အခန်းကြီး ၁၀
မော်မုန်ကျမ်းအကြောင်း သက်သေခံချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဖြစ်လာ၏—ဝိညာဉ်တော်၏ဆုကျေးဇူးတို့ကို သစ္စာရှိသောသူများထံသို့ မျှဝေ၍ပေး၏—ဝိညာဉ်ပကတိဆုကျေးဇူးတို့သည် ယုံကြည်ခြင်းနှင့် အစဉ်အမြဲယှဉ်တွဲပါရှိ၏—မော်ရော်နိုင်း၏စကားတို့သည် မြေမှုန့်ထဲမှ ဟောပြော၏—ခရစ်တော်ထံသို့လာကြလော့၊ သူ့ကြောင့် စုံလင်ရာသို့ရောက်ကြလော့၊ သင်တို့၏စိတ်ဝိညာဉ်တို့ကို သန့်ရှင်းစေကြလော့။ အေဒီ ၄၂၁ ခန့်။
၁ ယခုတွင်၊ ငါ၊ မော်ရော်နိုင်းသည် ကောင်းမြတ်သည်ဟု မှတ်ယူသောအရာကို အတော်အသင့်ရေး၏။ ငါ၏ညီအစ်ကို လာမန်အမျိုးသားတို့ထံသို့လည်း ရေး၏။ ခရစ်တော်ကြွလာတော်မူခြင်းအကြောင်း နိမိတ်လက္ခဏာကို ပေးပြီးကတည်းက နှစ်ပေါင်းလေးရာ့နှစ်ဆယ်ကျော် ကုန်လွန်သွားလေပြီဖြစ်ကြောင်း သူတို့သိစေရန်လည်း ငါအလိုရှိ၏။
၂ ငါသည် သင်တို့ကို တိုက်တွန်းရန် စကားအနည်းငယ်ကို ပြောပြီးမှ၊ ဤမှတ်တမ်းတို့ကို တံဆိပ်ခတ်မည်။
၃ ရှုလော့၊ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ၊ သင်တို့သည် ဤအရာတို့ကို ဖတ်သောအခါ၊ ဘုရားသခင်၏ဉာဏ်ပညာတော်အတိုင်းဖြစ်လျှင်၊ သင်တို့ဖတ်ရမည့်အကြောင်းနှင့်၊ အာဒံကို ဖန်ဆင်းတော်မူခြင်းကတည်းက လူသားတို့ဤအရာတို့ကို လက်ခံရရှိချိန်အထိတိုင်အောင်၊ သူတို့အပေါ်၌ ကိုယ်တော်ရှင် အဘယ်မျှကရုဏာ ကြီးတော်မူလေကြောင်းကို သင်တို့သတိရ၍၊ သင်တို့၏စိတ်နှလုံး၌ မှတ်ကျုံး၍၊ စဉ်းစားဆင်ခြင်ရမည့်အကြောင်းတို့ပေတည်း။
၄ ဤအရာတို့ကို သင်တို့လက်ခံရရှိသောအခါ၌လည်း သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ၊ သင်တို့သည် ဤအရာတို့ မှန်၊ မမှန် ဘုရားသခင်၊ ထာဝရအဘအား ခရစ်တော်၏နာမတော်အားဖြင့် မေးလျှောက်ရမည့်အကြောင်းဖြစ်၏။ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိ၍၊ ရိုးသားသောစိတ်နှလုံးဖြင့်၊ စစ်မှန်သောရည်ရွယ်ချက်ဖြင့် မေးလျှောက်ကြလျှင်၊ သူသည် ထိုအရာ၏အမှန်တရားကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သင်တို့ထံသို့ ထင်ရှားစွာပြတော်မူလိမ့်မည်။
၅ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့်လည်း၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၏ အမှန်တရားကို သိနိုင်ကြ၏။
၆ ကောင်းမြတ်သောအရာမှန်သမျှသည် ဖြောင့်မတ်မှန်ကန်၏။ သို့ဖြစ်၍၊ ကောင်းမြတ်သောအရာ အဘယ်အရာကမျှ၊ ခရစ်တော်ကို မငြင်းဆို၊ သူရှိတော်မူကြောင်းကိုသာ အသိအမှတ်ပြု၏။
၇ သင်တို့သည်လည်း သူရှိတော်မူကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သိနိုင်၏။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏တန်ခိုးတော်ကို ငြင်းဆိုခြင်း မပြုရမည့်အကြောင်း ငါတိုက်တွန်းလို၏။ အကြောင်းမူကား၊ သူသည် လူသားတို့၏ယုံကြည်ခြင်းအတိုင်း၊ တန်ခိုးတော်အားဖြင့် ပြုတော်မူ၏။ ယနေ့၊ နက်ဖြန် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူ၏။
