ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၈


အပိုဒ်ငယ် ၁၃၈

၁၉၁၈ ခု၊ အောက်တိုဘာလ ၃ ရက်၊ ဆော့လိတ်မြို့၊ ယုတ၌ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ် စမစ်သို့ ပေးတော်မူ​ခဲ့သည့် ရူပါရုံ။ ၁၉၁၈ ခု၊ အောက်တိုဘာလ ၄ ရက်၊ အသင်းတော်၏ ၈၉ ကြိမ်မြောက် နှစ်ဝက် အထွေထွေ​ညီလာခံ အဖွင့်မိန့်ခွန်း၌ ဥက္ကဋ္ဌ​စမစ်က သူသည် ယခင်​လများ၌ အမျိုးမျိုးသော မြင့်မြတ်သည့် ဆက်သွယ်​ချက်များကို ရရှိခဲ့ကြောင်း ကြေညာ​ခဲ့၏။ ဤ​အရာတို့ အထဲမှ တစ်ခုကို၊ ကယ်တင်ရှင်၏ ကိုယ်ခန္ဓာ သင်္ချိုင်းတွင်း၌ ရှိစဉ် သေသူတို့၏ ဝိညာဉ်များဆီသို့ သူ၏​အကြည့်​အရှု သွားခြင်းနှင့် စပ်လျဉ်း၍၊ ဥက္ကဋ္ဌ​စမစ်သည် ယခင်နေ့က ရရှိခဲ့၏။ ထိုအရာကို ညီလာခံ ပိတ်ပြီးလျှင် ပြီးချင်း​ရေးခဲ့၏။ ၁၉၁၈ ခု၊ အောက်တိုဘာလ၊ ၃၁ ရက်တွင်၊ ပထမ​ဥက္ကဋ္ဌ​အဖွဲ့ တိုင်ပင်ဖက်များ၊ တစ်ဆယ့်နှစ်ပါး အတိုင်ပင်ခံ​အဖွဲ့ နှင့် မျိုးနွယ်စု​အဘဆီသို့​တင်သွင်း​ခဲ့ပြီး၊ ထိုသူတို့က သဘော​တူညီစွာ လက်ခံ​ခဲ့၏။

၁–၁၀၊ ဥက္ကဋ္ဌ​ဂျိုးဇက်​အက်ဖ်​စမစ်သည် ပေတရု၏​စာများ​အကြောင်းနှင့် ဝိညာဉ်​ကမ္ဘာသို့ ကိုယ်တော်ရှင်၏ အကြည့်​အရှု ကြွရောက်ခြင်း အကြောင်းတို့ကို မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်၏။ ၁၁–၂၄၊ ဥက္ကဋ္ဌ​စမစ်သည် ဖြောင့်မတ်လျက် သေသူတို့ ပရဒိသုဘုံ၌ စုဝေးခြင်းနှင့် ထိုသူတို့၌ ခရစ်တော်၏ အမှုတော်​ဆောင်ခြင်းတို့ကို မြင်၏။ ၂၅–၃၇၊ သူသည် ဝိညာဉ်တို့၌ ဧဝံဂေလိ​တရားတော် ဟောပြော​ခြင်းကို အဘယ်သို့ ဖွဲ့စည်း​ထားကြောင်းကို မြင်၏။ ၃၈–၅၂၊ သူသည် အာဒံ၊ ဧဝ၊ ထို့အတူ မိမိတို့၏ ရှင်ပြန်ထမြောက်ခြင်း​မတိုင်မီ ဝိညာဉ်​ကမ္ဘာ၌ မိမိတို့၏ ဝိညာဉ်​အခြေ​အနေကို ချုပ်နှောင်ခြင်း အဖြစ် မှတ်ယူ​ကြသည့် များစွာသော သန့်ရှင်းသော​ပရောဖက်တို့ကို မြင်၏။ ၅၃–၆၀၊ ယခု​ကာလ၌ ဖြောင့်မတ်လျက် သေသူတို့သည် ဝိညာဉ်လောက၌ မိမိတို့​အလုပ်များကို ဆက်၍​လုပ်ဆောင်ကြ၏။

တစ်ထောင်​ကိုးရာ​တစ်ဆယ့်​ရှစ်ခုနှစ်၊ အောက်တိုဘာလ​တတိယနေ့၌၊ ကျွန်ုပ်သည် ကျွန်ုပ်​အခန်း​ထဲ၌ထိုင်၍ ကျမ်းစာများကို မှတ်ကျုံး၍​စဉ်းစား​ဆင်ခြင်​နေ၏။

