​လေသည့် အရပ်​မှန်သမျှ​ထဲသို့ ပျံ့နှံ့​သွားကြ၏။

ယခုမူကား၊ သစ်ပင်​မရှိခြင်း​မှတစ်ပါး၊ ထို့ပြည်၏​အဘယ်​အစိတ်​အပိုင်းမျှ၊ လူ​ဆိတ်ညံခြင်း​မရှိ။ သို့ရာတွင်၊ ထိုပြည်၌ ယခင်က နေထိုင်ခဲ့ကြသော​သူတို့​ပျက်စီးခြင်း၏ ကြီးမား​လှခြင်းကြောင့်၊ လူ​ဆိတ်ညံရာ​အရပ်ဟု ခေါ်ကြ၏။

ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌၊ အနည်း​ငယ်သော​သစ်ပင်တို့သာ ရှိ၏၊ အဘယ်သို့​ပင်​ဖြစ်စေ၊ ထွက်​သွားကြသော​လူတို့သည် အင်္ဂတေ​အတတ်၌ အလွန်​ကျွမ်းကျင်​လာကြ၏။ ထို့ကြောင့်၊ သူတို့သည် အင်္ဂတေ​အိမ်များကို ဆောက်၍၊ အတွင်းမှာ နေထိုင်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ပွားများ၍ ပျံ့နှံ့၏၊ တောင်​ဘက်​လားရာ​ပြည်မှ၊ မြောက်​ဘက်​လားရာ​ပြည်သို့ သွား၍၊ ပျံ့နှံ့သဖြင့်၊ တောင်​ဘက်​ပင်လယ်မှ မြောက်ဘက်​ပင်လယ်၊ အရှေ့ဘက်​ပင်လယ်မှ အနောက်​ဘက်​ပင်လယ်၊ မြေကြီး​တစ်ခုလုံး၏​မျက်နှာပြင်ကို​ဖုံးလွှမ်း​စပြု၏။

မြောက်ဘက်​လားရာ​ပြည်၌ ရှိသည့် လူတို့သည် တဲများနှင့် အင်္ဂတေ​အိမ်များ၌ နေထိုင်ကြ၏၊ သူတို့၏​အိမ်များ၊ အမှန်စင်စစ်၊ သူတို့၏​မြို့များ၊ ထို့အတူ သူတို့၏​ဗိမာန်တော်များ၊ ထို့အတူ သူတို့၏​တရား​ဇရပ်များ၊ ထို့အတူ သူတို့၏ ဝတ်​ပြုရာ​ဌာနများ၊ ထို့အတူ သူတို့၏​အမျိုး​မျိုးသော အဆောက်​အအုံများကို တည်ဆောက်ရန်၊ သစ်​သားများကို အချိန်​စေ့သော​အခါ၌ ရနိုင်ခြင်းငှာ၊ သစ်ပင်​မှန်သမျှကို ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ အပင်​ပေါက်၍ ကြီး​ထွား​စေ၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သစ်သားသည် မြောက်​ဘက်​လားရာ​ပြည်၌ အလွန်​ရှား​ပါးသဖြင့်၊ သူတို့သည် သင်္ဘော​ခရီးဖြင့် များစွာ​ပို့ကြ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် မြောက်​ဘက်​လားရာ​ပြည်၌​ရှိသော​လူတို့အား များစွာသော​မြို့များကို သစ်သားနှင့် အင်္ဂတေ​နှစ်မျိုး​စလုံးဖြင့် တည်​ဆောက်​နိုင်စေခြင်းငှာ ထောက်​ကူကြ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤပြည်ထဲသို့ ထွက်​သွားကြသည့် လာမန်​အမျိုးသား​ဇာတိ​ဖြစ်သူ အမ္မုန်​လူမျိုးတို့​သည်လည်း များစွာ​ရှိ၏။

