ကျမ်းစာများ
မော်ရော်နိုင်း ၁၀


အခန်းကြီး ၁၀

မော်မုန်​ကျမ်း​အကြောင်း သက်သေ​ခံချက်​သည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဖြစ်​လာ၏—ဝိညာဉ်တော်၏​ဆုကျေးဇူးတို့ကို သစ္စာ​ရှိသော​သူများထံသို့ မျှဝေ၍​ပေး၏—ဝိညာဉ်​ပကတိ​ဆုကျေးဇူး​များသည် ယုံကြည်ခြင်းနှင့် အစဉ်​အမြဲ​ပါရှိ၏—မော်ရော်နိုင်း၏​စကားများက မြေမှုန့်​ထဲမှ ဟော​ပြော၏—ခရစ်တော်​ထံသို့​လာ၍၊ သူ့​ကြောင့် စုံလင်ရာသို့​ရောက်ကြပြီး၊ သင်တို့၏​စိတ်ဝိညာဉ်တို့ကို သန့်​ရှင်း​စေကြလော့။ အေဒီ ၄၂၁ ခန့်။

ယခုတွင်၊ ငါ​မော်ရော်နိုင်းသည် ကောင်း​မြတ်​သည်ဟု မှတ်​ယူသော​အရာကို အတော်​အသင့်​ရေး၏။ ငါ၏​ညီအစ်ကို လာမန်​အမျိုးသားများ​ထံသို့​လည်း ငါ​ရေး၏။ ခရစ်တော်​ကြွ​လာတော်မူခြင်း​အကြောင်း နိမိတ်​လက္ခဏာကို ပေး​ပြီး​ကတည်းက နှစ်ပေါင်း​လေးရာ့​နှစ်​ဆယ်ကျော် ကုန်​လွန်​သွားလေ​ပြီ​ဖြစ်ကြောင်း သူတို့​သိ​စေဖို့​ကိုလည်း ငါ​အလို​ရှိ၏။

ငါသည် သင်တို့ကို တိုက်​တွန်းဖို့​လည်း စကား​အနည်းငယ်ကို ပြော​ပြီးမှ၊ ဤ​မှတ်​တမ်းတို့ကို တံ​ဆိပ်​ခတ်မည်။

ရှုလော့၊ သင်တို့ကို ငါ​တိုက်​တွန်း​လို​သည်မှာ၊ သင်တို့သည် ဤအရာတို့ကို ဖတ်သော​အခါ၊ ဘုရားသခင်၏​ဉာဏ်​ပညာ​တော်​အတိုင်း​ဖြစ်လျှင်၊ သင်တို့​ဖတ်​ရမည့်​အကြောင်းနှင့်၊ အာဒံကို ဖန်​ဆင်း​တော်မူခြင်း​ကတည်းက လူ​သားတို့​ဤအရာများကို လက်​ခံရ​ရှိ​ချိန်​အထိ​တိုင်​အောင်၊ သူတို့​အပေါ်၌ ကိုယ်တော်ရှင် အဘယ်မျှကရုဏာ ကြီးတော်မူ​လေ​ကြောင်းကို သင်တို့​သတိ​ရလျက်၊ သင်တို့၏​စိတ်နှလုံး၌ မှတ်​ကျုံး၍၊ စဉ်းစား​ဆင်ခြင်​ရမည့်​အကြောင်းတို့​ပေတည်း။

ဤအရာတို့ကို သင်တို့​လက်ခံ​ရရှိသော​အခါ၌​လည်း သင်တို့​အား၊ ငါတိုက်​တွန်းလို​သည်မှာ၊ သင်တို့သည် ဤအရာများ မှန်၊ မမှန်ကို ဘုရားသခင်၊ ထာဝရ​အဘအား ခရစ်တော်၏​နာမတော်​အားဖြင့် မေးလျှောက်​ရမည့်​အကြောင်း​ဖြစ်၏။ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိလျက်၊ ရိုးသားသော​စိတ်​နှလုံးဖြင့်၊ စစ်​မှန်သော​ရည်ရွယ်ချက်ဖြင့် မေးလျှောက်ကြလျှင်၊ သူသည် ထို​အရာ၏​အမှန်​တရားကို သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့် သင်တို့​ထံသို့ ထင်ရှားစွာ​ပြတော်မူ​လိမ့်မည်။

သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်လည်း၊ သင်တို့သည် ခပ်သိမ်းသော​အရာတို့၏ အမှန်​တရားကို သိနိုင်​ကြ၏။

