အပိုဒ်ငယ် ၁၁၂
သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးနှင့် စပ်လျဉ်း၍၊ ၁၈၃၇ ခု၊ ဇူလိုင်လ ၂၃ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ သောမတ်စ်ဘီမာ့ရှ်သို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်ကို၊ အသင်းလူကြီး ဟက်ဘာစီကင်းဘောလ်နှင့် အော်ဆန်ဟိုက်တို့ အင်္ဂလန်၌ ဧဝံဂေလိတရားတော်ကို ပထမဆုံးဟောပြောသည့်နေ့တွင် လက်ခံရရှိခဲ့၏။ သောမတ်စ်ဘီမာ့ရှ်သည် ဤအချိန်၌ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်၏။
၁–၁၀၊ တစ်ဆယ့်နှစ်ပါးသည် ခပ်သိမ်းသောပြည်သားများနှင့် လူမျိုးတို့ထံ ဧဝံဂေလိတရားတော်ကို ပို့၍၊ သတိပေးခြင်းအသံကို ဟစ်ကြွေးရမည်။ ၁၁–၁၅၊ သူတို့သည် မိမိတို့လက်ဝါးကပ်တိုင်ကိုထမ်း၊ ယေရှုနောက်သို့လိုက်ပြီး၊ သူ၏သိုးတို့ကို ကျွေးမွေးရမည်။ ၁၆–၂၀၊ ပထမဥက္ကဋ္ဌအဖွဲ့ကို လက်ခံသောသူများသည် ကိုယ်တော်ရှင်ကို လက်ခံကြ၏။ ၂၁–၂၉၊ မှောင်မိုက်ခြင်းသည် မြေကြီးကို ဖုံးလွှမ်း၏၊ ယုံကြည်လျက် ဗတ္တိဇံခံကြသောသူတို့သာ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ၃၀–၃၄၊ ပထမဥက္ကဋ္ဌအဖွဲ့နှင့် တစ်ဆယ့်နှစ်ပါးသည် အချိန်ကာလပြည့်စုံခြင်းသာသနာ၏သော့များကို ကိုင်ဆောင်၏။
၁ သင့်ကို ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ငါ့ကျွန်သောမတ်စ်၊ ငါသည် သင်၏ ဆုတောင်းခြင်းများကို ကြားတော်မူလေပြီ။ ငါ၏ နာမတော်ကိုသက်သေခံစေရန်နှင့် ထိုသက်သေခံချက်ကို ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူနှင့် လူမျိုးတို့၌ အနှံ့အပြား စေလွှတ်စေရန် ရွေးကောက်ခံရလေသူများ၊ ထို့အတူ ငါ့ကျွန်တို့၏အထောက်အကူအားဖြင့် ခန့်ထားခံရသူများဖြစ်သည့် သင်၏ညီအစ်ကိုတို့ကိုယ်စား၊ ငါ့ရှေ့၌ အောက်မေ့ဖွယ်ရာအဖြစ် သင်၏ လက်များ တက်လာလေပြီ။
၂ သင့်ကို ငါအမှန်ဆိုသည်ကား၊ သင်၏စိတ်နှလုံး၌ အနည်းငယ်သောအရာအချို့ရှိ၏၊ သင်နှင့်စပ်လျဉ်းသည့် ထိုအရာကို၊ ငါ၊ ကိုယ်တော်ရှင်အလွန်မနှစ်သက်။
၃ သို့သော်လည်း၊ သင်သည် သင့်ကိုယ်သင်နှိမ့်ချသမျှ ချီးမြှောက်ခံရလိမ့်မည်။ ထို့ကြောင့်၊ သင်၏ခပ်သိမ်းသောအပြစ်များကို ခွင့်လွှတ်၏။
၄ သင်၏စိတ်နှလုံးကို ငါ့မျက်နှာရှေ့၌ ရွှင်လန်းစေလော့။ သင်သည် တစ်ပါးအမျိုးသားတို့ထံသို့သာမက၊ ယုဒလူမျိုးတို့ထံသို့လည်း ငါ၏နာမတော်အကြောင်းကို သက်သေခံရမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်ကို မြေကြီးစွန်းတိုင်အောင် ပို့ရမည်။
၅ ထို့ကြောင့်၊ သင်သည် နံနက်အစဉ်အတိုင်း ငြင်းခုံလော့။ တစ်နေ့ပြီးတစ်နေ့ သင်၏သတိပေးခြင်းအသံကို ထွက်သွားစေလော့။ ညဉ့်ရောက်သောအခါ၌လည်း မြေကြီးပေါ်မှာနေထိုင်သူတို့ကို သင်၏စကားကြောင့် မငိုက်မျဉ်းစေနှင့်။
