ကျမ်းစာများ
ဧသာ ၁၀


အခန်းကြီး ၁၀

ရှင်ဘုရင်​တစ်ပါးသည် တခြား​တစ်ပါး၏​အရိပ်​အရာ​ကို​ခံ၏—အချို့သော​ရှင်ဘုရင်တို့​သည် ဖြောင့်​မတ်ကြ၏။ အခြားသော​ရှင်ဘုရင်တို့​သည် ဆိုး​ညစ်ကြ၏—ဖြောင့်​မတ်ခြင်းက နိုင်သော​အခါ လူတို့သည် ကောင်းချီး​ခံစား၍ ကိုယ်တော်ရှင်၏​လက်​တော်​အားဖြင့် အောင်မြင်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဟေသ၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်​သူ ရှေဇသည်—ရှေဇ​မှတစ်ပါး၊ ဟေသနှင့် သူ၏​အိမ်သူ​အိမ်သား​ခပ်သိမ်းတို့​မှာ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေး​အားဖြင့် ပျက်​စီး​လေ​ရကား—သို့​ဖြစ်၍၊ ရှေဇသည် ပြို​ကွဲလျက်​ရှိသော လူမျိုးတို့ကို တစ်​ဖန်​တည်​ထောင်​စပြု၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှေဇသည် သူ့​ဘိုးဘေးတို့၏​ပျက်စီးခြင်းကို အောက်​မေ့လျက်၊ ဖြောင့်​မတ်သော​နိုင်ငံကို တည်​ထောင်၏။ အကြောင်း​မူကား၊ ယာရက်နှင့် သူ့​အစ်ကို​အား နက်စွာ​သော​ရေကို​ဖြတ်၍ ဆောင်​ယူ​တော်မူ​ရာ​၌ ကိုယ်တော်ရှင်​ပြု​တော်မူ​သည့်​အရာကို သူ​အောက်​မေ့၏။ ကိုယ်တော်ရှင်၏​လမ်းစဉ်များ​သို့​လည်း လိုက်၍၊ သားသမီးများ​ကို ဖွား​မြင်​စေ၏။

ရှေဇ​အမည်​ရှိသည့် သူ့​သား​အကြီး​ဆုံးသည် သူ့ကို ဆန့်​ကျင်၍​ပုန်​ကန်၏။ သို့​သော်​လည်း၊ ရှေဇကို သူ၏​အလွန်​များ​သော​စည်း​စိမ်ဥစ္စာ​တို့​ကြောင့်၊ ဓားပြ၏​လက်ဖြင့် ပြင်းစွာ​အရိုက်​ခံ​ရခြင်းက သူ့​အဘ​အဖို့ ငြိမ်း​ချမ်းခြင်းကို တစ်​ဖန်​ဖြစ်​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူ၏​အဘသည် ထို​ပြည်၏​မျက်​နှာ​ပြင်​ပေါ်တွင် မြို့​များ​စွာ​ကို တည်​ဆောက်လျက်၊ လူတို့​သည် ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခု​လုံး​ပေါ် တစ်​ဖန်​ပျံ့​နှံ့​စ​ပြုကြ၏။ ရှေဇ​သည်​လည်း အသက်အလွန်​ကြီး​သည့်​တိုင်​အောင် အသက်​ရှင်၍၊ ရိပလာကိရှကို ဖွား​မြင်​စေ၏။ သူ​သေ၍ ရိပလာကိရှ​သည် သူ၏​နေရာ၌ နန်း​စံ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရိပလာကိရှ​သည် ကိုယ်တော်ရှင်၏​အမြင်၌ မှန်​ကန်​သည့်​အရာတို့ကို မပြု။ အကြောင်း​မူကား၊ သူ့တွင် ဇနီးနှင့် မယား​ငယ်များစွာ ရှိလျက်၊ ထမ်း​ဖို့​လေး​လံသည့်​အရာကို လူတို့၏​ပခုံး​ပေါ်၌ တင်၏။ ထို​မှတစ်ပါး၊ သူတို့ကို ကြီး​လေးသော​အခွန်​များဖြင့် အခွန်​ကောက်၍၊ ထို​အခွန်​တို့​ဖြင့် ကျယ်​ဝန်းသည့် အဆောက်​အအုံ​များစွာကို တည်​ဆောက်၏။

