ကျမ်းစာများ
ဧသာ ၁၅


အခန်းကြီး ၁၅

ယာရက်​အမျိုးသား သန်း​ပေါင်း​များစွာ​တို့​သည် တိုက်​ပွဲတွင် ကွပ်​မျက်​ခံကြ​ရ၏—ရှိဇနှင့် ကော်ရန္တူမာတို့​သည် လူ​ခပ်သိမ်းတို့ကို သေခြင်း​ရှိသော​စစ်​ထိုးခြင်းသို့ စည်း​ဝေးကြ၏—ကိုယ်တော်ရှင်၏​ဝိညာဉ်​တော်သည် သူတို့ကို ပဲ့ပြင်ဆုံး​မခြင်းမှ ရပ်​တန့်​တော်မူ၏—ယာရက်​ပြည်ကို ရှင်း​ရှင်း​ဖျက်​ဆီး၏—ကော်ရန္တူမာ​သာလျှင် ကျန်​ရစ်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် ဒဏ်ရာများ​ပျောက်လေပြီး၊ သူ့အား ဧသာ​ဟော​ပြောခဲ့သော​စကားများကို သတိရ​စ​ပြု၏။

သူ၏​လူမျိုး​နှစ်​သန်း​နီး​ပါးမျှ ကွပ်​မျက်​ခံရသည်ကို မြင်​ရသဖြင့် သူ့​စိတ်နှလုံး၌ ဝမ်း​နည်း​စပြု၏။ အကြောင်း​မူကား၊ အား​ကြီးသော​သူ နှစ်​သန်းနှင့် ထို့အတူ၊ သူတို့၏​ဇနီးများနှင့် သားသမီးများ ကွပ်​မျက်​ခံ​ရလေ​ပြီ။

သူသည် ပြု​လေသည့် မကောင်းမှုမှ နောင်တ​ရ​စ​ပြု၏။ ပရောဖက်ခပ်သိမ်းတို့၏​နှုတ်​အားဖြင့် ဟော​ပြော​ထားလေသည့် နှုတ်က​ပတ်တော်များကို သတိရ​စ​ပြု၏၊ ထို​အရာ​အလုံး​စုံတို့ ဤမျှ​အထိ ပြီးပြည့်စုံ စေသည်​ကို​လည်း သိ၏။ သူ၏​စိတ်​ဝိညာဉ်​သည်​လည်း ငို​ကြွေး​မြည်​တမ်းလျက်၊ နှစ်သိမ့်ခံရဖို့ကို ငြင်း​ပယ်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် လူတို့အား ချမ်း​သာ​ပေးပါမည့်​အကြောင်း တောင်း​ဆိုလျက်၊ မိမိ​သည်​လည်း လူတို့၏​အသက်​အတွက် နိုင်ငံကို စွန့်​လွှတ်​မည်ဟု​ဆိုလျက် ရှိဇ​ထံသို့ အမှာ​စာ​တစ်စောင်ကို ရေး၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှိဇသည် အမှာ​စာကို ရ​ရှိလျှင်၊ ကော်ရန္တူမာ​ထံသို့ အမှာ​စာကို​ရေး၍၊ သူ​ကိုယ်တိုင်၏​ဓားဖြင့် ကွပ်မျက်​နိုင်​စေဖို့ ကိုယ်ကို​စွန့်​လွှတ်လျှင်၊ မိမိသည် လူတို့၏​အသက်ကို ချမ်း​သာ​ပေးမည့်​အကြောင်း ဖော်​ပြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် သူတို့၏​ဒုစရိုက်မှ နောင်တ​ရခြင်း မရှိကြ။ ကော်ရန္တူမာ၏​လူတို့သည် ရှိဇ၏​လူတို့​တစ်ဖက်၌ အမျက်​ထွက်​စေကြောင် နှိုး​ဆော်ခံရ၏၊ ရှိဇ၏​လူတို့သည်လည်း ကော်ရန္တူမာ၏​လူတို့​တစ်ဖက်၌ အမျက်​ထွက်​စေကြောင်း နှိုး​ဆော်ခံရ၏။ သို့​ဖြစ်၍၊ ရှိဇ၏​လူတို့သည် ကော်ရန္တူမာ၏​လူတို့ကို စစ်​တိုက်ကြ၏။

