ကျမ်းစာများ
ဟေလမန် ၁၄


အခန်းကြီး ၁၄

ရှမွေလသည် ခရစ်တော်​ဖွားမြင်​တော်မူ​ရာ​ကာလ၌ ညဉ့်​အချိန်၏​အလင်းနှင့် အသစ်​ဖြစ်သော​ကြယ်တို့ကို ကြို​တင်​ဟော​ကိန်း​ထုတ်၏—ခရစ်တော်သည် လူသားတို့ကို ဇာတိ​ပကတိနှင့် ဝိညာဉ်ပကတိ​သေခြင်းတို့မှ ရွေးနှုတ်​တော်မူ၏—သူ့​သေခြင်း၏ နိမိတ်​လက္ခဏာတို့၌၊ မှောင်​မိုက်ခြင်း​သုံးရက်၊ ကျောက်များ​ကွဲခြင်းနှင့် လောက​ဓာတ်၏​အုံကြွခြင်းတို့ ပါဝင်၏။ ဘီစီ ၆ ခန့်။

ယခု​မူကား၊ အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုးသား ရှမွေလသည် မရေး​နိုင်​အောင် ပို၍​အလွန်​များသော အရာတို့ကို ပရောဖက်​ပြု၍​ဟော၏။

ရှုဦးလော့၊ သူဆို​လေ​သည်ကား၊ ရှုလော့၊ ငါသည် သင်တို့ကို နိမိတ်​လက္ခဏာ​တစ်ခု ကို​ဖော်​ပြ၏။ အကြောင်းမူကား၊ ရှုဦးလော့၊ နောက်​ထပ် ငါး​နှစ်​အကြာ၌၊ ဘုရားသခင်၏​သားတော်သည် သူ၏​နာမတော်ကို ယုံကြည်မည့်သူ ခပ်သိမ်းကို ရွေး​နှုတ်​တော်မူခြင်းငှာ၊ ကြွ​လာ​တော်မူမည်။

ရှုဦးလော့၊ သူကြွ​လာ​တော်မူသည့်အချိန်၌ နိမိတ်​လက္ခဏာ​တစ်ခု​အဖြစ် ဤအရာကို သင်တို့အား ငါ​ဖော်​ပြမည်။ အကြောင်း​မူကား၊ ရှုလော့၊ ကောင်းကင်၌ ကြီးစွာသော​အလင်းအိမ်တို့​ရှိ၍၊ သူ​ကြွလာ​တော်​မမူ​မီညဉ့်​အချိန်၌ မှောင်​မိုက်​မရှိသဖြင့်၊ ထိုညဉ့်သည် လူသား​အဖို့ နေ့ကဲ့သို့ပင်​ဖြစ်​လိမ့်​မည်။

ထို့ကြောင့်၊ တစ်နေ့၊ တစ်ညဉ့်နှင့် တစ်နေ့​ဖြစ်၍၊ ထိုကာလသည် တစ်နေ့​တည်း​ဖြစ်၍၊ ညမရှိ​သကဲ့သို့ ဖြစ်​လိမ့်မည်။ ဤအရာ​သည် သင်တို့​အတွက် နိမိတ်​လက္ခဏာ​အဖြစ်​ရှိလိမ့်မည်။ အကြောင်း​မူကား၊ သင်တို့သည် နေ​ထွက်ခြင်းနှင့် ဝင်ခြင်းကို သိလိမ့်မည်။ ထို့ကြောင့်၊ နှစ်နေ့နှင့် တစ်​ည​ဖြစ်လိမ့်မည့်​အကြောင်းကို သူတို့​ဧကန်​အမှန်​သိကြ​လိမ့်မည်။ သို့သော်လည်း ညသည် မှောင်မိုက်​လိမ့်မည်​မဟုတ်။ ထိုည​သည်လည်း သူ့ကို​ဖွားမြင်ရာ​မတိုင်မီ ည​ဖြစ်​လိမ့်မည်။

ရှုဦးလော့၊ သင်တို့​မမြင်​ဖူးသည့် အသစ်​ဖြစ်သော ကြယ်​တစ်လုံး​ထွက်​လာ၍၊ ဤ​အရာ​သည်​လည်း သင်တို့​အတွက် နိမိတ်​လက္ခဏာ​တစ်ခု ဖြစ်​လိမ့်မည်။