ဆင်ခြင်​သုံးသပ်​နေခဲ့​သည်မှာလည်း လောကကို ရွေးနုတ်​ခြင်းအတွက် ဘုရားသခင်၏ သားတော်​ပြုခဲ့သည့် ကြီးစွာသော အပြစ်​ဖြေခြင်း​ယဇ်အကြောင်း၊

လောက​ထဲသို့ ရွေးနုတ်ရှင် ကြွလာတော်မူခြင်း၌ ခမည်းတော်နှင့် သားတော်​အားဖြင့် ထင်ရှားစွာ​ပြတော်မူ​ခဲ့သည့် ကြီးစွာသော အံ့ဩဖွယ်​ချစ်ခြင်းတို့​ပေတည်း။

သူ၏​အပြစ်​ဖြေခြင်း​မင်္ဂလာ​အားဖြင့်၊ ထို့အတူ ဧဝံဂေလိ​တရားတော်​ကျင့်ဝတ်​စည်းကမ်းများကို နာခံခြင်း​အားဖြင့် လူသားတို့သည် ကယ်တင်ခြင်းသို့​ရောက်နိုင်ကြ​ပေ၏။

ကျွန်ုပ်သည် ထိုကဲ့သို့ အလုပ်များ​နေစဉ်၊ ကျွန်ုပ်စိတ်သည် တမန်တော်​ပေတရု၏ စာများ​ဆီသို့၊ ကိုယ်တော်ရှင် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရပြီးနောက် ဧဝံဂေလိ​တရားတော်ကို ဟောပြောခဲ့ လေသော ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ ထို့အတူ အာရှိပြည်၏ အခြားသော အစိတ်​အပိုင်းများ တစ်လျှောက် ကွဲပြား​ပြန့်ကျဲခဲ့သည့် ယခင်​သန့်ရှင်းသူများ​ဆီသို့ ပြန်လှည့်​သွားခဲ့၏။

ကျွန်ုပ်သည် သမ္မာကျမ်းကို ဖွင့်၍ ပေတရု​ဩဝါဒစာ​ပထမစောင် တတိယနှင့် စတုတ္ထ​အခန်းကြီး​တို့ကို ဖတ်ရာ၊ ဖတ်နေစဉ် အောက်ပါ​စာပိုဒ်များနှင့်​စပ်လျဉ်း၍၊ ယခင်​ဖတ်ဖူးခဲ့ လေသမျှထက် ကြီးစွာ​သတိပြု​မိ၏။

“အကြောင်း​မူကား၊ ခရစ်တော်သည် ကိုယ်ခန္ဓာ​အားဖြင့် အသေသတ်ခံ၍၊ ဝိညာဉ်တော်​အားဖြင့် ရှင်သန်ရ​စေ၍၊ ငါတို့ကို ဘုရားသခင်ထံသို့ ဆောင်ယူနိုင်ခြင်းငှာ ဖြောင့်မတ်​တော်မူသော​သူသည် မဖြောင့်မတ်သော​သူတို့​အတွက်​အပြစ်များကြောင့် ယခင်​တစ်ချိန်က ဒုက္ခ​ဝေဒနာ ခံစား​တော်မူ၏။

“ထို​ဝိညာဉ်တော်​အားဖြင့်လည်း ကြွသွား​တော်မူ၍၊ ထောင်ထဲ၌​ရှိသော ဝိညာဉ်တို့အား ဟောပြော​တော်မူ၏။

“ထိုဝိညာဉ်တို့​မူကား၊ နောဧ​လက်ထက်၌ နည်းသောသူ​တည်းဟူသော၊ လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော​သင်္ဘောကို ပြင်ဆင်စဉ်၊ ဘုရားသခင်၏ စိတ်ရှည်တော်မူခြင်း ယခင်​တစ်ချိန်က ဆိုင်းလင့်​တော်မူ​သော်လည်း၊ တစ်ချိန်က မနာခံသော ဝိညာဉ်များ ဖြစ်ကြ၏။” (ပေတရုဩဝါဒစာပထမစောင် ၃း ၁၈–၂၀)

၁၀ “အကြောင်း​မူကား၊ ဇာတိ​ကိုယ်ခန္ဓာ၌ လူသားတို့​အတိုင်း တရားစီရင် ခံရ​နိုင်သော်လည်း၊ စိတ်ဝိညာဉ်၌ ဘုရားသခင်​အတိုင်း အသက်​ရှင်နိုင်​ကြမည်​ဟူသော ဤ​အကြောင်းရင်း​ကြောင့် ဧဝံဂေလိ​တရားတော်ကို သေသူတို့အား ဟောပြော​လေ၏။” (ပေတရုဩဝါဒစာပထမစောင် ၄း၆)

