ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၈


အပိုဒ်ငယ် ၁၂၈

သေသူတို့အတွက်ဗတ္တိဇံနှင့်စပ်လျဉ်း၍၊ နောက်ထပ်လမ်းညွှန်ချက်များပါဝင်လျက်၊ နော်ဗူး၊ အီလီနွိုက်၌ ၁၈၄၂ ခု၊ စက်တင်ဘာလ ၆ ရက်၊ ရက်စွဲဖြင့် ယေရှုခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော်သို့ ပရောဖက်ဂျိုးဇက်စမစ် ထံမှ အမှာစာ။

၁–၅၊ ဒေသခံနှင့် အထွေထွေ မှတ်တမ်းတင်သူတို့သည် သေသူတို့အတွက် ဗတ္တိဇံများ၏ အချက်အလက်ကို သက်သေပြုရမည်။ ၆–၉၊ သူတို့၏မှတ်တမ်းများကို မြေကြီးပေါ်နှင့် ကောင်းကင်ဘုံ၌ စည်းနှောင်ထားပြီးလျှင် မှတ်တမ်းတင်ထား၏။ ၁၀–၁၄၊ ဗတ္တိဇံရေကန်သည် သင်္ချိုင်း၏ ပုံဆောင်ခြင်းဖြစ်၏။ ၁၅–၁၇၊ ဧလိယသည် သေသူတို့အတွက် ဗတ္တိဇံနှင့် စပ်လျဉ်းသည့်တန်ခိုးကို ပြန်လည်ဆောင်ယူခဲ့၏။ ၁၈–၂၁၊ လွန်ခဲ့သောသာသနာတို့၏ ခပ်သိမ်းသော သော့များ၊ တန်ခိုးများနှင့် အခွင့်အာဏာများကို ပြန်လည်ဆောင်ယူထား၏။ ၂၂–၂၅၊ အသက်ရှင်သူနှင့် သေသူတို့အတွက် ဝမ်းသာစရာနှင့် အသရေ ထင်ရှားသော သတင်းတို့ကို ကြေညာထား၏။

ကျွန်ုပ်သည် သင်တို့ထံသို့ အချိန်နှင့်အမျှရေး၍၊ များစွာသောအကြောင်းအရာတို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ပေးမည်ဟု ကျွန်ုပ်နေရာကို မစွန့်ခွာမီက ကျွန်ုပ်၏စာ၌ သင်တို့ကို ကျွန်ုပ် ဖော်ပြခဲ့သည့်အတိုင်း၊ ကျွန်ုပ်သည် သေသူတို့ အတွက်ဗတ္တိဇံအကြောင်းအရာကို ယခုပြန်၍စ၏၊ ကျွန်ုပ်ရန်သူတို့အားဖြင့် အလိုက်ခံရလေပြီးကတည်းက၊ ထိုအကြောင်းအရာက ကျွန်ုပ်၏ စိတ်၌ ရောက်နေပြီးလျှင်၊ ကျွန်ုပ်၏ ခံစားချက်တို့အပေါ် ၎င်းကိုယ်တိုင် ခွန်အားအကြီးဆုံး စွဲထင်စေဟန်ရှိစေသောကြောင့်ပေတည်း။

ကျွန်ုပ်သည် မှတ်တမ်းတင်သူနှင့်စပ်လျဉ်း၍ ဗျာဒိတ်တော် စကားအနည်းငယ်ကို သင်တို့ထံသို့ ရေးခဲ့၏။ ဤအမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်ယခုသက်သေပြုသည့် နောက်ထပ် အတွေးအမြင် အနည်းငယ် ကျွန်ုပ်၌ ရှိလေ၏။ မျက်မြင်သက်သေဖြစ်ရမည့်၊ ထို့အတူ ကိုယ်တော်ရှင်ရှေ့၌ မှန်သောမှတ်တမ်းကို ပြုစုနိုင်ခြင်းငှာ၊ မိမိနားဖြင့်ကြားသည့် မှတ်တမ်းတင်သူတစ်ဦးရှိရမည့်အကြောင်း ကျွန်ုပ်၏ယခင်စာ၌ ကြေညာထား၏။

ယခုတွင်၊ ဤအမှုနှင့်စပ်လျဉ်း၍၊ မှတ်တမ်းတင်သူတစ်ဦးအနေဖြင့်၊ ခပ်သိမ်းသောအချိန်တို့၌ ရှိနေရန်၊ ထို့အတူ ခပ်သိမ်းသောအမှုအရေးတို့ကို လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ ဤအခက်အခဲကို ရှောင်ရှားရန်၊ မြို့တစ်မြို့ရှိ အသင်းတော်စုတစ်ခုချင်း၌ တိကျသော အစည်းအဝေးမှတ်တမ်းရေးမှတ်ခြင်း အတွက် အရည်အချင်းပြည့်မီသော မှတ်တမ်းတင်သူတစ်ဦးကို ခန့်အပ်ထားနိုင်ပေ၏။ ထိုသူအား၊ လုပ်ဆောင်မှုတစ်ခုလုံးကို ရေးမှတ်ခြင်း၌ အလွန်အသေးစိတ်၍ တိကျမှန်ကန်စေလော့၊ မိမိမျက်စိဖြင့်မြင်၍၊ မိမိနားဖြင့်ကြားကြောင်း သက်သေပြုလျက်၊ ရက်စွဲ၊ အမည်များနှင့် စသည့်အရာများ၊ ထို့အတူ လုပ်ဆောင်မှုတစ်ခုလုံး၏ သမိုင်းကို ဖော်ပြလျက်၊ သက်သေပြုရန် အဘယ်အချိန်၌မဆို တောင်းဆိုသောအခါ ရောက်နိုင်သူများရှိလျှင် အချို့သောသူသုံးဦး၏ အမည်ကိုလည်း ပေးစေလော့၊ သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏​နှုတ်အားဖြင့် စကား​မှန်သမျှကို တည်စေခြင်းငှာပေတည်း။

