ကျမ်းစာများ
ဟေလမန် ၂


အခန်းကြီး ၂

ဟေလမန်၏​သား ဟေလမန်သည် တရား​သူကြီး​ချုပ်​ဖြစ်​လာ၏—ဂါဒျန်​တန်သည် ခိရှခူမင်၏​အဖွဲ့ကို ဦးဆောင်၏—ဟေလမန်၏​ကျွန်သည် ခိရှခူမင်ကို ကွပ်မျက်၏၊ ဂါဒျန်တန်​အဖွဲ့သည်လည်း တောရိုင်း​ထဲသို့ ထွက်​ပြေး​သွား၏။ ဘီစီ ၅၀–၄၉ ခန့်။

ဤသို့​အား​ဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်​နှစ်​နှစ်မြောက်​တွင်၊ မော်ရော်နိဟက နီဖိုင်း​အမျိုး​သားများနှင့် လာမန်​အမျိုး​သားတို့​ကြား၌ ငြိမ်းချမ်းခြင်းကို တစ်ဖန် တည်​ဆောက်ပြီး​နောက်​တွင်၊ ရှုလော့၊ တရား​ပလ္လင်၌ ထမ်း​ဆောင်ရန် အဘယ်​သူမျှ​မရှိ။ ထို့ကြောင့်၊ တရား​ပလ္လင်၌ အဘယ်သူ ထမ်း​ဆောင်​သင့်သည် ဟူသော​အချက်နှင့်​စပ်လျဉ်း၍ လူတို့၌ ငြင်းခုံခြင်း တစ်​ဖန်​ရှိ​စ​ပြု၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဟေလမန်၏​သား ဟေလမန်သည် တရား​ပလ္လင်၌ ထမ်း​ဆောင်စေရန် လူတို့၏​မဲဆန္ဒဖြင့် ခန့်​အပ်​ခံရ၏။

သို့ရာတွင်၊ ရှုလော့၊ ပါဟောရန်ကို သတ်ခဲ့​လေသူ ခိရှခူမင်သည် ဟေလမန်​ကိုလည်း ဖျက်​ဆီးခြင်းငှာ ချောင်းမြောင်း၍ စောင့်၏။ သူ၏​ဆိုးညစ်ခြင်းကို အဘယ်​သူမျှ​မသိရ​စေမည့်​အကြောင်း ပဋိညာဉ်​ပြုခဲ့သော​သူများ​ဖြစ်သည့် သူ့​တပ်ဖွဲ့၏​ထောက်ခံမှု​ကိုလည်း ရရှိ၏။

အကြောင်းမူကား၊ လူ့​အသက်ကို​သတ်ခြင်းနှင့် အနိုင်​အထက်​လုယူခြင်း​တို့၏ လျှို့​ဝှက်သော​အမှုများကို ဆောင်​ရွက်ခြင်းငှာ၊ များစွာသော​စကား​အရာနှင့် ကိုယ့်​အမှုများ၌ အလွန်​ကျွမ်းကျင်သည့် ဂါဒျန်တန်ဟု​အမည်​ရသော​သူတစ်ဦး ရှိ၏။ ထို့ကြောင့်၊ သူသည် ခိရှခူမင်​အဖွဲ့၏ အကြီး​အကဲ​ဖြစ်​လာ၏။

ထို့ကြောင့်၊ တရား​ပလ္လင်၌ သူ့ကို ခန့်​အပ်ကြ​မည်​ဆိုလျှင်၊ ဤအဖွဲ့၏​အဖွဲ့​ဝင်တို့အား လူတို့၌ တန်ခိုးနှင့် အခွင့်​အာဏာရရန် အခွင့်​ပေးမည့်​အကြောင်း သူတို့နှင့် ခိရှခူမင်ကိုလည်း မြှောက်ပင့်​ပြောဆို၏။ ထို့ကြောင့်၊ ခိရှခူမင်သည် ဟေလမန်ကို ဖျက်​ဆီးရန် ကြိုးစား​အား​ထုတ်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ဟေလမန်ကို ဖျက်ဆီးရန် တရား​ပလ္လင်ဆီသို့ ထွက်​သွားစဉ်၊ ရှုလော့၊ ဟေလမန်၏​ကျွန်တို့မှ တစ်ယောက်သော​သူသည် ညဉ့်​အချိန်၌ အပြင်သို့​ထွက်၍၊ ခြား​နားသော​အယောင်ကို​ဆောင်ခြင်း​အားဖြင့် ဤအဖွဲ့​စီမံသည့် ဟေလမန်ကို ဖျက်ဆီးရန် အကြံ​အစည်များကို သိ​ရှိခဲ့၏—

