အပိုဒ်ငယ် ၁၃၈
၁၉၁၈ ခု၊ အောက်တိုဘာလ ၃ ရက်၊ ဆော့လိတ်မြို့၊ ယုတ၌ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ် စမစ်သို့ ပေးတော်မူခဲ့သည့် ရူပါရုံ။ ၁၉၁၈ ခု၊ အောက်တိုဘာလ ၄ ရက်၊ အသင်းတော်၏ ၈၉ ကြိမ်မြောက် နှစ်ဝက် အထွေထွေညီလာခံ အဖွင့်မိန့်ခွန်း၌ ဥက္ကဋ္ဌစမစ်က သူသည် ယခင်လများ၌ အမျိုးမျိုးသော မြင့်မြတ်သည့် ဆက်သွယ်ချက်များကို ရရှိခဲ့ကြောင်း ကြေညာခဲ့၏။ ဤအရာတို့ အထဲမှ တစ်ခုကို၊ ကယ်တင်ရှင်၏ ကိုယ်ခန္ဓာ သင်္ချိုင်းတွင်း၌ ရှိစဉ် သေသူတို့၏ ဝိညာဉ်များဆီသို့ သူ၏အကြည့်အရှု သွားခြင်းနှင့် စပ်လျဉ်း၍၊ ဥက္ကဋ္ဌစမစ်သည် ယခင်နေ့က ရရှိခဲ့၏။ ထိုအရာကို ညီလာခံ ပိတ်ပြီးလျှင် ပြီးချင်းရေးခဲ့၏။ ၁၉၁၈ ခု၊ အောက်တိုဘာလ၊ ၃၁ ရက်တွင်၊ ပထမဥက္ကဋ္ဌအဖွဲ့ တိုင်ပင်ဖက်များ၊ တစ်ဆယ့်နှစ်ပါး အတိုင်ပင်ခံအဖွဲ့ နှင့် မျိုးနွယ်စုအဘဆီသို့တင်သွင်းခဲ့ပြီး၊ ထိုသူတို့က သဘောတူညီစွာ လက်ခံခဲ့၏။
၁–၁၀၊ ဥက္ကဋ္ဌဂျိုးဇက်အက်ဖ်စမစ်သည် ပေတရု၏စာများအကြောင်းနှင့် ဝိညာဉ်ကမ္ဘာသို့ ကိုယ်တော်ရှင်၏ အကြည့်အရှု ကြွရောက်ခြင်း အကြောင်းတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်၏။ ၁၁–၂၄၊ ဥက္ကဋ္ဌစမစ်သည် ဖြောင့်မတ်လျက် သေသူတို့ ပရဒိသုဘုံ၌ စုဝေးခြင်းနှင့် ထိုသူတို့၌ ခရစ်တော်၏ အမှုတော်ဆောင်ခြင်းတို့ကို မြင်၏။ ၂၅–၃၇၊ သူသည် ဝိညာဉ်တို့၌ ဧဝံဂေလိတရားတော် ဟောပြောခြင်းကို အဘယ်သို့ ဖွဲ့စည်းထားကြောင်းကို မြင်၏။ ၃၈–၅၂၊ သူသည် အာဒံ၊ ဧဝ၊ ထို့အတူ မိမိတို့၏ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ ဝိညာဉ်ကမ္ဘာ၌ မိမိတို့၏ ဝိညာဉ်အခြေအနေကို ချုပ်နှောင်ခြင်း အဖြစ် မှတ်ယူကြသည့် များစွာသော သန့်ရှင်းသောပရောဖက်တို့ကို မြင်၏။ ၅၃–၆၀၊ ယခုကာလ၌ ဖြောင့်မတ်လျက် သေသူတို့သည် ဝိညာဉ်လောက၌ မိမိတို့အလုပ်များကို ဆက်၍လုပ်ဆောင်ကြ၏။
၁ တစ်ထောင်ကိုးရာတစ်ဆယ့်ရှစ်ခုနှစ်၊ အောက်တိုဘာလတတိယနေ့၌၊ ကျွန်ုပ်သည် ကျွန်ုပ်အခန်းထဲ၌ထိုင်၍ ကျမ်းစာများကို မှတ်ကျုံး၍စဉ်းစားဆင်ခြင်နေ၏။
၂ ဆင်ခြင်သုံးသပ်နေခဲ့သည်မှာလည်း လောကကို ရွေးနုတ်ခြင်းအတွက် ဘုရားသခင်၏ သားတော်ပြုခဲ့သည့် ကြီးစွာသော အပြစ်ဖြေခြင်းယဇ်အကြောင်း၊
၃ လောကထဲသို့ ရွေးနုတ်ရှင် ကြွလာတော်မူခြင်း၌ ခမည်းတော်နှင့် သားတော်အားဖြင့် ထင်ရှားစွာပြတော်မူခဲ့သည့် ကြီးစွာသော အံ့ဩဖွယ်ချစ်ခြင်းတို့ပေတည်း။
