ကျမ်းစာများ
ဧသာ ၉


အခန်းကြီး ၉

မျိုးရိုး၊ လျှို့​ဝှက်​ကြံ​စည်မှုနှင့် လူ့​အသက်​သတ်ခြင်းတို့​အားဖြင့် နိုင်ငံသည် တစ်ဦး​မှတစ်​ဦးသို့ ကူး​ပြောင်း၏—ဧမာသည် ဖြောင့်​မတ်ခြင်း၏​သားတော်ကို မြင်၏—များစွာသော​ပရောဖက်တို့သည် နောင်တ​ရခြင်းကို ဟစ်ကြော်ကြ၏—ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးနှင့် အဆိပ်​ရှိသော​မြွေတို့သည် လူတို့အား ကပ်ရောဂါဘေးကို ဖြစ်စေ၏။

ယခု​မူကား၊ ငါ​မော်ရော်နိုင်းသည် ငါ၏​မှတ်​တမ်းကို ဆက်၍​ရေး၏။ ထို့ကြောင့်၊ ရှုလော့၊ အချိန်​တန်​လာသော​အခါ၊ အာကိရှနှင့် သူ့​အဆွေ​ခင်​ပွန်းတို့၏ လျှို့​ဝှက်ဂိုဏ်းများသည် ဩမဲ၏​နိုင်ငံကို အင်​အားဖြင့်​သိမ်း​ယူကြ၏။

သို့​သော်​လည်း၊ ကိုယ်တော်ရှင်​သည် ဩမဲကို​လည်း​ကောင်း၊ သူ့ကို ဖျက်​ဆီးဖို့ မကြိုး​စားသည့် သူ၏​သားများနှင့် သမီးများတို့​ကို​လည်း​ကောင်း ကရုဏာ​ကြီးတော်မူ၏။

ကိုယ်တော်ရှင်သည် ဩမဲကို ထိုပြည်မှ ထွက်ခွာ​ရမည့်​အကြောင်း​ကိုလည်း အိပ်မက်အားဖြင့်​သတိ​ပေးတော်မူ၏။ ထို့ကြောင့်၊ ဩမဲသည် သူ၏​မိသားစုနှင့်​အတူ ထိုပြည်မှ ထွက်​ခွာပြီး၊ နေ့​ပေါင်းများစွာ ခရီး​သွားလျက်၊ ရှိ​မတောင်​ကုန်းသို့​လာ၍ ဖြတ်​ကျော်​သွားလျက် နီဖိုင်း​အမျိုးသားများ​ဖျက်​ဆီး​ခံ​ရသည့် အရပ်သို့ ရောက်​လာကြ၏။ ထို​အရပ်​မှ​တစ်ဆင့်၊ အရှေ့​ဘက်​လားရာသို့ သွားလျက်၊ ပင်လယ်​ကမ်းနား​အနီး အဗလုမ်ဟု​ခေါ်သည့်​အရပ်သို့ ရောက်​လာကြ၏။ ထိုအရပ်၌၊ သူ၏​တဲကို​ဆောက်၍၊ ယာရက်နှင့် မိသားစုတို့​မှတစ်ပါး၊ သူ၏​သားများ၊ ထို့အတူ၊ သူ၏​သမီးများ၊ ထို့အတူ သူ၏​အိမ်​သူ​အိမ်သား​အား​လုံး​သည်​လည်း သူတို့၏​တဲများကို ဆောက်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်သည် ဆိုး​ညစ်သော​သူတို့​လက်​အားဖြင့် လူတို့​အပေါ် ဆီလိမ်း၍​ခန့်​အပ်​ထားသည့် ရှင်​ဘုရင်​တစ်ပါး​ဖြစ်၏။ အာကိရှကို​လည်း သူ့​သမီးနှင့် ပေး​စား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အာကိရှသည် သူ့​ယောက္ခမ၏​အသက်ကို သတ်ဖို့​ကြိုးစား​အားထုတ်၏။ ရှေး​ကာလ​ကျိန်​ဆိုခြင်းဖြင့် ကျိန်​ဆိုသည့်​သူတို့ကို သူ​တောင်း​ဆိုလျှင်၊ ထိုသူတို့သည် သူ့​ယောက္ခမ ပလ္လင်​ပေါ်မှာ​ထိုင်၍ သူ့​လူတို့နှင့် ညီ​လာခံ​ကျင်း​ပလျက်​ရှိ​စဉ်တွင် ဦး​ခေါင်းကို ရယူ၏။

