ကျမ်းစာများ
ဧသာ ၁


ဧသာကျမ်း

မောဇိယ​မင်းကြီး၏​လက်​ထက်တွင် လင်မဟိ​လူမျိုးတို့ တွေ့​ရှိသည့် ပုရပိုက်​ပြား နှစ်​ဆယ်​လေး​ပြားတို့မှ ကောက်​နှုတ်​ထား​သည့် ယာရက်​အမျိုး​သားတို့၏​မှတ်​တမ်း။

အခန်းကြီး ၁

မော်ရော်နိုင်းသည် ဧသာ၏​စာများကို အကျဉ်း​ချုပ်၏—ဧသာ၏​ဆွေ​စဉ်​မျိုး​ဆက်မှတ်တမ်းကို ဖော်​ပြ၏—ယာရက်​အမျိုး​သားတို့၏​ဘာသာ​စကားသည် ဗာဗုလုန်​ရဲ​တိုက်၌ ရှုပ်​ထွေး​မခံ​ရ—ကိုယ်တော်ရှင်​သည် သူတို့အား အမြတ်​ဆုံး​ပြည်သို့ ခေါ်​ဆောင်ရန်နှင့် ကြီးစွာသော​လူမျိုး​ဖြစ်​စေရန် ကတိ​ထား​တော်​မူ​၏။

ယခုမူကား၊ ငါ​၊ မော်ရော်နိုင်းသည် ဤ​မြောက်​ပိုင်း​တိုင်း​ပြည်၏​မျက်​နှာ​ပြင်​ပေါ်​၌ ကိုယ်တော်ရှင်၏ လက်​တော်​အားဖြင့် ဖျက်​ဆီး​ခံရသူ ရှေးမှ​ထို​ပြည်​သားတို့၏ မှတ်​တမ်းကို ဆက်၍​ရေး၏။

လင်မဟိ​လူမျိုးတို့ တွေ့​ရှိသည့် ပုရပိုက်​ပြား​နှစ်​ဆယ်​လေး​ပြားမှ ဧသာ​ကျမ်းဟု ခေါ်သည့် ငါ၏​မှတ်​တမ်းကို​လည်း ကောက်​နှုတ်၏။

ငါသည် ကမ္ဘာနှင့် အာဒံကို ဖန်​ဆင်း​တော်မူခြင်း​အကြောင်း၊ ထို​အချိန်​မှ​စ၍ ကြီး​စွာ​သော​ရဲ​တိုက်ကို တည်​ဆောက်သည့် အချိန်​ထိ​ဖြစ်​ပျက်​သော​အရာများ​အကြောင်းနှင့် ထို​အချိန်​တိုင်​အောင် လူ​သားတို့၌ ဖြစ်​ပျက်သော​အရာ​မှန်​သ​မျှ​တို့​အကြောင်း မှတ်​တမ်းကို ဖော်​ပြသည့် ဤ​မှတ်​တမ်း၏​ပထမ​ပိုင်းသည် ယုဒ​လူမျိုးတို့၌ ရှိလေ​ပြီဟု ထင်​မှတ်​သဖြင့်—

ထို့ကြောင့်၊ ငါသည် အာဒံ၏​လက်​ထက်​မှစ၍ ထို​အချိန်​ထိ​တိုင်​အောင် ဖြစ်​ပျက်​ခဲ့သော​အရာတို့ကို မရေး။ သို့ရာတွင်၊ ထို​အရာတို့​သည် ပုရပိုက်​ပြားများ​ပေါ်၌​ရှိ၏။ ထို​အရာတို့ကို တွေ့​ရှိ​သူမှန်​သ​မျှ​သည်​လည်း ပြည့်​စုံ​သော​မှတ်​တမ်းကို ရ​ရှိနိုင်သည့် တန်​ခိုး​ရှိ​လိမ့်​မည်။