ကောင်း​မြတ်သော​အရာ​မှန်သမျှသည် ဖြောင့်​မတ်​မှန်​ကန်၏။ သို့​ဖြစ်၍၊ ကောင်း​မြတ်သော​အရာ အဘယ်​အရာကမျှ၊ ခရစ်တော်ကို မငြင်း​ဆိုဘဲ သူ​ရှိတော်မူ​ကြောင်းကို အသိ​အမှတ်​ပြု၏။

သင်တို့​သည်​လည်း သူ​ရှိတော်မူ​ကြောင်းကို သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် သိ​နိုင်၏။ သို့​ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏​တန်ခိုးတော်ကို ငြင်းဆိုခြင်း မပြု​ရမည့်​အကြောင်း ငါ​တိုက်​တွန်း​လို၏။ အကြောင်း​မူကား၊ သူသည် လူသားတို့၏​ယုံကြည်ခြင်း​အတိုင်း၊ တန်ခိုး​တော်​အားဖြင့် ပြု​တော်မူ၏။​ယနေ့၊ နက်ဖြန် ကာလ​အစဉ်​အဆက် မပြောင်း​မလဲ​ရှိတော်​မူ၏။

ထို​မှ​တစ်ဖန်၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်​ထံမှ​ဆုကျေးဇူးတို့ကို မငြင်း​ဆိုရမည့်​အကြောင်း ငါ​တိုက်​တွန်း၏။ အကြောင်း​မူကား၊ ထိုအရာတို့သည် များစွာ​ရှိ၏။ ထိုအရာတို့သည် မပြောင်း​မလဲသော​ဘုရားသခင်​ထံမှ လာ၏။ ဤဆုကျေးဇူးတို့ကို စီမံ​ဆောင်​ရွက်ရာ၊ ခြားနားသော​နည်း​လမ်း​များစွာ​ရှိ၏။ သို့ရာတွင်၊ ခပ်သိမ်းသော​သူတို့၌ ပြု​ပြင်​သမျှကို ပြု​ပြင်​တော်မူသော​သူသည် မပြောင်း​မလဲသော​ဘုရားသခင်​ဖြစ်၏။ လူသားတို့ကို အကျိုး​ပြု​စေခြင်းငှာ၊ ဘုရားသခင်၏​ဝိညာဉ်တော်​ထင်ရှားစွာ​ပြတော်မူခြင်း​အားဖြင့် ထိုအရာတို့ကို ပေး​ထားတော်မူ၏။

အကြောင်း​မူကား၊ ရှုလော့၊ ဉာဏ်ပညာစကားကို သွန်​သင်​နိုင်​စေခြင်းငှာ၊ တစ်ယောက်သော​သူအား၊ ဘုရားသခင်၏ ဝိညာဉ်တော်​အားဖြင့် ပေး​ထား​တော်မူ၏။

၁၀ ထို့အတူ၊ အသိ​ပညာ​စကားကို သွန်​သင်​ပေးနိုင်​စေခြင်းငှာ၊ တူ​သော ဝိညာဉ်တော်​အားဖြင့်ပင်၊ တခြားသော​သူ​တစ်ဦးအား ပေး​ထားတော်မူ၏။

၁၁ ထို့အတူ၊ တခြားသော​သူ​တစ်ဦး​အား၊ အလွန်​ကြီးစွာသော ယုံကြည်ခြင်းကို​လည်း​ကောင်း၊ တခြားသော​သူ​တစ်ဦးအား အနာ​ငြိမ်း​စေနိုင်ခြင်း​ဆု​ကျေးဇူးကို​လည်း​ကောင်း တူသော​ဝိညာဉ်တော်​အားဖြင့် ပေး​ထား​တော်မူ၏။

၁၂ ထို​မှ​တစ်ဖန်၊ တခြားသော​သူ​တစ်ဦး​အား၊ ကြီးစွာသော​အလွန်​တရာ အံ့ဩဖွယ်​အမှုများကို ပြုနိုင်​စေခြင်းငှာ​လည်း​ကောင်း၊

၁၃ ထို​မှ​တစ်ဖန်၊ တခြားသော​သူ​တစ်ဦး​အား၊ ခပ်သိမ်းသော​အရာတို့​အကြောင်းကို ပရောဖက်​ပြု၍​ဟောနိုင်​စေခြင်းငှာ​လည်း​ကောင်း၊

၁၄ ထိုမှ​တစ်ဖန်၊ တခြားသော​သူ​တစ်ဦးအား၊ ကောင်းကင်​တမန်များနှင့် အမှုတော်​ဆောင်​ဝိညာဉ်တို့အား မြင်ခြင်းကို​လည်း​ကောင်း၊

