ကျမ်းစာများ
ဧသာ ၂


အခန်းကြီး ၂

ယာရက်​အမျိုး​သား​တို့​သည် ကတိ​တော်​မြေသို့​သွားမည့် သူတို့၏​လမ်း​ခရီး​အတွက် ပြင်​ဆင်​ကြ​၏—ထို​ပြည်​သည်​ကား၊ လူ​သားတို့ ခရစ်တော်ကို အစေ​ခံရမည့် သို့​မဟုတ်လျှင် ပယ်​ရှင်း​ပစ်​ခံ​ရမည့် အမြတ်​ဆုံး​ပြည်​ဖြစ်၏—ကိုယ်တော်ရှင်​သည် ယာရက်၏​အစ်ကို​နှင့် သုံး​နာရီ​ကြာ​အောင် စကား​ဆို၏—ယာရက်​အမျိုး​သား​တို့​သည် သမ္ဗန်များကို တည်​ဆောက်ကြ၏—ကိုယ်တော်ရှင်သည် ယာရက်၏​အစ်ကိုအား သမ္ဗန်များကို အဘယ်သို့​အားဖြင့် အလင်း​ပေး​ရမည်ကို အဆို​ပြု​စေခြင်းငှာ မေး​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်နှင့် သူ့​အစ်ကို၊ ထို့အတူ သူတို့၏​မိသားစုများ၊ ထို့အတူ ယာရက်နှင့် သူ့​အစ်ကိုတို့၏ အဆွေ​ခင်ပွန်း​များ​နှင့် သူတို့၏​မိသားစု​များ​သည် မြောက်​ဘက်​လားရာ​အရပ်၌​ရှိ​လေ​သည့် ချိုင့်​ဝှမ်းထဲသို့ (ချိုင့်​ဝှမ်း၏​အမည်မှာ နိမ်ရောဒဟု​ခေါ်သည့် အား​ကြီး​သော​မု​ဆိုး၏​အမည်​အတိုင်း ဖြစ်၏) သူတို့​အတူ​တကွ​စု​ဝေး​သည့် သူတို့၏​သိုး​စု​အထီး​အမ​အမျိုး​မျိုးတို့နှင့်​အတူ ဆင်း​သွားကြ၏။

သူတို့သည် မိုး​ကောင်းကင်​ငှက်တို့​ကို ဖမ်း​ဆီးခြင်း​ငှာ​လည်း ထောင်​ချောက်များကို ချကြ၏။ ခွက်​ကို​လည်း​ပြင်​ဆင်၍၊ ထို​ခွက်​ထဲ၌ ရေ​ထဲမှ​ငါးတို့ကို သယ်​ဆောင်ကြ၏။

သူတို့သည် ပျား​ရည်ဟု အနက်​ရသည့် ဒေဇေရက်ကို​လည်း သူတို့နှင့်​အတူ သယ်​ဆောင်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ပျား​အုံ​များနှင့် ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်၌​ရှိသည့် အရာ​အမျိုးမျိုး၊ မျိုး​စေ့​အမျိုး​မျိုးတို့ကို သူတို့နှင့်​အတူ သယ်​ဆောင်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နိမ်ရောဒ​ချိုင့်​ဝှမ်း​ထဲသို့ သူတို့​ဆင်း​လာကြလျှင်၊ ကိုယ်တော်ရှင်​ဆင်း​လာ​တော်မူ၍၊ ယာရက်၏​အစ်ကိုနှင့် ပြော​ဆို၏။ သူ​သည်​လည်း မိုး​တိမ်ထဲ၌ ရှိ​တော်မူ​သဖြင့် ယာရက်၏​အစ်ကိုက မြင်ခြင်း​မရှိ။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်တော်ရှင် သူတို့ကို မိန့်တော်မူ​သည်မှာ တောရိုင်း​ထဲသို့၊ အထူး​သဖြင့် လူ​မရောက်​ဖူးသည့် ထို​အရပ်​ထဲသို့ ထွက်​သွား​ရမည့်​အကြောင်း​ပေ​တည်း။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်​သည် သူတို့​ရှေ့မှ သွား​တော်​မူ​၏၊ မိုး​တိမ်​ထဲ၌ ရပ်၍ သူတို့နှင့် စကား​ဆိုလျက်၊ သူတို့​ခရီး​သွား​ရမည့်​အရပ်ကို ညွှန်​ပြ​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် တော​ရိုင်း​ထဲ၌ ခရီး​သွား၍၊ သမ္ဗန်​များကို တည်​ဆောက်​ကြ၏၊ ထို​သမ္ဗန်​များဖြင့် များစွာသောရေ​တို့​ကို ဖြတ်​ကူးကြ၏ ကိုယ်တော်ရှင်၏​လက်​တော်​အားဖြင့် အစဉ်​မပြတ်​လမ်း​ညွှန်​တော်​မူခြင်း​ကိုလည်း ခံရကြ၏။