၁၃ ယခုမူကား၊ ဤလူမျိုးတို့၏ လုပ်ဆောင်မှုများ​အကြောင်းကို ဤလူမျိုးတို့မှ များစွာသော​သူတို့ ရေး​ထားသည့် သူတို့နှင့်​စပ်လျဉ်း၍၊ အသေး​စိတ်သော၊ အလွန်​များသော​မှတ်တမ်း​များစွာ​ရှိ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ ဤလူမျိုးတို့၏​လုပ်ဆောင်မှု​များမှ အနည်း​ငယ်၊ အထူးသဖြင့်၊ လာမန်​အမျိုး​သားများနှင့် နီဖိုင်း​အမျိုးသားများ၊ ထို့အတူ သူတို့၏​စစ်တိုက်ခြင်းများ၊ ထို့အတူ ရန်တွေ့ခြင်းများ၊ ထို့အတူ ငြင်းခုံခြင်းများ၊ ထို့အတူ သူတို့၏​ဟောပြောခြင်း၊ ထို့အတူ သူတို့၏​ပရောဖက်​ပြု​ဟောချက်များ၊ ထို့အတူ သူတို့၏​သင်္ဘော​ခရီးနှင့် သူတို့၏​သင်္ဘောများ တည်​ဆောက်ခြင်း၊ ထို့အတူ သူတို့၏​ဗိမာန်တော်များ၊ ထို့အတူ တရား​ဇရပ်များနှင့် သူတို့၏​ဝတ်ပြုရာ​ဌာနများ တည်ဆောက်ခြင်း၊ ထို့အတူ သူတို့၏​ဖြောင့်မတ်ခြင်း၊ ထို့အတူ သူတို့၏​ဆိုးညစ်ခြင်း၊ ထို့အတူ သူတို့၏​လူ့​အသက်​သတ်ခြင်းများ၊ ထို့အတူ သူတို့၏ အနိုင်​အထက်​လုယူခြင်းများ၊ ထို့အတူ သူတို့၏​လုယက်ခြင်းများ၊ ထို့အတူ အမျိုး​မျိုးသော စက်ဆုပ်​ရွံရှာဖွယ်​အမှုများနှင့် မတရားသော​မေထုန်​အမှုများ​အကြောင်း မှတ်​တမ်းသည် ဤကျမ်း၌ မပါ​ရှိနိုင်ပေ။

၁၅ သို့ရာတွင်၊ ရှုလော့၊ အဓိက​အားဖြင့် နီဖိုင်း​အမျိုးသားတို့ ရေးသည့် များစွာသော​ကျမ်းများနှင့် အမျိုး​မျိုးသော​မှတ်တမ်း​များစွာ ရှိ၏။

၁၆ ၎င်းတို့ကို မျိုးဆက်​တစ်ခုမှ တခြား​တစ်ခုသို့ နီဖိုင်း​အမျိုးသားတို့​အားဖြင့်​လက်ဆင့်​ကမ်း၍ ပေးခဲ့သည်မှာ၊ လွန်ကျူးခြင်းထဲသို့ သူတို့​လဲကျကြ၊ အသတ်​ခံရ၊ လုယက်ခံရ၊ ထို့အတူ လိုက်၍​အရှာခံရ၊ ထို့အတူ အဝေးသို့​နှင်ထုတ်​ခံရ၊ ထို့အတူ ကွပ်မျက်ခံရ၊ ထို့အတူ မြေကြီး​မျက်နှာ​ပြင်​ပေါ်သို့ ဖြန့်ကျဲ​ခံရသည့်​အချိန်​တိုင်အောင်​ဖြစ်၏၊ နီဖိုင်း​အမျိုးသားများဟု အခေါ်​မခံရ​တော့သည့်​တိုင်အောင် လာမန်​အမျိုးသားတို့နှင့် သွေး​စပ်ရောနှော၍၊ ဆိုးညစ်၊ ရိုင်းစိုင်း ရက်​စက်​လာကြသဖြင့်၊ အမှန်စင်စစ်၊ လာမန်​အမျိုးသားများပင် ဖြစ်​လာကြ၏။

၁၇ ယခုမူကား၊ ငါသည် ငါ၏​မှတ်တမ်းကို တစ်ဖန်​ပြန်​စ၏။ ထို့ကြောင့်၊ နီဖိုင်း​လူမျိုးတို့၌ ကြီးစွာသော​ရန်တွေ့ခြင်းများ၊ ထို့အတူ နှောင့်ယှက်ခြင်းများ၊ ထို့အတူ စစ်တိုက်ခြင်းများ၊ ထို့အတူ ငြင်းခုံခြင်းများ ရှိလေ​ပြီးနောက်၊ ငါ​ပြောလေသည့်​အရာများ ဖြစ်​ပျက်၏။