၁၁ ကျွန်ုပ်သည် ရေးထားသော ဤ​အရာတို့ကို မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်​နေစဉ်၊ ကျွန်ုပ်၏ နားလည်ခြင်း မျက်စိများ​ပွင့်၏၊ ကိုယ်တော်ရှင်၏ ဝိညာဉ်တော်​သည်လည်း ကျွန်ုပ်​အပေါ်မှာ ကိန်းဝပ်​တော်မူ၏၊ ကျွန်ုပ်သည် သေသူ အကြီး​အငယ်​နှစ်မျိုး​စလုံး၏ အလုံးအရင်းတို့ကိုလည်း မြင်ရ၏။

၁၂ သေခြင်း​ရှိရာ၌ နေခဲ့​စဉ်က ယေရှု​အကြောင်း သက်သေခံချက်၌ သစ္စာ​ရှိခဲ့လေသူများ တည်းဟူသော၊ မရေတွက်​နိုင်အောင်​ရှိသော ဖြောင့်မတ်သူတို့၏​စိတ်ဝိညာဉ်များ၏ အစု​အဝေး​တစ်ခု နေရာ​တစ်နေရာ၌ အတူ​တကွ​စုဝေး​လေ၏။

၁၃ ဘုရားသခင့်​သားတော်၏ ကြီးစွာသော​ယဇ်ပူဇော်ခြင်း၏ ပုံဆောင်ခြင်း​အတိုင်း ယဇ်ကိုပူဇော်ခဲ့ လေသော၊ ထို့အတူ သူတို့၏​ရွေးနုတ်ရှင်၏ နာမတော်၌ အတိဒုက္ခကို ခံစားခဲ့​လေသူများလည်း ဖြစ်၏။

၁၄ ခပ်သိမ်းသော ဤ​သူတို့သည် သေခြင်း​ရှိသော​ဘဝမှ ထွက်ခွာ သွားခဲ့​ကြလေပြီ၊ ခမည်းတော် ဘုရားသခင်နှင့် သူ၏တစ်ပါးတည်းသော သားတော်၊ ယေရှု​ခရစ်တော်တို့၏ ကျေးဇူးတော် အားဖြင့် အသရေ​ထင်ရှားသော ရှင်ပြန်​ထမြောက်ခြင်း၏ ခိုင်မြဲသော​မျှော်လင့်ခြင်း၌ ရှိကြ၏။

၁၅ သူတို့၏​လွတ်မြောက်ရာ​ကာလ နီးလေ​သောကြောင့် သူတို့သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်းတို့နှင့် ပြည့်၍၊ အတူ​တကွ ရွှင်လန်း​ဝမ်းမြောက် နေကြ​လေသည်ကို ကျွန်ုပ်​မြင်ရ၏။

၁၆ သေခြင်း၏ ကြိုးများမှ သူတို့၏​ရွေးနုတ်ခြင်းကို ဟောကြားရန် ဝိညာဉ်​လောက​ထဲသို့ ဘုရားသခင်၏ သားတော်​ကြွလာတော်မူခြင်းကို သူတို့သည် စုဝေး၍ စောင့်​နေကြ​လေ၏။

၁၇ ဝမ်းမြောက်ခြင်း အပြည့်​အစုံကို သူတို့​ရရှိ​နိုင်ကြ​စေခြင်းငှာ သူတို့၏ အိပ်ပျော်​နေသော မြေမှုန့်သည် မိမိ၏ စုံလင်သော​ကိုယ်သို့၊ အရိုးသည် အပေါ်၌ အကြော၊ အသားနှင့် မိမိအရိုးသို့၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် တစ်ဖန် အဘယ်တော့မျှ ခွဲခွာ​မခံရ​စေရန်၊ ပြန်လည် ပေါင်းစည်းခံရ​လိမ့်မည်။

၁၈ ဤ​အလွန်​များစွာသော အစု​အဝေးတို့ စုဝေးပြီး ပြောဆို၍၊ သေခြင်း၏ သံကြိုးမှ သူတို့၏ လွတ်မြောက်ရာ​အချိန်၌ ရွှင်လန်း​ဝမ်းမြောက် နေကြ​စဉ်တွင်၊ ဘုရားသခင်၏ သားတော်သည် သစ္စာ​ရှိလေသော အကျဉ်းသား​တို့အား လွတ်လပ်ခြင်းကို ဟောကြားလျက် ပေါ်လာ​တော်မူ၏။