ကိုယ်တော်ရှင်​က​လည်း သူတို့ကို ပင်လယ်နှင့်​သာ၍​ဝေးသော​အရပ် တောရိုင်းထဲ၌ ရပ်တန့်စေရန် အခွင့်​မပေး​လို၊ အခြားသော​ပြည်များ​အား​လုံး​ထက် အမြတ်​ဆုံး​ပြည်​တည်း​ဟူ​သော၊ ဖြောင့်​မတ်သော​လူမျိုးတို့​အတွက် ကိုယ်တော်ရှင်​ဘုရားသခင် ထိန်း​သိမ်း​စောင့်​ရှောက်​ထားတော်မူ​သည့် ကတိ​တော်​မြေသို့​တိုင်​အောင်ပင် ထွက်​လာစေရန်သာ အလို​ရှိ​တော်မူ၏။

ဤကတိတော်​မြေကို ထိုအချိန်မှ​စ၍၊ နောင်​ကာလ​အစဉ်​အဆက် ပိုင်​ဆိုင်​မည့်​သူ​မှန်​သမျှ​သည် မှန်​ကန်​သည့် တစ်​ပါး​တည်း​သော​ဘုရားသခင်ကို အစေ​ခံကြ​ရမည်။ သို့​မဟုတ်လျှင်၊ သူတို့​အပေါ်သို့ သူ့​အမျက်​တော်​အပြည့်​အစုံ ကျ​ရောက်​လာသော​အချိန်​၌ ပယ်​ရှား​ပစ်​ခံရကြ​မည့်​အကြောင်း သူ၏​အမျက်​တော်​ဖြင့် ယာရက်၏​အစ်ကိုကို ကျိန်​ဆို​တော်မူ​ခဲ့​လေ၏။

ယခုမူကား၊ ငါတို့သည် ကတိတော်​မြေ​ဖြစ်သည့် ဤပြည်နှင့်​စပ်​လျဉ်း၍ ဘုရားသခင်၏​စီရင်ချက်များကို နားလည်​နိုင်ကြ၏။ ထိုမြေကို ပိုင်​ဆိုင်မည့် လူ​မျိုး​မှန်သမျှ​သည် ဘုရားသခင်ကို အစေ​ခံရကြမည်။ သို့မဟုတ်လျှင်၊ သူတို့သည် သူ၏​အမျက်​တော်​အပြည့်​အစုံ သူတို့​အပေါ် ကျ​ရောက်​လာသော​အချိန်၌ ပယ်​ရှား​ပစ်​တော်မူခြင်းကို ခံရလိမ့်မည်။ သူ၏အမျက်တော်​အပြည့်​အစုံ​သည်​လည်း သူတို့ဒုစရိုက်၌ ရင့်​မှည့်​ကြ​သော​အချိန်​၌ သူတို့​အပေါ် ကျ​ရောက်​လာ၏။