၈ ထိုမှတစ်ဖန်၊ ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို တိုက်တွန်း၏၊ ဘုရားသခင်ထံမှဆုကျေးဇူးတို့ကို သင်တို့မငြင်းဆိုရမည့်အကြောင်းပေတည်း။ အကြောင်းမူကား၊ ထိုအရာတို့သည် များစွာရှိ၏။ ထိုအရာတို့သည် မပြောင်းမလဲသောဘုရားသခင်ထံမှ လာ၏။ ဤဆုကျေးဇူးတို့ကို စီမံဆောင်ရွက်ရာ၊ ခြားနားသောနည်းလမ်းများစွာရှိ၏။ သို့ရာတွင်၊ ခပ်သိမ်းသောသူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသောသူသည် မပြောင်းမလဲသောဘုရားသခင်ဖြစ်၏။ လူသားတို့ကို အကျိုးပြုစေခြင်းငှာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထင်ရှားစွာပြတော်မူခြင်းအားဖြင့် ထိုအရာတို့ကို ပေးထားတော်မူ၏။
၉ အကြောင်းမူကား၊ ရှုလော့၊ တစ်ယောက်သောသူအား၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ပေးထားတော်မူ၏၊ ဉာဏ်ပညာစကားကို သွန်သင်နိုင်စေခြင်းငှာပေတည်း။
၁၀ တခြားသောသူတစ်ဦးကိုလည်း အသိပညာစကားကို သွန်သင်ပေးနိုင်စေခြင်းငှာ၊ တူသော ဝိညာဉ်တော်အားဖြင့်ပင်၊ ပေးထားတော်မူ၏။
၁၁ တခြားသောသူတစ်ဦးကိုလည်း၊ အလွန်ကြီးစွာသော ယုံကြည်ခြင်းကို၊ တခြားသောသူတစ်ဦးအား အနာငြိမ်းစေနိုင်ခြင်းဆုကျေးဇူးကို တူသောဝိညာဉ်တော်အားဖြင့် ပေးထားတော်မူ၏။
၁၂ ထိုမှတစ်ဖန်၊ တခြားသောသူတစ်ဦးအား၊ ကြီးစွာသောအလွန်တရာ အံ့ဩဖွယ်အမှုများကို ပြုနိုင်စေခြင်းငှာလည်းကောင်း၊
၁၃ ထိုမှတစ်ဖန်၊ တခြားသောသူတစ်ဦးအား၊ ခပ်သိမ်းသောအရာတို့အကြောင်းကို ပရောဖက်ပြု၍ဟောနိုင်စေခြင်းငှာလည်းကောင်း၊
၁၄ ထိုမှတစ်ဖန်၊ တခြားသောသူတစ်ဦးအား၊ ကောင်းကင်တမန်များနှင့် အမှုတော်ဆောင်ဝိညာဉ်တို့အား မြင်ခြင်းကိုလည်းကောင်း၊
၁၅ ထိုမှတစ်ဖန်၊ တခြားသောသူတစ်ဦးအား၊ အမျိုးမျိုးသောဘာသာစကားပြောနိုင်သော အခွင့်ကိုလည်းကောင်း၊
၁၆ ထိုမှတစ်ဖန်၊ တခြားသောသူတစ်ဦးအား၊ ဘာသာစကားတို့နှင့် အထူးထူးအပြားပြားသော ဘာသာစကားတို့ကို အနက်ဖွင့်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးထားတော်မူ၏။
၁၇ ဤဆုကျေးဇူးမှန်သမျှတို့သည် ခရစ်တော်၏ဝိညာဉ်တော်အားဖြင့် ဖြစ်လာ၏။ သူ၏အလိုတော်အတိုင်း လူတိုင်းထံ အသီးသီး ရောက်ရှိလာ၏။
၁၈ ထို့အတူ၊ ငါ သင်တို့ကို တိုက်တွန်းလို၏၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ကောင်းမြတ်သောဆုကျေးဇူးတိုင်းသည် ခရစ်တော်ထံမှ ဖြစ်လာကြောင်းကို သင်တို့သတိရရမည့်အကြောင်းပေတည်း။
