ကျမ်းစာများ
ဧသာ ၁၂


အခန်းကြီး ၁၂

ပရောဖက်​ဧသာသည် လူတို့​အား ဘုရားသခင်ကို ယုံကြည်ကြဖို့ တိုက်​တွန်း၏—ယုံကြည်ခြင်း​အားဖြင့် ပြုသည့် အံ့မခန်း​ချီးမွမ်း​ဖွယ်​အမှုများနှင့် အံ့ဩဖွယ်​အမှုတို့ကို မော်ရော်နိုင်းက ပြန်​လည်​ပြော​ပြ၏—ယုံကြည်ခြင်း​သည် ယာရက်၏​အစ်ကို​အား ခရစ်တော်ကို မြင်ဖို့ စွမ်း​ဆောင်​နိုင်၏—ကိုယ်တော်ရှင်သည် လူ​သားတို့အား သူတို့​နှိမ့်ချ​နိုင်​စေဖို့ အား​နည်းချက်ကို ပေး၏—ယာရက်၏​အစ်ကိုသည် ယုံကြည်ခြင်း​အားဖြင့် ဇေရင်​တောင်ကို ရွေ့​စေ၏—ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့သည် ကယ်​တင်ခြင်း​အတွက် မရှိ​မဖြစ်​လိုအပ်သော​အရာများ ဖြစ်၏—မော်ရော်နိုင်းသည် ယေရှုကို မျက်​နှာ​ချင်းဆိုင် မြင်​ရ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧသာ၏​နေ့ရက်တို့​သည် ကော်ရန္တူမာ၏​လက်​ထက်၌ ဖြစ်၏။ ကော်ရန္တူမာသည် ထို​ပြည်​တစ်ခုလုံး​ပေါ်၌ ရှင်​ဘုရင်​ဖြစ်၏။

ဧသာသည် ကိုယ်တော်ရှင်၏​ပရောဖက်​တစ်ပါး​ဖြစ်၏။ သို့​ဖြစ်၍၊ ဧသာသည် ကောရန္တူမာ၏​လက်​ထက်၌ ထွက်​လာပြီး၊ လူတို့အား ပရောဖက်​ပြု၍​ဟော​စ​ပြု၏။ အကြောင်း​မူကား၊ သူ့​အထဲ၌​ရှိသည့် ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ကြောင့်၊ သူ့ကို ချုပ်​တည်း၍ မရနိုင်။

သူသည် နံနက်​မှ​စ၍၊ နေ​ဝင်​သွားချိန်​အထိပင် ဟစ်​ကြော်လျက်၊ လူတို့ကို ဖျက်ဆီး​မခံရ​စေခြင်းငှာ၊ ဘုရားသခင်ကို ယုံကြည်​ပြီး၊ နောင်တ​ရခြင်းသို့​တိုင်အောင် တိုက်​တွန်းလျက်၊ ယုံကြည်ခြင်း​အားဖြင့် ခပ်သိမ်းသောအရာတို့ကို ပြီး​ပြည့်​စုံ​စေသည့်​အကြောင်း ဟော​ပြောလျက်​ရှိ၏—

သို့ဖြစ်၍၊ ဘုရားသခင်၌ ယုံကြည်​သူ​မှန်သမျှသည် သာ၍​ကောင်း​မြတ်သော​လောကကို၊ အမှန်​စင်စစ်၊ ဘုရားသခင်၏​လက်ယာတော်​ဘက်​နေရာကို​ပင် ဧကန်​အမှန်​မျှော်လင့်​နိုင်ကြ၏။ ထို​မျှော်လင့်ခြင်း​သည် ယုံကြည်ခြင်းမှ​လာ၍၊ လူတို့ကို ခိုင်​ခန့်​ပြီး မြဲမြံခြင်းကို ဖြစ်​စေ၍၊ ကောင်း​မြတ်သော​အမှုများနှင့် အစဉ်​အမြဲ​ကြွယ်​ဝလျက်၊ ဘုရားသခင်ကို ချီးမွမ်းစေခြင်းငှာ လမ်း​ညွှန်မည့် လူ​သား​တို့​စိတ်​ဝိညာဉ်များ၏​ကျောက်​ဆူးကို ဖြစ်​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧသာသည် လူတို့အား ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ပရောဖက်​ပြု၍ ဟော၏။ သူတို့သည် ထိုအရာတို့ကို မြင်​ရခြင်း​မရှိသော​ကြောင့် မယုံကြည်ကြ။