ထို့နောက်တွင်၊ သူတို့​ပြုစု​ထားသော မှတ်တမ်းများ​မှန်ကန်ကြောင်း၊ သက်သေ​ပြုလျက်​ရှိသည့် သူတို့​ကိုယ်တိုင်၏ လက်မှတ်များ​ပါသည့် သက်သေပြု​လက်မှတ်များနှင့် အတူ​ပါရှိသည့် ဤ​အခြားသော မှတ်တမ်းများကို ပေးအပ်​နိုင်ရာ အထွေထွေ​မှတ်တမ်းတင်သူ​တစ်ဦး ရှိစေလော့။ ထို့နောက်တွင် အသင်းတော် အထွေထွေ​မှတ်တမ်းတင်သူသည် မှတ်တမ်းကို အသင်းတော်၏ အထွေထွေ စာစောင်၌ သက်သေပြု​လက်မှတ်များနှင့် ခပ်သိမ်းသော တက်ရောက်သူများနှင့်​အတူ၊ အသင်းတော်မှ လူတို့၏ အကြွင်းမဲ့​ဂုဏ်သိက္ခာနှင့် ရာထူး​အကြောင်း သူ၏​အသိပညာကြောင့် အထက်ပါ​ဖော်ပြချက်နှင့် မှတ်တမ်းများ​မှန်ကန်သည်ကို သူ​အမှန်​ယုံကြည်ကြောင်း သူကိုယ်တိုင်၏ ဖော်ပြချက်နှင့်​အတူ၊ ထည့်သွင်း​နိုင်၏။ ဤ​အမှုကို အသင်းတော်​စာစောင်၌ လုပ်ဆောင်​ပြီးသော​အခါ၊ သူသည် မိမိ​မျက်စိဖြင့်​မြင်ပြီးလျှင်၊ မိမိ​နားဖြင့်​ကြား၍၊ အသင်းတော်​အထွေထွေ​စာစောင်၌ အလားတူ​မှတ်တမ်းကို ပြုစုပြီး​လေသကဲ့သို့ပင် မှတ်တမ်းသည် သန့်ရှင်း၍၊ ဘိသိက်မင်္ဂလာတို့ သည်လည်း အလားတူ​ပြည့်စုံ​လိမ့်မည်။

သင်တို့သည် ဤ​အရာတို့၏​အစီ​အစဉ်မှာ အလွန်​အသေးစိတ်သည်ဟု ထင်နိုင်​ကြပေ၏။ သို့ရာတွင် ဧဝံဂေလိ​တရားတော် အကြောင်း အသိ​ပညာ​မရှိဘဲ​သေသွားရသော သေသူတို့၏ ကယ်တင်ခြင်း အတွက် ကမ္ဘာ​မတည်မီ​ကတည်းက ကိုယ်တော်ရှင်​ခန့်ထား၍ ပြင်ဆင်​ခဲ့သည့် ဘိသိက်မင်္ဂလာနှင့် ပြင်ဆင်ခြင်းကို လိုက်နာခြင်း​အားဖြင့်၊ ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံ​စေရန်သာ​ဖြစ်ကြောင်း သင်တို့ကို ကျွန်ုပ်​ပြောပြ​ပါရစေ။

ထို့အတူ နောက်ထပ်၍၊ ဗျာဒိတ်​ဟောသူ​ယောဟန်သည် သေသူတို့နှင့် စပ်လျဉ်းသည့်၊ ဤ​အကြောင်း​အရာ အမှန်ကို ဗျာဒိတ်ကျမ်း ၂၀း၁၂ ၌ မှတ်တမ်းတင်​ထားသည်ကို သင်တို့​တွေ့ရမည့်​အတိုင်း ဆင်ခြင်လျက်​ရှိခဲ့ကြောင်း သင်တို့ သတိရကြစေရန် ကျွန်ုပ်အလိုရှိ၏—ငါသည်သေသူ​အကြီး​အငယ်တို့သည် ဘုရားသခင်​ရှေ့၌ ရပ်ကြသည်ကို မြင်၏။ စာစောင်တို့ကို ဖွင့်ထား၏။ အသက်​စာစောင်​တည်းဟူသော တခြားသော​စာစောင်ကိုလည်း ဖွင့်လေ၏။ သေသူတို့သည် မိမိတို့​အကျင့်များ​အတိုင်း၊ စာစောင်တို့၌ ရေးထားချက်တို့နှင့်​အညီ တရား​စီရင်​ခံကြရ၏။