အလွန်​တင့်​တယ်သော ပလ္လင်​တစ်ခု​ကို​လည်း သူ့​အတွက် တည်​ဆောက်၏။ ထောင်​များစွာတို့​ကို​လည်း တည်​ဆောက်ပြီး၊ အခွန်​ပေး​ဖို့​ငြင်းဆို​သော​သူ​မှန်​သ​မျှ​ကို ထောင်​ထဲမှာ လှောင်​ထား၏။ အခွန်​ပေး​ဖို့​မတတ်​နိုင်​သော​သူ​သမျှ​ကို​လည်း ထောင်​ထဲမှာ လှောင်​ထား၏။ သူတို့​အထောက်​အမ​အတွက် သူတို့ကို အစဉ်​မပြတ်​အလုပ်​လုပ်​စေပြီး၊ အလုပ်​လုပ်ရန်​ငြင်း​ဆို​သူ​မှန်​သမျှ​ကို​လည်း အသေ​သတ်ခံရ​စေ၏။

သို့​ဖြစ်၍၊ သူ၏​တင့်​တယ်သော​လက်ရာ​အား​လုံးတို့ကို ရ​ရှိ၏။ အထူး​သဖြင့်၊ သူ၏​ရွှေ​စင်​ကို​ပင် ထောင်​ထဲမှာ သန့်​စင်​စေ၏။ တင့်​တယ်သည့်​လက်ရာ​အမျိုး​မျိုးတို့​ကို​လည်း ထောင်​ထဲမှာ ပြု​ပြင်​စီ​ရင်​စေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့ကို သူ၏​မတရားသော​မေ​ထုန်​အမှုနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ဖြင့် ဒုက္ခ​ပေး၏။

သူ​သည်​လည်း လေး​ဆယ့်​နှစ်​နှစ်​ကြာ​အောင် အုပ်​စိုးခဲ့​ပြီး​လေ​လျှင်၊ လူတို့​သည် သူ့ကို​ဆန့်​ကျင်၍ ပုန်​ကန်​ထ​ကြွကြ၏။ ထိုပြည်၌ စစ်​တိုက်ခြင်း​တစ်​ဖန်​ရှိ​စ​ပြုလျက်၊ ရိပလာကိရှ​လည်း အသတ်​ခံ​ရ၏။ သူ၏​အမျိုး​အနွယ်တို့​လည်း ထိုပြည်မှ နှင်​ထုတ်​ခံ​ရ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နှစ်​ပေါင်း​များစွာ ကြာ​ပြီးမှ၊ မော်ရန်တန်​သည် (သူ​သည် ရိပလာကိရှ၏ အမျိုး​အနွယ်​တစ်ဦး ဖြစ်လျက်) နှင်​ထုတ်​ခံ​ရသော​သူတို့၏​တပ်​တစ်​တပ်​ကို အတူတကွ​စု​ဝေးလျက်၊ ထွက်​သွားပြီး၊ လူတို့ကို စစ်​တိုက်၏။ သူ​သည်​လည်း မြို့​များစွာတို့​ကို အစိုး​ရ၏။ စစ်​တိုက်ခြင်း​သည်​လည်း အလွန်​ပြင်း​ထန်​လာပြီး၊ နှစ်​ပေါင်း​များစွာ ကြာ၏။ သူ​သည်​လည်း ထိုပြည်​တစ်​ခု​လုံး​အပေါ် အစိုး​ရ​ပြီး၊ ထိုပြည်​တစ်ခု​လုံး​အပေါ်၌ သူ့​ကိုယ်သူ ရှင်ဘုရင်​အဖြစ် တင်​မြှောက်၏။