၄ သူ၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ထို့အတူ ဧဝံဂေလိတရားတော်ကျင့်ဝတ်စည်းကမ်းများကို နာခံခြင်းအားဖြင့် လူသားတို့သည် ကယ်တင်ခြင်းသို့ရောက်နိုင်ကြပေ၏။
၅ ကျွန်ုပ်သည် ထိုကဲ့သို့ အလုပ်များနေစဉ်၊ ကျွန်ုပ်စိတ်သည် တမန်တော်ပေတရု၏ စာများဆီသို့၊ ကိုယ်တော်ရှင် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရပြီးနောက် ဧဝံဂေလိတရားတော်ကို ဟောပြောခဲ့ လေသော ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ ထို့အတူ အာရှိပြည်၏ အခြားသော အစိတ်အပိုင်းများ တစ်လျှောက် ကွဲပြားပြန့်ကျဲခဲ့သည့် ယခင်သန့်ရှင်းသူများဆီသို့ ပြန်လှည့်သွားခဲ့၏။
၆ ကျွန်ုပ်သည် သမ္မာကျမ်းကို ဖွင့်၍ ပေတရုဩဝါဒစာပထမစောင် တတိယနှင့် စတုတ္ထအခန်းကြီးတို့ကို ဖတ်ရာ၊ ဖတ်နေစဉ် အောက်ပါစာပိုဒ်များနှင့်စပ်လျဉ်း၍၊ ယခင်ဖတ်ဖူးခဲ့ လေသမျှထက် ကြီးစွာသတိပြုမိ၏။
၇ “အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခံ၍၊ ဝိညာဉ်တော်အားဖြင့် ရှင်သန်ရစေ၍၊ ငါတို့ကို ဘုရားသခင်ထံသို့ ဆောင်ယူနိုင်ခြင်းငှာ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့အတွက်အပြစ်များကြောင့် ယခင်တစ်ချိန်က ဒုက္ခဝေဒနာ ခံစားတော်မူ၏။
၈ “ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ထောင်ထဲ၌ရှိသော ဝိညာဉ်တို့အား ဟောပြောတော်မူ၏။
၉ “ထိုဝိညာဉ်တို့မူကား၊ နောဧလက်ထက်၌ နည်းသောသူတည်းဟူသော၊ လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို ပြင်ဆင်စဉ်၊ ဘုရားသခင်၏ စိတ်ရှည်တော်မူခြင်း ယခင်တစ်ချိန်က ဆိုင်းလင့်တော်မူသော်လည်း၊ တစ်ချိန်က မနာခံသော ဝိညာဉ်များ ဖြစ်ကြ၏။” (ပေတရုဩဝါဒစာပထမစောင် ၃း ၁၈–၂၀)
၁၀ “အကြောင်းမူကား၊ ဇာတိကိုယ်ခန္ဓာ၌ လူသားတို့အတိုင်း တရားစီရင် ခံရနိုင်သော်လည်း၊ စိတ်ဝိညာဉ်၌ ဘုရားသခင်အတိုင်း အသက်ရှင်နိုင်ကြမည်ဟူသော ဤအကြောင်းရင်းကြောင့် ဧဝံဂေလိတရားတော်ကို သေသူတို့အား ဟောပြောလေ၏။” (ပေတရုဩဝါဒစာပထမစောင် ၄း၆)
၁၁ ကျွန်ုပ်သည် ရေးထားသော ဤအရာတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်နေစဉ်၊ ကျွန်ုပ်၏ နားလည်ခြင်း မျက်စိများပွင့်၏၊ ကိုယ်တော်ရှင်၏ ဝိညာဉ်တော်သည်လည်း ကျွန်ုပ်အပေါ်မှာ ကိန်းဝပ်တော်မူ၏၊ ကျွန်ုပ်သည် သေသူ အကြီးအငယ်နှစ်မျိုးစလုံး၏ အလုံးအရင်းတို့ကိုလည်း မြင်ရ၏။