ယခုမူကား၊ ငါ​မော်ရော်နိုင်းသည် ဤအရာများ​အကြောင်းကို အတော်​အသင့်​ပြော​လို၏။ ယုံကြည်ခြင်းသည် မမြင်​ရသော်​လည်း မျှော်လင့်သော​အရာများ ဖြစ်​ကြောင်း လောကသို့ ငါ​ပြလို၏။ သို့ဖြစ်၍၊ သင်တို့သည် မမြင်​ရသော​ကြောင့် ငြင်း​ခုံခြင်း​မပြုနှင့်။ အကြောင်း​မူကား၊ သင်တို့၏​ယုံကြည်ခြင်းကို စုံစမ်းခြင်း​မတိုင်မီ သက်​သေကို သင်တို့​လက်​ခံရ​ရှိမည်​မဟုတ်။

အကြောင်း​မူကား၊ ခရစ်တော်သည် သေခြင်းမှ ထ​မြောက်​တော်မူ​လေ​ပြီးနောက်၊ ယုံကြည်ခြင်း​အားဖြင့်၊ ငါတို့၏​ဘိုးဘေးတို့​ထံ ကိုယ်ထင်ပြ​တော်မူ၏။ သူ့ကို ယုံကြည်ခြင်း​မရှိမီ သူတို့ထံ ကိုယ်ထင် ပြ​တော်မူခြင်း​မရှိ။ သို့​ဖြစ်၍၊ အချို့သော​သူများ သူ့ကို​ယုံကြည်ခြင်း​ရှိရန် လို​အပ်၏။ အကြောင်း​မူကား၊ သူသည် လောကသို့ ကိုယ်ထင်​ပြ​တော်မူခြင်း​မရှိ။

သို့ရာတွင်၊ လူသားတို့၏​ယုံကြည်ခြင်း​ကြောင့်၊ လောကသို့ သူကိုယ်တိုင်​ပြတော်မူလေ​ပြီး၊ ခမည်းတော်၏​နာမတော်ကို ချီး​မွမ်းလျက်၊ အခြားသော​သူများ​အား ကောင်းကင်ဘုံ​ရှင်​ဆု​ကျေးဇူးကို ခံယူသော​သူများ ဖြစ်​နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ သူတို့​မမြင်​ရလေသော​အရာတို့ကို မျှော်လင့်​နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း နည်းလမ်း​တစ်ခု​ပြင်​ဆင်​ပေး​တော်မူ၏။

သို့ဖြစ်၍၊ သင်တို့​သည်​လည်း ယုံကြည်ခြင်း​ရှိမှ​သာ​လျှင်၊ မျှော်လင့်ခြင်း​ရှိနိုင်​ပြီး၊ ဆုကျေးဇူးကို ခံယူ​ရသော​သူများ ဖြစ်​နိုင်ကြ၏။

၁၀ ရှုလော့၊ ရှေးက​လူတို့သည် ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်၏ သန့်ရှင်းသော​အသင်း​အတိုင်း ခေါ်​တော်မူခြင်းကို ခံရ၏။

၁၁ သို့ဖြစ်၍၊ ယုံကြည်ခြင်း​အားဖြင့်၊ မောရှေ၏​ပညတ်​တရားကို ပေးတော်မူ၏။ သို့ရာတွင်၊ ဘုရားသခင်​သည် သူ့​သားတော်၏​ဆုကျေးဇူ​အားဖြင့်၊ သာ၍​မြတ်သော​လမ်းကို ပြင်​ဆင်​တော်မူ၏။ ယုံကြည်ခြင်း​အားဖြင့်​လည်း ထို​ပညတ်​တရားကို ပြီး​ပြည့်စုံ​စေ​လေပြီ။