၁၀ အကြောင်း​မူကား၊ ရှုလော့၊ ဤ​ပြည်​သည် အခြားသော​ပြည်များ​အားလုံး​ထက် အမြတ်​ဆုံး​ဖြစ်​သည့်​ပြည် ဖြစ်​၏။ သို့​ဖြစ်၍၊ ထို​ပြည်ကို ပိုင်​ဆိုင်မည့်​သူသည် ဘုရားသခင်ကို အစေ​ခံ​ရမည်။ သို့​မဟုတ်လျှင် ပယ်​ရှင်း​ပစ်တော်​မူခြင်းကို ခံရမည်။ အကြောင်း​မူကား၊ ထိုအရာသည် ဘုရားသခင်၏​ထာဝရ​တည်​မြဲ​သော​စီ​ရင်ချက် ဖြစ်၏။ ထို​ပြည်​သားတို့၌ ဒုစရိုက်၏​ပြည့်​စုံခြင်း မတိုင်မီ၊ သူတို့သည် ပယ်​ရှင်း​ပစ်​တော်မူခြင်းကို မခံ​ရ။

၁၁ ဤ​မှတ်​တမ်းသည်လည်း သင်တို့​ထံသို့ ရောက်​လာ၏၊ အို တပါး​အမျိုး​သားတို့၊ ဘုရားသခင်၏ စီ​ရင်ချက်များကို သင်တို့​သိနိုင်​ကြ​စေခြင်းငှာ—သင်တို့​နောင်​တ​ရနိုင်စေခြင်းငှာ၊ ထို့အတူ သင်တို့၏​ဒုစရိုက်များ၌ ပြည့်စုံခြင်းသို့ ရောက်သည်​တိုင်​အောင် ဆက်၍ မရှိနိုင်​ကြ​စေခြင်းငှာ၊ သင်တို့သည် ဤ​ပြည်၌ နေ​ထိုင်​သူများ ယခင်က​ပြု​သကဲ့သို့ ဘုရားသခင်၏​အမျက်​တော်​အပြည့်​အစုံကို သင်တို့​အပေါ် ကျ​ရောက်​စေခြင်း မရှိ​နိုင်ကြ​စေခြင်းငှာပေတည်း။

၁၂ ရှုလော့၊ ဤ​ပြည်​သည် အမြတ်​ဆုံး​ပြည်​ဖြစ်၏။ ထို​ပြည်​ကို ပိုင်​ဆိုင်မည့်​လူ​မျိုး​မှန်​သ​မျှသည် ငါတို့​ရေး​လေ​သည့် အရာတို့​အားဖြင့် ထင်​ရှားစွာ​ပြသည့်​သူ၊ ယေရှု​ခရစ်တော်​တည်း​ဟူသော ထိုပြည်၏​ဘုရားသခင်ကို အစေခံမှ​သာလျှင်၊ ကျွန်​ခံရာမှ၊ ထို့အတူ ဖမ်း​ဆီး​ချုပ်​နှောင်ခြင်းမှ၊ ထို့အတူ ကောင်းကင်​အောက်ရှိ အခြား​သော​လူမျိုးခပ်သိမ်းတို့​ထံမှ လွတ်​လပ်​လိမ့်မည်။