သို့ရာတွင် ရှုလော့၊ ငါ​သည် ပြည့်​စုံ​သော​မှတ်​တမ်းကို မရေး၊ ရဲ​တိုက်​ကို​တည်​ဆောက်​သည့်​အချိန်​မှ​စ၍၊ သူတို့​ဖျက်​ဆီး​ခံရသည့် အချိန်​အထိ​ဖြစ်သည့် မှတ်​တမ်း၏​တစ်​စိတ်​တစ်​ပိုင်း​ကိုသာ ရေး၏။

ဤနည်း​အားဖြင့် ငါသည် မှတ်​တမ်းကို ရေး၏။ ဤ​မှတ်​တမ်းကို ရေး​သူမှာ ဧသာ​ဖြစ်​၏၊ သူသည် ကော်ရန်တာ၏​အမျိုး​အနွယ်​တစ်​ဦး​လည်း​ဖြစ်၏။

ကော်ရန်တာသည် မော်ရုန်၏​သား ဖြစ်၏။

မော်ရုန်သည် ဧသမ်၏​သား​ဖြစ်၏။

ဧသမ်သည် အာဟ၏​သား​ဖြစ်၏။

၁၀ အာဟသည် ရှေသ၏​သား​ဖြစ်၏။

၁၁ ရှေသသည် ရှိဗလုန်၏​သား​ဖြစ်၏။

၁၂ ရှိဗလုန်သည် ကုမ်၏​သား​ဖြစ်၏။

၁၃ ကုမ်သည် ကော်ရန်တမ်၏​သား​ဖြစ်၏။

၁၄ ကော်ရန်တမ်​သည် အာမနိဂဒ္ဒ၏​သား​ဖြစ်၏။

၁၅ အာမနိဂဒ္ဒသည် အာရုန်၏​သား​ဖြစ်၏။

၁၆ အာရုန်သည် ဟေသုမ်၏​သား​ဖြစ်​သူ ဟေသ၏​အမျိုး​အနွယ်​ဖြစ်၏။

၁၇ ဟေသုမ်သည် လိဗ၏​သား​ဖြစ်၏။

၁၈ လိဗသည် ကိရှ၏​သား​ဖြစ်၏။

၁၉ ကိရှသည် ကော်ရုမ်၏​သား​ဖြစ်၏။

၂၀ ကော်ရုမ်သည် လေဝိ၏​သား​ဖြစ်၏။

၂၁ လေဝိသည် ကိမ၏​သား​ဖြစ်၏။

၂၂ ကိမသည် မော်ရန်တန်၏​သား​ဖြစ်၏။

၂၃ မော်ရန်တန်သည် ရိပလာကိရှ၏​သား​ဖြစ်၏။

၂၄ ရိပလာကိရှသည် ရှေဇ၏​သား​ဖြစ်၏။

၂၅ ရှေဇသည် ဟေသ၏​သား​ဖြစ်၏။

၂၆ ဟေသသည် ကုမ်၏​သား​ဖြစ်၏။

၂၇ ကုမ်သည် ကော်ရန်တမ်၏​သား​ဖြစ်၏။

၂၈ ကော်ရန်တမ်သည် ဧမာ၏​သား​ဖြစ်၏။

၂၉ ဧမာသည် ဩမဲ၏​သား​ဖြစ်၏။

၃၀ ဩမဲသည် ရှူလဲ၏​သား​ဖြစ်၏။

၃၁ ရှူလဲသည် ကိဗ၏​သား​ဖြစ်၏။

၃၂ ကိဗသည် ယာရက်၏​သား​ဖြစ်သူ ဩရိဟ၏​သား​ဖြစ်၏။

၃၃ ထို​ယာရက်သည် လူတို့၏​ဘာသာ​စကားကို ကိုယ်တော်ရှင်ရှုပ်​ထွေး​စေ၍၊ သူတို့ကို မြေ​ကြီး​မျက်နှာ​ပြင်​တစ်ခုလုံး​ပေါ်၌ ကွဲပြား​ပြန့်ကျဲ​စေကြောင်း၊ အမျက်​တော်​ဖြင့် ကျိန်​ဆိုသည့်​အချိန်၌၊ သူ့​အစ်ကိုနှင့် သူတို့၏​မိသားစုများနှင့်​အတူ၊ အခြားသော​သူများနှင့် ထို​သူတို့၏​မိသားစု​များ​နှင့်​အတူ ကြီးစွာသော ရဲ​တိုက်​ဆီမှ ထွက်​လာခဲ့၏။ ကိုယ်တော်ရှင်၏​နှုတ်ကပတ်​တော်​အတိုင်း လူတို့​သည် ကွဲ​ပြား​ပြန့်​ကျဲကြ၏။