၁၂ သေခြင်းရှိရာ၌ နေခဲ့စဉ်က ယေရှုအကြောင်း သက်သေခံချက်၌ သစ္စာရှိခဲ့လေသူများ တည်းဟူသော၊ မရေတွက်နိုင်အောင်ရှိသော ဖြောင့်မတ်သူတို့၏စိတ်ဝိညာဉ်များ၏ အစုအဝေးတစ်ခု နေရာတစ်နေရာ၌ အတူတကွစုဝေးလေ၏။
၁၃ ဘုရားသခင့်သားတော်၏ ကြီးစွာသောယဇ်ပူဇော်ခြင်း၏ ပုံဆောင်ခြင်းအတိုင်း ယဇ်ကိုပူဇော်ခဲ့ လေသော၊ ထို့အတူ သူတို့၏ရွေးနုတ်ရှင်၏ နာမတော်၌ အတိဒုက္ခကို ခံစားခဲ့လေသူများလည်း ဖြစ်၏။
၁၄ ခပ်သိမ်းသော ဤသူတို့သည် သေခြင်းရှိသောဘဝမှ ထွက်ခွာ သွားခဲ့ကြလေပြီ၊ ခမည်းတော် ဘုရားသခင်နှင့် သူ၏တစ်ပါးတည်းသော သားတော်၊ ယေရှုခရစ်တော်တို့၏ ကျေးဇူးတော် အားဖြင့် အသရေထင်ရှားသော ရှင်ပြန်ထမြောက်ခြင်း၏ ခိုင်မြဲသောမျှော်လင့်ခြင်း၌ ရှိကြ၏။
၁၅ သူတို့၏လွတ်မြောက်ရာကာလ နီးလေသောကြောင့် သူတို့သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်းတို့နှင့် ပြည့်၍၊ အတူတကွ ရွှင်လန်းဝမ်းမြောက် နေကြလေသည်ကို ကျွန်ုပ်မြင်ရ၏။
၁၆ သေခြင်း၏ ကြိုးများမှ သူတို့၏ရွေးနုတ်ခြင်းကို ဟောကြားရန် ဝိညာဉ်လောကထဲသို့ ဘုရားသခင်၏ သားတော်ကြွလာတော်မူခြင်းကို သူတို့သည် စုဝေး၍ စောင့်နေကြလေ၏။
၁၇ ဝမ်းမြောက်ခြင်း အပြည့်အစုံကို သူတို့ရရှိနိုင်ကြစေခြင်းငှာ သူတို့၏ အိပ်ပျော်နေသော မြေမှုန့်သည် မိမိ၏ စုံလင်သောကိုယ်သို့၊ အရိုးသည် အပေါ်၌ အကြော၊ အသားနှင့် မိမိအရိုးသို့၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် တစ်ဖန် အဘယ်တော့မျှ ခွဲခွာမခံရစေရန်၊ ပြန်လည် ပေါင်းစည်းခံရလိမ့်မည်။
၁၈ ဤအလွန်များစွာသော အစုအဝေးတို့ စုဝေးပြီး ပြောဆို၍၊ သေခြင်း၏ သံကြိုးမှ သူတို့၏ လွတ်မြောက်ရာအချိန်၌ ရွှင်လန်းဝမ်းမြောက် နေကြစဉ်တွင်၊ ဘုရားသခင်၏ သားတော်သည် သစ္စာရှိလေသော အကျဉ်းသားတို့အား လွတ်လပ်ခြင်းကို ဟောကြားလျက် ပေါ်လာတော်မူ၏။
၁၉ ထိုနေရာ၌ သူတို့အား ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်၊ ရှင်ပြန်ထမြောက်ခြင်းနှင့် လူသား၏ ကျရှုံးခြင်း၊ ထို့အတူ နောင်တရခြင်း အခွင့်များဖြင့် ကိုယ်အပြစ်များမှ ရွေးနုတ်ခြင်းအကြောင်း ဩဝါဒကို ဟောပြောတော်မူ၏။