၁၉ ထိုနေရာ၌ သူတို့အား ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်၊ ရှင်ပြန်​ထမြောက်ခြင်းနှင့် လူသား၏ ကျရှုံးခြင်း၊ ထို့အတူ နောင်တရခြင်း အခွင့်များဖြင့် ကိုယ်အပြစ်များမှ ရွေးနုတ်ခြင်း​အကြောင်း ဩဝါဒကို ဟောပြောတော်မူ၏။

၂၀ သို့ရာတွင်၊ ဆိုးညစ်သော​သူများ​ဆီသို့ သူ​မသွားခဲ့၊ ဇာတိကိုယ်ခန္ဓာ၌ ရှိစဉ်တွင် သူတို့ကိုယ်သူတို့ ညစ်ညူး​စေသော​သူများ တည်းဟူသော ဘုရားမဲ့​နေသော​သူများနှင့် နောင်တ​မရသော​သူများ၌လည်း သူ၏​အသံကို မမြင့်​စေခဲ့။

၂၁ ရှေး​ပရောဖက်တို့၏ သက်သေခံချက်များနှင့် သတိပေးခြင်းများကို ငြင်းပယ်​ခဲ့ကြ​သူများ တည်းဟူသော ပုန်ကန်သူတို့သည် သူ၏​မျက်မှောက်တော်ကို မကြည့်ကြ၊ သူ၏​မျက်နှာတော်ကိုလည်း မကြည့်ကြ။

၂၂ ဤ​သူတို့ ရှိလေသည့် နေရာ၌၊ မှောင်မိုက်ခြင်း အုပ်စိုး၏၊ သို့ရာတွင် ဖြောင့်မတ်သော သူတို့၌ ငြိမ်းချမ်းခြင်း ရှိလေ၏။

၂၃ သန့်ရှင်းသူတို့သည် သူတို့၏​ရွေးနုတ်ခြင်း၌ ရွှင်လန်း​ဝမ်းမြောက်၏၊ ဒူးထောက်၍၊ ဘုရားသခင်၏ သားတော်ကို သူတို့၏ ရွေးနုတ်ရှင် အဖြစ်၊ သေခြင်းနှင့် ငရဲ၏​သံကြိုးများမှ ကယ်လွှတ်ရှင်အဖြစ် အသိ​အမှတ်​ပြုကြ၏။

၂၄ သူတို့၏ မျက်နှာထားများ တောက်ပကြ၏၊ ကိုယ်တော်ရှင်၏ မျက်မှောက်မှ ရောင်ပြန်သည် သူတို့​အပေါ် ကိန်းဝပ်၏၊ သူတို့သည် သူ၏​သန့်ရှင်းသော နာမတော်​အဖို့ ချီးမွမ်း သီချင်းဆိုကြ၏။

၂၅ ကျွန်ုပ်​အံ့ဩ၏၊ အကြောင်း​မူကား၊ ကယ်တင်ရှင်သည် ယုဒလူမျိုးတို့နှင့် ဣသရေလ အမျိုးသားတို့၌ သူ၏ အမှုတော်ဆောင်ခြင်းတွင်၊ သူတို့အား ထာဝရ​တည်မြဲသော ဧဝံဂေလိ တရားတော်ကို သွန်သင်ရန်နှင့် နောင်တရခြင်းသို့ ခေါ်ရန် ကြိုးစား​အားထုတ်လျက် သုံးနှစ်ခန့် ကုန်လွန်​စေတော်​မူကြောင်း ကျွန်ုပ်​နားလည်၏။

၂၆ သို့သော်လည်း၊ သူ၏​ကြီးစွာသော အမှုများ၊ ထို့အတူ အလွန်တရာ အံ့ဩဖွယ်​အမှုများ၊ ထို့အတူ တန်ခိုးနှင့် အခွင့်​အာဏာဖြင့် သမ္မာ​တရား​အကြောင်း ကြေညာခြင်းတို့ ရှိသော်​ငြားလည်း၊ အနည်းငယ်သော သူတို့သာ သူ၏​အသံကို စေ့စေ့နားထောင်ကြ၊ ထို့အတူ သူ၏​မျက်မှောက်၌ ရွှင်လန်း ဝမ်းမြောက်ကြ၊ ထို့အတူ သူ၏​လက်များမှ ကယ်တင်ခြင်းကို ရရှိကြ၏။