ရှုဦးလော့၊ ဤအရာသည် အလုံး​စုံမဟုတ်။ ကောင်းကင်၌ များစွာသော​နိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်း​ဖွယ်​အမှုများ ရှိ​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​လတ္တံ့သော​အခါ၊ သင်တို့​သည် အံ့အား​သင့်၍ အံ့​မခန်း​ချီးမွမ်း​ဖွယ်​ဖြစ်သဖြင့် မြေကြီးသို့ လဲကျသည့်​တိုင်အောင်ပင် ဖြစ်​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ဘုရားသခင်၏​သားတော်ကို ယုံကြည်သူ​မှန်သမျှသည် ထာဝရ​တည်မြဲသော​အသက်ကို ရလိမ့်မည်။

ရှုဦးလော့၊ ထိုကဲ့သို့ ကိုယ်တော်ရှင်သည် ငါ့ကို သင်တို့ထံသို့ လာ၍ ဤအရာတို့ကို ပြော​ပြရမည့်​အကြောင်း၊ သူ၏​ကောင်းကင်​တမန်​အားဖြင့်၊ မိန့်တော်​မူလေ၏။ ထိုမှတစ်ပါး၊ သင်တို့အား ဤအရာတို့ကို ငါ​ပရောဖက်​ပြု၍ ဟောရမည့်​အကြောင်း မိန့်တော်မူ၏။ ထိုမှတစ်ပါး၊ ငါ့ကို မိန့်တော်မူ​လေသည်​ကား၊ နောင်တရ၍ ကိုယ်တော်ရှင်၏​လမ်းကို ပြင်ဆင်ရမည့်​အကြောင်း၊ ဤလူမျိုး​တို့ကို ဟစ်​ကြွေးလော့ဟု ဖြစ်​လေ​သတည်း။

၁၀ ယခုမူကား၊ ငါသည် လာမန်​အမျိုးသား​တစ်ဦး​ဖြစ်၍၊ ငါ့ကို ကိုယ်တော်ရှင် မိန့်​တော်မူ​ခဲ့လေသည့် စကားများကို သင်တို့အား ဟော​ပြောသော​ကြောင့်​လည်း​ကောင်း၊ ထို​အမှု​သည်၊ သင်တို့​တစ်ဖက်၌ ခက်​ထန်သော​ကြောင့်​လည်း​ကောင်း သင်တို့​သည် ငါ့ကို အမျက်​ထွက်၍၊ ဖျက်​ဆီးရန်​ကြိုး​စားကြ၏၊ သင်တို့​အထဲမှလည်း နှင်​ထုတ်ကြ​လေပြီ။

၁၁ သင်တို့သည် ငါ၏​စကားများကို ကြား​နာကြ​လော့။ အကြောင်း​မူကား၊ ငါသည် ဤ​ရည်ရွယ်ချက်​ကြောင့် ဤမြို့တံ​တိုင်းများ​ပေါ်သို့ တက်​လာလေပြီ၊ သင်တို့၏​ဒုစရိုက်များ​ကြောင့်၊ သင်တို့ကို စောင့်​နေသည့် ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်း​များကို သင်တို့​ကြားနာ၍ သိနိုင်​ကြ​စေကြောင်း၊ ထို့အတူ၊ နောင်တ​ရခြင်း​အခွင့်များ​ကိုလည်း သင်တို့​သိနိုင်ကြ​စေကြောင်း၊

၁၂ ထို့အတူ၊ ယေရှုခရစ်တော်၊ ဘုရားသခင်၏​သားတော်၊ ကောင်းကင်နှင့် မြေကြီး၏​ခမည်းတော်၊ ရှေး​ဦးစွာ​ကတည်းက၊ အရာ​ခပ်သိမ်းတို့ကို ဖန်ဆင်းရှင်၏ ကြွ​လာ​တော်မူခြင်း​ကိုလည်း သင်တို့​သိနိုင်ကြ​စေကြောင်း၊ သူ၏​နာမတော်ကို ယုံကြည်​နိုင်ကြ​စေခြင်းငှာ​ဟူသော ရည်​ရွယ်ချက်​အတွက် သူ​ကြွ​လာ​တော်မူခြင်း၏​နိမိတ်​လက္ခဏာတို့ကို သင်တို့​သိနိုင်ကြ​စေကြောင်းတို့​ပင်တည်း။

၁၃ ထို့အတူ၊ သင်တို့သည် သူ၏​နာမတော်ကို ယုံကြည်လျှင်၊ သင်တို့၏​ခပ်သိမ်းသော​အပြစ်များမှ နောင်တ​ရ၍၊ ထိုနည်း​အားဖြင့် သူ၏​ကောင်းမှု​များ​အားဖြင့်၊ ထို​အပြစ်များမှ​လွှတ်ခြင်းကို ရ​ရှိနိုင်​ကြ၏။