၂၀ သို့ရာတွင်၊ ဆိုးညစ်သောသူများဆီသို့ သူမသွားခဲ့၊ ဇာတိကိုယ်ခန္ဓာ၌ ရှိစဉ်တွင် သူတို့ကိုယ်သူတို့ ညစ်ညူးစေသောသူများ တည်းဟူသော ဘုရားမဲ့နေသောသူများနှင့် နောင်တမရသောသူများ၌လည်း သူ၏အသံကို မမြင့်စေခဲ့။
၂၁ ရှေးပရောဖက်တို့၏ သက်သေခံချက်များနှင့် သတိပေးခြင်းများကို ငြင်းပယ်ခဲ့ကြသူများ တည်းဟူသော ပုန်ကန်သူတို့သည် သူ၏မျက်မှောက်တော်ကို မကြည့်ကြ၊ သူ၏မျက်နှာတော်ကိုလည်း မကြည့်ကြ။
၂၂ ဤသူတို့ ရှိလေသည့် နေရာ၌၊ မှောင်မိုက်ခြင်း အုပ်စိုး၏၊ သို့ရာတွင် ဖြောင့်မတ်သော သူတို့၌ ငြိမ်းချမ်းခြင်း ရှိလေ၏။
၂၃ သန့်ရှင်းသူတို့သည် သူတို့၏ရွေးနုတ်ခြင်း၌ ရွှင်လန်းဝမ်းမြောက်၏၊ ဒူးထောက်၍၊ ဘုရားသခင်၏ သားတော်ကို သူတို့၏ ရွေးနုတ်ရှင် အဖြစ်၊ သေခြင်းနှင့် ငရဲ၏သံကြိုးများမှ ကယ်လွှတ်ရှင်အဖြစ် အသိအမှတ်ပြုကြ၏။
၂၄ သူတို့၏ မျက်နှာထားများ တောက်ပကြ၏၊ ကိုယ်တော်ရှင်၏ မျက်မှောက်မှ ရောင်ပြန်သည် သူတို့အပေါ် ကိန်းဝပ်၏၊ သူတို့သည် သူ၏သန့်ရှင်းသော နာမတော်အဖို့ ချီးမွမ်း သီချင်းဆိုကြ၏။
၂၅ ကျွန်ုပ်အံ့ဩ၏၊ အကြောင်းမူကား၊ ကယ်တင်ရှင်သည် ယုဒလူမျိုးတို့နှင့် ဣသရေလ အမျိုးသားတို့၌ သူ၏ အမှုတော်ဆောင်ခြင်းတွင်၊ သူတို့အား ထာဝရတည်မြဲသော ဧဝံဂေလိ တရားတော်ကို သွန်သင်ရန်နှင့် နောင်တရခြင်းသို့ ခေါ်ရန် ကြိုးစားအားထုတ်လျက် သုံးနှစ်ခန့် ကုန်လွန်စေတော်မူကြောင်း ကျွန်ုပ်နားလည်၏။
၂၆ သို့သော်လည်း၊ သူ၏ကြီးစွာသော အမှုများ၊ ထို့အတူ အလွန်တရာ အံ့ဩဖွယ်အမှုများ၊ ထို့အတူ တန်ခိုးနှင့် အခွင့်အာဏာဖြင့် သမ္မာတရားအကြောင်း ကြေညာခြင်းတို့ ရှိသော်ငြားလည်း၊ အနည်းငယ်သော သူတို့သာ သူ၏အသံကို စေ့စေ့နားထောင်ကြ၊ ထို့အတူ သူ၏မျက်မှောက်၌ ရွှင်လန်း ဝမ်းမြောက်ကြ၊ ထို့အတူ သူ၏လက်များမှ ကယ်တင်ခြင်းကို ရရှိကြ၏။
၂၇ သို့ရာတွင် သေသူတို့၌ သူ၏အမှုတော်ဆောင်ခြင်းမှာ လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရခြင်းနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်း နှစ်ခုကြား၌ ရောက်ရှိသည့် အချိန်တိုအတွင်း၌ ကန့်သတ်ထားခံရ၏။
၂၈ ကျွန်ုပ်သည်လည်း ပေတရု၏စကားများ၌—ထိုစကားတွင်၊ နောဧလက်ထက်၌ ဘုရားသခင်၏ စိတ်ရှည်တော်မူခြင်း ယခင်တစ်ချိန်က ဆိုင်းလင့်တော်မူသောအခါ တစ်ချိန်က မနာခံသော ဝိညာဉ်များ ဖြစ်လေသည့် ထောင်ထဲ၌ ရှိသောဝိညာဉ်တို့အား ဘုရားသခင်၏ သားတော်သည် ဟောပြော တော်မူ၏—သူ့အတွက် ထိုဝိညာဉ်များကို ဟောပြောရန်နှင့် သူတို့၌ လိုအပ်သောအလုပ်ကို ဆောင်ရွက်ရန် ထိုကဲ့သို့သော အချိန်တိုအတွင်း၌ အဘယ်သို့အားဖြင့် ဖြစ်နိုင်မည်ကို အံ့ဩမိ၏။