၁၈ တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်ခြောက်​နှစ်မြောက် ပြီးဆုံး၏။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုပြည်၌ ကြီးစွာသော​ရန်တွေ့ခြင်း ရှိနေ​သေးလျက်၊ အထူးသဖြင့်၊ လေးဆယ်​ခုနစ်​နှစ်မြောက်​အထိ​ရှိ၏၊ ထို့အတူ လေးဆယ်ရှစ်​နှစ်မြောက်၌​လည်း​ရှိ၏။

၂၀ အဘယ်သို့​ပင်ဖြစ်စေ၊ ဟေလမန်သည် တရား​မျှတခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ဖြင့် တရား​ပလ္လင်၌ ထမ်း​ဆောင်၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏ ထုံး​ဥပဒေသများ၊ ထို့အတူ စီရင်​တော်မူချက်များ၊ ထို့အတူ ပညတ်တော်များကို စောင့်ထိန်းရန် အားထုတ်၏။ ထို့အတူ၊ သူသည် ဘုရားသခင်၏​အမြင်၌ မှန်ကန်သည့်​အရာတို့ကို အစဉ်​မပြတ်​ပြု၏။ ထို့အတူ၊ သူသည် မိမိ​အဘ၏​လမ်းများသို့​လိုက်သဖြင့်၊ ထိုပြည်၌ အောင်မြင်၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့၌ သား​နှစ်ယောက် ရှိ၏။ သူသည် အကြီးဆုံးကို နီဖိုင်းဟု အမည်​ပေး၏၊ အငယ်ဆုံးကို လေဟိဟု အမည်​ပေး၏။ သူတို့​သည်လည်း ကိုယ်တော်ရှင်​အဖို့ ကြီး​ထွား​စ​ပြုကြ၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​ရှစ်​နှစ်​မြောက်၏​နောက်ဆုံး​ပိုင်း​ကာလတွင်၊ နီဖိုင်း​လူမျိုးတို့၌ စစ်တိုက်ခြင်း​များနှင့် ရန်တွေ့ခြင်းများ အနည်းငယ် ရပ်တန့်​စပြု၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​ကိုး​နှစ်​မြောက်တွင်၊ ပြည်၏​အများ​စု​နေထိုင်ရာ​အရပ်တို့၌ ဓားပြ​ဂါဒျန်တန် တည်​ထောင်သည့် လျှို့ဝှက်ဂိုဏ်းများ​မှတစ်ပါး၊ ထိုပြည်၌ အဆက်​မပြတ်​ငြိမ်း​ချမ်းခြင်းကို တည်​ဆောက်၏။ ထို့အဖွဲ့ကို တည်​ထောင်​ချိန်၌ အစိုး​ရ၏ အကြီး​အကဲ​နေရာ၌ ရှိသော​သူတို့ မသိကြ။ ထို့ကြောင့်၊ သူတို့သည် ထိုပြည်မှ ဖျက်ဆီး​မခံရကြ။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤတစ်နှစ်​တည်းတွင်၊ အသင်းတော်၌ အလွန်​ကြီးစွာသော အောင်မြင်ခြင်း​ရှိ၍၊ ကိုယ်တိုင် အသင်းတော်သို့​ဝင်၍ နောင်တ​ရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ခံသူ ထောင်​ပေါင်းများ​စွာ​ရှိ၏။

၂၅ အသင်းတော်၏အောင်မြင်ခြင်း​သည်လည်း အလွန်​ကြီးမား​လှ၏၊ လူတို့​အပေါ်၌ သွန်း​လောင်းသည့် ကောင်းချီး​မင်္ဂလာတို့မှာ အလွန်​များသဖြင့်၊ ယဇ်ပုရောဟိတ်​မင်းများနှင့် ဆရာတို့​သည်ပင် အတိုင်း​ထက်​အလွန် အံ့ဩ​ကြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်၏​အမှုတော် အောင်မြင်​သည်မှာ၊ များစွာသော​သူများ၊ အမှန်စင်စစ်၊ သောင်း​ပေါင်းများစွာ​အထိ၊ ဗတ္တိဇံ​ခံ၍၊ ဘုရားသခင်၏​အသင်းတော်သို့ ပေါင်း​စည်းကြ​သည်​တိုင်​အောင်​ဖြစ်လေ​သတည်း။