၃၄ ယာရက်၏​အစ်ကိုသည် ကြီး​မား၍ အားကြီး​သော​သူ​ဖြစ်သဖြင့်၊ ကိုယ်တော်ရှင်​အလွန်​နှစ်​သက်​တော်မူသော​သူလည်း​ဖြစ်၏၊ ညီယာရက်ကလည်း သူ့အား၊ ကိုယ်တော်ရှင်ထံ တောင်းလျှောက်လော့၊ ငါတို့၏ စကားများကို နား​မလည်​နိုင်​စေရန် ငါတို့ကို မရှုပ်​ထွေး​စေတော်မူမည့် အကြောင်းပေတည်းဟု ဆို၏။

၃၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကိုသည် ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်​၏။ ကိုယ်တော်ရှင်​က​လည်း ယာရက်ကို သနားခြင်း ရှိ​တော်​မူ၏။ ထို့ကြောင့်၊ သူသည် ယာရက်၏​ဘာသာ​စကားကို မရှုပ်​ထွေး​စေခဲ့။ ယာရက်နှင့် သူ့ ညီ​သည်​လည်း မရှုပ်​ထွေးကြ။

၃၆ ထို့​နောက်​တွင်၊ ယာရက်က သူ့​အစ်ကို​အား ဆို​သည်​ကား၊ ကိုယ်တော်ရှင်​သည် သူ၏​အမျက်​တော်ကို၊ ငါတို့၏​အဆွေ​ခင်ပွန်း​ဖြစ်​သူ​တို့​ထံမှ လွှဲ​တော်​မူ​ပြီးလျှင်၊ သူတို့၏​ဘာသာ​စကားကို ရှုပ်​ထွေး​စေ​တော်​မူခြင်း မရှိ​စေမည့်​အကြောင်း သူ့ထံသို့ တစ်ဖန် တောင်း​လျှောက်​ပါလော့။

၃၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကို​သည် ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်၏။ ကိုယ်တော်ရှင်​သည် သူတို့၏​အဆွေ​ခင်ပွန်းများနှင့် ထို​သူတို့၏​မိသားစု​တို့​ကို​လည်း သနား​တော်မူခြင်း ရှိ​သဖြင့် သူတို့​မရှုပ်​ထွေးပေ။

၃၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်က သူ့​အစ်ကို​အား တစ်​ဖန်​ဆို​လေ​သည်​မှာ၊ ငါတို့ကို ထိုပြည်မှ ကိုယ်တော်ရှင်​နှင်​ထုတ်​မထုတ်၊ သွား၍ မေး​လျှောက်​ပါလော့။ ငါတို့ကို ထိုပြည်မှ သူ​နှင်​ထုတ်​တော်မူ​မည်​ဆိုလျှင်၊ အဘယ်​အရပ်သို့ ငါတို့​သွား​ရမည့်​အကြောင်း သူ့ထံ တောင်း​လျှောက်​ပါလော့။ ကိုယ်တော်ရှင်​သည် ငါတို့​ကို မြေကြီး​တစ်​ခု​လုံး​ပေါ်၌ အမြတ်​ဆုံး​ဖြစ်သည့်​ပြည်သို့ ဆောင်​တော်မူ​မည်ကို အဘယ်​သူ​သိ​မည်​နည်း။ ထိုသို့​ဆိုလျှင်၊ ငါတို့​သည် ထိုပြည်ကို ငါတို့​နေ​ထိုင်​ရာ​အတွက် ရ​ရှိ​နိုင်​ကြ​စေခြင်းငှာ ကိုယ်တော်ရှင်​အပေါ် သစ္စာ​ရှိကြ​ကုန်​အံ့ဟု ဆို​လေ၏။