၆ ဇိအုန်၌ သင်၏နေရပ်ကို သိကြစေလော့၊ သင်၏အိမ်ကိုလည်း ဖယ်ရှားခြင်းမပြုနှင့်။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်၌၊ သင်ဆောင်ရွက်ရန်၊ လူသားတို့၌ ငါ၏နာမတော်ကို ပြောကြားခြင်းနှင့် စပ်လျဉ်း၍ ကြီးစွာသောအမှုရှိ၏။
၇ ထို့ကြောင့်၊ အမှုအတွက် သင်၏ခါးကို စည်းလော့။ သင်၏ခြေတို့ကိုလည်း ခြေနင်းစီးစေလော့၊ အကြောင်းမူကား၊ သင်သည် ရွေးကောက်ခံရ၏၊ သင်၏လမ်းကြောင်းသည်လည်း တောင်များကြား၌၊ ထို့အတူ များစွာသောပြည်သားတို့၌ ရှိ၏။
၈ မြင့်သောသူများစွာတို့သည် သင်၏စကားဖြင့် နှိမ့်ချခံရမည်၊ နိမ့်သောသူ များစွာတို့သည် သင်၏စကားဖြင့် ချီးမြှောက်ခံရလိမ့်မည်။
၉ သင်၏အသံသည် လွန်ကျူးသောသူအဖို့ ဆုံးမခြင်းဖြစ်လိမ့်မည်။ သင်၏ဆုံးမခြင်းကြောင့် အတင်းပြောသူ၏လျှာမှ ဖောက်ပြန်ခြင်းကို ရပ်တန့်စေလော့။
၁၀ သင်သည် နှိမ့်ချလော့။ သင်၏ဘုရားသခင်ကိုယ်တော်ရှင်သည် သင့်ကို လက်ဖြင့်ပို့ဆောင်၍၊ သင်၏ဆုတောင်းခြင်းများကို အဖြေပေးလိမ့်မည်။
၁၁ ငါသည် သင်၏စိတ်နှလုံးကို သိ၏၊ သင်၏ညီအစ်ကိုတို့နှင့်စပ်လျဉ်း၍ သင်၏ဆုတောင်းခြင်းများကိုလည်း ကြားတော်မူလေပြီ။ ချစ်ခြင်း၌ အခြားသူများစွာတို့ထက် သူတို့အပေါ် ဘက်မလိုက်နှင့်၊ သို့ရာတွင် သူတို့အတွက် သင်၏ချစ်ခြင်းကို သင်ကိုယ်တိုင်အတွက်ကဲ့သို့ ဖြစ်စေလော့။ သင်၏ချစ်ခြင်းကို ခပ်သိမ်းသောသူတို့အဖို့၊ ထို့အတူ ငါ၏နာမတော်ကို ချစ်သည့် ခပ်သိမ်းသောသူတို့အဖို့ များပြားစေလော့။
၁၂ သင်၏ညီအစ်ကို တစ်ဆယ့်နှစ်ပါးအတွက်လည်း ဆုတောင်းလော့။ ငါ၏နာမတော်အတွက် သူတို့ကို ပြင်းစွာဆုံးမလော့၊ သူတို့ကိုလည်း သူတို့၏ခပ်သိမ်းသောအပြစ်များအတွက် ဆုံးမခံစေလော့၊ သင်သည်လည်း ငါ၏နာမတော်အဖို့ ငါ့ရှေ့၌ သစ္စာရှိလော့။
၁၃ သူတို့၏စုံစမ်းခြင်းများ၊ ထို့အတူ များစွာသောအတိဒုက္ခနောက်မှ၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ရှာမည်၊ သူတို့သည် ငါ့ကို ဆန့်ကျင်၍ သူတို့၏စိတ်နှလုံးကို မာကျောစေခြင်းမရှိကြ၊ သူတို့၏လည်ပင်းကို ခိုင်မာစေခြင်းမရှိကြလျှင်၊ ပြောင်းလဲခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါသည်လည်း သူတို့ကို အနာငြိမ်းစေမည်။
၁၄ ယခုတွင်၊ သင့်ကို ငါဆိုသည်ကား၊ ထို့အတူ သင့်ကို ငါဆိုသည့်အရာကို ငါသည် ခပ်သိမ်းသောတစ်ဆယ့်နှစ်ပါးကို ဆို၏။ ထ၍ သင်တို့၏ခါးကို စည်းကြလော့၊ သင်တို့၏လက်ဝါးကပ်တိုင်ကို ထမ်းကြလော့၊ ငါ့နောက်သို့ လိုက်ကြလော့၊ ငါ၏သိုးတို့ကိုလည်း ကျွေးမွေးကြလော့။