၁၄ ရှုဦးလော့၊ တခြား​နိမိတ်​လက္ခဏာ​တစ်ခု၊ အထူးသဖြင့်၊ သူ့​သေခြင်း၏​နိမိတ်​လက္ခဏာ​တစ်ခုကို သင့်အား ငါ​ပေး၏။

၁၅ အကြောင်း​မူကား၊ ရှုလော့၊ သူသည် ကယ်​တင်ခြင်း​ဖြစ်​လာနိုင်​စေရန် ဧကန်​အမှန် သေ​ရပေမည်။ အထူးသဖြင့်၊ သူ့ထံသို့ ထို​အမှု​ဖြစ်​လာ၍၊ သေ​သူတို့၏​ရှင်​ပြန်​ထ​မြောက်ခြင်းကို ဖြစ်ပေါ်​စေခြင်းငှာ သူသေရန် လိုအပ်​လာ၏၊ ထိုကဲ့သို့​အားဖြင့်၊ လူ​သားတို့ကို ကိုယ်တော်ရှင်၏​မျက်​မှောက်သို့ ဆောင်​ယူနိုင်​စေခြင်းငှာ​ပေတည်း။

၁၆ အထူးသဖြင့်၊ ရှုလော့၊ ဤသေခြင်းက ရှင်​ပြန်​ထမြောက်ခြင်းကို ဖြစ်​ပေါ်​စေလျက်၊ လူ​သား​ခပ်သိမ်းတို့ကို ပထမ​သေခြင်း—ထိုဝိညာဉ်​ပကတိ​သေခြင်းမှ ရွေး​နှုတ်၏။ အကြောင်း​မူကား၊ အာဒံ၏​ကျရှုံးခြင်း​အားဖြင့် ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပယ်ရှင်း​ခံရသည့် လူသားခပ်သိမ်းတို့ကို ဇာတိ​ပကတိနှင့်​ဆိုင်သော​အရာများနှင့် ဝိညာဉ်​ပကတိနှင့်​ဆိုင်သော​အရာများ နှစ်ခု​စလုံး​တို့၌ သေသူ​များ​အဖြစ် မှတ်​ယူကြ၏။

၁၇ သို့ရာတွင်၊ ရှုလော့၊ ခရစ်တော်၏​ရှင်​ပြန်​ထမြောက်ခြင်းက လူသားကို၊ အမှန်စင်စစ်၊ လူသား​ခပ်သိမ်းတို့​ကိုပင် ရွေးနှုတ်​တော်မူ၍၊ ကိုယ်တော်ရှင်​၏ မျက်မှောက်သို့ ပြန်​လည်​ဆောင်​ယူ​တော်မူ၏။

၁၈ အကြောင်း​မူကား၊ ထိုအမှုက နောင်တ​ရခြင်း​အခွင့်ကို ဖြစ်​ပေါ်စေ​သည်မှာ၊ နောင်တ​ရသော​သူမှန်​သမျှအား ခုတ်​လှဲ၍ မီးထဲသို့​ပစ်ချ မခံရ​စေခြင်းငှာ​ပေတည်း။ သို့ရာတွင်၊ နောင်တ​ရခြင်း​မရှိ​သူမှန်​သမျှသည် ခုတ်​လှဲ၍ မီးထဲသို့​ပစ်ချခံရ၏။ ဝိညာဉ်​ပကတိ​သေခြင်း​သည်​လည်း သူတို့​အပေါ်သို့ တစ်ဖန်​ကျရောက်​ပေ၏။ အကြောင်း​မူကား၊ သူတို့သည် ဖြောင့်​မတ်ခြင်းနှင့် စပ်ဆိုင်သော​အရာတို့၌ တစ်ဖန်ပယ်​ရှင်း​ခံရ၏။

၁၉ ထို့ကြောင့်၊ သင်တို့ နောင်တ​ရကြလော့၊ သင်တို့ နောင်တ​ရကြလော့။ ဤအရာ​တို့ကို သိ​သော်​လည်း မကျင့်​သုံးလျှင်၊ သင်တို့ကိုယ်​သင်တို့ ပြစ်​ဒဏ်ချ​မှတ်ခြင်းသို့ ရောက်စေရန် အခွင့်​မပေးကြ​စေခြင်းငှာ၊ ထို့အတူ၊ ဤဒုတိယ​သေခြင်းသို့ ဆောင်​ယူခြင်းကို သင်တို့​မခံရ​စေခြင်းငှာ​ပေတည်း။

