အပိုဒ်ငယ် ၁၁၀
၁၈၃၆ ခု၊ ဧပြီ ၃ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၊ ဗိမာန်တော်ထဲ၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီတို့ထံ ထင်ရှားစွာပြတော်မူခဲ့သည့် ရူပါရုံများ။ ထိုအချိန်မှာ ဥပုသ်နေ့ အစည်းအဝေးအချိန်ဖြစ်၏။ “နေ့လည်ပိုင်းတွင်၊ ကျွန်ုပ်သည် ကိုယ်တော်ရှင်၏ ညနေစာကို တစ်ဆယ့်နှစ်ပါးထံမှ ရရှိပြီးနောက်၊ အသင်းတော်သို့ဝေငှရာ၌ အခြားသော ဥက္ကဋ္ဌများကို ကူညီခဲ့၏၊ ဤနေ့တွင်၊ သန့်ရှင်းမွန်မြတ်သော စားပွဲ၌ ထိုအမှုကို ဆောင်ရွက်ရန်မှာ သူတို့၏ အထူး အခွင့်အရေးများဖြစ်၏။ ကျွန်ုပ်၏ ညီအစ်ကိုများအဖို့ ဤအစေခံခြင်းကို ဆောင်ရွက်ပြီးနောက်၊ ကျွန်ုပ်သည် တရားဟောစင်သို့ သွားခဲ့၏၊ ကန့်လန့်ကာချ၍၊ ကျွန်ုပ်လည်း အော်လီဗာကောင်ဒရီနှင့်အတူ ဦးညွှတ်လျက် လေးနက်၍ တိတ်ဆိတ်စွာသောဆုတောင်းခြင်း၌ ရှိ၏။ ဆုတောင်းခြင်းမှ ထပြီးနောက်တွင် အောက်ပါရူပါရုံကို ကျွန်ုပ်တို့နှစ်ဦးစလုံးထံဖွင့်ပြခဲ့၏။” ဟု ဂျိုးဇက်စမစ်၏သမိုင်းကဖော်ပြ၏။
၁–၁၀၊ ကိုယ်တော်ရှင်ယေဟောဝါသည် ဘုန်းတော်ဖြင့်ပေါ်လာတော်မူပြီး၊ ကာ့တ်လန်းဗိမာန်တော်ကို သူ၏ အိမ်တော်အဖြစ်လက်ခံ၏။ ၁၁–၁၂၊ မောရှေနှင့်ဧလိုင်ယတစ်ဦးချင်း ပေါ်လာပြီး၊ သူတို့၏ သော့များနှင့် သာသနာများကို အပ်နှံ၏။ ၁၃–၁၆၊ ဧလိယပြန်လာပြီး သူ့သာသနာ၏ သော့များကို မာလခိ ကတိပေးထားသည့်အတိုင်း အပ်နှံ၏။
၁ ကန့်လန့်ကာကို ကျွန်ုပ်တို့၏စိတ်မှ ဖယ်ရှားသဖြင့် ကျွန်ုပ်တို့၏ နားလည်ခြင်း မျက်စိများလည်း ပွင့်၏။
၂ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့ရှေ့၊ ရင်ပတ်အထိမြင့်သော တရားဟောစင်၌ ရပ်နေသည်ကို မြင်ကြရ၏။ သူ့ခြေအောက်၌ ပယင်းကဲ့သို့ အရောင်ရှိသော၊ ရွှေစင်ဖြင့် ပြုလုပ်ထားသော အခင်းရှိ၏။
၃ သူ၏မျက်လုံးများသည် မီးလျှံကဲ့သို့ရှိ၏။ သူ၏ဦးခေါင်းမှဆံပင်တို့သည် စင်ကြယ်သောနှင်းပွင့်ကဲ့သို့ ဖြူ၏။ သူ၏မျက်နှာထားသည် နေ၏တောက်ပခြင်းထက်သာ၍ တောက်ပ၏။ သူ၏အသံသည်လည်း တစ်ဟုန်တည်းစီးသည့် ကြီးစွာသောရေတို့၏အသံ၊ ယေဟောဝါ၏အသံကဲ့သို့ပင်ရှိ၏၊ ဆိုလေသည်ကား၊
၄ ငါသည် ပထမဦးဆုံးနှင့် နောက်ဆုံးသောသူ ဖြစ်၏။ ငါသည် အသက်ရှင်သောသူဖြစ်၏၊ ငါသည် ကွပ်မျက်ခံရသူဖြစ်၏။ ငါသည် ခမည်းတော်ထံ၌ သင်တို့၏လျှောက်လဲသူဖြစ်၏။
၅ ရှုလော့၊ သင်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီ။ သင်တို့သည် ငါ့ရှေ့၌ သန့်ရှင်းကြ၏။ ထို့ကြောင့်၊ သင်တို့၏ဦးခေါင်းကို မော့ကြလော့၊ ထို့အတူ ရွှင်လန်းဝမ်းမြောက်ကြလော့။
၆ သင်တို့၏ညီအစ်ကိုတို့၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေလော့၊ ငါ၏နာမတော်အဖို့ ဤအိမ်တော်ကို မိမိတို့အစွမ်းသတ္တိဖြင့် တည်ဆောက်ကြလေသူများတည်းဟူသော ငါ၏ ခပ်သိမ်းသော လူမျိုးတို့၏စိတ်နှလုံးကိုလည်း ရွှင်လန်းဝမ်းမြောက်စေလော့။