၃၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယာရက်၏​အစ်ကို​သည် ယာရက်​နှုတ်မှ ပြော​ထားသည့်​အတိုင်း ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်၏။

၄၀ ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်တော်ရှင်​သည် ယာရက်၏​အစ်ကို​အား ကြား​တော်မူပြီးလျှင်၊ သနား​တော်မူခြင်း ရှိ၍ မိန့်တော်မူ​လေ​သည်​ကား၊

၄၁ သင်၏​သိုးစု​အထီး​အမ​အမျိုး​မျိုး၊ ထို့အတူ မြေကြီးမှ မျိုး​စေ့​အမျိုး​မျိုး၊ ထို့အတူ သင်၏​မိသားစုများ၊ ထို့အတူ သင့်​ညီ​ယာရက်နှင့် သူ၏​မိသားစု၊ ထို့အတူ သင်၏​အဆွေ​ခင်ပွန်း​များနှင့် သူတို့၏​မိသားစုများ၊ ထို့အတူ ယာရက်၏​အဆွေ​ခင်ပွန်းများနှင့် သူတို့၏​မိသားစု​များကို သွား၍ အတူတကွ စုဝေးလော့။

၄၂ သင်သည် ဤသို့​ပြုပြီးလျှင်၊ သူတို့​ကို​ဦးဆောင်၍ မြောက်​ဘက်​လားရာ​၌​ရှိသည့် ချိုင့်​ဝှမ်းထဲသို့ ဆင်း​သွားလော့။ ထိုအရပ်၌ ငါသည် သင့်ကို တွေ့​တော်မူမည်၊ မြေ​ကြီးပေါ်​ရှိ​ပြည်​ခပ်သိမ်းတို့​ထက် အမြတ်​ဆုံး​ဖြစ်သည့် ပြည်​ထဲသို့ သင့်​ရှေ့မှ သွား​တော်မူမည်။

၄၃ ထိုအရပ်၌ ငါသည် သင်နှင့် သင်၏​အမျိုး​အနွယ်တို့ကို ကောင်း​ချီး​ပေး၍၊ သင်၏​အမျိုး​အနွယ်တို့​အားဖြင့်၊ ထို့အတူ သင့်​ညီ၏​အမျိုး​အနွယ်တို့​အားဖြင့်၊ ထို့အတူ သင်နှင့်​အတူ​သွားမည့်​သူတို့​အားဖြင့်၊ ငါ့​အဖို့ ကြီးစွာသော​လူမျိုးကို ပေါ်​ထွန်း​စေတော်မူမည်။ ငါ့​အဖို့ သင်၏​အမျိုး​အနွယ်တို့​အားဖြင့် ပေါ်​ထွန်း​စေမည့်​လူမျိုး​ထက် သာ၍​ကြီးသော​လူမျိုး​တစ်မျိုးမျှ၊ မြေ​ကြီး​မျက်​နှာ​ပြင်​တစ်​ခု​လုံး၌ မရှိလတ္တံ့။ သင်သည် ဤမျှ​အချိန်​ကြာ​မြင့်စွာ ငါ့​ထံသို့ တောင်း​လျှောက်​သော​ကြောင့်၊ ထိုကဲ့သို့​အားဖြင့် ငါသည် သင်​အဖို့ ပြု​တော်မူ​မည်။