၁၃ ယခုမူကား၊ ငါသည် ငါ၏​မှတ်​တမ်းကို ဆက်၍​ရေး၏။ အကြောင်း​မူကား၊ ရှုလော့၊ အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်သည် ယာရက်နှင့် သူ့ ညီအစ်ကိုတို့​အား ထိုပြည်​ကို​ပိုင်း​ခြားသည့် ကြီး​စွာ​သော​ပင်​လယ်​သို့​တိုင်​အောင်ပင် ခေါ်​ဆောင်​တော်မူ၏။ သူတို့​သည် ပင်လယ်သို့ ရောက်သော​အခါ သူတို့​တဲများကို ဆောက်ကြ၏။ ထို​နေရာ၏​အမည်ကို မော်ရန်ကူမာဟု ခေါ်​ကြ၏။ ပင်လယ်​ကမ်း​နားရှိ တဲများ​ထဲ၌ လေး​နှစ်​ကြာ​အောင်​နေ​ထိုင်ကြ၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လေး​နှစ်၏​အဆုံး​၌ ကိုယ်တော်ရှင်သည် ယာရက်၏​အစ်ကို​ထံသို့ တစ်ဖန်​ကြွ​လာ​တော်မူပြီးလျှင်၊ မိုး​တိမ်ထဲ​၌​ရပ်၍ သူနှင့် စကား​ဆို၏။ ကိုယ်တော်ရှင်သည် ယာရက်၏​အစ်ကိုနှင့် သုံး​နာရီ​ကြာ​အောင် စကား​ဆို၏။ ကိုယ်တော်ရှင်၏​နာမတော်ကို ပဌနာ​ပြုရန် သူ အောက်​မေ့ခြင်း​မရှိသော​ကြောင့်​လည်း သူ့ကို ဆုံးမ​တော်​မူ၏။

၁၅ ယာရက်၏​အစ်ကိုသည် သူ​ပြုသည့် မကောင်းမှုမှ နောင်တ​ရ၍၊ သူနှင့်​အတူ​ရှိသည့် သူ၏​ညီအစ်ကိုတို့​အတွက် ကိုယ်တော်ရှင်၏​နာမတော်ကို ပဌနာ​ပြု၏။ ကိုယ်တော်ရှင်က​လည်း သူ့ကို မိန့်တော်မူ​သည်မှာ၊ ငါသည် သင်နှင့်​သင်၏​ညီအစ်ကိုတို့ကို သူတို့၏​အပြစ်များမှ ခွင့်​လွှတ်​တော်မူမည်။ သို့ရာတွင်၊ သင်တို့​သည် နောက်​ထပ်၍ အပြစ်​မပြုရ၊ အကြောင်း​မူကား၊ ငါ၏​ဝိညာဉ်တော်​သည် လူ​သားကို အစဉ်​အမြဲ ပဲ့ပြင်ဆုံး​မ​လိမ့်​မည်​မဟုတ်​ကြောင်း သင်တို့ သတိ​ရကြ​လော့။ သို့​ဖြစ်၍၊ သင်တို့သည် လုံး​လုံး​ရင့်​မှည့်​သည့်​တိုင်​အောင် အပြစ်​ပြုကြ​မည်​ဆိုလျှင် ကိုယ်တော်ရှင်၏​မျက်​မှောက်မှ ပယ်​ရှင်း​ခံ​ရလိမ့်မည်။ ဤအရာတို့​သည်​ကား၊ သင်တို့​နေ​ထိုင်ရာ​အတွက် ငါ​ပေး​တော်မူမည့်​ပြည်နှင့်​စပ်​လျဉ်းသည့် ငါ၏​အတွေး​အကြံတို့​ပင်​တည်း။ အကြောင်း​မူကား၊ ထို​ပြည်​သည် အခြား​သော​ပြည်များ​အား​လုံး​ထက် အမြတ်​ဆုံး​ပြည်​ဖြစ်လိမ့်မည်။

၁၆ ကိုယ်တော်ရှင်​မိန့်​တော်မူ​သည်ကား၊ ယခင်က သင်တို့​တည်​ဆောက်သည့် သမ္ဗန်များထုံးစံအတိုင်း သွား၍​တည်​ဆောက်​လော့။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကိုနှင့်၊ သူ၏​ညီ​အစ်​ကို​တို့​သည်​လည်း ကိုယ်တော်ရှင်၏ သွန်​သင်ခြင်း​တို့​အတိုင်း သွား၍ သူတို့ တည်​ဆောက်​သည့်​နည်းတူ သမ္ဗန်တို့ကို တည်​ဆောက်ကြ၏။ ထို​သမ္ဗန်တို့​သည် သေး​ငယ်၍၊ ရေ​ပေါ်၌ ငှက်​တစ်ကောင်၏​ပေါ့​ပါးခြင်း​ကဲ့သို့​ပင်၊ ရေ​ပေါ်၌ ပေါ့​ပါးကြ၏။