၂၉ ကျွန်ုပ်အံ့ဩနေစဉ်၊ ကျွန်ုပ်၏ မျက်စိများပွင့်၍၊ ကျွန်ုပ်၏ နားလည်ခြင်းရှင်သန်ခဲ့၏၊ ကိုယ်တော်ရှင်သည် သမ္မာတရားကို ငြင်းပယ်ခဲ့သည့် ဆိုးညစ်သောသူများနှင့် မနာခံသောသူများ၌ သူတို့အား သွန်သင်ရန် ကိုယ်တိုင်သွားခဲ့ခြင်းမရှိကြောင်းကိုလည်း ကျွန်ုပ်သိမြင်ခဲ့ရ၏။
၃၀ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သောသူတို့အထဲမှ၊ သူသည် မိမိအင်အားစုများကို ဖွဲ့စည်းပြီးလျှင်၊ တန်ခိုးနှင့် အခွင့်အာဏာတို့ဖြင့် ဝတ်ဆင်ထားသည့် တမန်များကို ခန့်အပ်ထား၏၊ ထို့အတူ သူတို့အား ထွက်သွားရန်နှင့်၊ မှောင်မိုက်ထဲ၌ ရှိကြလေသူများဆီသို့၊ အကယ်စင်စစ်၊ လူသားတို့၏ ခပ်သိမ်းသော ဝိညာဉ်များ ဆီသို့ ဧဝံဂေလိတရားတော်၏ အလင်းကို ဆောင်ယူရန် အခွင့်အရာ ပေးတော်မူခဲ့၏။ ထိုကဲ့သို့အားဖြင့်၊ ဧဝံဂေလိတရားတော်ကို သေသူများသို့ ဟောပြောခဲ့၏။
၃၁ ရွေးကောက်ထားသော တမန်တို့သည်လည်း ကိုယ်တော်ရှင်၏ မင်္ဂလာနေ့ကို ဟောကြားရန်နှင့် ချုပ်နှောင် ခံရလေသော အကျဉ်းသားတို့ကို၊ မိမိတို့အပြစ်များမှ နောင်တရ၍၊ ဧဝံဂေလိတရားတော်ကို လက်ခံလိုသည့် ခပ်သိမ်းသောသူတို့ကိုပင် လွတ်လပ်ခြင်းကို ကြေညာရန် ထွက်သွားခဲ့ကြ၏။
၃၂ သမ္မာတရားအကြောင်း အသိပညာမရှိဘဲ၊ မိမိတို့အပြစ်များ၌၊ သို့မဟုတ် ပရောဖက်တို့ကို ငြင်းပယ်လျက် လွန်ကျူးခြင်း၌ သေသောသူများသို့ ထိုကဲ့သို့အားဖြင့် ဧဝံဂေလိတရားတော်ကို ဟောပြောခဲ့၏။
၃၃ သွန်သင်ခဲ့လေသည့် ဤအရာတို့သည်ကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ အပြစ်များမှ နောင်တရခြင်း၊ အပြစ်များမှ လွှတ်ခြင်းအတွက်၊ ကိုယ်စားဗတ္တိဇံ၊ လက်တင်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူး၊
၃၄ သူတို့အား ဇာတိကိုယ်ခန္ဓာ၌ လူသားတို့အတိုင်း တရားစီရင်ခံရနိုင်သော်လည်း၊ စိတ်ဝိညာဉ်၌ ဘုရားသခင်အတိုင်း အသက်ရှင်ရနိုင်စေကြောင်း သူတို့ကိုယ်သူတို့ အရည်အချင်း ပြည့်မီစေခြင်းငှာ သူတို့အတွက် သိရန်လိုအပ်သည့် ဧဝံဂေလိတရားတော်၏ ခပ်သိမ်းသောအခြား အခြေခံဩဝါဒများဖြစ်၏။