၁၀ သူ့​ကိုယ်​သူ ရှင်ဘုရင်​အဖြစ် တင်​မြှောက်​ခဲ့​လေ​ပြီးနောက်၊ လူတို့၏​ဝန်ကို ပေါ့​စေခြင်း​အားဖြင့်၊ လူတို့၏​မျက်လုံးများ၌ နှစ်​သက်ခြင်းကို ခံ​ရပြီး၊ သူ့ကို ရှင်ဘုရင်​အဖြစ်၊ ဆီ​လိမ်း၍ ခန့်​အပ်ကြ၏။

၁၁ လူတို့​အဖို့ သူ​တရားမျှ​တစွာ ပြု​သော်​လည်း၊ သူ၏​မတရားသော​မေထုန်​အမှု​များစွာတို့​ကြောင့် သူ​ကိုယ်တိုင်​အဖို့ မပြု။ သို့​ဖြစ်၍၊ သူသည် ကိုယ်တော်ရှင်၏​မျက်​မှောက်မှ ပယ်​ရှင်း​ခံရ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မော်ရန်တန်​သည် မြို့​များစွာတို့ကို တည်​ဆောက်၍၊ လူတို့သည် သူ၏​အုပ်​စိုးခြင်း​အောက်​တွင်၊ အဆောက်​အအုံများ၌၊ ထို့အတူ ရွှေနှင့်​ငွေတို့၌၊ ထို့အတူ စပါး​စိုက်​ပျိုးခြင်း၌၊ ထို့အတူ သိုးစု​များ​နှင့် နွား​စုများ၌၊ ထို့အတူ သူတို့​ထံသို့ ပြန်​ပေးသည့် ထိုကဲ့သို့​သော​အရာ​များ​ဖြင့် အလွန်​ကြွယ်​ဝ​လာကြ၏။

၁၃ မော်ရန်တန်သည်လည်း အသက်အလွန်ကြီးသည်အထိ အသက်ရှင်ပြီးမှ ကိမကို ဖွားမြင်စေ၏။ ကိမသည်လည်း သူ့အဘ၏နေရာ၌ အုပ်စိုး၏။ သူရှစ်နှစ်ကြာနန်းစံပြီး၊ သူ့အဘ သေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိမသည် ဖြောင့်မတ်ခြင်းဖြင့် မအုပ်စိုး။ သို့ဖြစ်၍၊ သူသည် ကိုယ်တော်ရှင်နှစ်သက်တော်မူခြင်းကို မခံရ။

၁၄ သူ့​အစ်ကို​သည် သူ့ကို ဆန့်​ကျင်၍ ပုန်​ကန်​ထကြွခြင်း​အားဖြင့်၊ သူ့ကို ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ထဲသို့ ဆောင်​ယူ၍၊ သူ၏​အသက်​တာ​တစ်လျှောက်​လုံး ဖမ်း​ဆီး​ချုပ်​နှောင်ရာ၌ ဆက်၍​နေ၏။ ဖမ်း​ဆီး​ချုပ်​နှောင်ရာ၌ ရှိ​စဉ်တွင် သားသမီးများ​ကို ဖွား​မြင်​စေလျက်၊ အသက်​ကြီးသော​အချိန်တွင် လေဝိကို ဖွား​မြင်​စေ၏။ ထို့​နောက်​တွင် သူ​သေ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လေဝိသည် သူ့​အဘ​သေ​ပြီး​နောက်၊ ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ထဲ၌ လေး​ဆယ့်​နှစ်​နှစ်​ကြာ​အောင် အစေ​ခံ၏။ ထို့နောက်တွင်၊ ထို​ပြည်၏​ရှင်ဘုရင်ကို ဆန့်​ကျင်၍ စစ်တိုက်ခြင်း​အားဖြင့် သူ​ကိုယ်​တိုင်​အတွက် နိုင်ငံကို ရ​ရှိ၏။