ကော်ရန္တူမာ​သည်​လည်း ကျ​ရှုံးတော့​မည်​ကို သိသော​အခါ၊ ရှိဇ၏​လူတို့​ရှေ့မှ တစ်ဖန် ထွက်​ပြေး၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ကြီး​မားသော သို့မဟုတ် အား​လုံးထက် သာ​လွန်​သည်ဟု အနက်​ရသည့် ရိပလျန်​ကန်​ရေများသို့ ရောက်​လာ၏။ သို့​ဖြစ်၍၊ သူတို့သည် ဤရေများသို့ ရောက်​လာသော​အခါ သူတို့၏​တဲများကို ဆောက်ကြ၏။ ရှိဇ​သည်​လည်း သူ၏​တဲများကို ထိုရေများ​အနီးမှာ ဆောက်၏။ ထို့ကြောင့်၊ နက်​ဖြန်နေ့တွင် သူတို့သည် စစ်​တိုက်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် အလွန်​ပြင်း​ထန်သော​တိုက်ပွဲကို တိုက်​ခိုက်လျက်၊ ထို​တိုက်​ပွဲ၌ ကော်ရန္တူမာသည် တစ်ဖန်​ဒဏ်ရာ​ရပြီး၊ သွေး​လွန်၍ မိန်း​မော၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာ၏​တပ်များ​သည် ရှိဇ၏​တပ်များကို ပြင်း​ထန်စွာ​တိုက်​ခိုက်၍၊ နှိမ်​နှင်း​အောင်​မြင်​ပြီး၊ မိမိတို့​ရှေ့မှ ထွက်​ပြေး​စေ၏။ ထို​သူတို့​သည်​လည်း တောင်​ဘက်​လားရာသို့ ထွက်​ပြေးကြ​ပြီး၊ ဩဂတ်ဟု​ခေါ်သော​အရပ်၌ သူတို့၏​တဲများကို ဆောက်ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာ၏​တပ်​သည် ရာမတောင်​ကုန်း​အနီးတွင် သူတို့၏​တဲများကို ဆောက်ကြ၏။ ထို​တောင်​ကုန်း​သည်​ကား၊ ငါ၏​အဘ​မော်မုန်က သန့်​ရှင်း​မွန်​မြတ်သည့် မှတ်​တမ်းများကို ကိုယ်တော်ရှင်​အဖို့ ဝှက်​ထားသည့် တောင်​ကုန်းပင်တည်း။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ဧသာ​မှတစ်ပါး၊ ကွပ်မျက်​မခံရသည့်​သူ​တည်း​ဟူသော လူ​ခပ်သိမ်းတို့ကို ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခုလုံး​ပေါ်မှာ အတူတကွ စု​ဝေးကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧသာသည် လူတို့​ပြုသမျှကို တွေ့​မြင်၏။ ထို့အတူ ကော်ရန္တူမာကို နှစ်​သက်သော​လူတို့သည် ကော်ရန္တူမာ၏​တပ်နှင့် အတူတကွ​စုဝေးသည်​ကို​လည်း​ကောင်း၊ ရှိဇကို​နှစ်​သက်သော​လူတို့သည် ရှိဇ၏​တပ်နှင့် အတူတကွ​စု​ဝေး​သည်​ကို​လည်း​ကောင်း သူ​တွေ့​မြင်၏။