၂၇ သို့ရာတွင် သေသူတို့၌ သူ၏​အမှုတော်​ဆောင်ခြင်းမှာ လက်ဝါးကပ်တိုင်၌ ကွပ်မျက်​ခံရခြင်းနှင့် သူ၏​ရှင်ပြန်ထမြောက်ခြင်း နှစ်ခု​ကြား၌ ရောက်ရှိသည့် အချိန်တို​အတွင်း၌ ကန့်သတ်ထား​ခံရ၏။

၂၈ ကျွန်ုပ်သည်လည်း ပေတရု၏​စကားများ၌—ထိုစကားတွင်၊ နောဧလက်ထက်၌ ဘုရားသခင်၏ စိတ်ရှည်​တော်မူခြင်း ယခင်​တစ်ချိန်က ဆိုင်းလင့်​တော်မူသော​အခါ တစ်ချိန်က မနာခံသော ဝိညာဉ်များ ဖြစ်လေသည့် ထောင်ထဲ၌ ရှိသော​ဝိညာဉ်တို့အား ဘုရားသခင်၏ သားတော်သည် ဟောပြော တော်မူ၏—သူ့အတွက် ထို​ဝိညာဉ်များကို ဟောပြောရန်နှင့် သူတို့၌ လိုအပ်သော​အလုပ်ကို ဆောင်ရွက်ရန် ထိုကဲ့သို့သော အချိန်တို​အတွင်း၌ အဘယ်သို့​အားဖြင့် ဖြစ်နိုင်​မည်ကို အံ့ဩ​မိ၏။

၂၉ ကျွန်ုပ်​အံ့ဩ​နေစဉ်၊ ကျွန်ုပ်၏ မျက်စိများ​ပွင့်၍၊ ကျွန်ုပ်၏ နားလည်ခြင်း​ရှင်သန်ခဲ့၏၊ ကိုယ်တော်ရှင်သည် သမ္မာ​တရားကို ငြင်းပယ်​ခဲ့သည့် ဆိုးညစ်သော​သူများနှင့် မနာခံသော​သူများ၌ သူတို့အား သွန်သင်ရန် ကိုယ်တိုင်​သွားခဲ့ခြင်း​မရှိကြောင်းကိုလည်း ကျွန်ုပ်​သိမြင်​ခဲ့ရ၏။

၃၀ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သော​သူတို့​အထဲမှ၊ သူသည် မိမိ​အင်အားစုများကို ဖွဲ့စည်းပြီးလျှင်၊ တန်ခိုးနှင့် အခွင့်အာဏာ​တို့ဖြင့် ဝတ်ဆင်​ထားသည့် တမန်များကို ခန့်အပ်​ထား၏၊ ထို့အတူ သူတို့အား ထွက်သွားရန်နှင့်၊ မှောင်မိုက်ထဲ၌ ရှိကြ​လေသူများ​ဆီသို့၊ အကယ်​စင်စစ်၊ လူသားတို့၏ ခပ်သိမ်းသော ဝိညာဉ်များ ဆီသို့ ဧဝံဂေလိ​တရားတော်၏ အလင်းကို ဆောင်ယူရန် အခွင့်​အရာ ပေးတော်မူ​ခဲ့၏။ ထိုကဲ့သို့​အားဖြင့်၊ ဧဝံဂေလိ​တရားတော်ကို သေသူများသို့ ဟောပြော​ခဲ့၏။

၃၁ ရွေးကောက်​ထားသော တမန်တို့သည်လည်း ကိုယ်တော်ရှင်၏ မင်္ဂလာနေ့ကို ဟောကြားရန်နှင့် ချုပ်နှောင် ခံရ​လေသော အကျဉ်းသားတို့ကို၊ မိမိတို့​အပြစ်များမှ နောင်တ​ရ၍၊ ဧဝံဂေလိ​တရားတော်ကို လက်ခံ​လိုသည့် ခပ်သိမ်းသော​သူတို့ကိုပင် လွတ်လပ်ခြင်းကို ကြေညာရန် ထွက်သွား​ခဲ့ကြ၏။

၃၂ သမ္မာ​တရား​အကြောင်း အသိပညာ​မရှိဘဲ၊ မိမိတို့​အပြစ်များ၌၊ သို့မဟုတ် ပရောဖက်တို့ကို ငြင်းပယ်လျက် လွန်ကျူးခြင်း၌ သေသော​သူများသို့ ထိုကဲ့သို့​အားဖြင့် ဧဝံဂေလိ​တရားတော်ကို ဟောပြော​ခဲ့၏။