၁၆ သူ​သည်​လည်း သူ​ကိုယ်​တိုင်​အတွက် နိုင်ငံကို ရ​ရှိ​ပြီး​နောက်​တွင်၊ ကိုယ်တော်ရှင်၏​အမြင်၌ မှန်​ကန်​သည့်​အရာကို ပြု၏။ လူတို့​သည်​လည်း ထို​ပြည်၌ အောင်မြင်ကြ၏။ အသက်​ကြီးရင့်​သည်​အထိ အသက်​ရှင်​ခဲ့​ပြီး၊ သားများ​သမီးများကို ဖွား​မြင်​စေ၏။ ကော်ရုမ်ကို​လည်း​ဖွား​မြင်​စေ​ပြီး၊ မိမိ​နေရာ၌ သူ့ကို ဆီလိမ်း၍ ရှင်ဘုရင်​အဖြစ် ခန့်​အပ်၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရုမ်သည် ကိုယ်တော်ရှင်၏​အမြင်၌ ကောင်း​မြတ်သည့်​အရာကို သူ့​ဘဝ​တစ်လျှောက်​လုံး ပြု၏။ များစွာသော သားသမီး​တို့​ကို​လည်း ဖွား​မြင်​စေ၏။ သူသည် နေ့​ပေါင်း​များ​စွာ တွေ့​ကြုံ​ရ​လေ​ပြီး​နောက်၊ မြေ​ကြီး​ပေါ်​ရှိ​အခြား​သော​သူများ​ကဲ့​သို့​ပင် ကွယ်​လွန်​သွား၏။ ကိရှ​သည်​လည်း သူ၏​နေရာ၌ နန်း​စံ၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိရှ​သည်လည်း ကွယ်​လွန်​သွား​ပြီး၊ လိဗသည် သူ၏​နေရာ၌ နန်း​စံ၏။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လိဗ​သည်​လည်း ကိုယ်တော်ရှင်၏​အမြင်၌ ကောင်း​မြတ်သော​အရာတို့ကို ပြု၏။ လိဗ၏​လက်​ထက်​တွင်၊ အဆိပ်​ရှိသော​မြွေများကို ဖျက်​ဆီး၏။ သို့​ဖြစ်​၍၊ သူတို့​သည် ထို​ပြည်​ရှိ​လူ​တို့​အတွက် စားစရာ​ရှာခြင်းငှာ၊ တောင်​ဘက်​လားရာ​ပြည်​ထဲသို့ သွားကြ၏။ အကြောင်း​မူကား၊ ထိုပြည်သည် တော​တိရစ္ဆာန်တို့​ဖြင့် ပြည့်လျက်​ရှိ၏။ လိဗ​ကိုယ်​တိုင်​သည်​လည်း မု​ဆိုး​ကြီး​ဖြစ်​လာ၏။

၂၀ သူတို့​သည်​လည်း ပြည်ကို ပင်လယ်​ပိုင်းခြား​သည့် နေရာ​အနီး​ရှိ ထို​ပြည်၏​ရှည်လျား ကျဉ်း​မြောင်း​သော​အရပ်​နားတွင် မြို့​ကြီး​တစ်မြို့ကို တည်​ဆောက်ကြ၏။

၂၁ သူတို့သည် သား​ကောင်​ရ​ရှိခြင်းငှာ၊ တောင်​ဘက်​လားရာ​ပြည်ကို​လည်း တောရိုင်း​အဖြစ် ထိန်း​သိမ်း​စောင့်​ရှောက်​ထားကြ၏။ မြောက်​ဘက်​လားရာ​ပြည်၏ မျက်နှာ​ပြင်​တစ်ခု​လုံး​သည်​လည်း နေ​ထိုင်​သူတို့နှင့် ပြည့်လျက်​ရှိ၏။