၃၅ ထိုကဲ့သို့အားဖြင့်၊ သေသူ အကြီးအငယ်နှစ်မျိုးစလုံးတို့၌၊ သစ္စာရှိသောသူများနည်းတူ မတရားသောသူတို့၌ လက်ဝါးကပ်တိုင်ပေါ်တွင် ဘုရားသခင့်သားတော်၏ ယဇ်အားဖြင့် ပြုပြင်စီရင် ထားလေသည့် ရွေးနုတ်ခြင်းကို ဖော်ပြထား၏။
၃၆ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့၏ရွေးနုတ်ရှင်သည် ဝိညာဉ်လောက၌ တည်းခိုနေစဉ်၊ ဇာတိကိုယ်ခန္ဓာ၌ သူ့အကြောင်းကို သက်သေခံခဲ့ကြလေသော ပရောဖက်တို့၏ဝိညာဉ်များကို သွန်သင်ခြင်းနှင့် ပြင်ဆင်ခြင်း၌ သူ၏အချိန်ကို ကုန်လွန်စေကြောင်း ဖော်ပြထား၏။
၃၇ ခပ်သိမ်းသောသေသူတို့ထံ၊ ပုံကန်ခြင်းနှင့် လွန်ကျူးခြင်းကြောင့်၊ သူကိုယ်တိုင် မသွားနိုင်ခဲ့သည့် သူတို့ထံ၊ သူတို့အား သူ့ကျွန်တို့၏ အမှုတော်ဆောင်ခြင်းအားဖြင့် သူ၏နှုတ်ကပတ်တော်ကို ကြားနိုင်ကြစေခြင်းငှာ၊ ရွေးနုတ်ခြင်း သတင်းစကားကို ထိုဝိညာဉ်တို့ ဆောင်ယူနိုင်ကြစေခြင်းငှာဖြစ်၏။
၃၈ ကြီးစွာသော အားကြီးသူတို့၌ ဤများစွာသော ဖြောင့်မတ်သူ ပရိသတ်တွင် စုဝေးလေသော သူတို့သည်ကား အဘအာဒံ၊ ရှေးကျသူ၊ ခပ်သိမ်းသောသူတို့၏အဘ၊
၃၉ ထို့အတူ နေထိုင်ခဲ့သည့် ကာလတစ်လျှောက်၌ မှန်ကန်၍ အသက်ရှင်တော်မူသည့် ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြလေသူများတည်းဟူသော မိမိ၏သစ္စာရှိသော သမီးများစွာတို့နှင့် အတူရှိသည့် ကျွန်ုပ်တို့၏ အသရေထင်ရှားသောအမိ ဧဝတို့ဖြစ်ကြ၏။
၄၀ အာဗေလ၊ ပထမဆုံး အာဇာနည်သည် ထိုနေရာ၌ ရှိ၏၊ ထို့အတူ အားကြီးသူတို့အထဲမှ တစ်ဦးဖြစ်သူ၊ မိမိအဘ၊ အာဒံနှင့် သဏ္ဌာန်တူလေသူ သူ၏အစ်ကို ရှေသလည်းရှိ၏။
၄၁ နောဧ၊ ရေလွှမ်းမိုးခြင်းအကြောင်း သတိပေးခဲ့သူ။ ရှေမ၊ ကြီးစွာသောယဇ်ပုရောဟိတ်မင်း။ အာဗြဟံ၊ သစ္စာရှိသော သူတို့၏အဘ။ ဣဇာက်၊ ယာကုပ်၊ ထို့အတူ မောရှေ၊ ကြီးစွာသော ပညတ်တရားရှင်။
၄၂ ထို့အတူ၊ ဟေရှာယ၊ ရွေးနုတ်ရှင်သည် စိတ်နှလုံးကျိုးပဲ့သူတို့အား စည်းစေရန်၊ အကျဉ်းသားတို့အား လွတ်လပ်ခြင်းကို ကြေညာစေရန် ဆီလိမ်း၍ ခန့်အပ်ခံရကြောင်း ပရောဖက်ပြုဟောချက်အားဖြင့် ဟောကြားသူ၊ ထို့အတူ ချုပ်နှောင်ခံရသောသူများအဖို့ ထောင်ကို ဖွင့်ထားခြင်းတို့သည်လည်း ထိုနေရာ၌ ရှိလေ၏။
၄၃ တစ်ဖန်၊ ယေဇကျေလ၊ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်း၌ သက်ရှိလူများအဖြစ် တစ်ဖန်ထွက်လာစေရန် အသားနှင့် ဝတ်ဆင်ခံရမည့် အရိုးခြောက်တို့၏ ကြီးစွာသော ချိုင့်ဝှမ်းဟူသော ရူပါရုံ၌ ဖော်ပြခံရသူ၊