၁၄ သို့​ဖြစ်၍၊ သူတို့သည် ထိုပြည်၏​မျက်​နှာ​ပြင်​ပေါ်မှာ ရှိသော​သူ​ခပ်သိမ်းတို့ကို ရ​ရှိနိုင်ခြင်းငှာ၊ ထို့အတူ သူတို့​ရ​ရှိနိုင်ဖို့ ဖြစ်နိုင်​သမျှသော တပ်​အင်​အားကို ရ​ရှိနိုင်ခြင်းငှာ၊ လေး​နှစ်​ကြာ​အောင် လူတို့ကို အတူတကွ စု​ဝေးကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​အား​လုံးသည် လူ​တိုင်း မိမိ​အလို​ရှိသည့်​တပ်သို့ သူတို့၏ ဇနီးများ၊ သူတို့၏​သားသမီးများနှင့် အတူတကွ​စု​ဝေးကြ​ပြီးလျှင်—ယောက်ျားများ၊ မိန်းမများနှင့် ကလေးများသည် စစ်​တိုက်ရာ​လက်​နက်များကို စွဲ​ကိုင်လျက်၊ ဒိုင်းများ၊ ထို့အတူ ရင်​အုပ်​တန်​ဆာများ၊ ထို့အတူ ဦး​ခေါင်း​တန်​ဆာများကို ဆောင်လျက်၊ ထို့အတူ စစ်​တိုက်ခြင်း​အတွက်​ဝတ်​ဆင်လျက်—တစ်ဦးနှင့်​တစ်ဦး​စစ်​တိုက်ခြင်းငှာ ချီ​တက်ကြ၏။ ထို​တစ်နေ့​လုံး တိုက်​ခိုက်ကြ​ပြီး၊ အနိုင်​ရခြင်း​မရှိကြ။

၁၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ညဉ့်​အချိန်သို့​ရောက်လျှင်၊ သူတို့​သည် မော​ပန်း၍၊ သူတို့၏​တပ်​စခန်းများသို့ ပြန်​ပြီး​အနား​ယူကြ၏။ သူတို့​တပ်​စခန်းများသို့ ပြန်၍​အနား​ယူကြ​ပြီးနောက်တွင်၊ သူတို့သည် မိမိတို့​လူများထဲမှ ကွပ်​မျက်​ခံ​ရသူများ ဆုံး​ရှုံးခြင်း​အတွက် ညည်း​တွား​မြည်​တမ်း၍ မြည်​တမ်း​စ​ပြုကြ၏။ သူတို့၏ ငို​ကြွေးခြင်း၊ သူတို့၏​ညည်း​တွား​မြည်​တမ်းခြင်းနှင့် မြည်​တမ်းခြင်းတို့မှာ အလွန်​ကြီး​မား​လှသဖြင့်၊ လေကို လွန်စွာ​ခွဲ၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နက်​ဖြန်​နေ့တွင်၊ သူတို့သည် စစ်​တိုက်ခြင်းငှာ တစ်​ဖန်​သွားကြရာ၊ ကြီးစွာ​ကြောက်​မက်​ဖွယ်​ကောင်းသည်မှာ ထိုနေ့​ပင်​တည်း။ သို့​သော်​လည်း၊ သူတို့သည် အနိုင်​ရခြင်း​မရှိကြ။ ထို့​အတူ ညဉ့်​အချိန်​တစ်​ဖန်​ရောက်​လာသော​အခါ၊ မိမိတို့​လူများထဲမှ ကွပ်​မျက်​ခံရသူများ ဆုံး​ရှုံးခြင်း​အတွက် သူတို့၏​ငို​ကြွေးခြင်း၊ သူတို့၏​ညည်း​တွား​မြည်​တမ်းခြင်း​များ​နှင့် သူတို့၏​ငို​ကြွေး​မြည်​တမ်းခြင်း​တို့​ဖြင့် လေကို ခွဲကြ၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာ​သည် ရှိဇ​ထံသို့ အမှာစာ​တစ်​စောင်ကို​ရေး၍၊ စစ်​တိုက်ဖို့ သူ​တစ်ဖန်​မလာပါမည့်​အကြောင်း၊ သို့ရာတွင် နိုင်ငံကို သိမ်း​ယူပြီး၊ လူတို့၏​အသက်ကို ချမ်း​သာ​ပေး​ပါမည့်​အကြောင်း တောင်း​ဆို၏။