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုသူသည် ခိရှခူမင်ကို​တွေ့လျှင်၊ အမှတ်​ပေး၏။ ထို့ကြောင့်၊ ခိရှခူမင်သည် သူ့အလို​ဆန္ဒ​ကြံ​ရွယ်ချက်ကို ဖော်ပြ၍၊ ဟေလမန်ကို သတ်နိုင်ခြင်းငှာ သူ့ကို တရား​ပလ္လင်ဆီသို့ ခေါ်​သွားပါမည့်​အကြောင်း တောင်း​ဆို၏။

ဟေလမန်၏​ကျွန်ကလည်း၊ ခိရှခူမင်၏​အလုံး​စုံသော​စိတ်နှလုံး​ကိုလည်း​ကောင်း၊ ထို့​အမှုမှာ၊ လူ့​အသက်ကို သတ်ရန်​သူ၏ ကြံရွယ်ချက် ဖြစ်ကြောင်းကို​လည်း​ကောင်း၊ ထိုအမှုမှာ၊ လူ့​အသက်ကို​သတ်ရန်၊ လုယူရန်နှင့် အာဏာ​ရနိုင်ရန်၊ (ထို့အတူ၊ ဤအရာ​သည်ကား၊ သူတို့၏ လျှို့​ဝှက်သော​အကြံ​အစည်နှင့်၊ သူတို့၏ဂိုဏ်း) သူ့အဖွဲ့​အသင်း​ဝင်​ခပ်သိမ်းတို့၏ ကြံရွယ်ချက်​ဖြစ်ကြောင်းကို​လည်းကောင်း သိရလျှင်၊ ဟေလမန်၏​ကျွန်က၊ ခိရှခူမင်အား၊ တရား​ပလ္လင်​ဆီသို့ ငါတို့​သွားကြ​ကုန်အံ့ဟု ဆို၏။

ယခုတွင်၊ ဤအမှုက ခိရှခူမင်ကို လွန်စွာနှစ်သက်​စေ၏။ အကြောင်း​မူကား၊ သူ့အကြံ​ပြီးမြောက်​တော့မည်ဟု ထင်မှတ်၏။ သို့ရာတွင်၊ ရှုလော့၊ ဟေလမန်၏​ကျွန်က သူတို့​တရား​ပလ္လင်ဆီသို့ သွား​နေစဉ်၊ ခိရှခူမင်ကို နှလုံးသို့ပင် ထိုး​ဖောက်သဖြင့်၊ ညည်း​သံတစ်ချက်​မပြုဘဲ လဲကျ၍သေ၏။ သူသည်လည်း မိမိမြင်ရ၊ ကြားရလေ​သမျှသော​အရာတို့ကို ဟေလမန်​ထံသို့​ပြေး၍ ပြော​ပြ၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဟေလမန်သည် ဓား​ပြအဖွဲ့နှင့် လျှို့​ဝှက်သော​လူ့​အသက်​သတ်​သူတို့ကို ဖမ်းဆီး၍၊ ဥပဒေ​အတိုင်း သေ​ဒဏ်​ပေး​ခံရနိုင်စေခြင်းငှာ လူတို့ကို စေလွှတ်၏။

၁၁ သို့ရာတွင်၊ ရှုလော့၊ ဂါဒျန်တန်သည် ခိရှခူမင်​ပြန်မ​လာသည်ကို သိရလျှင်၊ ဖျက်ဆီး​ခံရမည်ကို​စိုးရိမ်၏။ ထို့ကြောင့်၊ မိမိ​အဖွဲ့ကို သူ့နောက်သို့ လိုက်စေ၏။ သူတို့​သည်လည်း လျှို့​ဝှက်သော​လမ်းဖြင့်၊ တောရိုင်းထဲသို့ ထွက်​ပြေးကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ဟေလမန်က သူတို့ကို ဖမ်းဆီးစေရန် လွှတ်သော​အခါ၊ အဘယ်​အရပ်မှာမျှ၊ မတွေ့​ရနိုင်ချေ။

၁၂ ဤဂါဒျန်တန်​အကြောင်း ပို၍​များသော​အရာကို နောင်​ကာလ၌ ပြော​ဦးမည်။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း လေးဆယ်နှစ်​နှစ်မြောက် ပြီး​ဆုံး၏။

၁၃ ရှုဦးလော့၊ ဖျက်​ဆီးခြင်းကို၊ အမှန်​စင်​စစ်၊ နီဖိုင်း​လူမျိုးတို့၏ ပျက်စီးခြင်း​တစ်ခုလုံး​နီးပါးကို ဤဂါဒျန်တန်က ဖြစ်စေခဲ့ကြောင်း၊ ဤကျမ်း၏​အဆုံး၌ သင်တို့​မြင်ရ​လိမ့်မည်။

၁၄ ရှုလော့၊ ဟေလမန်​ကျမ်း​အဆုံးဟု ငါ​မဆို​လို၊ ငါ​ရေးလေသည့်၊ ခပ်သိမ်းသော​မှတ်တမ်းကို ထုတ်ယူရာ နီဖိုင်း​ကျမ်း​အဆုံးဟုသာ ဆို​လို၏။