စာစောင်တို့ကို ဖွင့်ထား​လေကြောင်း ဤ​ကိုးကားချက်၌ သင်တို့​တွေ့ရှိကြ​လိမ့်မည်။ အသက်​စာစောင်​တည်းဟူသော တခြားသော​စာစောင်ကိုလည်း ဖွင့်လေ၏။ သို့ရာတွင်၊ သေသူတို့သည် မိမိတို့​အကျင့်များ​အတိုင်း၊ စာစောင်တို့၌ ရေးထားချက်တို့နှင့်​အညီ တရား​စီရင်​ခံကြရ၏။ အကျိုးဆက်​အဖြစ်၊ ဆိုလေသည့် စာစောင်တို့သည် သူတို့၏ အကျင့်တို့​အကြောင်း မှတ်တမ်း​ပါဝင်သည့် စာစောင်များ​ဖြစ်ရမည်၊ ထို့အတူ မြေကြီး​ပေါ်၌ သိမ်းထားသည့် မှတ်တမ်းတို့ကို ရည်ညွှန်း၏။ အသက်​စာစောင်​တည်းဟူသော စာစောင်သည် ကောင်းကင်ဘုံ၌ သိမ်းထားသည့်​စာစောင်​ဖြစ်၏။ ကျွန်ုပ်​နေရာကို ကျွန်ုပ်​မစွန့်ခွာမီ သင်တို့ထံ ကျွန်ုပ်​ရေးသည့်​စာ၌ ပါဝင်သည့် ဗျာဒိတ်တော်၌ သင်တို့ကို မိန့်တော်မူ​ခဲ့သည့် ဩဝါဒနှင့် အတိ​အကျ ကိုက်ညီသည့် အခြေခံ​ဩဝါဒ​ဖြစ်၏—သင်တို့၏ ခပ်သိမ်းသော မှတ်တမ်းတင်ခြင်းများနှင့် စပ်လျဉ်း၍ ကောင်းကင်ဘုံ၌ မှတ်တမ်းတင် ထားနိုင်စေကြောင်းပေတည်း။

ယခုတွင်၊ ဤ​ဘိသိက်မင်္ဂလာ၏ ပကတိ​သဘောမှာ ယေရှု​ခရစ်တော်၏ ဗျာဒိတ်တော်​အားဖြင့်၊ မြေကြီး​ပေါ်၌ သင်​စည်းနှောင်​သမျှသည် ကောင်းကင်​ဘုံ၌ စည်းနှောင်လျက်​ရှိလိမ့်မည်။ မြေကြီး​ပေါ်၌ သင်​ဖြေလွှတ်​သမျှသည် ကောင်းကင်​ဘုံ၌ ဖြေလွှတ်လျက်​ရှိလိမ့်မည်ဟု အခွင့်​ပေးသည့် ယဇ်ပုရောဟိတ် အခွင့် တန်ခိုး၌ ပါဝင်၏။ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ ဘာသာပြန်ခြင်းကို တခြား နည်းဖြင့် စဉ်းစားလျှင်၊ မြေကြီး​ပေါ်၌ သင်​မှတ်တမ်းတင်​သမျှသည် ကောင်းကင်​ဘုံ၌ မှတ်တမ်း​တင်လျက်​ရှိလိမ့်မည်၊ မြေကြီး​ပေါ်၌ သင်​မှတ်တမ်း​မတင်​သမျှသည် ကောင်းကင်​ဘုံ၌ မှတ်တမ်း​မတင်ဘဲ​ရှိလိမ့်မည်။ အကြောင်း​မူကား၊ သင်တို့၏​သေသူတို့သည် ဘိသိက်​မင်္ဂလာတို့ကို သူတို့ကိုယ်၌ propria persona (ကိုယ်တိုင်) ဆောင်ရွက်​လေသည်​ဖြစ်စေ၊ သို့မဟုတ် သူတို့၏ ကယ်တင်ခြင်း​အတွက် ကမ္ဘာ​မတည်မီ​ကတည်းက ဘုရားသခင် ပြင်ဆင်​ထားလေသည့် ဘိသိက်​မင်္ဂလာ​အတိုင်း၊ သူတို့၏​သေသူတို့နှင့် စပ်လျဉ်း၍ သူတို့​ရေးထားသည့်​မှတ်တမ်းတို့​အတိုင်း၊ သူတို့ကိုယ်တိုင်၏ ကိုယ်စားလှယ်တို့​အားဖြင့်​ဖြစ်စေ၊ မိမိတို့​အကျင့်များ​အတိုင်း​တရား​စီရင်​ခံကြရ၏။

ကျွန်ုပ်တို့​ဟောပြောသည့် မြေကြီး​ပေါ်၌ မှတ်တမ်းတင် သို့မဟုတ် စည်းနှောင်သည့်၊ ကောင်းကင်​ဘုံ၌ စည်းနှောင်သည့်​တန်ခိုးသည်—အချို့သော​သူတို့​အဖို့ အလွန်​ရဲရင့်သော ဩဝါဒ​တစ်ခု​ဖြစ်နိုင်​ပေ၏။ သို့သော်လည်း၊ လောက​ကာလ​တစ်ခုလုံး၌၊ ကိုယ်တော်ရှင်သည် ယဇ်ပုရောဟိတ်​အခွင့်​သာသနာကို အစစ်​အမှန်​ဗျာဒိတ်တော်​အားဖြင့်၊ အဘယ်သူ့​ထံသို့​ဖြစ်စေ၊ အဘယ်​လူစု​ထံသို့​ဖြစ်စေ ပေးသည့်​အခါတိုင်း ဤ​တန်ခိုးကို အစဉ်​အမြဲ​ပေးတော်မူ​လေ၏။ သို့ဖြစ်၍၊ ထို​လူတို့က အခွင့်​အာဏာဖြင့်၊ ကိုယ်တော်ရှင်၏ နာမတော်​အားဖြင့်၊ ထို့အတူ မှန်ကန်စွာနှင့် သစ္စာ​ရှိစွာဖြင့်၊ သင့်လျော်၍ ယုံလောက်သော မှတ်တမ်းကို ထိုသူတို့​ရေး၍ လုပ်ဆောင်သည့် အရာ​မှန်သမျှသည် ကြီးမြတ်သော ယေဟောဝါ၏​စီရင်ခြင်းတို့​အတိုင်း မြေကြီး​ပေါ်နှင့် ကောင်းကင်၌ ဥပဒေ​တစ်ခု​ဖြစ်လာ​ခဲ့၏၊ ပယ်ဖျက်​၍လည်း​မရနိုင်။ ဤ​အရာသည် ယုံလောက်သော​စကား​ဖြစ်၏။ အဘယ်သူ​ကြားနိုင်​မည်နည်း။