၁၇ ထိုသမ္ဗန်တို့ကို အလွန်​ရေလုံ​စေသော​နည်းဖြင့် တည်​ဆောက်​သဖြင့်၊ ပန်း​ကန်​ကဲ့​သို့ပင် ရေကို​ထည့်၍​ရ​လိမ့်မည်။ အောက်​ခင်း​သည်​လည်း ပန်း​ကန်​ကဲ့သို့ ရေ​လုံ၏။ နံ​ရံတို့​သည်​လည်း ပန်း​ကန်​ကဲ့သို့ ရေ​လုံ၏။ အစွန်း​တို့​သည် ချွန်​ထက်၏။ အမိုး​သည်​လည်း ပန်း​ကန်​ကဲ့သို့ ရေ​လုံ၏။ အလျားသည် သစ်​ပင်၏​အလျား ဖြစ်၏။ တံခါး​သည်​လည်း ပိတ်​သော​အခါ ပန်း​ကန်​ကဲ့သို့ ရေ​လုံ၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကိုက ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်​သည်မှာ၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော် မိန့်တော်မူ​လေသည့်​အတိုင်း ထိုအ​မှုကို ဆောင်​ရွက်​ပြီး၍၊ သမ္ဗန်တို့​ကို​လည်း ကိုယ်တော်​လမ်း​ညွှန်​တော်မူ​လေသည့်​အတိုင်း တည်​ဆောက်​ပြီး​ပါပြီ။

၁၉ ရှုတော်မူ​ပါဦး၊ အို ကိုယ်တော်ရှင်၊ အထဲ၌ အလင်း​မရှိပါ။ အကျွန်ုပ်တို့​သည် အဘယ်​အရပ်သို့ ဦး​တည်​ရပါ​မည်နည်း။ အကျွန်ုပ်တို့ ပျက်​စီး​ရပါ​လိမ့်မည်၊ အကြောင်း​မူကား၊ အကျွန်ုပ်တို့သည် အထဲ၌ ရှိသည့်​လေ​မှတစ်ပါး အသက်​ရှု၍​မရ​နိုင်​ကြ​ပါ။ ထို့ကြောင့် ပျက်​စီး​ရပါ​လိမ့်မည်။

၂၀ ကိုယ်တော်ရှင်​က​လည်း ယာရက်၏​အစ်ကို​အား မိန့်တော်မူ​လေ​သည်​ကား၊ ရှုလော့၊ သင်တို့သည် အမိုးနှင့် အောက်​ပိုင်းတို့၌ အပေါက်​ဖောက်​ရမည်။ လေ​လို​အပ်​သော​အခါ​တိုင်း၊ အပေါက်ကို​ဖွင့်၍ လေကို​ရ​ယူကြ​လော့။ ထိုသို့​ပြု၍ သင်တို့​အပေါ်သို့ ရေဝင်​လာလျှင်၊ ရှုလော့၊ ရေလွှမ်းမိုးခြင်းထဲ၌ မပျက်​စီး​နိုင်ကြ​စေခြင်းငှာ၊ အပေါက်ကို ပိတ်​ရမည်။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကိုသည် ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည့်​အတိုင်း ဆောင်​ရွက်၏။

