ကျမ်းစာများ
မော်ရော်နိုင်း ၁


မော်ရော်နိုင်းကျမ်း

အခန်းကြီး ၁

မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့၏​အကျိုး​အတွက် ရေး၏—ခရစ်တော်ကို​မငြင်း​ဆိုမည့် နီဖိုင်း​အမျိုးသားတို့သည် အသေ​သတ် ခံရ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ယခုတွင်၊ ငါ​မော်ရော်နိုင်းသည် ယာရက်​လူမျိုးတို့​အကြောင်း​မှတ်​တမ်း အကျဉ်း​ချုပ်ခြင်းကို လက်​စ​သတ်​ပြီးနောက်၊ နောက်​ထပ်၍ မရေးဖို့ စဉ်း​စား​မိ၏။ သို့ရာတွင်၊ ငါသည် ပျက်​စီးခြင်း​မရှိ​သေး။ လာမန်​အမျိုးသားတို့ ငါ့ကို မဖျက်​ဆီး​ရ​စေခြင်းငှာ​လည်း၊ ငါ့​ကိုယ်​ကို သူတို့ထံ မ​ဖော်ပြ။

အကြောင်း​မူကား၊ ရှုလော့၊ သူတို့​အချင်း​ချင်း၌ စစ်တိုက်ခြင်းများမှာ အလွန်​ပြင်း​ထန်၏။ သူတို့၏​အမုန်း​တရားကြောင့်လည်း ခရစ်တော်ကို​မငြင်း​ဆိုမည့် နီဖိုင်း​အမျိုးသား​မှန်သမျှကို သူတို့​အသေ​သတ်ကြ၏။

ငါ​မော်ရော်နိုင်း​သည်​လည်း ခရစ်တော်ကို ငြင်း​ဆို​မည်​မဟုတ်။ သို့​ဖြစ်၍၊ ငါသည် ငါ့​အသက်၏​ဘေး​လွတ်ခြင်း​အတွက်၊ ငါ​တတ်နိုင်​သမျှ အရပ်​ရပ်သို့​လည်၏။

သို့ဖြစ်၍၊ ငါ​စဉ်း​စား​မိခဲ့​လေ​သည့်​အရာနှင့်​ဆန့်​ကျင်၍ အနည်း​ငယ်သော​အရာတို့ကို ထပ်၍​ရေး​ဦး​မည်။ အကြောင်း​မူကား၊ ငါသည် နောက်​ထပ်​တစ်စုံ​တစ်ခုကို​မျှ ထပ်၍​မရေးဖို့ စဉ်း​စား​မိ၏။ သို့ရာတွင်၊ ငါသည် အနည်း​ငယ်သော​အရာတို့ကို ထပ်၍​ရေးသည်မှာ ထိုအရာတို့​သည် ငါ၏​ညီအစ်ကို​လာမန်​အမျိုးသားတို့​အတွက်၊ အချို့သော​အနာ​ဂတ်​ကာလမှာ၊ ကိုယ်တော်ရှင်၏​အလို​တော်​အတိုင်း အဖိုး​ထိုက်​ကောင်း​ထိုက်​နိုင်​စေခြင်းငှာ​ပေတည်း။