၁၀ ထိုမှ​တစ်ဖန်၊ သာဓက​အဖြစ်၊ မဿဲ ၁၆း၁၈၊ ၁၉ ကို ဆင်ခြင်ပါ။ သင့်ကို ငါ​ဆိုသည်ကား သင်သည် ပေတရု​ဖြစ်၏၊ ဤ​ကျောက်​ပေါ်မှာ ငါ့​အသင်းတော်ကို ငါ​တည်ဆောက်မည်။ ထိုအသင်းကို ငရဲ၏​တံခါးတို့သည် မနိုင်ရာ။ ကောင်းကင်​နိုင်ငံတော်၏ သော့များကိုလည်း သင့်ကို ငါ​ပေးမည်။ သင်သည် မြေကြီး​ပေါ်မှာ စည်းနှောင်​သမျှသည် ကောင်းကင်ဘုံ၌ စည်းနှောင်လျက်​ရှိလိမ့်မည်။ ထို့အတူ မြေကြီး​ပေါ်၌ ဖြေလွှတ်​သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက် ရှိလိမ့်မည်။

၁၁ ယခုတွင်၊ အမှု​တစ်ခုလုံး၏ ကြီးမြတ်၍ ခမ်းနားသော​လျှို့ဝှက်ချက်၊ ထို့အတူ ကျွန်ုပ်တို့​ရှေ့၌ တည်လျက်​ရှိသည့် အကြောင်း​အရာ​တစ်ခုလုံး၏ summum bonum၌ (ဆူမမ်ဘိုနမ်) သန့်ရှင်းသော ယဇ်ပုရောဟိတ် အခွင့်၏ တန်ခိုးများ ရရှိခြင်း ပါဝင်၏။ ဤ​သော့များကို ပေးရမည့်သူ​အတွက် လူသားတို့၏ ကယ်တင်ခြင်းနှင့် စပ်လျဉ်းသည့် အချက်များ​အကြောင်း အသိပညာကို ရရှိခြင်း၌ အသက် ရှင်သူတို့ အတွက် ကဲ့သို့ပင် သေသူတို့ အတွက် နှစ်မျိုးစလုံး၌ အခက်​အခဲ​မရှိ။

၁၂ ဤ​အရာ၌ ဘုန်းနှင့် ဂုဏ်အသရေ၊ ထို့အတူ သေခြင်း​မရှိရာနှင့် ထာဝရ​အသက်​ရှိ၏—ရေဖြင့် ဗတ္တိဇံ​ပေးခြင်း ဘိသိက်မင်္ဂလာ၊ သေခြင်း၏ ပုံသဏ္ဌာန်နှင့် တူညီ​စေခြင်းငှာ ထို​ရေထဲ၌ နစ်မြှုပ်​ရမည်၊ အခြေခံ​ဩဝါဒ တစ်ခုကို အခြား​တစ်ခုနှင့် ကိုက်ညီ​နိုင်စေ​ခြင်းငှာ၊ ထို​ရေထဲ၌ နှစ်မြှုပ်ပြီးလျှင် ရေမှ ထွက်လာ​ခြင်းသည် သေသူတို့ သူတို့၏ သင်္ချိုင်းတွင်း​များမှ ထွက်လာ၍ ရှင်ပြန်​ထမြောက်ခြင်း၏ ပုံသဏ္ဌာန်​ဖြစ်၏။ ထို့ကြောင့်၊ သေခြင်း၏ ပုံသဏ္ဌာန်​ဖြစ်၍၊ ဤ​ဘိသိက်မင်္ဂလာကို သေသူတို့ အတွက်​ဗတ္တိဇံ ဘိသိက်​မင်္ဂလာနှင့် ဆက်သွယ်မှု​တစ်ခု​ပြုရန် တည်ထောင်​ထားလေ၏။

၁၃ အကျိုး​ဆက်မှာ၊ သင်္ချိုင်းတွင်း၏ ပုံဆောင်ခြင်း​အဖြစ် ဗတ္တိဇံရေကန်ကို တည်ထောင်ထား၏၊ အသက်​ရှင်သူတို့ စုဝေးလေ့​ရှိရာ အောက်ရှိ နေရာ​တစ်နေရာ၌ ထားရန်​မိန့်မှာ ခံရ၏၊ အသက်​ရှင်သူတို့နှင့် သေသူတို့ကို ခွဲခြားရန်၊ ထို့အတူ ခပ်သိမ်းသော​အရာများ မိမိတို့၏ ပုံသဏ္ဌာန်ကို ဆောင်နိုင်​စေခြင်းငှာ၊ ထို့အတူ ၎င်းတို့ အချင်းချင်း ကိုက်ညီကြ​စေခြင်းငှာ​ပေတည်း—ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅း၄၆၊ ၄၇ နှင့် ၄၈ ၌ ပေါလု ကြေညာခဲ့ လေသကဲ့သို့ပင် မြေကြီးနှင့် ဆိုင်သော​အရာသည် ကောင်းကင်နှင့် ဆိုင်သောအရာနှင့် ကိုက်ညီ​သင့်၏။