၂၇ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်သည် သူတို့​စိတ်နှလုံး၏​ရိုးသားခြင်းဖြင့်၊ သူ၏ သန့်ရှင်းသော​နာမတော်ကို ပဌာန​ပြုမည့်​သူ​မှန်သမျှကို ကရုဏာ​ကြီးတော်မူကြောင်း ငါတို့​သိနိုင်၏။

၂၈ ထိုမှတစ်ပါး၊ ကောင်းကင်ဘုံ​တံခါးသည် ခပ်သိမ်းသော​သူတို့​အတွက်၊ အကယ်စင်စစ်၊ ဘုရားသခင်၏​သားတော်​ဖြစ်သူ ယေရှု​ခရစ်တော်၏​နာမတော်ကို ယုံကြည်မည့်​သူတို့​အတွက် ပွင့်လျက်ရှိကြောင်းကို ထိုကဲ့သို့​အားဖြင့် ငါတို့​သိ​မြင်​ကြ၏။

၂၉ ထိုမှတစ်ပါး၊ ငါတို့ သိ​မြင်ကြ​သည်မှာ၊ ရှင်သန်၍ တန်ခိုး​ကြီးသော ဘုရားသခင့် နှုတ်ကပတ်တော်၊ နတ်ဆိုး၏ ခပ်သိမ်းသော​စဉ်းလဲခြင်း ထောင်​ချောက်များနှင့် ပရိယာယ်များကို အစိတ်စိတ်​ကွဲစေသည့်၊ ဆိုးညစ်သော​သူများကို နစ်မြုပ်​စေရန် ပြင်ဆင်​ထားသည့် ထာဝရ​တည်​မြဲသော ဝမ်းနည်း​ပူဆွေးမှု​ချောက်ကို ဖြတ်​ကျော်၍ ခရစ်တော်၏​လူကို ကျပ်တည်း​ကျဉ်းမြောင်းသည့်​လမ်းသို့ ပို့ဆောင်မည်​ဖြစ်သော ထိုနှုတ်​ကပတ်​တော်ကို ဆွဲကိုင်လိုသူမှန်သမျှ ဆွဲကိုင်နိုင်၍—

၃၀ ထို့အတူ၊ သူတို့၏​ဝိညာဉ်များ၊ အမှန်​စင်စစ်၊ သူတို့၏​သေခြင်း​မရှိသော​ဝိညာဉ်များကို အပြင်သို့ ထွက်​မသွားစေ​တော့ဘဲ အာဗြဟံနှင့်​အတူ၊ ဣဇာက်၊ ယာကုပ်နှင့် အတူ၊ ငါတို့၏​သန့်ရှင်းသော​ဘိုးဘေးခပ်သိမ်းတို့နှင့်​အတူ ထိုင်ရန် ကောင်းကင်​နိုင်ငံတော်​ရှိ ဘုရားသခင်၏​လက်ယာတော်​ဘက်သို့ ရောက်​စေခြင်း​ပေတည်း။

၃၁ ဤနှစ်တွင် ဇရဟင်မလ​ပြည်၌၊ ထို့အတူ ခပ်သိမ်းသော​ပတ်​ဝန်း​ကျင်​ဒေသတို့၌၊ နီဖိုင်း​အမျိုးသားတို့​ပိုင်သည့် ခပ်သိမ်းသော​ပြည်တို့၌ပင် အဆက်​မပြတ်​ဝမ်း​မြောက်ခြင်းလည်း ရှိ၏။

၃၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လေးဆယ်​ကိုး​နှစ်မြောက်၏​ကျန်ကြွင်းသော အချိန်၌၊ ငြိမ်းချမ်းခြင်းနှင့် အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်း​ရှိ၏။ ထိုမှတစ်ပါး၊ တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်​နှစ်မြောက်၌လည်း အဆက်​မပြတ်​ငြိမ်း​ချမ်းခြင်းနှင့် ကြီးစွာသော​ဝမ်း​မြောက်ခြင်း​ရှိ၏။