၁၉ ထို့အတူ၊ ငါ သင်တို့ကို တိုက်တွန်းလို၏၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သူသည် မနေ့၊ ယနေ့နှင့်ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူကြောင်း၊ ဝိညာဉ်ပကတိဖြစ်သည့်အရာများတည်းဟူသော ငါဟောပြောသည့် ဤဆုကျေးဇူးခပ်သိမ်းတို့သည် လူသားတို့၏မယုံကြည်မှုအတိုင်းမှတစ်ပါး၊ ကမ္ဘာတည်ရှိသမျှကာလပတ်လုံးပင် အဘယ်တော့မျှ ရပ်စဲသွားလိမ့်မည် မဟုတ်ကြောင်း သင်တို့ သတိရရမည့်အကြောင်းပေတည်း။
၂၀ သို့ဖြစ်၍၊ ယုံကြည်ခြင်း ရှိရမည်။ ယုံကြည်ခြင်းရှိလျှင်၊ မျှော်လင့်ခြင်းလည်း ရှိရမည်။ ထို့အတူ၊ မျှော်လင့်ခြင်းရှိလျှင်၊ မေတ္တာလည်း ရှိရမည်။
၂၁ သင်တို့သည် မေတ္တာမရှိလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ အလျှင်းမရောက်နိုင်။ ယုံကြည်ခြင်းမရှိလျှင်လည်း ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်။ မျှော်လင့်ခြင်းမရှိလျှင်လည်း ကယ်တင်ခြင်းသို့ မရောက်နိုင်။
၂၂ သင်တို့သည် မျှော်လင့်ခြင်းမရှိလျှင်၊ စိတ်ပျက်ရာ၌ ရှိရပေမည်။ စိတ်ပျက်ခြင်းသည်လည်း ဒုစရိုက်ကြောင့် ဖြစ်လာ၏။
၂၃ ခရစ်တော်သည် ငါတို့၏ဘိုးဘေးတို့ကို အမှန်ပင်မိန့်တော်မူလေသည်ကား၊ သင်တို့၌ ယုံကြည်ခြင်းရှိလျှင်၊ သင်တို့သည် ငါ့အဖို့သင့်လျော်သည့် ခပ်သိမ်းသော အရာတို့ကို ပြုလုပ်နိုင်ကြ၏။
၂၄ ယခုမူကား၊ ငါသည် မြေကြီးစွန်းသား ခပ်သိမ်းတို့ကို ဟောပြောသည်မှာ—သင်တို့၌ ဘုရားသခင်ထံမှ တန်ခိုးတော်နှင့် ဆုကျေးဇူးတို့ရပ်စဲမည့်ကာလ ကျရောက်လာသောအခါ၊ ထိုအမှုသည် မယုံကြည်ခြင်းကြောင့် ဖြစ်လိမ့်မည်။
၂၅ ထိုသို့ဆိုလျှင်၊ လူသားတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့၌ ကောင်းမြတ်သည့်အရာကို ပြုသောသူ အဘယ်သူမျှမရှိလတ္တံ့။ တစ်ဦးတစ်ယောက်မျှ မရှိ။ အကြောင်းမူကား၊ ကောင်းမြတ်သည်ကို ပြုသောသူတစ်ဦး သင်တို့၌ရှိလျှင်၊ ထိုသူသည် ဘုရားသခင်ထံမှ တန်ခိုးတော်နှင့် ဆုကျေးဇူးတို့အားဖြင့် ပြုလိမ့်မည်။
၂၆ ဤအရာတို့ရပ်စဲစေ၍၊ သေသောသူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် သူတို့၏အပြစ်များရှိနေစဉ် သေ၍၊ ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။ ငါသည် ခရစ်တော်၏နှုတ်ကပတ်တော်တို့အတိုင်းပြော၏။ မုသားပြောခြင်းမရှိ။
၂၇ ငါသည် သင်တို့အား ဤအရာတို့ကို သတိရစေရန် တိုက်တွန်း၏။ အကြောင်းမူကား၊ ငါမုသားပြောခြင်းမရှိကြောင်း သင်တို့သိရမည့်အချိန်သည် အလျင်အမြန်ကျရောက်လာ၏။ သင်တို့သည် ငါ့ကို ဘုရားသခင်၏တရားစီရင်တော်မူရာတိုင်ရှေ့၌ တွေ့ရလတ္တံ့။ ကိုယ်တော်ရှင်ဘုရားသခင်ကလည်း သင်တို့ကို မိန့်တော်မူမည်ကား၊ တစ်ယောက်သောသူသည် သေရာမှ ဟစ်ကြွေးသကဲ့သို့၊ ထိုမှတစ်ပါး၊ တစ်ယောက်သောသူသည် မြေမှုန့်မှနေ၍ ဟောပြောလျက်ရှိသကဲ့သို့ပင် ဤလူရေးသည့် ငါ၏နှုတ်ကပတ်တော်တို့ကို၊ သင်တို့အား ငါမဟောကြားလေသလော။
၂၈ ပရောဖက်ပြုဟောချက်များကို ပြီးပြည့်စုံစေခြင်းငှာ၊ ငါသည် ဤအရာတို့ကို ဟောပြော၏။ ရှုဦးလော့။ ထိုအရာတို့သည် ထာဝရတည်မြဲသောဘုရားသခင်၏နှုတ်တော်မှ ထွက်လိမ့်မည်။ သူ၏နှုတ်ကပတ်တော်တို့သည်လည်း လူမျိုးအစဉ်အဆက် အလျင်အမြန်သွားလိမ့်မည်။