၁၅ သင်တို့ကိုယ်သင်တို့ မချီးမြှောက်ကြနှင့်။ ငါ့ကျွန်ဂျိုးဇက်စမစ်ကို ဆန့်ကျင်၍ ပုန်ကန်ခြင်း မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် သူနှင့်အတူ ရှိတော်မူ၏၊ ငါ၏လက်သည်လည်း သူ့အပေါ်မှာရှိတော်မူမည်။ သူ့အား ငါပေးလေသည့်၊ ထို့အတူ သင်တို့ဆီကိုလည်း ပေးလေသည့် သော့များကို ငါမလာမချင်း သူ့ထံမှ ယူလိမ့်မည်မဟုတ်။
၁၆ သင့်ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်သောမတ်စ်၊ သင်သည် တစ်ဆယ့်နှစ်ပါးနှင့် စပ်ဆိုင်သည့် ငါ့နိုင်ငံတော်၏သော့များကို ခပ်သိမ်းသောပြည်သားတို့၌ အနှံ့အပြား ကိုင်ဆောင်ရန် ငါရွေးကောက်တော်မူလေသည့်သူဖြစ်၏—
၁၇ သင်သည် ငါ့ကျွန်ဂျိုးဇက်၊ ထို့အတူ ငါ့ကျွန်ဆစ်ဒနီ၊ ထို့အတူ ငါ့ကျွန်ဟီရမ်စမစ်တို့ မလာနိုင်သည့် နေရာမှန်သမျှတို့၌ နိုင်ငံတော်၏တံခါးကို သော့ဖွင့်သည့် ငါ့ကျွန် ဖြစ်နိုင် စေခြင်းငှာ ပေတည်း။
၁၈ အကြောင်းမူကား၊ သူတို့အပေါ်၌ ငါသည် ခပ်သိမ်းသောအသင်းတော်တို့၏ဝန်ကို ကာလအနည်းငယ်မျှ တင်ထားလေပြီ။
၁၉ သို့ဖြစ်၍၊ သင့်ကို သူတို့စေလွှတ်မည့် အရပ်မှန်သမျှသို့၊ သင် သွားလော့၊ ငါသည်လည်း သင်နှင့် အတူ ရှိတော်မူမည်။ ငါ၏နာမတော်ကို သင်ကြေညာမည့် နေရာမှန်သမျှ၌ ငါ၏နှုတ်ကပတ်တော်ကို ရရှိကြစေခြင်းငှာ သင့်အဖို့ ထိရောက်သောတံခါးသည်လည်း ပွင့်လိမ့်မည်။
၂၀ ငါ၏နှုတ်ကပတ်တော်ကို လက်ခံသူမှန်သမျှသည် ငါ့ကို လက်ခံ၏၊ ထို့အတူ ငါ့ကို လက်ခံသူမှန်သမျှသည် သင့်အဖို့ ငါ၏နာမတော်အတွက် ငါစေလွှတ်လေသည့်သူ၊ တိုင်ပင်ဖက်များအဖြစ် ငါပြုလေသူ၊ ပထမဥက္ကဋ္ဌအဖွဲ့ကို လက်ခံ၏။
၂၁ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သင့်လျော်စွာ ထောက်ခံပြီး အခွင့်အာဏာပေးသည့် သင်တို့၏ညီအစ်ကို၊ တစ်ဆယ့်နှစ်ပါး၏ မဲဆန္ဒအတိုင်း၊ ငါ၏နာမတော်ဖြင့် သင်တို့စေလွှတ်မည့်သူမှန်သမျှသည်၊ သူတို့ကို သင်တို့စေလွှတ်မည့်နေရာမှန်သမျှ အဘယ်ပြည်အတွက်မဆို ငါ့နိုင်ငံတော်၏တံခါးကို ဖွင့်ရန်တန်ခိုးကို ရလိမ့်မည်—
၂၂ သူတို့သည် ငါ့ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချကြ၊ ထို့အတူ ငါ၏နှုတ်ကပတ်တော်၌ နေထိုင်ကြ၊ ထို့အတူ ငါ့ဝိညာဉ်တော်၏အသံကို စေ့စေ့နားထောင်ကြရမည်။
၂၃ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ မှောင်မိုက်ခြင်းသည် မြေကြီးကို၊ ထို့အတူ ဆိုးရွားသောမှောင်မိုက်ခြင်းသည် လူတို့၏စိတ်ကို ဖုံးလွှမ်း၏၊ ခပ်သိမ်းသော လူတို့သည်လည်း ငါ့မျက်နှာရှေ့၌ ဖောက်ပြန်လာကြလေပြီ။