၁၅ ထို​မှတစ်ဖန်၊ တခြားသော​သူ​တစ်ဦးအား၊ အမျိုး​မျိုးသော​ဘာသာ​စကား​ပြော​နိုင်သော အခွင့်ကို​လည်း​ကောင်း၊

၁၆ ထို​မှ​တစ်ဖန်၊ တခြားသော​သူ​တစ်ဦးအား၊ ဘာသာစကားများနှင့် အထူး​ထူး​အပြား​ပြားသော ဘာသာ​စကားများကို အနက်ဖွင့်ပြနိုင်​သော​အခွင့်ကို​လည်း​ကောင်း ပေး​ထား​တော်မူ၏။

၁၇ ဤ​ဆုကျေးဇူး​မှန်​သမျှတို့​သည် ခရစ်တော်၏​ဝိညာဉ်တော်​အားဖြင့် ဖြစ်​လာပြီး၊ သူ၏​အလိုတော်​အတိုင်း လူ​တိုင်းထံ အသီး​သီး ရောက်ရှိလာ၏။

၁၈ ထို့အတူ၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ကောင်း​မြတ်သော​ဆုကျေးဇူး​တိုင်းသည် ခရစ်တော်ထံမှ ဖြစ်​လာ​ကြောင်းကို သင်တို့​သတိရ​ရမည့်​အကြောင်း၊ ငါတိုက်​တွန်း​လို၏။

၁၉ ထို့အတူ၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သူသည် မနေ့၊ ယနေ့နှင့်​ကာလ​အစဉ်​အဆက် မပြောင်း​မလဲ​ရှိတော်မူ​ကြောင်းကို​လည်း​ကောင်း၊ ဝိညာဉ်​ပကတိ​ဖြစ်သည့်​အရာများ​တည်း​ဟူသော ငါ​ဟော​ပြောသည့် ဤဆုကျေးဇူး​ခပ်သိမ်းတို့သည် လူသားတို့၏​မယုံကြည်မှုအတိုင်း​မှတစ်ပါး၊ ကမ္ဘာ​တည်ရှိ​သမျှ​ကာလ​ပတ်​လုံးပင် အဘယ်တော့မျှ ရပ်စဲ​သွားလိမ့်မည် မဟုတ်​ကြောင်းကို​လည်း​ကောင်း သင်တို့ သတိရရမည့်အကြောင်း ငါ​တိုက်​တွန်း​လို၏။

၂၀ သို့ဖြစ်၍၊ ယုံကြည်ခြင်း ရှိရမည်။ ယုံကြည်ခြင်း​ရှိလျှင်၊ မျှော်လင့်ခြင်းလည်း ရှိ​ရမည်။ ထို့အတူ၊ မျှော်လင့်ခြင်း​ရှိလျှင်၊ မေတ္တာလည်း ရှိ​ရမည်။

၂၁ သင်တို့သည် မေတ္တာ​မရှိလျှင်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ အလျှင်း​မရောက်နိုင်။ ယုံကြည်ခြင်း​မရှိ​လျှင်​လည်း ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်။ မျှော်လင့်ခြင်း​မရှိလျှင်လည်း ကယ်တင်ခြင်းသို့ မရောက်နိုင်။

၂၂ သင်တို့သည် မျှော်လင့်ခြင်း​မရှိလျှင်၊ စိတ်​ပျက်ရာ၌ ရှိ​ရပေမည်။ စိတ်​ပျက်ခြင်း​သည်​လည်း ဒုစရိုက်ကြောင့် ဖြစ်​လာ၏။

၂၃ ခရစ်တော်က ငါတို့၏​ဘိုးဘေးတို့ကို အမှန်​ပင်​မိန့်တော်မူ​လေ​သည်​ကား၊ သင်တို့၌ ယုံကြည်ခြင်း​ရှိလျှင်၊ ငါ့​အဖို့​သင့်​လျော်သည့် ခပ်သိမ်းသော အရာတို့ကို ပြု​လုပ်​နိုင်ကြ၏​ဟု ဖြစ်​သတည်း။

၂၄ ယခုမူကား၊ ငါသည် မြေ​ကြီး​စွန်း​သား ခပ်သိမ်းတို့​ကို ဟော​ပြောသည်မှာ—သင်တို့၌ ဘုရားသခင်ထံမှ တန်ခိုး​တော်နှင့် ဆုကျေးဇူးတို့​ရပ်စဲမည့်​ကာလ ကျရောက်​လာသော​အခါ၊ ထိုအမှုသည် မယုံကြည်ခြင်းကြောင့် ဖြစ်​လိမ့်မည်။