၃၃ တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်​တစ်​နှစ်မြောက်​တွင်လည်း၊ အသင်းတော်​ထဲသို့ ဝင်စပြုသည့်—ဘုရားသခင်၏​အသင်းတော်​ထဲသို့​မဟုတ်၊ ဘုရားသခင်၏​အသင်းတော်နှင့် ဆိုင်သောသူ အယောင်​ဆောင်​ကြသော​လူတို့၏ စိတ်နှလုံး​ထဲသို့သာ ဝင်သည့် မာန​မှတစ်ပါး၊ ငြိမ်း​ချမ်းခြင်း ရှိ၏—

၃၄ ထိုသူတို့သည် မိမိတို့၏​များစွာသော​ညီအစ်ကို​တို့ကို ညှဉ်းဆဲခြင်းသို့​တိုင်အောင် မာန​ဖြင့်​ဘဝင်​မြင့်ကြ၏။ ယခုတွင်၊ ဤအမှု​သည်ကား၊ ကြီးစွာသောမကောင်းမှုဖြစ်၏၊ ပို၍​နှိမ့်ချသော​အပိုင်းမှ လူတို့ကို ကြီးစွာသော ညှဉ်းဆဲခြင်းကို ခံစား​စေ၏၊ များစွာသော​ဆင်းရဲ​ဒုက္ခကို ဖြတ်ကျော်​စေကြ၏။

၃၅ သို့သော်လည်း၊ သူတို့သည် အကြိမ်ကြိမ်​အစာ​ရှောင်၍၊ ဆုတောင်း၍ နှိမ့်ချခြင်း၌ ပို၍​အားကြီး​သည်ထက် အားကြီး​လာလျက်၊ ခရစ်တော်၌ သူတို့၏​ယုံကြည်ခြင်းသည် ခိုင်မြဲ​သည်​ထက်​ခိုင်မြဲ​လာသည်မှာ၊ သူတို့​စိတ်ဝိညာဉ်ကို ဝမ်းမြောက်ခြင်း၊ သက်​သာခြင်းတို့နှင့်၊ ပြည့်ခြင်းသို့​ရောက်သည့်​တိုင်အောင်​ပင်တည်း။ အမှန်စင်စစ်၊ ဘုရားသခင်​ထံသို့ သူတို့​စိတ်နှလုံးကို အပ်နှင်းခြင်းကြောင့်၊ ကျရောက်​လာသည့် သန့်ရှင်းစင်ကြယ်​စေခြင်း​တည်းဟူသော စိတ်နှလုံး​စင်ကြယ်​စေခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့ပင် ရောက်လေ၏။

၃၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​စိတ်နှလုံးထဲသို့ ဝင်​ရောက်လေသည့် အလွန်​ကြီးစွာသော​မာန​မှတစ်ပါး၊ ငါးဆယ်​နှစ်​နှစ်မြောက်​သည်လည်း ငြိမ်းချမ်းစွာ ပြီး​ဆုံးလေ၏။ ထိုအမှု​သည်ကား၊ ထိုပြည်၌ သူတို့၏​အလွန်​ကြီးစွာသော စည်းစိမ်​ဥစ္စာများနှင့် သူတို့၏​အောင်မြင်ခြင်းတို့​ကြောင့်​ပေတည်း။ ထိုအရာသည် သူတို့၌ နေ့တိုင်း​မပြတ်​တိုးပွား၏။

၃၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ငါးဆယ်​သုံး​နှစ်​မြောက်တွင် ဟေလမန်​သေ၍၊ သူ့နေရာ၌ သူ၏ အကြီး​ဆုံးသား နီဖိုင်း နန်းစံ​စပြု၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် တရား​မျှတခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ဖြင့် တရား​ပလ္လင်၌ ထမ်း​ဆောင်၏။ ထိုမှတစ်ပါး၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်း၍၊ သူ့​အဘ၏​လမ်းများသို့ လိုက်၏။