၁၄ သို့သော်လည်း ဝိညာဉ်​ပကတိသည် ရှေးဦးစွာ ဖြစ်သည်​မဟုတ်၊ ဇာတိ​ပကတိသည် ရှေးဦးစွာ ဖြစ်၏။ နောက်မှ​ဝိညာဉ်ပကတိ ဖြစ်၏။ ရှေးဦးစွာသော​လူသည် မြေကြီးက ဖြစ်သောကြောင့် မြေသား​ဖြစ်၏။ ဒုတိယလူ​မူကား၊ ကောင်းကင်ဘုံက​ဖြစ်သော ကိုယ်တော်ရှင်​ပေတည်း။ မြေသားတို့သည် ထိုမြေသား​ကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သား​ကဲ့သို့ ဖြစ်ကြ​လိမ့်မည်။ ထိုကဲ့သို့ပင် သင်တို့၏​သေသူတို့နှင့်​စပ်လျဉ်းသည့် မြေကြီး​ပေါ်ရှိ မှန်ကန်စွာ​ပြုလုပ်​ထားသည့် မှတ်တမ်း​များသည်၊ ကောင်းကင်ဘုံ၌ ရှိသော​မှတ်တမ်းများ​ကဲ့သို့ ဖြစ်၏။ ထို့ကြောင့်၊ ဤ​အရာသည် တံဆိပ်ခတ်ခြင်းနှင့် စည်းနှောင်ခြင်း​တန်ခိုး​ဖြစ်၏၊ ထို့အတူ၊ နိုင်ငံတော်၏ သော့များ​ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အသိပညာသော့၌ ပါဝင်၏။

၁၅ ယခု​မူကား၊ ကျွန်ုပ်၏​အလွန် ချစ်လှ​စွာသော ညီအစ်ကို မောင်နှမများ​ခင်ဗျာ၊ ဤ​အရာတို့သည်ကား သေသူ၊ အသက်​ရှင်သူတို့နှင့် စပ်လျဉ်းသည့်၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းနှင့် စပ်ဆိုင်သည့် မထီ​မဲ့မြင်​ပြု၍ မရနိုင်သည့် အခြေခံ​ဩဝါဒများ​ဖြစ်ကြောင်း သင်တို့ကို ကျွန်ုပ်​အခိုင်​အမာ ပြောပါ​ရစေ။ အကြောင်း​မူကား၊ သူတို့၏​ကယ်တင်ခြင်း ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အတွက်​မရှိ​မဖြစ်​လိုအပ်၏၊ ဘိုးဘေးတို့နှင့်​စပ်လျဉ်း၍—သူတို့သည် ငါတို့ မပါဘဲနှင့် စုံလင်းခြင်းသို့​မရောက်နိုင်—ဟု ပေါလု​ဆိုသည့်​အတိုင်းပင် ကျွန်ုပ်တို့​သည်လည်း သူတို့​မပါဘဲနှင့် စုံလင်ခြင်းသို့ မရောက်နိုင်။

၁၆ ယခု​မူကား၊ သေသူတို့​အတွက် ဗတ္တိဇံနှင့် စပ်လျဉ်း၍၊ ကျွန်ုပ်သည် ပေါလု၏ တခြားသော ကိုးကားချက် ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅း၂၉ ကို သင်တို့အား ကိုးကား​ဖော်ပြမည်။ သေသူတို့သည် ထမြောက်ခြင်း အလျှင်း​မရှိလျှင်၊ သေသူတို့၏ ကိုယ်စား ဗတ္တိဇံကို ခံသောသူတို့သည် အဘယ်သို့ ပြုရ​မည်နည်း။ ထိုသူတို့သည် သေသူတို့၏ ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရ​ကြသနည်း။

၁၇ ထိုမှ​တစ်ဖန်၊ ဤ​ကိုးကားချက်နှင့် အတူ၊ ကျွန်ုပ်သည် သင်တို့အား ယဇ်ပုရောဟိတ်​အခွင့်ကို ပြန်လည် ဆောင်ယူခြင်း၊ နောက်ဆုံးသော​ကာလ၌ ဖော်ပြမည့် ဘုန်းအသရေတော်၊ အထူး​အားဖြင့်၊ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ရှိ ဤ​ခပ်သိမ်းသော အကြောင်း​အရာတို့၏ အသရေ​အထင်ရှားဆုံး​ဖြစ်သည့်၊ အမည်​အားဖြင့် သေသူတို့​အတွက်ဗတ္တိဇံကို မိမိ​မျက်စိ၌ အာရုံ​စိုက်လေသည့် သူ​တည်းဟူသော၊ ပရောဖက်တို့အ​ထဲမှ တစ်ပါး၏ ကိုးကားချက်ကို ဖော်ပြမည်။ မာလခိက နောက်ဆုံး​အခန်းကြီး၊ အခန်းငယ် ၅ နှင့် ၆ ၌ ဆိုလေ​သည်ကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသော ကြောက်မက်ဖွယ်​နေ့ မကျရောက်​လာမီ၊ ပရောဖက်​ဧလိယကို သင်တို့​ရှိရာသို့ ငါ​စေလွှတ်မည်။ ငါလာ၍​မြေကြီးကို ကျိန်ခြင်းဖြင့် ဒဏ်​မခတ်မည့်​အကြောင်း၊ သူသည် ဘိုးဘေးတို့၏​စိတ်နှလုံးကို သားသမီးများ​ဆီသို့​လည်းကောင်း၊ သားသမီးတို့၏​စိတ်နှလုံးကို ဘိုးဘေးတို့​ဆီသို့​လည်းကောင်း လှည့်စေ​လိမ့်မည်။