၂၂ သူတို့သည် အလွန်​လုံ့လဝီရိယ​ရှိကြပြီး၊ ဝယ်ကြ၊ ရောင်းကြလျက်၊ အကျိုး​အမြတ်​ရ​ရှိနိုင်ခြင်းငှာ အချင်း​ချင်း အရောင်း​အဝယ် ပြုကြ၏။

၂၃ သူတို့သည် အမျိုး​မျိုးသော​သတ္တုရိုင်းတို့​ဖြင့်​လည်း အလုပ်​လုပ်၍၊ ရွှေ၊ ထို့အတူ ငွေ၊ ထို့အတူ သံ၊ ထို့အတူ ကြေး​ဝါ၊ ထို့အတူ အမျိုး​မျိုးသော သတ္တုတို့ကို ပြု​လုပ်ကြ၏။ သတ္တုရိုင်းကို​လည်း မြေ​ကြီး​ထဲမှ တူး​ယူကြ၏။ သို့​ဖြစ်၍၊ သူတို့သည် ရွှေကို​ပြု​လုပ်ရာ၊ ထို့အတူ ငွေကို​ပြု​လုပ်ရာ၊ ထို့​အတူ ကြေး​နီကို​ပြု​လုပ်ရာ သတ္တုရိုင်းကို ရ​ရှိခြင်းငှာ မြေကြီးကို ကြီးစွာသော​အစု​အပုံများ​အဖြစ် စု​ပုံကြ၏။ သူတို့သည် တင့်​တယ်သော​လက်ရာ​အမျိုး​မျိုးကို​လည်း ပြု​လုပ်ကြ၏။

၂၄ သူတို့၌ ဖဲ၊ ထို့အတူ ပိတ်​ချောများလည်း ရှိကြ၏။ သူတို့​ကိုယ်​သူ​တို့ အဝတ်​မရှိသော​ကိုယ်​ကို အဝတ်​တန်​ဆာ​ဆင်​နိုင်ကြခြင်းငှာ၊ အမျိုး​မျိုး​သော အဝတ်​တန်​ဆာ​တို့​ကို​လည်း ပြု​လုပ်ကြ၏။

၂၅ သူတို့သည် မြေကြီးကို ထွန်​ယက်ဖို့၊ ထွန်ဖို့​နှင့် စိုက်​ပျိုးဖို့၊ ရိတ်​သိမ်းဖို့နှင့် ပေါင်း​ရှင်းဖို့၊ ထို့အတူ စပါး​နယ်ဖို့​ကို​လည်း အမျိုး​မျိုးသော​ကိရိယာများကို ပြု​လုပ်ကြ၏။

၂၆ သူတို့၏​တိရစ္ဆာန်များနှင့်​အလုပ်​လုပ်ရာ အမျိုး​မျိုးသော​ကိရိယာတို့ကို​လည်း ပြု​လုပ်ကြ၏။

၂၇ စစ်တိုက်ရာ​လက်နက်​အမျိုး​မျိုးတို့ကို​လည်း ပြု​လုပ်ကြ၏။ အလွန်​အနု​စိတ်သော​လက်ရာ​ဖြင့်​ပြု​လုပ်သည့် အလုပ်​အမျိုး​မျိုးတို့​ကို​လည်း ပြု​လုပ်ကြ၏။

၂၈ သူတို့​ထက်​သာ၍​မင်္ဂလာ​ရှိသော၊ ထို့အတူ ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် သာ၍ အောင်မြင်သော လူမျိုး​မရှိ​နိုင်​ခဲ့​ဖူးပေ။ သူတို့​သည်​လည်း ပြည်​ခပ်သိမ်းတို့​ထက် အမြတ်​ဆုံး​ဖြစ်သည့် ပြည်၌ ရှိကြ၏။ အကြောင်း​မူကား၊ ထို​အကြောင်းကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေ၏။