၇ အကြောင်းမူကား ရှုလော့၊ ငါသည် ဤအိမ်တော်ကို လက်ခံတော်မူလေပြီ၊ ငါ၏နာမတော်သည်လည်း ဤနေရာ၌ ရှိလိမ့်မည်။ ထို့အတူ ငါသည် ငါ၏လူမျိုးတို့ကို ဤအိမ်တော်ထဲ၌ ကရုဏာဖြင့် ငါကိုယ်တိုင်ထင်ရှားစွာပြတော်မူမည်။
၈ ထိုမှတစ်ပါး၊ ငါ၏လူမျိုးတို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြ၊ ထို့အတူ ဤသန့်ရှင်းသောအိမ်တော်ကို မညစ်ညူးစေကြမည်ဆိုလျှင် ငါသည် ငါ၏ကျွန်များဆီသို့ ပေါ်လာတော်မူမည်၊ ထို့အတူ သူတို့အား ငါကိုယ်တိုင်၏အသံဖြင့် ဟောပြောမည်။
၉ ထိုမှတစ်ပါး၊ ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသောသူတို့၏ စိတ်နှလုံးသည် သွန်းလောင်းမည့် ကောင်းချီးမင်္ဂလာတို့၏၊ ထို့အတူ ဤအိမ်တော်၌ ငါ၏ကျွန်များ အပ်နှင်းခံရလေသည့် ဝိညာဉ်ပကတိအပ်နှင်းခြင်းတို့၏ အကျိုးဆက်အဖြစ် ကြီးစွာရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။
၁၀ ဤအိမ်တော်၏ ကျော်ကြားမှုသည် တစ်ပါးတိုင်းပြည်များသို့ ပျံ့နှံ့လိမ့်မည်။ ဤအရာသည် ငါ့လူမျိုးတို့၏ ဦးခေါင်းများအပေါ် သွန်းလောင်းမည့် ကောင်းချီးမင်္ဂလာ၏ အစဖြစ်၏။ ထိုကဲ့သို့ပင်တည်း။ အာမင်။
၁၁ ဤရူပါရုံပိတ်ပြီးနောက်၊ ကောင်းကင်သည် ကျွန်ုပ်တို့အဖို့ တစ်ဖန်ပွင့်၏။ မောရှေသည် ကျွန်ုပ်တို့ရှေ့၌ ပေါ်လာပြီး၊ ဣသရေလအမျိုးကို မြေကြီးလေးမျက်နှာမှ စုဝေးခြင်းအတွက်၊ ထို့အတူ မျိုးနွယ်စုဆယ်စုကို မြောက်ပိုင်းပြည်မှ ပို့ဆောင်ခြင်းအတွက် သော့များကို ကျွန်ုပ်တို့ထံ အပ်နှံ၏။
၁၂ ဤအရာ၏ နောက်တွင်၊ ဧလိုင်ယပေါ်လာပြီး၊ ကျွန်ုပ်တို့နှင့် ကျန်ုပ်တို့၏ အမျိုးအနွယ်အားဖြင့် ကျွန်ုပ်တို့နောက်မှ ခပ်သိမ်းသောမျိုးဆက်တို့ ကောင်းချီးခံစားရမည့် အကြောင်းကိုဆို၍၊ အာဗြဟံ၏ ဧဝံဂေလိတရားတော် သာသနာကို အပ်နှံ၏။
၁၃ ဤရူပါရုံပိတ်ပြီးနောက်၊ ကြီးမြတ်ပြီးအသရေထင်ရှားသည့် တခြားသော ရူပါရုံသည် ကျွန်ုပ်တို့အပေါ် ရောက်လာ၏။ အကြောင်းမူကား၊ သေခြင်းကို မတွေ့ကြုံရဘဲ ကောင်းကင်သို့ ဆောင်ယူခံရသည့် ပရောဖက်ဧလိယသည် ကျွန်ုပ်တို့ရှေ့၌ ရပ်၍ ဆိုလေသည်ကား၊
၁၄ ရှုလော့—ကိုယ်တော်ရှင်၏ ကြီးစွာသောကြောက်မက်ဖွယ်နေ့ မကျရောက်လာမီ သူ (ဧလိယ) ကို စေလွှတ်လိမ့်မည်ဟု သက်သေခံလျက်—မာလခိ၏နှုတ်အားဖြင့် ဟောပြောခဲ့သည့် အချိန်သည် ပြည့်စုံစွာရောက်လာလေပြီ၊
၁၅ မြေကြီးတစ်ခုလုံး ကျိန်ခြင်းဖြင့် ဒဏ်ခတ်မခံရမည့်အကြောင်း၊ ဘိုးဘေးတို့၏စိတ်နှလုံးကို သားသမီးများဆီသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဘိုးဘေးတို့ဆီသို့လည်းကောင်း လှည့်စေခြင်းငှာဖြစ်၏—
၁၆ ထို့ကြောင့်၊ ဤသာသနာ၏သော့များကို သင်တို့လက်များထဲသို့ အပ်နှံထား၏။ ဤအရာအားဖြင့်လည်း သင်တို့သည် ကိုယ်တော်ရှင်၏ ကြီးစွာသောကြောက်မက်ဖွယ်နေ့မှာ နီး၍၊ တံခါး၌ပင်ရှိပြီဖြစ်ကြောင်း သိနိုင်ကြပေ၏။