၄၄ ဒံယေလ၊ နောက်ပိုင်းကာလ၌ အဘယ်တော့မျှ တစ်ဖန်ဖျက်ဆီးမခံရ၊ အခြားလူမျိုးတို့ထံ အပေးလည်းမခံရမည့် ဘုရားသခင့်နိုင်ငံတော်၏ တည်ထောင်ခြင်းကို ကြိုတင်မြင်၍၊ ကြိုတင်ဟောပြောသူ၊
၄၅ ဧလိုင်ယ၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်း တောင်ပေါ်၌ မောရှေနှင့်အတူရှိလေသူ။
၄၆ ထို့အတူ မာလခိ၊ ဧလိယ၏ ကြွရောက်လာခြင်း အကြောင်းကို သက်သေခံသည့် ပရောဖက်—ထိုသူသည် ကိုယ်တော်ရှင်၏ ကြီးစွာသော ကြောက်မက်ဖွယ်နေ့ မဝင်ရောက်မီ ကြွရောက်လာမည့် အကြောင်း မော်ရော်နိုင်းကလည်း ပရောဖက် ဂျိုးဇက်စမစ်ကို မြွက်ဆိုခဲ့၏—သည်လည်း ထိုနေရာ၌ ရှိလေ၏။
၄၇ ပရောဖက်ဧလိယသည် ဘိုးဘေးတို့ထံပြုထားသည့် ကတိတော်တို့ကို သားမြေးတို့၏စိတ်နှလုံး၌ စိုက်ရလိမ့်မည်၊
၄၈ မြေကြီးတစ်ခုလုံး ကျိန်ခြင်းဖြင့် ဒဏ်ခတ်မခံရမည့်အကြောင်း၊ သေသူတို့၏ရွေးနုတ်ခြင်း၊ ထို့အတူ သားသမီးများ သူတို့၏မိဘများသို့ တံဆိပ်ခတ်ခြင်းအတွက် အချိန်ကာလပြည့်စုံခြင်း သာသနာတွင် ကိုယ်တော်ရှင်၏ ဗိမာန်တော်များထဲ၌ လုပ်ဆောင်ရမည့် ကြီးစွာသောအမှုတော်ကို အရိပ်နိမိတ်ပြခြင်းဖြစ်၏။
၄၉ ခပ်သိမ်းသော ဤသူတို့နှင့် ပို၍များစွာသောသူတို့၊ နီဖိုင်းအမျိုးသားတို့၌ နေထိုင်၍၊ ဘုရားသခင့်သားတော်၏ ကြွလာတော်မူခြင်း အကြောင်း သက်သေခံခဲ့သည့်ပရောဖက်တို့ပင် အလွန်များစွာသော အစည်းအဝေး၌ ရောနှော၍၊ သူတို့၏ လွတ်မြောက်ခြင်းအတွက် စောင့်မျှော်နေခဲ့ကြ၏၊
၅၀ အကြောင်းမူကား၊ သေသူတို့သည် သူတို့၏ကိုယ်ခန္ဓာတို့မှ သူတို့၏ဝိညာဉ်တို့ ကြာမြင့်စွာ ကွဲကွာခြင်းကို အချုပ်ခံရခြင်းအဖြစ် မှတ်ယူကြ၏။
၅၁ ဤသူတို့ကို ကိုယ်တော်ရှင် သွန်သင်တော်မူခဲ့၏၊ ထို့အတူ သေခြင်းမှ သူ၏ ရှင်ပြန်ထမြောက်ခြင်း၏ နောက်တွင်၊ သူ့ခမည်းတော်၏ နိုင်ငံတော်သို့ ဝင်ရန်၊ သူတို့အား ထွက်လာစေရန် တန်ခိုးကိုလည်း ပေးခဲ့၏၊ ထိုနေရာ၌ သေခြင်းမရှိရာနှင့် ထာဝရအသက်တို့ဖြင့် ချီးမြှင့်ခံကြရစေရန် ဖြစ်၏၊
၅၂ ထိုအချိန်မှစ၍ သူတို့၏ အလုပ်ကို ကိုယ်တော်ရှင် ကတိထားတော်မူခဲ့လေသည့် အတိုင်း ဆက်၍ လုပ်ဆောင်ကြရန်၊ သူ့ကို ချစ်သောသူတို့အတွက် သိမ်းထားသည့် ခပ်သိမ်းသော ကောင်းချီးမင်္ဂလာတို့ကို သုံးဆောင်သောသူများ ဖြစ်လာစေရန်လည်း ဖြစ်၏။