၁၂ အကြောင်း​မူကား၊ လူ​သားတို့၌ ယုံကြည်ခြင်း​မရှိလျှင်၊ ဘုရားသခင်သည် သူတို့၌ အလွန်​တရာ​အံ့ဩဖွယ်​အမှုကို ပြုနိုင်​တော်မူမည်​မဟုတ်။ သို့​ဖြစ်၍၊ သူတို့၏​ယုံကြည်ခြင်း​မရှိမီ သူ့​ကိုယ်ကို ပြ​တော်မမူ။

၁၃ ရှုလော့၊ ထောင်ကို မြေကြီးသို့ ပြို​ကျ​စေသည်မှာ အယ်လမာနှင့် အာမြူးလက်တို့၏ ယုံကြည်ခြင်း​ဖြစ်၏။

၁၄ ရှုလော့၊ လာမန်​အမျိုးသားတို့​အပေါ်၌ ပြောင်းလဲခြင်းကို ပြုပြင်​စီရင်​သည်မှာ နီဖိုင်းနှင့် လေဟိတို့၏​ယုံကြည်ခြင်း​ဖြစ်၍၊ သူတို့​သည်​လည်း မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဗတ္တိဇံ​ခံ၏။

၁၅ ရှုလော့၊ လာမန်​အမျိုးသားတို့၌ ထိုမျှ​ကြီးစွာသော အလွန်​တရာ​အံ့ဩဖွယ်​အမှုကို ပြုပြင်​စီရင်​သည်မှာ အမ္မုန်နှင့် သူ့​ညီအစ်ကိုတို့၏​ယုံကြည်ခြင်း​ဖြစ်၏။

၁၆ ထို​မှတစ်ပါး၊ အလွန်​တရာ​အံ့ဩဖွယ်သော​အမှုတို့ကို ပြုပြင်​စီရင်သော​သူ​ခပ်သိမ်းတို့​သည် ခရစ်တော် မတိုင်မီက ရှိကြ​သူများနှင့် ခရစ်တော်၏​နောက်၌ ရှိကြ​သူများကဲ့သို့ပင် ထိုအရာတို့ကို ယုံကြည်ခြင်းဖြင့် ပြုပြင်​စီရင်ကြ၏။

၁၇ တပည့်တော်​သုံး​ပါးတို့သည် သေခြင်းကို မတွေ့​ကြုံ​ရဟူသော​ကတိကို ယုံကြည်ခြင်း​အားဖြင့် ရ​ရှိကြ၏။ သူတို့​သည်​လည်း ယုံကြည်ခြင်း​မရှိမီ ကတိတော်ကို မရ​ရှိကြ။

၁၈ အဘယ်​တုန်းကမျှလည်း အဘယ်​သူမျှ၊ သူတို့​ယုံကြည်ခြင်း မရှိမီ အလွန်​တရာ​အံ့ဩဖွယ်သော​အမှုကို ပြု​ပြင်​စီရင်​သည်​မဟုတ်။ သို့ဖြစ်၍၊ သူတို့သည် ဘုရားသခင်၏​သားတော်ကို ပထမ​ဦးဆုံး ယုံကြည်​ကြ၏။

၁၉ ထို့အတူ၊ ခရစ်တော် ကြွလာတော်မမူမီကပင်၊ ကန့်လန့်ကာအတွင်း၌ ဟန့်တားမထားနိုင်ဘဲ၊ ယုံကြည်ခြင်းမျက်စိဖြင့် ကြည့်သည့်အရာတို့ကို သူတို့မျက်စိဖြင့် အမှန်ပင်မြင်ကြသူ၊ ယုံကြည်ခြင်း အလွန်အားကြီးသူများစွာရှိကြပြီး၊ သူတို့ဝမ်းသာကြ၏။