၁၈ ကျွန်ုပ်သည် ဤ​အမှုနှင့် စပ်လျဉ်းပြီး၊ ပို၍​ရှင်းလင်းသည့် ဘာသာပြန်ကို ပေးနိုင်​ခဲ့ပေ၏၊ သို့ရာတွင် ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီ​စေရန်မှာ ရှိနေသည့် အတိုင်းနှင့်ပင် လုံလောက်စွာ ရှင်းလင်း​ပေ၏။ ဤ​အမှု၌၊ ဘိုးဘေးတို့နှင့် သားသမီးတို့ကြား၌၊ တစ်စုံ​တစ်ခုသော အကြောင်း​အရာနှင့် စပ်လျဉ်း၍၊ တစ်စုံ​တစ်ခုသော ဂဟေဆက်​မရှိလျှင်၊မြေကြီးသည် ကျိန်ခြင်းဖြင့် ဒဏ်ခတ်​ခံရ​လိမ့်မည်— ရှုဦးလော့၊ ထို​အကြောင်း​အရာမှာ အဘယ်​အရာ​ဖြစ်သနည်း။ သေသူတို့ အတွက် ဗတ္တိဇံ​ဖြစ်၏။ အကြောင်း​မူကား၊ ကျွန်ုပ်တို့သည် သူတို့​မပါဘဲနှင့် စုံလင်ခြင်းသို့ မရောက်နိုင်။ သူတို့သည်လည်း ကျွန်ုပ်တို့​မပါဘဲနှင့် စုံလင်ခြင်းသို့​မရောက်နိုင်။ သူတို့သည်လည်းကောင်း၊ ကျွန်ုပ်တို့သည်လည်းကောင်း ဧဝံဂေလိ​တရားတော်၌ သေသွား​လေသော​သူတို့ မပါဘဲနှင့်လည်း မဖြစ်နိုင်။ အကြောင်း​မူကား၊ ဝင်ရောက်ရန် ယခု​အစပြု​နေပြီ​ဖြစ်သည့် သာသနာ​တည်းဟူသော၊ အချိန်​ကာလ​ပြည့်စုံခြင်း သာသနာသို့ ဝင်ရောက်​ရာ၌ သာသနာများ၊ ထို့အတူ သော့များ၊ ထို့အတူ တန်ခိုးများနှင့် ဘုန်းတော်များကို တစ်ခုလုံး၊ ပြည့်စုံ၍ စုံလင်သည့် စည်းလုံးခြင်းနှင့် အတူတကွ ဂဟေ​ဆက်ခြင်း ဖြစ်ပွား​ရမည့်​အကြောင်း၊ ထို့အတူ အာဒံ၏ လက်ထက်မှ​စ၍ မျက်မှောက်​ကာလ အထိပင် ဖော်ပြ​ရမည့် အကြောင်းမှာ လိုအပ်​ပေ၏။ ဤ​အမှုသည်​သာမက၊ ကမ္ဘာ​တည်​ကတည်းက ဖော်ပြဖူးခြင်း​မရှိ​လေဘဲ၊ ဥာဏ်​ပညာ​ရှိသူများနှင့် ပညာ​တတ်သော​သူများ​ထံမှ ကွယ်ဝှက်​ထားလေသော အရာတို့ကိုလည်း ဤ​အချိန်​ကာလ​ပြည့်စုံခြင်း သာသနာ၌ ကလေးငယ်များနှင့် နို့စို့​သူငယ်များသို့ ဖော်ပြ​လိမ့်မည်။

၁၉ ယခုတွင်၊ ကျွန်ုပ်တို့​လက်ခံ​ရရှိ​လေသည့် ဧဝံဂေလိ​တရားတော်၌ အဘယ်​အရာကို ကျွန်ုပ်တို့​ကြားရ​သနည်း။ ကြားရသည်ကား၊ ဝမ်းသာခြင်း​အသံ၊ ကောင်းကင်ဘုံမှ​ကရုဏာ​အသံ၊ ထို့အတူ မြေကြီးမှ ထွက်သည့် သမ္မာ​တရား​အသံ၊ သေသူတို့ အတွက် ဝမ်းသာ​စရာ​သတင်း၊ အသက်​ရှင်သူတို့နှင့် သေသူတို့​အတွက် ဝမ်းသာ​စရာ​အသံ၊ ကြီးစွာသော​ဝမ်းမြောက်ခြင်း၏ ဝမ်းသာ​စရာ သတင်း​ပေတည်း။ ကောင်းမြတ်သော အရာတို့ အကြောင်း ဝမ်းသာ​စရာ​သတင်းကို ဆောင်ယူသော​သူတို့၏၊ ထို့အတူ ရှုလော့၊ သင်၏ ဘုရားသခင်​စိုးစံ​တော်မူ၏ဟု ဇိအုန်မြို့ကို ပြောကြားသော​သူ၏ ခြေတို့​သည်ကား၊ တောင်ပေါ်မှာ အလွန်​တင့်တယ်လှ​ပေစွ​တကား။ ကရမေလမှ နှင်း​ကဲ့သို့ပင် ဘုရားသခင်​အကြောင်း အသိ​ပညာသည် သူတို့​အပေါ် ဆင်းသက်​တော်မူ​လိမ့်မည်။