၂၄ ရှုလော့၊ အမျက်တော်နေ့၊ မီးလောင်ရာနေ့၊ လူဆိတ်ညံရာ၊ ငိုကြွေးရာ၊ ငိုကြွေးမြည်တမ်းရာနှင့် မြည်တမ်းရာနေ့ဟူသော လက်တုန့်ပြန်ခြင်းသည် မြေကြီးပေါ်မှာ နေထိုင်သူတို့အပေါ် အလျင်အမြန် ကျရောက်လာလိမ့်မည်။ မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ် ကျရောက်လာမည့် လေပွေကဲ့သို့လည်း ရှိလိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၅ ငါ၏အိမ်သားတို့အပေါ်၌ ထိုအမှုစလိမ့်မည်၊ ထို့အတူ ငါ၏အိမ်သားတို့ထံမှ ထိုအမှုထွက်သွားလိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၆ ပထမဦးဆုံး သင်တို့၌ရှိသူများ၌ စလိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏၊ ထိုသူတို့သည် ငါ၏နာမတော်ကို သိယောင်ဆောင်ကြလေပြီး သိခြင်းမရှိကြ၊ ထို့အတူ ငါ၏အိမ်သားတို့အလယ်၌ ငါ၏နာမတော်ကို ကဲ့ရဲ့ကြလေပြီဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၇ ထို့ကြောင့်၊ သင်တို့သည် ဤနေရာ၌ ငါ့အသင်းတော်၏ အမှုအမျိုးမျိုးနှင့် စပ်လျဉ်း၍ သင်တို့ကိုယ်သင်တို့ စိတ်ညှိုးငယ်ခြင်းမရှိကြနှင့်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၂၈ သို့ရာတွင် ငါ့ရှေ့၌ သင်တို့စိတ်နှလုံးကို စင်ကြယ်စေကြလော့။ ထို့နောက်တွင် သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့သွား၍၊ ငါ၏ဧဝံဂေလိတရားတော်ကို မရရှိလေသည့် လူသတ္တဝါတိုင်းအား ဟောပြောကြလေ့။
၂၉ ယုံကြည်၍ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်၊ ယုံကြည်ခြင်းလည်းမရှိ၊ ဗတ္တိဇံလည်းမခံသောသူသည် အပြစ်စီရင်ခံရလိမ့်မည်။
၃၀ အကြောင်းမူကား၊ သင်တို့၊ တစ်ဆယ့်နှစ်ပါး၊ ထို့အတူ သင်တို့၏တိုင်ပင်ဖက်များနှင့် သင်တို့၏ခေါင်းဆောင်များအဖြစ် ခန့်အပ်ထားခံရသူ ပထမဥက္ကဋ္ဌအဖွဲ့ထံသို့ အချိန်ကာလပြည့်စုံခြင်း သာသနာရှိရာ နောက်ဆုံးသောကာလအဖြစ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ဤယဇ်ပုရောဟိတ်အခွင့် တန်ခိုးကို ပေးထား၏၊
၃၁ သင်တို့ကိုင်ဆောင်ထားသည့် ထိုတန်ခိုးကို၊ ဖန်ဆင်းခြင်းအစမှ စ၍ အဘယ်အချိန်၌မဆို သာသနာကို လက်ခံရရှိသူအပေါင်းတို့နှင့် အတူရရှိ၏။
၃၂ အကြောင်းမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ သင်တို့လက်ခံရရှိလေသည့် သာသနာသော့များကို ဘိုးဘေးတို့ထံမှ၊ ထို့အတူ နောက်ဆုံးအနေအဖြစ် ကောင်းကင်ဘုံမှ သင်တို့ထံသို့ ချလိုက်၏။
၃၃ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ရှုလော့ သင်တို့၏ အမှုတော်ဆောင်တာဝန်သည် ကြီးမြတ်လှပေစွတကား။ ဤမျိုးဆက်၏အသွေးကို သင်တို့၏လက်များ၌ မတောင်းဆိုခံရစေခြင်းငှာ သင်တို့၏စိတ်နှလုံးနှင့် သင်တို့၏အဝတ်တန်ဆာများကို သန့်စင်စေကြလော့။
၃၄ ငါကြွရောက်လာသည်အထိ သစ္စာရှိကြလော့၊ အကြောင်းမူကား၊ ငါသည် လျင်မြန်စွာ ကြွရောက်လာတော်မူမည်။ လူတိုင်းကို သူ့အကျင့်ရှိမည့်အတိုင်း ဆုချရန် ငါ၏ အကျိုးကျေးဇူးသည်လည်း ငါနှင့်အတူရှိ၏။ ငါသည် အာလဖနှင့် ဩမေဃဖြစ်၏။ အာမင်။