၅၃ ပရောဖက် ဂျိုးဇက်စမစ်၊ ထို့အတူ ကျွန်ုပ်၏အဖ၊ ဟီရမ်စမစ်၊ ဘရင်ဂ်ဟမ်ရန်းဂ်၊ ဂျွန်တေလာ၊ ဝီလဖို့ဝုဒရပ်ဖ်၊ ထို့အတူ ကြီးစွာသော နောက်ပိုင်းကာလ အမှုတော်၏ အုတ်မြစ်ချခြင်း၌ ပါဝင်ရန် အချိန်ကာလ ပြည့်စုံခြင်းသို့ ရောက်သောအခါ ထွက်လာရန် သိမ်းထားခံရလေသည့် အခြားသော ရွေးချယ်ထားသည့် ဝိညာဉ်များ၊
၅၄ ဗိမာန်တော်များ တည်ဆောက်ခြင်း အပါအဝင်၊ သေသူတို့၏ ရွေးနုတ်ခြင်း အတွက် ၎င်းတို့ အထဲ၌ ဘိသိက်မင်္ဂလာများ စီရင်ခြင်းတို့သည်လည်း ဝိညာဉ်လောက၌ ရှိလေ၏။
၅၅ ထိုသူတို့သည် ရှေးဦးစွာ၌ ဘုရားသခင်၏အသင်းတော်တွင် အုပ်စိုးသူများအဖြစ် ရွေးကောက် ခံရလေသော ဆွေကြီးမျိုးကြီးများနှင့် ကြီးမြတ်သောသူများ၌လည်း ရှိလေကြောင်း ကျွန်ုပ် ဂရုပြုမိ ခဲ့၏။
၅၆ သူတို့မမွေးဖွားမီကပင်၊ သူတို့သည်၊ များစွာသော အခြားသူတို့နှင့် အတူ၊ ဝိညာဉ်တို့၏ လောက၌ သူတို့၏ ပထမဦးဆုံးသင်ခန်းစာများကို ရရှိခဲ့ကြပြီး၊ ကိုယ်တော်ရှင်၏ စပျစ်ဥယျာဉ်ထဲ၌ လူသားတို့၏ စိတ်ဝိညာဉ်များ၏ ကယ်တင်ခြင်းအတွက် အလုပ်လုပ်ရန် သူ၏ ကာလအချိန်တန်သော အခါ၌ ထွက်လာရန် ပြင်ဆင်ခံခဲ့ကြရလေ၏။
၅၇ ဤသာသနာမှ သစ္စာရှိသော အသင်းလူကြီးတို့သည်၊ သေခြင်းရှိသော ဘဝမှ ထွက်ခွာကြသောအခါ၊ သေသူတို့၏ ဝိညာဉ်များ၏ ကြီးစွာသော လောက၌ မှောင်မိုက်ထဲနှင့် အပြစ်၏ ချုပ်နှောင်ခြင်းအောက်၌ရှိကြသော သူတို့၌ နောင်တရခြင်းအကြောင်းနှင့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်၏ယဇ်အားဖြင့် ရွေးနုတ်ခြင်းအကြောင်း ဧဝံဂေလိတရားတော်ကို ဟောပြောခြင်း၌ သူတို့၏အလုပ်ကို ဆက်၍လုပ်ဆောင်ကြကြောင်း ကျွန်ုပ်မြင်ခဲ့ရ၏။
၅၈ နောင်တရမည့် သေသူတို့သည် ဘုရားသခင့်အိမ်တော်၏ ဘိသိက်မင်္ဂလာတို့ကို နာခံခြင်းအားဖြင့် ရွေးနုတ်ခံကြရလိမ့်မည်။
၅၉ သူတို့သည် သူတို့၏ လွန်ကျူးခြင်းများအတွက် အပြစ်ဒဏ်ကို ပေးဆပ်ကြပြီးနောက်၊ ဆေးကြော၍ သန့်ရှင်းကြ၏၊ သူတို့၏အကျင့်များအတိုင်း အကျိုးကျေးဇူးကို ရရှိကြ၏၊ အကြောင်းမူကား၊ သူတို့သည် ကယ်တင်ခြင်းကို အမွေခံသူများ ဖြစ်ကြ၏။
၆၀ ထိုအရာသည်ကား၊ ကျွန်ုပ်ထံဖော်ပြခဲ့သည့် သေသူတို့၏ ရွေးနုတ်ခြင်းအကြောင်း ရူပါရုံ ဖြစ်၏၊ ဤမှတ်တမ်းသည် မှန်ကန်ကြောင်း၊ ကျွန်ုပ်တို့၏ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ယေရှုခရစ်တော်၏ ကောင်းချီးမင်္ဂလာအားဖြင့် ကျွန်ုပ်သက်သေခံ၏၊ သိလည်းသိပါ၏၊ ထိုကဲ့သို့ပင်တည်း။ အာမင်။