၂၀ ရှုဦးလော့၊ ထိုသူတို့​အထဲမှ တစ်ဦးသော​သူမှာ ယာရက်၏​အစ်ကို​ဖြစ်​ကြောင်းကို ဤမှတ်​တမ်း၌ ငါတို့​သိကြ​ပြီး​လေ​ပြီ။ အကြောင်း​မူကား၊ ဘုရားသခင်ကို သူ၏​ယုံကြည်ခြင်းမှာ အလွန်​ကြီး​မား၍၊ ဘုရားသခင်သည် သူ၏​လက်​ချောင်းတော်ကို ဆန့်​တော်မူသော​အခါ၊ သူ​မိန့်တော်မူ​ခဲ့လေသည့် နှုတ်က​ပတ်တော်ကြောင့် ထို​လက်​ချာင်းတော်ကို ယာရက်​အစ်ကို၏ မြင်​ကွင်းမှ မကွယ်​ဝှက်နိုင်။ ယုံကြည်ခြင်း​အားဖြင့် ထို​နှုတ်​ကပတ်တော်ကို သူ​ရ​ရှိ၏။

၂၁ ယာရက်၏​အစ်ကို​သည်​လည်း ကိုယ်တော်ရှင်၏​လက်​ချောင်းတော်ကို မြင်​ရ​ပြီးနောက်၊ ယုံကြည်ခြင်း​အားဖြင့် ယာရက်၏​အစ်ကို​ရ​ရှိသော ကတိတော်​ကြောင့်၊ ကိုယ်တော်ရှင်သည် သူ၏​မြင်​ကွင်းမှ အဘယ်​အရာကိုမျှ မဆီး​တားနိုင်။ သို့​ဖြစ်၍၊ သူ့​အား အရာ​ခပ်သိမ်းတို့ကို ပြတော်မူ၏။ အကြောင်း​မူကား၊ သူသည် ကန့်​လန့်​ကာ​အပြင်၌ ဟန့်​တား​မထား​နိုင်တော့။

၂၂ ငါ၏​ဘိုးဘေးတို့​သည်​လည်း တပါး​အမျိုးသားတို့​အားဖြင့် ဤအရာများ သူတို့၏​ညီအစ်ကိုတို့​ထံသို့ ရောက်​လာလိမ့်မည်​ဟူ​သော ကတိတော်ကို ယုံကြည်ခြင်း​အားဖြင့်၊ ရ​ရှိ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်​၊ အမှန်စင်စစ်၊ ယေရှု​ခရစ်တော်​က​ပင် ငါ့ကို မိန့်မှာ​တော်မူ၏။

၂၃ ငါကလည်း သူ့ကို လျှောက်​ဆိုသည်မှာ၊ ကိုယ်တော်ရှင်၊ ရေးခြင်း​အရာ၌ အကျွန်ုပ်တို့၏​အားနည်းချက်​ကြောင့်၊ ဤအရာတို့ကို တပါး​အမျိုး​သားတို့က ပြက်​ရယ်​ပြုကြ​ပါလိမ့်မည်။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်​ကိုယ်တော်သည် အကျွန်ုပ်တို့ကို စကား​အရာ၌ ယုံကြည်ခြင်း​အားဖြင့် အားကြီး​စေတော်မူ​သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရေးခြင်း​အရာ၌ အားကြီး​စေတော်မမူခဲ့ပါ။ ကိုယ်တော်​ပေးတော်မူ​လေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​ကြောင့်၊ ကိုယ်တော်သည် ဤလူမျိုး​ခပ်သိမ်းကို များစွာ​ပြော​ဆိုနိုင်သော​သူများ ဖြစ်​စေတော်မူ​ပါ၏။

၂၄ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရေးနိုင်​စေသော်​လည်း အကျွန်ုပ်တို့၏​လက် မသေ​သပ်ခြင်း​ကြောင့်၊ အနည်း​ငယ်ကိုသာ ရေးနိုင်​စေတော်မူ၏။ ရှု​တော်မူပါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ယာရက်၏​အစ်ကို​ကဲ့သို့ ရေးခြင်း​အရာ၌ အားကြီး​စေခြင်းကို ပြု​တော်​မမူပါ။ အကြောင်း​မူကား၊ သူ​ရေးသည့်​အရာတို့ကို ကိုယ်တော်ကဲ့သို့ပင် အားကြီး​စေ၍ လူ​သားအား ထိုအရာတို့ကို ဖတ်​စေခြင်းငှာ၊ လွှမ်းမိုးခြင်းကို ဖြစ်စေသည့်​တိုင်​အောင် သူ့ကို ကိုယ်တော် ပြု​တော်မူ​ပါပြီ။

