အပိုဒ်ငယ် ၂၂
၁၈၃၀ ခု၊ ဧပြီလ ၁၆ ရက်၊ မန်ချက်စတာ၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ယခင်က ဗတ္တိဇံခံထားလေပြီး၊ တစ်ဖန်ဗတ္တိဇံမခံဘဲ အသင်းတော်နှင့် ပူးပေါင်းလိုသည့် အချို့သောသူများ၏အကျိုးဆက်အဖြစ် ဤဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏။
၁၊ ဗတ္တိဇံသည် ထာဝရတည်မြဲသောပဋိညာဉ်သစ်ဖြစ်၏။ ၂–၄၊ အခွင့်အာဏာဖြင့်ပြုသော ဗတ္တိဇံလိုအပ်၏။
၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် ခပ်သိမ်းသောပဋိညာဉ်အဟောင်းတို့ကို ဤအရာအားဖြင့် ရပ်စဲစေလေပြီ။ ဤအရာသည် ထာဝရတည်မြဲသောပဋိညာဉ်သစ်ဖြစ်၏။ အကယ်စင်စစ်၊ ရှေးဦးစွာကတည်းကပင်ရှိလေသောအရာဖြစ်၏။
၂ သို့ဖြစ်၍၊ လူသားသည် အကြိမ်တစ်ရာ ဗတ္တိဇံခံသော်လည်း သူ့မှာ အကျိုးမရှိ။ အကြောင်းမူကား၊ သင်တို့သည် မောရှေ၏ပညတ်တရားအားဖြင့်၊ ကျပ်တည်းသောတံခါးကို မဝင်နိုင်ကြ။ သင်တို့၏ သေခြင်းနှင့်ဆိုင်သောအကျင့်များအားဖြင့်လည်း မဝင်နိုင်ကြ။
၃ အကြောင်းမူကား၊ သင်တို့၏ သေခြင်းနှင့်ဆိုင်သောအကျင့်များကြောင့်၊ ငါသည် ဤနောက်ဆုံးပဋိညာဉ်ကို ဖြစ်စေပြီး၊ ရှေးနေ့ရက်များကကဲ့သို့ပင် ငါ့အဖို့ ဤအသင်းတော်ကို တည်ဆောက်စေလေပြီ။
၄ သို့ဖြစ်၍၊ သင်တို့သည် ငါမိန့်တော်မူလေသည့်အတိုင်း တံခါးမှ ဝင်ကြလော့၊ သင်တို့၏ဘုရားသခင်ကို အကြံပေးဖို့ ကြိုးစားခြင်းမရှိနှင့်။ အာမင်။