၂၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လိဗသည် နှစ်​ပေါင်းများစွာ အသက်​ရှင်လျက်၊ သားသမီး​များကို ဖွား​မြင်​စေ၏။ ဟေသုမ်ကို​လည်း ဖွား​မြင်​စေ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဟေသုမ်သည် သူ့​အဘ၏​နေရာ၌ နန်း​စံ၏။ ဟေသုမ်သည် နှစ်​ဆယ့်​လေး​နှစ် နန်း​စံ​ပြီးနောက်၊ ရှုလော့၊ နိုင်ငံကို သူ့​ထံမှ သိမ်း​ယူ​သွားကြ၏။ သူ​သည်​လည်း ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နှစ်​ပေါင်းများစွာ အစေ​ခံ၏။ အမှန်​စင်​စစ်၊ သူ့​အသက်​တာ၏​ကျန်​ကြွင်း​ချိန်​တစ်​လျှောက်​လုံး​ပင်​တည်း။

၃၁ သူသည် ဟေသကို​လည်း ဖွား​မြင်​စေ၏။ ဟေသ​သည်​လည်း ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ သူ့​အသက်​တာ​တစ်လျှောက်​လုံး အသက်​ရှင်၏။ ဟေသသည် အာရုန်ကို ဖွား​မြင်​စေပြီး၊ အာရုန်​သည်​လည်း သူ့​အသက်​တာ​တစ်လျှောက်​လုံး ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေ​ထိုင်၏။ သူသည် အာမနိဂဒ္ဒကို ဖွား​မြင်​စေပြီး၊ အာမနိဂဒ္ဒ​သည်​လည်း သူ့​အသက်​တာ​တစ်​လျှောက်​လုံး ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေ​ထိုင်၏။ သူ​သည်​လည်း ကော်ရန်တမ်ကို ဖွား​မြင်​စေပြီး၊ ကော်ရန်တမ်သည် သူ့​အသက်​တာ​တစ်လျှောက်လုံး ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေ​ထိုင်၏။ သူ​သည်​လည်း ကုမ်ကို ဖွား​မြင်​စေ၏။

၃၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကုမ်သည် နိုင်ငံ၏​တစ်ဝက်ကို သူ့​နောက်သို့ သွေး​ဆောင်ပြီး၊ ခေါ်​ဆောင်​သွား၏။ သူသည် နိုင်ငံ၏​တစ်ဝက်ကို လေးဆယ့်​နှစ်​နှစ် အုပ်​စိုး၏။ ထို့နောက်တွင်၊ အမ်ဂိဒ​မင်း​ကြီးကို ဆန့်​ကျင်၍ စစ်​တိုက်ခြင်း​ငှာ​သွား၍၊ သူတို့သည် နှစ်​ပေါင်းများစွာ​ကြာ​အောင် တိုက်​ခိုက်လျက်၊ ထို​တိုက်​ခိုက်​ချိန်​အတွင်း၊ ကုမ်သည် အမ်ဂိဒကို အနိုင်​ရပြီး၊ နိုင်ငံ၏​ကျန်​ကြွင်းသည့်​အပိုင်းကို အစိုး​ရ၏။

၃၃ ကုမ်၏​လက်​ထက်တွင် ထိုပြည်၌ ဓားပြများ ရှိ​စ​ပြု၏။ ထိုသူတို့သည် အကြံ​အစည်​အဟောင်းတို့ကို ခံ​ယူ၍၊ ကျိန်​ဆိုခြင်းများကို ရှေး​က​လူများ​နည်းတူ စီမံ​ဆောင်ရွက်ကြ​ပြီး၊ နိုင်ငံ​ကို ဖျက်​ဆီးခြင်းငှာ တစ်ဖန် ကြိုး​စားအားထုတ်ကြ၏။

၃၄ ယခုတွင်၊ ကုမ်သည် သူတို့ကို ဆန့်ကျင်၍ များစွာ​တိုက်​ခိုက်၏။ သို့​သော်​လည်း သူတို့ကို မနိုင်။