၂၅ ကိုယ်တော်သည် အကျွန်ုပ်တို့​မရေးနိုင်​အောင်ပင် အကျွန်ုပ်တို့၏​စကားများကိုလည်း အားကြီး​စေတော်မူ​လေပြီ။ ထို့ကြောင့်၊ အကျွန်ုပ်တို့​ရေးသည့်​အခါတိုင်း၊ အကျွန်ုပ်တို့၏​အားနည်းချက်ကို သိ​မြင်၍၊ အကျွန်ုပ်တို့၏​ရေး​ဟန်ကြောင့် ထိမိ၍လဲကြပါ၏။ အကျွန်ုပ်တို့၏​စကားများကို တပါး​အမျိုးသားတို့​ပြက်​ရယ်​ပြုမည်ကို​လည်း အကျွန်ုပ်​စိုး​ရိမ်​ပါ၏။

၂၆ ငါက ဤသို့ လျှောက်​ဆို​ပြီးလျှင်၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​သည်​ကား၊ လူ​မိုက်တို့​သည် ပြက်​ရယ်​ပြုကြ​သော်​လည်း ငို​ကြွေး​မြည်​တမ်း​ရလိမ့်မည်။ သိမ်မွေ့အောက်ကျို့သော​သူတို့​အဖို့ ငါ၏​ကျေးဇူး​တော်​သည် လုံ​လောက်​သဖြင့် သူတို့သည် သင်တို့၏​အားနည်းချက်ကို အခွင့်​ကောင်း​ယူကြ​ရမည်​မဟုတ်။

၂၇ လူသားတို့ ငါ့ထံသို့​လာကြ​လျှင်၊ ငါသည် သူတို့အား သူတို့၏​အားနည်းချက်ကို ပြတော်မူမည်။ လူသားတို့​နှိမ့်ချ​နိုင်​စေခြင်းငှာ၊ အားနည်းချက်ကို သူတို့​အား ငါ​ပေး၏။ ငါ့​ရှေ့မှာ မိမိကိုယ်ကို နှိမ့်ချသော​လူသား​ခပ်သိမ်းတို့​အတွက် ငါ၏​ကျေးဇူး​တော်​သည် လုံ​လောက်၏။ အကြောင်း​မူကား၊ သူတို့သည် ငါ့​ရှေ့ ၌ သူတို့​ကိုယ်​သူတို့ နှိမ့်ချလျက်၊ ငါ့ကို ယုံကြည်ခြင်း​ရှိကြလျှင်၊ ငါသည် အားနည်း​သော​အရာတို့ကို သူတို့​အဖို့ အားကြီးလာ​စေတော်မူမည်။

၂၈ ရှုလော့၊ ငါသည် တပါး​အမျိုးသားတို့အား သူတို့၏​အား​နည်းချက်ကို ပြ​တော်​မူ​မည်၊ ယုံကြည်ခြင်း၊ မျှော်​လင့်ခြင်း​နှင့် မေတ္တာသည် သူတို့ကို—ဖြောင့်မတ်ခြင်း​ခပ်သိမ်းတို့​၏​စမ်း​ရေတွင်း​တည်း​ဟူသော ငါ့ထံသို့ ဆောင်​ယူ​ကြောင်းကို​လည်း ငါ​ပြ​တော်မူ​မည်။

၂၉ ငါ​မော်ရော်နိုင်း​သည်​လည်း ဤစကားများ​ကို​ကြား​ရ​ပြီး​နောက် စိတ်​သက်​သာခြင်းသို့​ရောက်၍၊ လျှောက်​ဆို​သည်မှာ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ ဖြောင့်မတ်သော​အလို​တော်​သည် ပြည့်​စုံ​တော်မူ​ပါစေသော။ အကြောင်း​မူကား၊ ကိုယ်တော်သည် လူသားတို့​အဖို့ သူတို့၏​ယုံကြည်ခြင်း​အတိုင်း ပြု​တော်မူ​ကြောင်းကို အကျွန်ုပ်​သိပါ၏။