၂၉ ဘုရားသခင်သည် သင်တို့အား ငါရေးလေသည့်အရာ မှန်ကန်ကြောင်းကိုလည်း ပြတော်မူလိမ့်မည်။
၃၀ ထိုမှတစ်ဖန်၊ ငါသည် သင်တို့ကို တိုက်တွန်းလို၏၊ သင်တို့ ခရစ်တော်ထံသို့ လာ၍၊ ကောင်းမြတ်သောဆုကျေးဇူးတိုင်းကို ဆွဲကိုင်၍၊ မကောင်းသောဆုကျေးဇူးကို ထိခြင်းမရှိ၊ မစင်ကြယ်သောအရာကိုလည်း ထိခြင်းမရှိရမည့်အကြောင်းပေတည်း။
၃၁ အို ယေရုရှလင်၊ နိုးလော့၊ မြေမှုန့်မှထလော့။ ထိုမှတစ်ပါး၊ အို ဇိအုန်မြို့သမီး သင်၏တင့်တယ်သောအဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အို ဣသရေလအမျိုးသားတို့ သင်တို့သည် ရောထွေးမခံရနိုင်တော့ စေခြင်းငှာ၊ ထာဝရအဘမှ သင်တို့ထံ ပြုထားတော်မူလေသည့် ပဋိညာဉ်တို့ကို ပြီးပြည့်စုံစေခြင်းငှာ သင်တို့၏ပန္နက်တို့ကို ခွန်အားဖြည့်ပေး၍၊ သင်တို့၏နေရာနယ်ကို ကာလအစဉ်အဆက်ကျယ်စေလော့။
၃၂ ထိုမှတစ်ပါး၊ ခရစ်တော်ထံသို့ လာကြလော့၊ သူ့အားဖြင့် စုံလင်ရာသို့ ရောက်စေကြလော့၊ ဘုရားမဲ့နေခြင်းအမှုခပ်သိမ်းတို့မှလည်း သင်တို့ကိုယ်သင်တို့ ငြင်းဆိုကြလော့။ ဘုရားမဲ့နေခြင်းအမှုခပ်သိမ်းတို့မှ သင်တို့ကိုယ်သင်တို့ ငြင်းဆို၍၊ ဘုရားသခင်ကို သင်တို့၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ချစ်ကြလျှင်၊ သူ၏ကျေးဇူတော်သည် သင်တို့အဖို့ လုံလောက်၍၊ သူ၏ကျေးဇူးတော်ကြောင့်၊ သင်တို့သည် ခရစ်တော်အားဖြင့် စုံလင်ရာသို့ ရောက်နိုင်ကြ၏။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်အားဖြင့် စုံလင်ရာသို့ရောက်ကြလျှင်လည်း၊ သင်တို့သည် ဘုရားသခင်၏တန်ခိုးတော်ကို အလျှင်း မငြင်းပယ်နိုင်ကြ။
၃၃ ထိုမှတစ်ဖန်၊ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့်၊ ခရစ်တော်အားဖြင့် စုံလင်ရာသို့ရောက်၍၊ သူ၏တန်ခိုးတော်ကို ငြင်းဆိုခြင်းမရှိလျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းအတွက်၊ ခမည်းတော်၏ပဋိညာဉ်အတိုင်းဖြစ်သည့် ခရစ်တော်၏အသွေးတော် သွန်းလောင်းတော်မူခြင်းကြောင့်၊ ခရစ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့ရောက်သဖြင့်၊ အစွန်းအထင်းမရှိဘဲ၊ သန့်ရှင်းလာကြ၏။
၃၄ ယခုမူကား၊ ငါသည် အားလုံးကို နှုတ်ဆက်၏၊ မင်္ဂလာရှိပါစေ။ ငါ၏ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ တစ်ဖန်ပြန်လည် ပေါင်းစည်း၍၊ ကြီးမြတ်တော်မူသော ယေဟောဝါ၊ ရှင်သန်သူနှင့် သေသူနှစ်မျိုးစလုံးတို့၏ ထာဝရတရားသူကြီး၏ နှစ်သက်စရာကောင်းသော တရားစီရင်တော်မူရာတိုင်ရှေ့၌ သင်တို့ကိုတွေ့ရန် မိုးကောင်းကင်ကို ဖြတ်၍ အောင်နိုင်ခြင်းသို့ ဆောင်ယူခံရသည့် အချိန်တိုင်အောင် ငါသည် မကြာမြင့်မီတွင်၊ ဘုရားသခင်၏ပရဒိသုဘုံ၌ အနားယူခြင်းငှာ သွားတော့မည်။ အာမင်။
ပြီးဆုံးသည်