၂၀ ထိုမှ​တစ်ဖန်၊ အဘယ်​အရာကို ကျွန်ုပ်တို့​ကြားရ​သနည်း။ ကြားရ​သည်ကား၊ ကူမော်ရ​ပြည်မှ ဝမ်းသာ​စရာ​သတင်း၊ မော်ရော်နိုင်း၊ ကောင်းကင်​ဘုံမှ တမန်တော်က ပရောဖက်တို့၏ ပြီးပြည့်စုံ​စေခြင်းကို ဖော်ပြမည့်​ကျမ်းကို ဟောကြားလျက်​ရှိခြင်း။ ဆင်နီ​ကာခရိုင်၊ ဖရေးတီး​တောရိုင်း ထဲ၌ သက်သေ​သုံးဦး​တို့အား ထိုကျမ်း​အကြောင်းကို သက်သေခံရန် ဟောကြားလျက်​ရှိသည့် ကိုယ်တော်ရှင်၏ အသံ။ ဆပ်စကွပ်​ဟန်နာ​မြစ်ကမ်း၌၊ နတ်ဆိုးကို အလင်း၏ ကောင်းကင်​တမန် ကဲ့သို့ သူ​ပေါ်လာသော အချိန်၌ စုံစမ်း​ဖော်ထုတ်လျက် ရှိသည့် မိက္ခေလ၏ အသံ။ ဆပ်စကွပ်​ဟန်နာ​ခရိုင်၊ ဟာမိုနီနှင့် ဘာရူးမီး​ခရိုင်၊ ကိုးလ်စ​ဗီလ်​ကြားရှိ တောရိုင်း​ထဲ၌၊ နိုင်ငံတော်နှင့် အချိန်​ကာလပြည့်စုံခြင်း သာသနာ​တို့၏ သော့များကို ပိုင်ဆိုင်ကြောင်း မိမိတို့​ကိုယ်တိုင်​ဟောကြားလျက်​ရှိသည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏​အသံ။

၂၁ ထိုမှ​တစ်ဖန်၊ ဆင်နီကာ​ခရိုင်၊ ဖရေးတီးရှိ၊ အသက်​ကြီးသော​အဘ ဝှစ်တမာ၏​အခန်း​ထဲ၌၊ ထို့အတူ ဤ​ယေရှု​ခရစ်တော်၏ နောက်ပိုင်း​ကာလ​သန့်ရှင်း​သူများ အသင်းတော်၏ ခပ်သိမ်းသော ခရီးသွားခြင်းများနှင့် အတိ​ဒုက္ခများ​တစ်လျှောက်၊ အမျိုးမျိုးသော​အချိန်များနှင့် အထူးထူး​အပြားပြားသော​နေရာတို့၌ ဘုရားသခင်၏​အသံ။ ကောင်းကင်​တမန်မင်း​မိက္ခေလ၏​အသံ။ ဂါဗြေလ၏၊ ထို့အတူ ရာဖေလ၏၊ မိက္ခေလ သို့မဟုတ် အာဒံမှ မျက်မှောက်ကာလ အထိ​တိုင်အောင်​ရှိသည့် အထူးထူး​အပြားပြားသော​ကောင်းကင်တမန်များ​တည်းဟူသော၊ အားလုံး မိမိတို့ သာသနာ၊ မိမိတို့​အခွင့်အရေးများ၊ မိမိတို့သော့များ၊ မိမိတို့​ဂုဏ်အသရေများ၊ မိမိတို့ အာနုဘော်နှင့် ဘုန်း၊ ထို့အတူ မိမိတို့​ယဇ်ပုရောဟိတ်​အခွင့်၏​တန်ခိုးကို ဟောကြားလျက်​ရှိသည့်၊ ပညတ်​တစ်ခုပြီး​တစ်ခု၊ နည်း​တစ်ခုပြီး​တစ်ခု၊ သည်ဘက်မှာ​အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်​ပေးလျက်​ရှိသည့်၊ ဖြစ်လာမည့်​အရာတို့ကို ဟောပြောခြင်း​အားဖြင့် ကျွန်ုပ်တို့အား သက်သာခြင်းကို ပေးလျက်​ရှိသည့်၊ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကို ခိုင်ခံ့​မြဲမြံစေလျက်​ရှိသည့်​သူတို့၏ အသံ​ပေတည်း။

၂၂ ညီအစ်ကိုတို့၊ ကျွန်ုပ်တို့သည် ထိုမျှ​ကြီးမြတ်သော အကြောင်းရင်းကို ဆက်၍​မပြုကြ​သလော။ ရှေ့သို့​သွားကြလော့၊ နောက်သို့​မသွားကြနှင့်။ ရဲရင့်​ကြလော့၊ ညီအစ်ကိုတို့။ ထို့အတူ အောင်နိုင်ခြင်းသို့ ဆက်၍၊ ဆက်၍ သွားကြ​ကုန်အံ့။ သင်တို့၏​စိတ်နှလုံးကို​ရွှင်လန်း​ဝမ်းမြောက်​စေကြလော့၊ ထို့အတူ အလွန်​ဝမ်းသာ ကြလော့။ မြေကြီးကို သီချင်း​ဆိုသံနှင့် ကြွေးကြော်​စေလော့။ ကျွန်ုပ်တို့အား သေသူတို့ကို သူတို့၏​ထောင်မှ ရွေးနုတ်ရန် စွမ်းဆောင်​နိုင်စေသည့်သူ​တည်းဟူသော ကမ္ဘာ​မတည်ရှိမီ​က၊ ခန့်ထား​လေသူ ဘုရင်​ဧမာနွေလသို့ ထာဝရ​ချီးမွမ်းခြင်း​ဓမ္မ​သီချင်းတို့ကို သူတို့​ဆိုကြ​စေလော့။ အကြောင်း​မူကား၊ အကျဉ်းသား​တို့သည် လွတ်​လိမ့်မည်။