၃၀ အကြောင်း​မူကား၊ ယာရက်၏​အစ်ကိုက ဇေရင်တောင်ကို ရွေ့​လော့ဟု​ဆို၍—ထို​တောင်​ရွေ့၏။ သူ့မှာ ယုံကြည်ခြင်း​မရှိလျှင်၊ ထိုတောင်သည် ရွေ့​လိမ့််မည်​မဟုတ်။ သို့​ဖြစ်၍၊ ကိုယ်တော်သည် လူ​သားတို့​ယုံကြည်ခြင်း​ရှိပြီးမှ အမှုတော်ကို ပြု​တော်မူ၏။

၃၁ အကြောင်း​မူကား၊ ထိုကဲ့သို့​အားဖြင့် ကိုယ်တော်သည် ကိုယ်တော်၏​တပည့်တော်တို့ထံ ကိုယ်တော်​ကိုယ်တိုင် ထင်ရှားစွာ​ပြတော်မူ၏။ သူတို့၌ ယုံကြည်ခြင်း​ရှိ၍၊ ကိုယ်တော်၏​နာမတော်​အားဖြင့် ဟော​ပြောကြ​ပြီးမှ၊ ကိုယ်တော်သည် သူတို့​အား ကိုယ်တော်​ကိုယ်တိုင် ကြီးစွာသော​တန်ခိုး​တော်နှင့် ပြ​တော်မူ၏။

၃၂ ကိုယ်တော်သည် လူသား​အတွက် အိမ်​တစ်အိမ်ကို၊ အမှန်​စင်​စစ်၊ ကိုယ်တော့်​ခမည်းတော်၏ နေစရာ​အခန်းများ၌​ပင် ပြင်​ဆင်​ထားတော်မူလျက်၊ ထိုအိမ်၌ လူ​သားသည် သာ၍​မြတ်သော မျှော်လင့်ခြင်း​ရှိနိုင်​ကြောင်း မိန့်တော်မူ​သည်ကို​လည်း အကျွန်ုပ်​သတိ​ရပါ၏။ သို့​ဖြစ်၍၊ လူ​သားသည် မျှော်လင့်ခြင်း​ရှိရမည်။ သို့မဟုတ်လျှင်၊ သူသည် ကိုယ်တော်​ပြင်​ဆင်သည့် အရပ်၌ အမွေ​ခံရာကို ရလိမ့်မည်​မဟုတ်ပါ။

၃၃ ထိုမှတစ်ဖန်၊ ကိုယ်တော်သည် လူသားတို့​အတွက် နေစရာ​အရပ်ကို​ပြင်​ဆင်ဖို့ တစ်ဖန်​ပြန်​ယူ​နိုင်ခြင်းငှာ၊ လောက​အတွက်၊ ကိုယ်တော်၏​အသက်ကို စွန့်တော်မူသည့်​တိုင်​အောင်ပင် လောကကို ချစ်တော်မူ​လေ​ကြောင်း ကိုယ်တော်​မိန့်တော်မူ​သည်ကို​လည်း အကျွန်ုပ်​သတိ​ရပါ၏။

၃၄ ယခု​မူကား၊ လူသားတို့​အတွက် ကိုယ်တော်၌ ရှိတော်မူသည့် ချစ်ခြင်း​သည် မေတ္တာ​တော်​ဖြစ်ကြောင်းကို အကျွန်ုပ်​သိ​ပါ၏။ သို့ဖြစ်၍၊ လူသားတို့၌ မေတ္တာ​ရှိမည်​မဟုတ်လျှင်၊ သူတို့သည် ကိုယ်တော့်​ခမည်းတော်၏​နေစရာ​အခန်းများ၌ ကိုယ်တော်​ပြင်​ဆင်​ထားတော်မူသည့် နေစရာ​အရပ်ကို အမွေ​မခံနိုင်​ကြပါ။

