အပိုဒ်ငယ် ၁၃
၁၈၂၉ ခု၊ မေလ ၁၅ ရက်၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယားအနီး၌ ပရောဖက်နှင့် အော်လီဗာကောင်ဒရီအား အာရုန်ယဇ်ပုရောဟိတ်အခွင့်သို့ ဘိသိက်ပေးခြင်းကို ပြန်လည်ပြောပြလျက်၊ ဂျိုးဇက်စမစ်၏သမိုင်းမှ ကောက်နုတ်ချက်။ ဓမ္မသစ်ကျမ်းလာ၊ ဗတ္တိဇံဆရာ ယောဟန်ဟု ခေါ်သော၊ သူ့ကိုယ်သူ ယောဟန်ဟုကြေညာသည့် ကောင်းကင်တမန်၏လက်များဖြင့် ထိုဘိသိက်ပေးခြင်းကိုပြုလေ၏။ ထိုကောင်းကင်တမန်က ရှင်းပြသည်မှာ၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ဟုခေါ်သည့် သာ၍ကြီးမြင့်သည့် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်သည့်သူများတည်းဟူသော ရှေးတမန်တော် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ လမ်းညွှန်ချက်များအောက်၌ သူပြုလျက်ရှိကြောင်းဖြစ်၏။ ကတိတော်ကို ဂျိုးဇက်နှင့် အော်လီဗာကောင်ဒရီသို့ ပေးထားလေပြီး၊ ကာလအချိန်တန်သောအခါ၌၊ ဤသာ၍ကြီးမြင့်သောယဇ်ပုရောဟိတ်အခွင့်ကို သူတို့အပေါ် အပ်နှင်းလိမ့်မည်။ (အပိုဒ်ငယ် ၂၇း၇–၈၊ ၁၂ တွင်ကြည့်ပါ။)
အာရုန်ယဇ်ပုရောဟိတ်အခွင့်၏ သော့များနှင့် တန်ခိုးများကို ဖော်ပြထား၏။
၁ ငါ၏အပေါင်းအဖော် ကျွန်များအပေါ်သို့၊ မေရှိယ၏ နာမတော်အားဖြင့်၊ ငါသည် ကောင်းကင်တမန်များ အမှုတော်ဆောင်ခြင်း၏၊ ထို့အတူ နောင်တရခြင်းအကြောင်း၊ အပြစ်များမှ လွှတ်ခြင်းအတွက် ရေနှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံအကြောင်း ဧဝံဂေလိတရားတော်၏ သော့များကို ကိုင်ဆောင်သည့် အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်း၏။ ဤအခွင့်ကိုလည်း လေဝိ၏သားများ ကိုယ်တော်ရှင်ထံသို့ ပူဇော်သက္ကာကို ဖြောင့်မတ်ခြင်းဖြင့် တစ်ဖန် ပူဇော်ကြသည်အထိ အဘယ်တော့မျှ မနုတ်ယူလတ္တံ့။