ဆိုး​ညစ်​ပြီး​လျှို့​ဝှက်သည့် ဤ​အဖွဲ့၏​ပျံ့​နှံ့ခြင်းမှာ အလွန်​ကြီး​မားသဖြင့် ထိုအဖွဲ့သည် လူ​ခပ်သိမ်းတို့၏​စိတ်​နှလုံးကို ဖောက်​ပြန်​စေ၏။ ထို့ကြောင့်၊ ယာရက်​သည် သူ့​ပလ္လင်​ပေါ်မှာ အသတ်​ခံ​ရ၏၊ သူ၏​နေရာ၌ အာကိရှ​နန်း​စံ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အာကိရှသည် မိမိ​သားကို မနာလို​စပြု​လာ၏။ ထို့ကြောင့်၊ ထောင်​ထဲ၌ ပိတ်​ထားလျက်၊ သေခြင်းကို ခံစား​ရသည်​တိုင်​အောင် စားစရာကို အနည်းငယ်၊ သို့မဟုတ် တစ်ခုမျှ မပေး​ဘဲ​ထား၏။

ယခုမူကား၊ သေခြင်း ခံစား​ရ​သူ​၏​ညီသည် (သူ၏​အမည်မှာ နိမရ ဖြစ်၏) သူ့​အစ်ကို​အား အဘ​ပြုသော​အမှုကြောင့် အဘကို အမျက်​ထွက်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နိမရ​သည် အနည်း​ငယ်သော​လူတို့ကို အတူတကွ​စုဝေး၍၊ ထိုပြည်မှ ထွက်​ပြေး၍​လာပြီး၊ ဩမဲနှင့် နေ​ထိုင်၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အာကိရှ​သည် အခြား​သော​သားများကို ဖွား​မြင်​စေပြီး၊ လူတို့သည် အမျိုး​မျိုးသော ဒုစရိုက်များကို သူ​အလို​ရှိသည့်​အတိုင်း ပြုဖို့ ကျိန်ဆို​သော်​ငြား​လည်း သူတို့​စိတ်​နှလုံးကို ထို​သားများ​ရ​ရှိကြ၏။

၁၁ ယခုတွင်၊ အာကိရှက အခွင့်အာဏာကို အလို​ရှိ​သကဲ့သို့ပင် အာကိရှ၏​လူမျိုးတို့​သည် အကျိုး​အမြတ်​ရ​ရှိရန် အလို​ရှိကြ၏။ သို့​ဖြစ်၍၊ အာကိရှ၏​သားတို့က သူတို့ကို ငွေ​ပေး၍၊ ထို​နည်း​အားဖြင့် လူမျိုးတို့၏​အများစုကို သူတို့၏​နောက်သို့ သွေး​ဆောင်ပြီး ခေါ်​ဆောင်​သွား၏။

၁၂ အာကိရှနှင့် အာကိရှ၏​သား​များ​ကြား၌ နှစ်​ပေါင်း​များစွာ​ကြာသည့် စစ်​တိုက်ခြင်း​ဖြစ်ဖို့ အစ​ပြုလျက်၊ အမှန်​စင်​စစ်၊ ထိုနိုင်ငံ​ရှိ​လူမျိုး​အားလုံး​နီးပါးတို့၏၊ အထူးသဖြင့် အယောက်​သုံး​ဆယ်၊ ထို့အတူ ဩမဲ၏​အိမ်သူ​အိမ်သားတို့​နှင့်​အတူ ထွက်​ပြေး​သူတို့​မှတစ်ပါး၊ အားလုံး၏ ပျက်စီးခြင်းသို့ တိုင်​အောင်​ပင်​တည်း။

၁၃ သို့ဖြစ်၍၊ ဩမဲကို သူ၏​အမွေ​ခံရာ​မြေသို့ တစ်​ဖန်​ပြန်​ပေး၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဩမဲသည် အိုမင်း​စ​ပြု​လာပြီး၊ အသက်​ကြီးသော​အချိန်​တွင်၊ ဧမာကို ဖွား​မြင်​စေ၏။ ဧမာကို​လည်း သူ၏​နေရာ၌ နန်း​စံ​စေဖို့ ရှင်​ဘုရင်​အဖြစ် ဆီလိမ်း၍ ခန့်​အပ်၏။