၃၃ သွန်သင်ခဲ့​လေသည့် ဤ​အရာတို့သည်ကား၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ အပြစ်များမှ နောင်တ​ရခြင်း၊ အပြစ်များမှ လွှတ်ခြင်း​အတွက်၊ ကိုယ်စား​ဗတ္တိဇံ၊ လက်တင်ခြင်း​အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူး၊

၃၄ သူတို့အား ဇာတိကိုယ်ခန္ဓာ၌ လူသားတို့​အတိုင်း တရား​စီရင်​ခံရ​နိုင်သော်လည်း၊ စိတ်ဝိညာဉ်၌ ဘုရားသခင်အတိုင်း အသက်ရှင်ရနိုင်စေကြောင်း သူတို့ကိုယ်သူတို့ အရည်အချင်း ပြည့်မီ​စေခြင်းငှာ သူတို့​အတွက် သိရန်​လိုအပ်သည့် ဧဝံဂေလိ​တရားတော်၏ ခပ်သိမ်းသော​အခြား အခြေခံ​ဩဝါဒများဖြစ်၏။

၃၅ ထိုကဲ့သို့​အားဖြင့်၊ သေသူ အကြီး​အငယ်​နှစ်မျိုး​စလုံးတို့၌၊ သစ္စာ​ရှိသော​သူများနည်းတူ မတရားသော​သူတို့၌ လက်ဝါးကပ်​တိုင်ပေါ်တွင် ဘုရားသခင့်​သားတော်၏ ယဇ်အားဖြင့် ပြုပြင်​စီရင် ထားလေသည့် ရွေးနုတ်ခြင်းကို ဖော်ပြ​ထား၏။

၃၆ ထိုကဲ့သို့​အားဖြင့် ကျွန်ုပ်တို့၏​ရွေးနုတ်ရှင်သည် ဝိညာဉ်​လောက၌ တည်းခို​နေစဉ်၊ ဇာတိ​ကိုယ်ခန္ဓာ၌ သူ့အကြောင်းကို သက်သေခံ​ခဲ့ကြလေသော ပရောဖက်တို့၏​ဝိညာဉ်များကို သွန်သင်ခြင်းနှင့် ပြင်ဆင်ခြင်း၌ သူ၏​အချိန်ကို ကုန်လွန်​စေကြောင်း ဖော်ပြ​ထား၏။

၃၇ ခပ်သိမ်းသော​သေသူတို့ထံ၊ ပုံကန်ခြင်းနှင့် လွန်ကျူးခြင်းကြောင့်၊ သူကိုယ်တိုင် မသွားနိုင်ခဲ့သည့် သူတို့ထံ၊ သူတို့အား သူ့ကျွန်တို့၏ အမှုတော်ဆောင်ခြင်းအားဖြင့် သူ၏​နှုတ်ကပတ်တော်ကို ကြားနိုင်ကြ​စေခြင်းငှာ၊ ရွေးနုတ်ခြင်း သတင်းစကားကို ထိုဝိညာဉ်တို့ ဆောင်ယူ​နိုင်ကြ​စေခြင်းငှာ​ဖြစ်၏။

၃၈ ကြီးစွာသော အားကြီးသူတို့၌ ဤ​များစွာသော ဖြောင့်မတ်သူ ပရိသတ်တွင် စုဝေးလေသော သူတို့သည်ကား အဘ​အာဒံ၊ ရှေးကျသူ၊ ခပ်သိမ်းသောသူတို့၏​အဘ၊

၃၉ ထို့အတူ နေထိုင်ခဲ့သည့် ကာလ​တစ်လျှောက်၌ မှန်ကန်၍ အသက်ရှင်တော်မူသည့် ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြလေသူများ​တည်းဟူသော မိမိ၏​သစ္စာ​ရှိသော သမီးများစွာတို့နှင့် အတူ​ရှိသည့် ကျွန်ုပ်တို့၏ အသရေ​ထင်ရှားသော​အမိ ဧဝတို့​ဖြစ်ကြ၏။

၄၀ အာဗေလ၊ ပထမဆုံး အာဇာနည်သည် ထိုနေရာ၌ ရှိ၏၊ ထို့အတူ အားကြီးသူတို့​အထဲမှ တစ်ဦး​ဖြစ်သူ၊ မိမိ​အဘ၊ အာဒံနှင့် သဏ္ဌာန်​တူလေသူ သူ၏​အစ်ကို ရှေသလည်း​ရှိ၏။