၂၅ ထိုသို့​ဆိုလျှင်၊ လူသားတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ကောင်း​မြတ်သည့်​အရာကို​ပြုသော​သူ အဘယ်​သူမျှ သင်တို့၌​ရှိမည်​မဟုတ်။ တစ်ဦး​တစ်​ယောက်မျှ မရှိ။ အကြောင်း​မူကား၊ ကောင်း​မြတ်သည်ကို ပြုသော​သူ​တစ်ဦး သင်တို့၌​ရှိလျှင်၊ ထို​သူသည် ဘုရားသခင်ထံမှ တန်ခိုးတော်နှင့် ဆုကျေးဇူးတို့​အားဖြင့် ပြုလိမ့်မည်။

၂၆ ဤအရာတို့​ရပ်စဲလျက်၊ သေသော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့သည် သူတို့၏​အပြစ်များ​ရှိ​နေစဉ် သေ၍၊ ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြ။ ငါသည် ခရစ်တော်၏​နှုတ်ကပတ်တော်များ​အတိုင်း​ပြော၏။ မုသား​ပြောခြင်း​မရှိ။

၂၇ ဤအရာတို့ကို သတိ​ရကြဖို့ သင်တို့ကို ငါ​တိုက်​တွန်း၏။ အကြောင်း​မူကား၊ ငါ​မုသား​ပြောခြင်း​မရှိကြောင်း သင်တို့​သိရမည့်​အချိန်သည် အလျင်​အမြန်​ကျ​ရောက်​လာ၏။ သင်တို့သည် ငါ့ကို ဘုရားသခင်၏​တရား​စီရင်​တော်မူရာ​တိုင်​ရှေ့မှာ တွေ့​ရလိမ့်မည်။ ကိုယ်တော်ရှင်​ဘုရားသခင်​က​လည်း သင်တို့ကို မိန့်တော်မူ​လိမ့်မည်​ကား၊ တစ်ယောက်သော​သူသည် သေရာမှ ဟစ်​ကြွေး​သကဲ့သို့၊ ထို​မှတစ်ပါး၊ တစ်ယောက်သော​သူသည် မြေမှုန့်​မှ​နေ၍ ဟော​ပြောလျက်​ရှိသကဲ့သို့ပင် ဤလူ​ရေးသည့် ငါ၏​နှုတ်ကပတ်တော်တို့ကို၊ သင်တို့​အား ငါ​မဟော​ကြားလေ​သလော။

၂၈ ပရောဖက်​ပြု​ဟောချက်​များကို ပြီးပြည့်စုံ​စေခြင်းငှာ၊ ဤအရာတို့ကို ငါ​ဟော​ပြော၏။ ရှုဦးလော့။ ထိုအရာတို့သည် ထာဝရ​တည်မြဲသော​ဘုရားသခင်၏​နှုတ်တော်မှ ထွက်​တော်မူ​လိမ့်မည်။ သူ၏​နှုတ်ကပတ်တော်တို့​သည်​လည်း လူမျိုး​အစဉ်​အဆက် အလျင်​အမြန်​သွားတော်မူ​လိမ့်မည်။

၂၉ ငါ​ရေးလေ​သည့်​အရာ မှန်​ကန်​ကြောင်း ဘုရားသခင်က သင်တို့ကို ပြ​တော်မူ​လိမ့်မည်။

၃၀ ထို​မှတစ်ဖန်၊ သင်တို့​သည် ခရစ်တော်​ထံသို့ လာပြီး၊ ကောင်း​မြတ်သော​ဆုကျေးဇူး​တိုင်းကို ဆွဲ​ကိုင်၍၊ မကောင်းသော​ဆုကျေးဇူးကို​သော်​လည်း​ကောင်း၊ မစင်​ကြယ်သော​အရာကို​သော်​လည်း​ကောင်း ထိခြင်း​မရှိ​ရမည့်​အကြောင်း ငါ​တိုက်​တွန်း​လို၏။