၁၅ ဧမာကို ရှင်​ဘုရင်​အဖြစ် ဆီလိမ်း​၍ သူ​ခန့်​အပ်​ပြီး​နောက် ထိုပြည်၌ ငြိမ်း​ချမ်းခြင်းကို နှစ်​နှစ်​ကြာ​အောင် တွေ့​ရ၏။ ထို့နောက်တွင်၊ ဝမ်း​နည်းမှု​နှင့်​ပြည့်​သည့် အလွန်​များစွာ​သော​နေ့များကို တွေ့​ရပြီး သူ​သေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧမာသည် သူ၏​နေရာ၌​နန်း​စံ၍၊ အဘ၏​ခြေ​လှမ်းများသို့ လိုက်၏။

၁၆ ကိုယ်တော်ရှင်​က​လည်း ကျိန်ခြင်းကို ထိုပြည်မှ တစ်ဖန်​ဖယ်ရှား​စပြု၍၊ ဧမာ၏​အိမ်​သူ​အိမ်​သားတို့​သည် ဧမာ၏နန်းစံခြင်း​အောက်၌ လွန်စွာအောင်မြင်ကြ၏။ နှစ်ပေါင်း ခြောက်ဆယ့်​နှစ်​နှစ်​အတွင်း​တွင်လည်း၊ သူတို့သည် အလွန်​အား​ကြီး​လာ၍၊ အလွန်​ကြွယ်​ဝ​လာကြ၏—

၁၇ သူတို့၌ အမျိုး​မျိုးသော သစ်​သီး၊ ထို့အတူ စပါး၊ ထို့အတူ ဖဲ၊ ထို့​အတူ ပိတ်​ချော၊ ထို့​အတူ ရွှေ၊ ထို့​အတူ​ငွေ၊ ထို့​အတူ အဖိုး​ထိုက်သော​အရာများ ရှိကြ၏။

၁၈ ထို့အတူ အမျိုး​မျိုးသော တိရစ္ဆာန်များ၊ နွားများ၊ ထို့အတူ နွားမများ၊ ထို့အတူ သိုးများ၊ ထို့အတူ ဝက်များ၊ ထို့အတူ ဆိတ်များ၊ ထို့အတူ လူ​သား၏​စားစရာ​အတွက် အသုံး​ရသည့် အခြား​အမျိုး​မျိုးသော တိရစ္ဆာန်များ​လည်း ရှိကြ၏။

၁၉ ထို့အတူ သူတို့၌ မြင်းများ၊ ထို့အတူ မြည်း​များ​လည်း ရှိကြ​ပြီး၊ ဆင်များ၊ ထို့အတူ ကရူးလုမ်​များ​နှင့် ကူးမုမ်တို့​လည်း ရှိ၏။ ထို​အကောင်​မှန်​သမျှ၊ အထူး​သဖြင့် ဆင်များ၊ ထို့အတူ ကရူးလုမ်​များနှင့် ကူးမုမ်တို့​သည် လူ​သား​အဖို့ အသုံး​ရ၏။

၂၀ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်​သည် အခြားသော​ပြည်များ​အား​လုံး​ထက် အမြတ်​ဆုံး​ဖြစ်သည့် ဤပြည်​အပေါ်သို့ သူ၏​ကောင်း​ချီး​မင်္ဂလာများ​ကို သွန်း​လောင်း​တော်မူ၏။ ထိုပြည်ကို ပိုင်​ဆိုင်မည့်​သူ​မှန်သမျှ​သည်​လည်း ကိုယ်တော်ရှင်​အဖို့ ပိုင်​ဆိုင်​ရမည်​ဖြစ်ပြီး၊ သို့မဟုတ်လျှင်၊ သူတို့သည် ဒုစရိုက်၌​ရင့်​မှည့်​လာကြ​သော​အခါ ဖျက်​ဆီး​ခံရ​လိမ့်​မည်​ဖြစ်​ကြောင်း သူ​မိန့်တော်မူ၏။ အကြောင်း​မူကား၊ ထိုကဲ့သို့​သော​သူများ​အပေါ်သို့၊ ကိုယ်တော်ရှင်​မိန့်​တော်မူ​လေ​သည်မှာ၊ ငါ၏​အမျက်​တော်​အပြည့်​အစုံကို ငါ​သွန်း​လောင်း​တော်မူ​မည်ဟု ဖြစ်​လေ​သတည်း။

၂၁ ဧမာ​သည်​လည်း သူ၏​လက်​ထက်​တစ်လျှောက်​လုံး​တွင် ဖြောင့်​မတ်ခြင်း​ဖြင့် တရား​စီရင်လျက်၊ များစွာသော သားသမီးတို့ကို ဖွား​မြင်​စေ၏။ ကော်ရန်တမ်​ကို​လည်း ဖွား​မြင်​စေပြီး၊ ကော်ရန်တမ်ကို မိမိ​နေရာ၌ နန်း​စံ​စေခြင်းငှာ ဆီလိမ်း၍ ခန့်​အပ်၏။