၄၁ နောဧ၊ ရေ​လွှမ်းမိုးခြင်း​အကြောင်း သတိပေး​ခဲ့သူ။ ရှေမ၊ ကြီးစွာသော​ယဇ်ပုရောဟိတ်မင်း။ အာဗြဟံ၊ သစ္စာ​ရှိသော သူတို့၏​အဘ။ ဣဇာက်၊ ယာကုပ်၊ ထို့အတူ မောရှေ၊ ကြီးစွာသော ပညတ်​တရားရှင်။

၄၂ ထို့အတူ၊ ဟေရှာယ၊ ရွေးနုတ်ရှင်သည် စိတ်နှလုံးကျိုးပဲ့သူတို့အား စည်းစေရန်၊ အကျဉ်းသားတို့အား လွတ်လပ်ခြင်းကို ကြေညာစေရန် ဆီလိမ်း၍ ခန့်အပ်ခံရကြောင်း ပရောဖက်ပြု​ဟောချက်အားဖြင့် ဟောကြားသူ၊ ထို့အတူ ချုပ်နှောင်​ခံရသောသူများ​အဖို့ ထောင်ကို ဖွင့်ထားခြင်းတို့သည်လည်း ထိုနေရာ၌ ရှိလေ၏။

၄၃ တစ်ဖန်၊ ယေဇကျေလ၊ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်း၌ သက်ရှိလူများ​အဖြစ် တစ်ဖန်​ထွက်လာ​စေရန် အသားနှင့် ဝတ်ဆင်ခံရမည့် အရိုးခြောက်တို့၏ ကြီးစွာသော ချိုင့်ဝှမ်းဟူသော ရူပါရုံ၌ ဖော်ပြ​ခံရသူ၊

၄၄ ဒံယေလ၊ နောက်ပိုင်းကာလ၌ အဘယ်တော့မျှ တစ်ဖန်​ဖျက်ဆီး​မခံရ၊ အခြားလူမျိုးတို့ထံ အပေးလည်းမခံရမည့် ဘုရားသခင့်​နိုင်ငံတော်၏ တည်ထောင်ခြင်းကို ကြိုတင်မြင်၍၊ ကြိုတင်​ဟောပြောသူ၊

၄၅ ဧလိုင်ယ၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်း တောင်ပေါ်၌ မောရှေနှင့်​အတူ​ရှိလေသူ။

၄၆ ထို့အတူ မာလခိ၊ ဧလိယ၏ ကြွရောက်​လာခြင်း အကြောင်းကို သက်သေခံသည့် ပရောဖက်—ထိုသူသည် ကိုယ်တော်ရှင်၏ ကြီးစွာသော ကြောက်မက်ဖွယ်နေ့ မဝင်ရောက်မီ ကြွရောက်​လာမည့် အကြောင်း မော်ရော်နိုင်းကလည်း ပရောဖက် ဂျိုးဇက်​စမစ်ကို မြွက်ဆိုခဲ့၏—သည်လည်း ထိုနေရာ၌ ရှိ​လေ၏။

၄၇ ပရောဖက်​ဧလိယသည် ဘိုးဘေးတို့ထံ​ပြုထားသည့် ကတိတော်တို့ကို သားမြေးတို့၏​စိတ်နှလုံး၌ စိုက်ရ​လိမ့်မည်၊

၄၈ မြေကြီး​တစ်ခုလုံး ကျိန်ခြင်းဖြင့် ဒဏ်ခတ်​မခံရမည့်​အကြောင်း၊ သေသူတို့၏​ရွေးနုတ်ခြင်း၊ ထို့အတူ သားသမီးများ သူတို့၏​မိဘများသို့ တံဆိပ်ခတ်ခြင်း​အတွက် အချိန်​ကာလ​ပြည့်စုံခြင်း သာသနာတွင် ကိုယ်တော်ရှင်၏ ဗိမာန်တော်များ​ထဲ၌ လုပ်ဆောင်​ရမည့် ကြီးစွာသော​အမှုတော်ကို အရိပ်​နိမိတ်​ပြခြင်း​ဖြစ်၏။

၄၉ ခပ်သိမ်းသော ဤ​သူတို့နှင့် ပို၍​များစွာသောသူတို့၊ နီဖိုင်း​အမျိုးသားတို့၌ နေထိုင်၍၊ ဘုရားသခင့်​သားတော်၏ ကြွလာတော်မူခြင်း အကြောင်း သက်သေခံ​ခဲ့သည့်​ပရောဖက်တို့ပင် အလွန်​များစွာသော အစည်း​အဝေး၌ ရောနှော၍၊ သူတို့၏ လွတ်မြောက်ခြင်းအတွက် စောင့်မျှော်နေခဲ့​ကြ၏၊