၃၅ သို့​ဖြစ်၍၊ အကျွန်ုပ်တို့၏​အားနည်းချက်​ကြောင့်၊ တပါး​အမျိုးသားတို့ ၌ မေတ္တာ​မရှိလျှင်၊ ကိုယ်တော်သည် သူတို့ကို စမ်းသပ်၍၊ သူတို့၏​ဥစ္စာ၊ ထို​မှတစ်ပါး၊ သူတို့​လက်​ခံရ​ရှိလေသည့်​အရာကိုပင် နှုတ်​ယူပြီး၊ သာ၍​မြောက်​မြားစွာ​ရှိမည့်​သူတို့အား ပေးတော်မူမည့်​အကြောင်း ကိုယ်တော်​မိန့်တော်မူသည့် ဤအရာတို့​အားဖြင့် အကျွန်ုပ်​သိပါ၏။

၃၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် ကိုယ်တော်ရှင်​ထံသို့ ဆု​တောင်း​သည်မှာ တပါး​အမျိုး​သားတို့​အား ကျေးဇူး​တော်ကို သူပေး၍၊ သူတို့၌ မေတ္တာ​ရှိနိုင်ကြ​စေခြင်းငှာ​ပေတည်း။

၃၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူ​လေ​သည်​ကား၊ သူတို့၌ မေတ္တာ​မရှိလျှင် သင့်​အဖို့ အရေး​မကြီး၊ သင်သည် သစ္စာ​ရှိ​လေပြီ။ သို့​ဖြစ်၍၊ သင်၏​အဝတ်တန်ဆာများကို သန့်​ရှင်း​စေလိမ့်မည်။ သင်သည် သင်၏​အားနည်းချက်ကို မြင်သော​ကြောင့်၊ ငါ့​ခမည်းတော်၏​နေစရာ​အခန်းများရှိ၊ ငါ​ပြင်​ဆင်သည့် နေစရာ​အရပ်၌ ထိုင်​ရသည့်​တိုင်​အောင်ပင်၊ သင့်ကို အားကြီး​စေမည်။

၃၈ ယခုမူကား၊ ငါ​မော်ရော်နိုင်းသည် တပါး​အမျိုးသားတို့ကို၊ ထို​မှတစ်ပါး၊ ငါ​ချစ်​ရသည့် ငါ၏​ညီအစ်ကိုတို့ကိုလည်း ငါ၏​အဝတ်တန်ဆာများ သင်တို့၏​အသွေးနှင့် မစွန်း​ကြောင်း လူ​သား​ခပ်သိမ်းတို့ သိရမည့်​နေရာ​ဖြစ်သည့် ခရစ်တော်၏​တရား​ပလ္လင်​ရှေ့မှာ တွေ့ဆုံ​ရသည်​တိုင်​အောင် မင်္ဂလာ​ရှိပါ​စေဟု နှုတ်​ဆက်​ပါ၏။

၃၉ ထို့နောက်တွင်၊ ယေရှုကို ငါ​တွေ့​မြင်​ကြောင်း၊ ထို့အတူ သူသည် ငါနှင့် မျက်​နှာချင်း​ဆိုင်၍ စကား​ပြော​ကြောင်း၊ ထို့အတူ ဤအရာတို့​အကြောင်းကို လူ​တစ်ဦးက တခြား​တစ်ဦးကို ငါ၏​ဘာသာစကားဖြင့် ပြောသကဲ့သို့ပင် သူသည် ရှင်း​လင်းသော​နှိမ့်ချခြင်းဖြင့် ငါ့ကို ပြောပြ​တော်မူ​ကြောင်း သင်တို့​သိကြ​လိမ့်မည်။

၄၀ ရေးခြင်း​အရာ၌ ငါ၏​အားနည်းချက်ကြောင့်​လည်း ငါသည် အနည်းငယ်ကို​သာ ရေး၏။

၄၁ ယခုမူကား၊ ပရောဖက်များနှင့် တမန်တော်များ ရေးလေသည့် ဤယေရှု​ကို ရှာကြရန် သင်တို့ကို ငါ​တိုက်တွန်း၍၊ ခမည်းတော်​ဘုရားသခင်၊ ထို့အတူ ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်၊ ထို့အတူ သူတို့​အကြောင်းကို သက်​သေ​ခံသည့် သန့်ရှင်းသော​ဝိညာဉ်တော်တို့၏ ကျေးဇူးတော်သည် သင်တို့၌ ကာလအစဉ်အဆက် ဖြစ်၍ တည်​ရှိပါစေ။ အာမင်။