၂၂ သူသည် ကော်ရန်တမ်ကို မိမိ​နေရာ၌ နန်း​စံ​စေဖို့ ဆီလိမ်း၍ ခန့်​အပ်​ပြီးနောက်၊ လေး​နှစ်​ကြာ​အောင် နေပြီး၊ ထိုပြည်၌ ငြိမ်း​ချမ်းခြင်းကို တွေ့​ရ၏။ ထို​မှတစ်ပါး၊ ဖြောင့်​မတ်ခြင်း၏​သားတော်ကို​ပင် မြင်၏၊ သူ၏​အသက်​တာ၌ ရွှင်​လန်း​ဝမ်း​မြောက်၍ ဂုဏ်​ယူ၏။ သူ​သည် ငြိမ်း​ချမ်း​စွာ​သေ၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန်တမ်​သည် သူ့​အဘ၏​ခြေ​လှမ်းများသို့ လိုက်ပြီး၊ မြို့​ကြီး​များစွာကို တည်​ဆောက်လျက်၊ သူ၏​လက်​ထက်​တစ်လျှောက်​လုံးတွင် သူ့​လူမျိုးတို့​အဖို့ ကောင်း​မြတ်သည့်​အရာကို ကူ​ညီ​ထောက်​မ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် အလွန်​အသက်​ကြီး​လေ​သည့်​တိုင်​အောင်​ပင် သားသမီး​မရ။

၂၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူ၏​ဇနီးသည် အသက် တစ်ရာ့​နှစ်​နှစ်မှာ သေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန်တမ်​သည် အသက်​ကြီး​ချိန်​တွင်၊ အသက်​ငယ်သော မိန်းမကို အိမ်​ထောင်​ဖက်​ပြု၍၊ သားသမီးများကို ဖွား​မြင်​စေ၏။ သို့​ဖြစ်၍၊ အသက် တစ်ရာ့​လေးဆယ့်​နှစ်​နှစ်​ရှိသည့်​တိုင်​အောင် နေ၏။

၂၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကုမ်ကို ဖွား​မြင်​စေပြီး၊ ကုမ်သည် သူ၏​နေရာ၌ နန်း​စံ၏။ လေးဆယ့်​ကိုးနှစ် နန်း​စံ​ပြီး ဟေသကို ဖွား​မြင်​စေ၏။ သူ​သည်​လည်း အခြားသော​သားသမီးများ​ကို ဖွား​မြင်​စေ၏။

၂၆ လူတို့​သည်​လည်း ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခု​လုံး​ပေါ် တစ်ဖန်​ပျံ့​နှံ့ကြပြီး၊ ထို​ပြည်၏​မျက်​နှာ​ပြင်​ပေါ်တွင် အလွန်​ကြီးစွာသော​ဆိုး​ညစ်ခြင်း​တစ်​ဖန်​ရှိ​စ​ပြု၏။ ဟေသသည် သူ့​အဘကို ဖျက်​ဆီးခြင်းငှာ၊ လျှို့​ဝှက်သော​ရှေး​အကြံ​အစည်တို့ကို လှိုက်​လှိုက်​လှဲ​လှဲ​လက်​ခံ​စ​ပြု၏။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူ့​အဘကို နန်း​ချ၏။ အကြောင်း​မူကား၊ သူကိုယ်တိုင်၏​ဓားဖြင့် ကွပ်​မျက်​ပြီး၊ အဘ​နေရာ၌ နန်း​စံ၏။

၂၈ ထိုပြည်၌ ပရောဖက်များ တစ်ဖန်​ရောက်​လာ၍ နောင်တ​ရခြင်းကို သူတို့အား ဟစ်​ကြော်လျက်​ရှိ​သည်မှာ—သူတို့သည် ကိုယ်တော်ရှင်၏​လမ်းကို ပြင်​ဆင်​ရကြမည်။ သို့​မဟုတ်​လျှင်၊ ထိုပြည်၏​မျက်​နှာ​ပြင်​ပေါ်မှာ ကျိန်ခြင်း ကျ​ရောက်​လာမည်။ အထူးသဖြင့်၊ သူတို့​နောင်တ​မရလျှင် ဖျက်​ဆီး​ခံရာ ကြီးစွာသော ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေး​သည်​ပင် ရှိ​လာမည့် အကြောင်း​ပေတည်း။