၁၉ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် သူတို့ကို ပဲ့ပြင်ဆုံး​မခြင်းမှ ရပ်​တန့်​တော်မူ​လေ​ပြီး၊ စာ​တန်သည် လူတို့၏​စိတ်နှလုံးကို အလုံး​စုံ​အစိုး​ရခြင်း​ရှိ၏။ အကြောင်း​မူကား၊ သူတို့သည် ဖျက်​ဆီး​ခံ​ရစေဖို့ သူတို့​စိတ်​နှလုံး၏​မာကျောခြင်းနှင့် သူတို့၏​အသိ​စိတ်ကွယ်ခြင်းသို့ စွန့်​လွှတ်ကြ​လေ​ပြီ။ သို့​ဖြစ်၍၊ သူတို့သည် စစ်တိုက်ဖို့၊ တစ်​ဖန်​သွားကြ၏။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထို​တစ်နေ့လုံး​တိုက်​ခိုက်၍၊ ညဉ့်​အချိန်​ကျ​ရောက်​လာသော​အခါ၊ သူတို့၏​ဓားများ​ပေါ်မှာ အိပ်ကြ၏။

၂၁ နက်​ဖြန်​နေ့​တွင်​လည်း သူတို့​သည် ညဉ့်​အချိန်​ကျ​ရောက်​လာသည်​အထိ​ပင် တိုက်​ခိုက်ကြ၏။

၂၂ ညဉ့်​အချိန်​ကျ​ရောက်​လာသော​အခါတွင်​လည်း သူတို့သည် စပျစ်​ရည်​နှင့်​ယစ်​မူးသော​သူ ကဲ့သို့​ပင် အမျက်နှင့် ယစ်​မူးလျက်၊ သူတို့၏​ဓားများ​ပေါ်မှာ တစ်ဖန်​အိပ်ကြ၏။

၂၃ ထို့အတူ၊ နက်​ဖြန်​နေ့တွင် သူတို့သည် တစ်ဖန်​တိုက်​ခိုက်၍၊ ညဉ့်​အချိန်​ကျ​ရောက်​လာသော​အခါ၊ ကော်ရန္တူမာ၏​လူ ငါး​ဆယ့်​နှစ်​ယောက်နှင့် ရှိဇ၏​လူ ခြောက်​ဆယ့်​ကိုး​ယောက်တို့​မှတစ်ပါး၊ သူတို့​အားလုံး ဓား​ဘေးဖြင့် ကျ​ဆုံးကြ၏။

၂၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထို​ညဉ့်တွင် သူတို့၏​ဓားများ​ပေါ်မှာ​အိပ်၍၊ နက်​ဖြန်နေ့၌ တစ်ဖန် တိုက်​ခိုက်ကြ၏။ သူတို့သည် သူတို့၏​စွမ်း​အား​ရှိသမျှနှင့်၊ သူတို့၏​ဓားများဖြင့်၊ ထို့အတူ သူတို့၏​ဒိုင်းများဖြင့် ထို​တစ်နေ့လုံး တိုက်​ခိုက်ကြ၏။

၂၅ ညဉ့်​အချိန်​ကျ​ရောက်​လာသော​အခါ၌ ရှိဇ၏​လူ သုံး​ဆယ့်​နှစ်ယောက်နှင့် ကော်ရန္တူမာ၏​လူ နှစ်ဆယ့်​ခုနစ်​ယောက်​ရှိ၏။

၂၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် စား​လိုက်၊ အိပ်​လိုက်ဖြင့် နက်​ဖြန်​နေ့၌ သေခြင်း​အတွက် ပြင်​ဆင်ကြ၏။ သူတို့သည် လူ​သား၏​အင်​အား​အရာ၌ ကြီး​မား​ပြီး၊ အား​ကြီးကြ၏။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် သုံး​နာရီ​ကြာ​အောင် တိုက်​ခိုက်​ကြ​ပြီး၊ သွေး​လွန်သော​ကြောင့် မိန်း​မောကြ၏။