၂၀ သို့ရာတွင်၊ ရှုလော့၊ တခြား​နိမိတ်​လက္ခဏာ၊ သူ၏​သေခြင်း​နိမိတ်​လက္ခဏာနှင့်​စပ်လျဉ်း၍ သင်တို့ကို ငါ​ပြော​သကဲ့သို့ပင်၊ ရှုလော့၊ သေခြင်းကို သူ​ခံစားမည့် ထိုနေ့၌၊ နေသည် မှောင်​မိုက်​လာ၍၊ သူ၏​အလင်းကို သင်တို့​ထံ​ပေးရန် ငြင်း​ပယ်လိမ့်​မည်။ လနှင့် ကြယ်တို့​သည်​လည်း၊ ထိုနည်းတူ ဖြစ်​လိမ့်မည်။ သေခြင်းကို သူ​ခံစားမည့်​အချိန်မှ​စ၍​ပင်၊ သေရာမှ သူ​တစ်ဖန်​ထမြောက်မည့်​အချိန်​အထိ သုံး​ရက်​ကြာ​အောင် ဤပြည်၏​မျက်နှာ​ပြင်ပေါ်၌ အလင်း​မရှိ​ဘဲ​ဖြစ်​လိမ့်မည်။

၂၁ ထိုမှတစ်ပါး၊ သူသည် ဝိညာဉ်တော်ကို လွှတ်​တော်မူသည့် အချိန်၌ နာရီ​ပေါင်းများစွာ ကြာ​အောင် မိုး​ချုန်းခြင်းနှင့် လျှပ်​စီး​လက်ခြင်းတို့ ရှိလိမ့်မည်။ မြေကြီး​သည်လည်း လှုပ်၍၊ တုန်​လိမ့်မည်။ ဤမြေကြီး၏​မျက်နှာ​ပြင်ပေါ်မှာ​ရှိသည့်၊ မြေကြီး​အထက်နှင့် အောက်မှာ​ရှိသည့်၊ ဤအချိန်၌ အစိုင်​အခဲ၊ သို့မဟုတ် အများစုမှာ တစ်ခု​တည်း​သော​အစိုင်​အခဲ​ထု​အဖြစ် သင်တို့​သိသည့် ကျောက်များ​သည်​လည်း ပြို​ကွဲလိမ့်​မည်။

၂၂ ထိုမှတစ်ပါး၊ နှစ်ခြမ်း​ကွဲလိမ့်မည်၊ မြေကြီး​တစ်ခုလုံး၏​မျက်နှာ​ပြင်​ပေါ်၌၊ အထူးသဖြင့်၊ မြေကြီး၏​အထက်နှင့် အောက်​နှစ်ခု​စလုံး၌ အအက် အကွဲများ​အဖြစ်နှင့် ကျိုးပဲ့သော အပိုင်း​အစများ​အဖြစ် အစဉ်​အဆက် တွေ့ရ​လိမ့်မည်။

၂၃ ရှုဦးလော့၊ ကြီးစွာသော​မိုးသက်​မုန်တိုင်းများ ရှိလိမ့်မည်။ တောင်​များစွာလည်း ချိုင့်ဝှမ်း​ကဲ့သို့ နိမ့်ကျ​လိမ့်မည်။ အလွန်​မြင့်သော​တောင်များ​ဖြစ်​လာမည့် ယခုတွင် ချိုင့်​ဝှမ်းဟု​ခေါ်သော​နေရာ​များစွာ​ရှိလိမ့်မည်။

၂၄ များစွာသော​လမ်း​မများ​လည်း ပြို​ကျ၍၊ များစွာသော​မြို့များသည် လူဆိတ်​ညံရာ​ဖြစ်​လိမ့်​မည်။

၂၅ ထို့အတူ၊ သင်္ချိုင်း​များစွာ​တို့သည် ပွင့်၍ ၎င်းတို့၏​အသေ​ကောင်များစွာ​တို့ကို လွှတ်​ပေးလိမ့်မည်။ သန့်ရှင်း​သူများစွာ​တို့သည်​လည်း များစွာသော​သူတို့​ထံသို့ ပေါ်​လာ​လိမ့်မည်။

၂၆ ရှုဦးလော့၊ ထိုကဲ့သို့ ကောင်းကင်​တမန်သည် ငါ့ကို​မြွက်ဆို​တော်မူ၏။ အကြောင်း​မူကား၊ နာရီ​ပေါင်း​များစွာ​ကြာအောင်၊ မိုး​ချုန်းခြင်းနှင့် လျှပ်စီး​လက်ခြင်းတို့​ရှိလိမ့်မည်​ဖြစ်​ကြောင်း ငါ့ကို မြွက်ဆိုတော်မူ၏။