၂၃ တောင်တို့ကို ဝမ်းမြောက်ခြင်း​အတွက် အော်ဟစ်​စေလော့၊ အသင်​ခပ်သိမ်းသော ချိုင့်ဝှမ်းတို့​သည်လည်း ကျယ်လောင်စွာ​အော်ဟစ်​ကြလော့။ အသင်​ခပ်သိမ်းသော ပင်လယ်များနှင့် ကုန်းမြေတို့သည်လည်း သင်တို့​ထာဝရ​ဘုရင်၏ အံ့မခန်း​ချီးမွမ်းဖွယ်​အမှုတို့ကို ပြောပြ​ကြလော့။ ထို့အတူ အသင်​မြစ်များ၊ ထို့အတူ ချောင်းများ၊ ထို့အတူ စမ်းချောင်းများတို့ ဝမ်းသာခြင်းနှင့် စီးကျ​ကြလော့။ သစ်တောများကို​လည်းကောင်း၊ ကွင်းထဲမှ ခပ်သိမ်းသော​သစ်ပင်တို့ကို​လည်းကောင်း ကိုယ်တော်ရှင်ကို ချီးမွမ်းကြ​စေလော့။ အသင်​ကျောက်ခဲတို့ ဝမ်းမြောက်ခြင်း​အတွက် ငိုကြွေးကြလော့။ နေ၊ လနှင့် နံနက်ကြယ်တို့ကိုလည်း အတူ​တကွ​သီချင်း​ဆိုစေလော့၊ ဘုရားသခင်၏ ခပ်သိမ်းသော​သားတို့ကိုလည်း ဝမ်းမြောက်ခြင်း​အတွက် အော်ဟစ်​စေလော့။ ထာဝရ ဖန်ဆင်းထားသော အရာတို့ကိုလည်း သူ၏​နာမတော်ကို ကာလ​အစဉ်​အဆက် အမြဲ​ဟောပြော​စေလော့။ ထိုမှ​တစ်ဖန်၊ ငါ​ဆိုသည်ကား၊ ကျွန်ုပ်တို့​နား၌ ဘုန်းတော်၊ ထို့အတူ ကယ်တင်ခြင်း၊ ထို့အတူ ဂုဏ်​အသရေ၊ ထို့အတူ သေခြင်း​မရှိရာ၊ ထို့အတူ ထာဝရ​အသက်၊ နိုင်ငံများ၊ မင်းသား အုပ်ချုပ်ခံရာများနှင့် တန်ခိုးများကို ကြေညာသည့် ကောင်းကင်​ဘုံမှ အသံသည် အသရေ ထင်ရှားလှ ပေစွ​တကား။

၂၄ ရှုလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသော​နေ့သည် နီးပေပြီ။ သူ၏ ကြွလာ​တော်မူရာ​နေ့၌ အဘယ်​သူသည် တည်တံ့​နိုင်သနည်း၊ သူ​ပေါ်ထွန်း​တော်မူ​သောအခါ အဘယ်သူသည် ခံရပ်​နိုင်မည်နည်း။ အကြောင်း​မူကား၊ သူသည် သန့်စင်အောင်​ပြုသော​သူ၏​မီးကဲ့သို့ ဖြစ်တော်​မူ၍၊ ခဝါသည်၏ ဆပ်ပြာ ကဲ့သို့ ဖြစ်တော်​မူ၏။ သူသည် ငွေကို​သန့်စင်အောင်​ပြုသောသူ၊ စင်ကြယ်​စေသောသူ​ကဲ့သို့ ထိုင်လျက်၊ လေဝိ၏​သားတို့အား၊ ကိုယ်တော်ရှင်​ထံသို့ ဖြောင့်မတ်ခြင်း​ပူဇော်သက္ကာကို သူတို့ ပူဇော် နိုင်ကြ စေခြင်းငှာ၊ သူတို့ကို စင်ကြယ်​စေတော်မူ​လိမ့်မည်၊ ရွှေနှင့် ငွေကို ကဲ့သို့လည်း သူတို့ကို သန့်ရှင်း စေတော်မူ​လိမ့်မည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် အသင်းတော်​တစ်ခု၊ လူမျိုး​တစ်မျိုး​အနေဖြင့်၊ ထို့အတူ နောက်ပိုင်း​ကာလ သန့်ရှင်းသူများ​အနေဖြင့်၊ ကိုယ်တော်ရှင်​ထံသို့ ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ပူဇော်ကြ​ကုန်အံ့။ ထို့အတူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သေသူတို့ အကြောင်း မှတ်တမ်းများ ပါဝင်သည့်၊ လက်ခံရာ​မှန်သမျှ​အတွက် ထိုက်တန်မည့် စာစောင် ပြီးဆုံးသော​အခါ၊ သူ၏ သန့်ရှင်းသော ဗိမာန်တော်၌ ဆက်ကပ်ကြ​ကုန်အံ့။

၂၅ ညီအစ်ကိုတို့၊ ကျွန်ုပ်၌ ထို​အကြောင်း​အရာနှင့်​စပ်လျဉ်း၍ သင်တို့ကို ပြောစရာ​များစွာ​ရှိ၏။ သို့ရာတွင် ယခု​မျက်မှောက်​အချိန်၌ ပိတ်၍၊ ထို​အကြောင်း​အရာကို တခြားသော​အချိန်၌ ဆက်ဦးမည်။ ကျွန်ုပ်သည်၊ သင်တို့၏​နှိမ့်ချသော ကျွန်​တစ်ဦး​အစဉ်​ဖြစ်လေသည့်​နည်းတူ အဘယ်တော့မျှ မသွေဖည်မည့် အဆွေ​ခင်ပွန်း​တစ်ဦးလည်း​ဖြစ်၏။

ဂျိုးဇက်စမစ်။