၃၁ အို ယေရုရှလင်၊ နိုးလော့၊ မြေမှုန့်​မှထလော့။ ထို​မှတစ်ပါး၊ အို ဇိအုန်မြို့​သမီး သင်၏​တင့်​တယ်သော​အဝတ်တန်ဆာများကို ဝတ်​ဆင်လော့။ အို ဣသရေလ​အမျိုးသားတို့ သင်တို့သည် ရော​ထွေးမခံရနိုင်​တော့ စေခြင်းငှာ​လည်း​ကောင်း၊ ထာဝရ​အဘမှ သင်တို့​ထံ ပြု​ထားတော်မူ​လေသည့် ပဋိညာဉ်တို့ကို ပြီးပြည့်စုံ​စေခြင်းငှာ​လည်း​ကောင်း သင်တို့၏ပန္နက်တို့ကို ခွန်အားဖြည့်​ပေးစေပြီး၊ သင်တို့၏​နေရာ​နယ်ကို ကာလ​အစဉ်​အဆက်​ကျယ်​စေလော့။

၃၂ ထိုမှတစ်ပါး၊ ခရစ်တော်​ထံသို့ လာ၍၊ သူ့​အားဖြင့် စုံလင်ရာသို့ ရောက်​စေကြလော့၊ ဘုရားမဲ့​နေခြင်း​အမှု​ခပ်သိမ်းတို့မှလည်း သင်တို့​ကိုယ်​သင်တို့ ငြင်း​ဆိုကြလော့။ ဘုရားမဲ့​နေခြင်း​အမှု​ခပ်သိမ်းတို့မှ သင်တို့ကိုယ်​သင်တို့ ငြင်း​ဆိုလျက်၊ ဘုရားသခင်ကို သင်တို့၏ အစွမ်း​သတ္တိ၊ စိတ်နှင့် ခွန်​အား​ရှိ​သမျှဖြင့် ချစ်ကြလျှင်၊ သူ၏​ကျေးဇူ​တော်​သည် သင်တို့​အဖို့ လုံ​လောက်၍၊ သူ၏​ကျေးဇူးတော်​ကြောင့်၊ သင်တို့သည် ခရစ်တော်​အားဖြင့် စုံလင်ရာသို့ ရောက်​နိုင်ကြ၏။ ဘုရားသခင်၏​ကျေးဇူးတော်ကြောင့် ခရစ်တော်​အားဖြင့် စုံလင်ရာ​သို့​ရောက်ကြ​လျှင်​လည်း၊ သင်တို့သည် ဘုရားသခင်၏​တန်ခိုးတော်ကို အလျှင်း မငြင်း​ပယ်​နိုင်ကြ။

၃၃ ထို​မှတစ်ဖန်၊ သင်တို့သည် ဘုရားသခင်၏​ကျေးဇူးတော်​ကြောင့်၊ ခရစ်တော်​အားဖြင့် စုံလင်ရာသို့​ရောက်​ကြ​ပြီး၊ သူ၏​တန်ခိုးတော်ကို ငြင်းဆိုခြင်း​မရှိလျှင်၊ ဘုရားသခင်၏​ကျေးဇူးတော်​ကြောင့်၊ သင်တို့၏​အပြစ်များ​မှ​လွှတ်ခြင်း​အတွက်၊ ခမည်းတော်၏​ပဋိညာဉ်​အတိုင်း​ဖြစ်သည့် ခရစ်တော်၏​အသွေးတော် သွန်း​လောင်း​တော်မူခြင်း​ကြောင့်၊ ခရစ်တော်​အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းသို့​ရောက်ကြ​သဖြင့်၊ အစွန်း​အထင်း​မရှိဘဲ၊ သန့်​ရှင်း​လာကြပေ၏။

၃၄ ယခုမူကား၊ မင်္ဂလာ​ရှိပါစေဟု အား​လုံးကို ငါ​နှုတ်​ဆက်၏။ ငါ၏​ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ တစ်ဖန်​ပြန်လည် ပေါင်း​စည်းကြ​ပြီး၊ ကြီး​မြတ်တော်မူသော ယေဟောဝါ၊ ရှင်​သန်သူနှင့် သေ​သူနှစ်မျိုးစလုံးတို့၏ ထာဝရ​တရား​သူကြီး၏ နှစ်​သက်​စရာ​ကောင်းသော တရား​စီရင်တော်မူရာ​တိုင်ရှေ့၌ သင်တို့ကို​တွေ့ရန် မိုး​ကောင်းကင်ကို ဖြတ်၍ အောင်နိုင်ခြင်းသို့ ငါဆောင်ယူခံရသည့် အချိန်​တိုင်​အောင် ငါသည် မကြာမြင့်​မီတွင်၊ ဘုရားသခင်၏​အတိသုခဘုံ၌ အနား​ယူခြင်းငှာ သွားတော့မည်။ အာမင်။

ပြီးဆုံးသည်