၂၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာ၏​လူတို့သည် လုံ​လောက်​သော​ခွန်​အားကို ပြန်လည်​ရ​ရှိကြ​လျှင်၊ လမ်း​လျှောက်​နိုင်ကြ​ပြီး၊ သူတို့၏​အသက်​အတွက် ထွက်​ပြေးကြ​တော့​မည်​ပြု၏။ သို့ရာတွင်၊ ရှုလော့၊ ရှိဇသည် ထ​လာ​ပြီး၊ သူ၏​လူတို့လည်း ထ​လာလျက်၊ သူသည် ကော်ရန္တူမာကို ကွပ်​မျက်​လျှင်​ကွပ်​မျက်၊ သို့မဟုတ် ဓား​ဘေးဖြင့် သူ​ပျက်​စီး​မည့်​အကြောင်း အမျက်ဖြင့် ကျိန်​ဆို၏။

၂၉ သို့​ဖြစ်၍၊ သူတို့ကို လိုက်ရာ၊ နက်​ဖြန်​နေ့၌ မီလေ၏။ သူတို့​သည်​လည်း ဓားဖြင့်​တစ်ဖန် တိုက်​ခိုက်ကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာနှင့် ရှိဇ​မှတစ်ပါး သူတို့​အားလုံး ဓား​ဘေးဖြင့် ကျ​ဆုံးကြ​ပြီးနောက်၊ ရှုလော့၊ ရှိဇသည် သွေး​လွန်၍ မိန်း​မော၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် မိမိ​ဓားကို​မှီ၍​နေ​ပြီးမှ၊ အနည်း​ငယ်​အနား​ယူ​ပြီး၊ ရှိဇ၏​ခေါင်းကို ခုတ်​ချ၏။

၃၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူက ရှိဇ​ခေါင်းကို ခုတ်​ချ​ပြီး​နောက်တွင်၊ ရှိဇသည် လက်​ဖြင့်​ထောက်၍​ထ​ပြီး လဲ​ကျ၏။ ထိုနောက်၊ အသက်​ရှူ​အလွန်​ကြပ်​ပြီး​သေ၏။

၃၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန္တူမာသည် မြေ​ကြီးသို့ လဲ​ကျ​ပြီး၊ အသက်​မရှိ​သကဲ့သို့ ဖြစ်​သွား၏။

၃၃ ကိုယ်တော်ရှင်​က​လည်း ဧသာကို​မြွက်​ဆို၍၊ ထွက်​သွားလော့ဟု မိန့်​တော်မူ​လျှင်၊ သူ​ထွက်​သွား​ပြီး၊ ကိုယ်တော်ရှင်၏​နှုတ်က​ပတ်တော်တို့ ပြီး​ပြည့်​စုံ​စေသည်ကို တွေ့​မြင်၏။ သူ၏​မှတ်​တမ်း​ကို​လည်း လက်​စ​သတ်၍ (ငါ​သည်​လည်း အနည်း​ငယ်ကိုမျှ မရေး) ပုရပိုက်​ပြားများကို လင်မဟိ၏​လူများ တွေ့​ရှိနိုင်​သော​နည်း​လမ်းဖြင့် ဝှက်​ထား၏။

၃၄ ယခုတွင် ဧသာ​ရေး​ထားသည့် နောက်​ဆုံးသော ဤ​စကားများ​သည်​ကား၊ ကိုယ်တော်ရှင်သည် ငါ့ကို ဘဝ​ပြောင်း​စေသည်​ဖြစ်စေ၊ သို့မဟုတ် ငါသည် ကိုယ်တော်ရှင်၏​အလိုတော်ကို ဇာတိ​ကိုယ်ခန္ဓာ၌ ကြံ့​ကြံ့​ခံ​သည်​ဖြစ်စေ အရေး​မကြီး။ ဆိုလေသည့်​အတိုင်းပင် ငါသည် ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်၏။ အာမင်။