၂၉ သို့​သော်​လည်း လူတို့သည် ပရောဖက်တို့​၏​စကားများကို ယုံကြည်ခြင်း​မရှိဘဲ၊ သူတို့ကို နှင်​ထုတ်ကြ၏။ သူတို့​အထဲမှ အချို့သော​သူတို့ကို တွင်းများ​ထဲသို့ ပစ်​ချပြီး၊ ပျက်​စီး​စေခြင်းငှာ ထား​ရစ်ကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ဤအရာခပ်သိမ်းတို့ကို ဟေသ​မင်း​ကြီး၏​အမိန့်​အတိုင်း ပြုကြ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုပြည်၌ ကြီးစွာသော ခေါင်း​ပါးခြင်း ရှိ​စပြု၏။ နေ​ထိုင်​သူတို့​သည်​လည်း ခေါင်း​ပါးခြင်း​ကြောင့်၊ အလွန်​လျင်​မြန်စွာ​ပျက်​စီး​စပြု၏။ အကြောင်း​မူကား၊ မြေ​ကြီး​မျက်နှာ​ပြင်​ပေါ်၌ မိုး​မရွာ။

၃၁ အဆိပ်​ရှိသော​မြွေတို့​သည်​လည်း ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်မှာ ပေါ်​လာလျက်၊ လူများစွာ​တို့ကို အဆိပ်​သင့်​စေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဇရဟင်မလဟု နီဖိုင်း​အမျိုး​သားတို့​ခေါ်သည့် တောင်​ဘက်​လားရာ​ပြည်သို့ သူတို့၏​သိုးစုများသည် အဆိပ်​ရှိသော​မြွေများ​ရှေ့မှ ထွက်​ပြေး​စ​ပြုကြ၏။

၃၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​အထဲမှ များစွာသော​သူတို့​သည် လမ်း​ခု​လတ်တွင် ပျက်​စီး၏။ သို့သော်လည်း တောင်​ဘက်​လားရာ​ပြည်ထဲသို့ ထွက်​ပြေး​သူ​အချို့ ရှိ၏။

၃၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်​သည် မြွေများကို ထို​သူတို့​အား မလိုက်​စေတော့၊ လူတို့​ဖြတ်​မသွား​နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ ဖြတ်​သွားရန် ကြိုး​စား​သူ​မှန်​သ​မျှ​ကို အဆိပ်​ရှိသော​မြွေတို့​အားဖြင့် ကျ​ရှုံး​စေခြင်းငှာ​လည်း​ကောင်း လမ်းကိုသာ ဆီး​ကာ​စေ၏။

၃၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် သားရဲတို့၏​လမ်း​အတိုင်း လိုက်ကြလျက်၊ လမ်း​တစ်​လျှောက်၌ လဲ​ကျသည့် ထို​သားရဲတို့၏​အသေ​ကောင်တို့ကို ကိုက်​စားကြ​သည်မှာ၊ ထို​အကောင်​အား​လုံးကို ကိုက်​စားသည့်​တိုင်​အောင်​ပေတည်း။ ယခုတွင်၊ လူတို့​သည် ပျက်​စီး​ရတော့​မည်ကို သိကြ​သော​အခါ၊ သူတို့၏​ဒုစရိုက်များမှ နောင်တ​ရ​စ​ပြုလျက်၊ ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်ကြ၏။

၃၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​ကိုယ်​သူတို့ ကိုယ်တော်ရှင်​ရှေ့မှာ လုံ​လုံ​လောက်​လောက်​နှိမ့်​ချကြ​လျှင်၊ သူသည် မြေကြီး​မျက်​နှာ​ပြင်​ပေါ်၌ မိုး​ကို​ရွာ​စေတော်​မူ၏။ လူတို့​သည်​လည်း တစ်ဖန်​ပြန်​လည်၍ အား​ပြည့်​လျက်၊ မြောက်​ပိုင်း​တိုင်း​ပြည်​များ၌၊ ထို့အတူ ပတ်​ဝန်း​ကျင်ရှိ တိုင်း​ပြည်​ခပ်သိမ်းတို့၌ သစ်​သီး​ရှိ​စပြု၏။ ကိုယ်တော်ရှင်​သည် သူတို့ကို ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးမှ ကာ​ကွယ်​စောင့်မ​တော်​မူ​ရာ​၌ သူ၏​တန်ခိုး​တော်ကို ပြ​တော်မူ၏​။