၂၂ သူသည်လည်း ကိုယ်တော်ရှင်​ထံသို့ တစ်ဖန်​တောင်း​လျှောက်​သည်ကား၊ အို ကိုယ်တော်ရှင်၊ ရှုတော်မူပါ၊ အကျွန်ုပ်​သည် ကိုယ်တော်​မိန့်​တော်မူ​လေသည့်​အတိုင်းပင် ဆောင်​ရွက်​ပြီးပါပြီ။ အကျွန်ုပ်၏​လူ​မျိုးတို့​အတွက် သင်္ဘောကို ပြင်​ဆင်​ပြီး၍၊ ရှု​တော်မူပါ၊ အထဲ၌ အလင်း​မရှိပါ။ ရှုတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့​အား ဤ​ကြီးစွာသောရေကို မှောင်​မိုက်ထဲ၌ ဖြတ်​ကူး​ရစေကြောင်း အခွင့်​ပေး​မည်​လော။

၂၃ ကိုယ်တော်ရှင်က​လည်း ရာယက်၏​အစ်​ကို​အား မိန့်​တော်မူ​လေ​သည်​ကား၊ သင်တို့၏​သင်္ဘောထဲ၌ အလင်း​ရ​နိုင်ခြင်းငှာ အဘယ်​အရာကို ငါ​ပြု​စေရန်​အလို​ရှိကြ​သနည်း။ ရှုလော့၊ သင်တို့၌ ပြ​တင်း​ပေါက်များ မရှိနိုင်။ အကြောင်း​မူကား၊ ၎င်းတို့​သည် အပိုင်း​ပိုင်း​ကျိုး​ပဲ့​လိမ့်မည်။ သင်တို့​နှင့်​အတူ မီး​ကို​လည်း ယူ​မသွား​ရ။ အကြောင်း​မူကား၊ သင်တို့​သည် မီး၏​အလင်း​ဖြင့် သွား​ရမည်​မဟုတ်။

၂၄ ရှုလော့၊ သင်တို့သည် ပင်လယ်​ရေနက်၌ ဝေလ​ငါး​ကဲ့သို့ ဖြစ်​လိမ့်မည်။ အကြောင်း​မူကား၊ တောင်​သမျှ​မြင့်သော လှိုင်း​တံ​ပိုး​တို့​သည် သင်တို့​အပေါ် ဆောင့်၍​တိုက်ကြ​လိမ့်မည်။ သို့​သော်​လည်း ငါသည် သင်တို့ကို ပင်လယ်​ရေနက်မှ တစ်ဖန် ဆောင်​ယူ​တော်မူမည်။ အကြောင်း​မူကား၊ လေသည် ငါ့​နှုတ်မှ ထွက်​သွား၍၊ ထို့အတူ၊ မိုး​ရေနှင့် ရေ​လွှမ်း​မိုးခြင်းတို့​ကို​လည်း ငါ​လွှတ်​တော်​မူလေပြီ။

၂၅ ရှုဦးလော့၊ ငါ​သည် ဤအရာတို့တစ်ဖက်၌ သင်တို့​ကို ပြင်​ဆင်​ပေးတော်မူ၏။ အကြောင်းမူကား၊ ငါသည် ပင်​လယ်​လှိုင်း​တံပိုးတို့၊ ထို့အတူ တိုက်သွားသည့်လေတို့၊ ထို့အတူ ရောက်လာမည့် ရေလွှမ်းမိုးခြင်းတို့ တစ်ဖက်၌ သင်တို့ကို ပြင်​ဆင်​ပေးခြင်း​မရှိလျှင်၊ သင်တို့​သည် ဤ​မဟာသမဒ္ဒရာကို မဖြတ်​ကူး​နိုင်ကြ။ ထို့ကြောင့်၊ ပင်လယ်​ရေနက်​ထဲ၌ ဝါး​မျို​ခံရ​သော​အခါ၊ အလင်းကို ရ​ရှိနိုင်ခြင်းငှာ သင်တို့​အတွက် အဘယ်​အရာကို ငါ​ပြင်​ဆင်​ပေးစေရန် အလို​ရှိကြ​သနည်းဟု မိန့်​တော်မူ၏။