၂၇ ထို့အတူ၊ မိုး​ချုန်းခြင်းနှင့် လျှပ်​စီး​လက်ခြင်း၊ မိုး​သက်မုန်​တိုင်း​များလည်း ရှိ​စဉ်တွင်၊ ဤအရာများ​ဖြစ်​လာ၍၊ မှောင်​မိုက်ခြင်း​သည် မြေကြီး​တစ်ခုလုံး၏​မျက်နှာ​ပြင်ကို သုံးရက်​ကြာအောင် ဖုံးလွှမ်း​လိမ့်မည် ဖြစ်ကြောင်း ငါ့ကို မြွက်ဆို​ခဲ့၏။

၂၈ ထို့အတူ၊ ကောင်းကင်​တမန်က များစွာသော​သူတို့သည် ဤအရာတို့​ထက် သာ၍​ကြီးစွာသော​အရာတို့ကို မြင်ရ​လိမ့်မည်​ဖြစ်ကြောင်း ငါ့ကို မြွက်ဆို​သည်မှာ၊ ဤနိမိတ်​လက္ခဏာ​များနှင့် အံ့​မခန်း​ချီး​မွမ်း​ဖွယ်​အမှုတို့ ဤပြည်၏​မျက်နှာ​ပြင်​တစ်ခု​လုံးပေါ်သို့ ရောက်​လာ​လိမ့်မည်​ဖြစ်​ကြောင်း သူတို့​ယုံကြည်နိုင်​စေခြင်းငှာ​ဟူသော ရည်​ရွယ်ချက်နှင့် လူသားတို့၌ မယုံကြည်ခြင်း​အတွက် အကြောင်း​ရင်း​မရှိစေခြာင်းငှာ​ဟူသော ရည်​ရွယ်ချက်​ပေတည်း—

၂၉ ဤအမှု​သည်ကား၊ ယုံကြည်မည့်​သူမှန်သမျှ၊ ကယ်တင်ခြင်းသို့ ရောက်​နိုင်ရန်နှင့်၊ မယုံကြည်မည့်​သူမှန်​သမျှထံသို့ ဖြောင့်မတ်သော တရား​စီရင်​တော်မူခြင်း​ကျ​ရောက်​လာနိုင်​စေခြင်းငှာ ဟူ​သော​ရည်​ရွယ်ချက်​ပေတည်း။ သူတို့သည် ပြစ်ဒဏ်ချ​မှတ်​ခံရလျှင်​လည်း၊ သူတို့​ကိုယ်ပေါ်သို့ သူတို့ကိုယ်​တိုင်၏ ပြစ်​ဒဏ်ချ​မှတ်ခြင်းကို ရောက်​စေကြ၏။

၃၀ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ပျက်စီးသူ​အဘယ်သူ​မဆို သူ​ကိုယ်တိုင်​ကြောင့် ပျက်​စီး၍၊ ဒုစရိုက်ကို ပြုသူ​အဘယ်​သူမဆို သူကိုယ်တိုင်သို့ ပြုကြောင်းကို သတိရကြလော့။ သတိ​ရကြလော့။ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့သည် လွတ်လပ်ကြ၏။ သင်တို့ကိုယ်တိုင်ပြုမူရန် သင်တို့ကို အခွင့်ပေးထား၏။ အကြောင်း​မူကား၊ ရှုလော့၊ ဘုရားသခင်သည် သင်တို့အား အသိ​ပညာကို ပေး​ထားတော်မူ၍၊ သင်တို့ကို လွတ်လပ်​စေတော်မူ၏။

၃၁ သင်တို့အား အကောင်းနှင့် အဆိုးကို ခွဲခြား၍ သိနိုင်ကြ​စေခြင်းငှာ၊ ပေးထား​တော်မူ၏၊ အသက်​ရှင်ခြင်း သို့မဟုတ် သေခြင်းကို ရွေးချယ်နိုင်​စေခြင်းငှာ​လည်း ပေး​ထားတော်မူ၏။ သင်တို့​သည်လည်း ကောင်းမှုကို ပြု​နိုင်၍၊ ကောင်း​မြတ်သည့်​အရာသို့ ပြန်လည်​ဆောင်​ယူခြင်းကို ခံရကြ၊ သို့မဟုတ်၊ ကောင်း​မြတ်သည့်​အရာကို သင်တို့ထံ ပြန်လည်​ဆောင်ယူ၍ ရရှိ​ပေ၏။ သို့မဟုတ်၊ သင်တို့သည် အဆိုးကို ပြု​နိုင်၍၊ မကောင်းသည့်အရာကို သင်တို့ထံ ပြန်လည်​ဆောင်ယူ၍ ရရှိပေ၏။