အပိုဒ်ငယ် ၁၁၉
“အို ကိုယ်တော်ရှင် ဆယ်ဖို့တစ်ဖို့အဖြစ် ကိုယ်တော့်လူမျိုးတို့ထံမှ ဥစ္စာပစ္စည်းများကို ကိုယ်တော်အဘယ်မျှ တောင်းဆိုကြောင်း ကိုယ်တော့်ကျွန်တို့အား ပြတော်မူပါ” ဟူသော ပရောဖက်ဂျိုးဇက်စမစ်၏ ပတ္ထနာပြုခြင်းအတွက် အဖြေအဖြစ်၊ ၁၈၃၈ ခု၊ ဇူလိုင် ၈ ရက်၊ အနောက်ဖျား၊ မစ်ဆိုရီ၌ သူ့အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ယနေ့ နားလည်ကြသည့် ဆယ်ဖို့တစ်ဖို့ ဥပဒေကို ဤဗျာဒိတ်တော်မတိုင်မီက အသင်းတော်သို့ ပေးထားခဲ့လေခြင်းမရှိ။ ကိုးကားထားပြီး၊ ယခင်ဗျာဒိတ်တော်များ (၆၄း၂၃၊ ၈၅း၃၊ ၉၇း၁၁)ရှိ ဆယ်ဖို့တစ်ဖို့ ဝေါဟာရမှာ ဆယ်ပုံတစ်ပုံကိုသာမဟုတ်၊ အသင်းတော်ရန်ပုံငွေသို့ ခပ်သိမ်းသော အလိုလိုပြုသော ပူဇော်သက္ကာများ၊ သို့မဟုတ် ထောက်ပံ့ကြေးများကို ဆိုလို၏။ ကိုယ်တော်ရှင်သည် အသင်းသားများ (အဓိကအားဖြင့် ခေါင်းဆောင်သောအသင်းလူကြီးများ)က ထာဝရတည်မြဲစေရမည့် ပဋိညာဉ်အားဖြင့် ပြုလုပ်ရာ ဆက်ကပ်ခြင်းဥပဒေနှင့် ဥစ္စာပစ္စည်းတာဝန်ခံအရာကို အသင်းတော်သို့ ယခင်က ပေးခဲ့၏။ ဤပဋိညာဉ်အတိုင်းနေထိုင်ရန် များစွာသောသူတို့၏ ပျက်ကွက်မှုကြောင့်၊ ကိုယ်တော်ရှင်သည် ၎င်းကို အချိန်အတန်ကြာ ရုပ်သိမ်းခဲ့ပြီး၊ အသင်းတော်တစ်ခုလုံးသို့ ဆယ်ဖို့တစ်ဖို့ ဥပဒေကို အစားပေးခဲ့၏။ ပရောဖက်သည် ကိုယ်တော်ရှင်အား သန့်ရှင်းမွန်မြတ်သောရည်ရွယ်ချက်များ အတွက် သူတို့၏ဥစ္စာပစ္စည်းမှ အဘယ်မျှတောင်းဆိုကြောင်းကို မေးခဲ့၏။ အဖြေမှာ ဤဗျာဒိတ်တော်ဖြစ်၏။
၁–၅၊ သန့်ရှင်းသူတို့သည် မိမိတို့၏ အပိုအလျှံဥစ္စာပစ္စည်းကို၊ မိမိတို့၏ တိုးလာသောအရာ၏ ဆယ်ပုံတစ်ပုံကို၊ ဆယ်ဖို့တစ်ဖို့အဖြစ် ပေးရမည်။ ၆–၇၊ ထိုကဲ့သို့သောနည်းသည် ဇိအုန်ပြည်ကို သန့်ရှင်းစင်ကြယ်စေလိမ့်မည်။
၁ ကိုယ်တော်ရှင်အမှန်မိန့်တော်မူသည်ကား၊ ငါသည် သူတို့၏အပိုအလျှံဥစ္စာပစ္စည်းကို ဇိအုန်ရှိ ငါ့အသင်းတော်၏ သင်းအုပ်လက်ထဲသို့ထည့်စေရန် တောင်းဆို၏၊
၂ ငါ၏ အိမ်တော်တည်ဆောက်ခြင်း အတွက်၊ ထို့အတူ ဇိအုန်၏ အုတ်မြစ်ချခြင်း အတွက်နှင့် ယဇ်ပုရောဟိတ်အခွင့် အတွက်၊ ထို့အတူ ငါ့အသင်းတော်ဥက္ကဋ္ဌအဖွဲ့၏ အကြွေးများအတွက်ဖြစ်၏။
၃ ဤအရာသည် ငါ့လူမျိုးတို့၏ဆယ်ဖို့တစ်ဖို့၏အစ ဖြစ်လိမ့်မည်။
၄ ထို့နောက်တွင်၊ ဆယ်ဖို့တစ်ဖို့ တောင်းဆိုခံရလေသောသူတို့သည် မိမိတို့၏ ခပ်သိမ်းသော တိုးလာသည့်အရာ၏ ဆယ်ပုံတစ်ပုံကို နှစ်စဉ်ပေးရမည်၊ ဤအရာသည်လည်း ငါ၏သန့်ရှင်းသော ယဇ်ပုရောဟိတ်အခွင့်အတွက်၊ သူတို့အဖို့ ကာလအစဉ်အဆက် တည်မြဲသော ဥပဒေ ဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင်မိန့်တော်မူ၏။
၅ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ ဇိအုန်ပြည်သို့ စုဝေးကြမည့် ခပ်သိမ်းသောသူတို့သည် မိမိတို့၏ အပိုအလျှံဥစ္စာပစ္စည်းများကို ဆယ်ဖို့တစ်ဖို့ ပေးရမည်၊ ဤဥပဒေကိုလည်း ကျင့်စောင့်ရမည်၊ သို့မဟုတ်လျှင် သူတို့သည် သင်တို့၌ နေထိုင်ရန် ထိုက်တန်မှုရှိသည်ဟု မတွေ့ရလတ္တံ့။
၆ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏လူမျိုးတို့သည် ဤဥပဒေကို သန့်ရှင်းစွာထားရန်၊ ကျင့်စောင့်ခြင်းမရှိကြလျှင်၊ ငါ့အဖို့ ငါ၏ထုံးဥပဒေသများနှင့် စီရင်တော်မူချက်များကို သိမ်းထားရန်၊ အသန့်ရှင်းဆုံးဖြစ်နိုင်စေရန် ဇိအုန်ပြည်ကို ဤဥပဒေအားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်း မပြုကြလျှင်၊ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ၎င်းသည် သင်တို့အဖို့ ဇိအုန်ပြည် မဖြစ်ရလတ္တံ့။
၇ ဤအရာသည် ဇိအုန်၏ ခပ်သိမ်းသောပန္နက်များအဖို့ ပုံသက်သေတစ်ခု ဖြစ်လိမ့်မည်။ ထိုကဲ့သို့ပင်တည်း။ အာမင်။