၅၀ အကြောင်း​မူကား၊ သေသူ​တို့သည် သူတို့၏​ကိုယ်ခန္ဓာတို့မှ သူတို့၏​ဝိညာဉ်တို့ ကြာမြင့်စွာ ကွဲကွာ​ခြင်းကို အချုပ်​ခံရခြင်း​အဖြစ် မှတ်ယူ​ကြ၏။

၅၁ ဤ​သူတို့ကို ကိုယ်တော်ရှင် သွန်သင်​တော်မူ​ခဲ့၏၊ ထို့အတူ သေခြင်းမှ သူ၏ ရှင်ပြန်​ထမြောက်ခြင်း၏ နောက်တွင်၊ သူ့ခမည်းတော်၏ နိုင်ငံတော်သို့ ဝင်ရန်၊ သူတို့အား ထွက်လာ​စေရန် တန်ခိုးကိုလည်း ပေးခဲ့၏၊ ထို​နေရာ၌ သေခြင်း​မရှိရာနှင့် ထာဝရအသက်တို့ဖြင့် ချီးမြှင့်ခံကြရစေရန် ဖြစ်၏၊

၅၂ ထို​အချိန်မှ​စ၍ သူတို့၏ အလုပ်ကို ကိုယ်တော်ရှင် ကတိ​ထားတော်မူ​ခဲ့လေသည့် အတိုင်း ဆက်၍ လုပ်ဆောင်​ကြရန်၊ သူ့ကို ချစ်သော​သူတို့​အတွက် သိမ်းထားသည့် ခပ်သိမ်းသော ကောင်းချီး​မင်္ဂလာတို့ကို သုံးဆောင်သော​သူများ ဖြစ်လာ​စေရန်လည်း ဖြစ်၏။

၅၃ ပရောဖက် ဂျိုးဇက်​စမစ်၊ ထို့အတူ ကျွန်ုပ်၏​အဖ၊ ဟီရမ်​စမစ်၊ ဘရင်ဂ်ဟမ်​ရန်းဂ်၊ ဂျွန်​တေလာ၊ ဝီလဖို့​ဝုဒရပ်ဖ်၊ ထို့အတူ ကြီးစွာသော နောက်ပိုင်း​ကာလ အမှုတော်၏ အုတ်မြစ်​ချခြင်း၌ ပါဝင်ရန် အချိန်ကာလ ပြည့်စုံခြင်းသို့ ရောက်သော​အခါ ထွက်လာရန် သိမ်းထား​ခံရ​လေသည့် အခြားသော ရွေးချယ်ထားသည့် ဝိညာဉ်များ၊

၅၄ ဗိမာန်တော်များ တည်ဆောက်ခြင်း အပါ​အဝင်၊ သေသူတို့၏ ရွေးနုတ်ခြင်း အတွက် ၎င်းတို့ အထဲ၌ ဘိသိက်​မင်္ဂလာများ စီရင်ခြင်းတို့သည်လည်း ဝိညာဉ်​လောက၌ ရှိလေ၏။

၅၅ ထိုသူတို့သည် ရှေးဦးစွာ၌ ဘုရားသခင်၏​အသင်းတော်တွင် အုပ်စိုးသူများ​အဖြစ် ရွေးကောက် ခံရ​လေသော ဆွေကြီး​မျိုးကြီးများနှင့် ကြီးမြတ်သော​သူများ၌လည်း ရှိလေကြောင်း ကျွန်ုပ် ဂရု​ပြုမိ ခဲ့၏။

၅၆ သူတို့​မမွေးဖွားမီ​ကပင်၊ သူတို့သည်၊ များစွာသော အခြားသူတို့နှင့် အတူ၊ ဝိညာဉ်တို့၏ လောက၌ သူတို့၏ ပထမဦးဆုံး​သင်ခန်းစာများကို ရရှိခဲ့​ကြပြီး၊ ကိုယ်တော်ရှင်၏ စပျစ်​ဥယျာဉ်​ထဲ၌ လူသားတို့၏ စိတ်ဝိညာဉ်များ၏ ကယ်တင်ခြင်း​အတွက် အလုပ်လုပ်ရန် သူ၏ ကာလအချိန်တန်သော အခါ၌ ထွက်လာရန် ပြင်ဆင်ခံ​ခဲ့ကြ​ရလေ၏။

၅၇ ဤ​သာသနာမှ သစ္စာ​ရှိသော အသင်း​လူကြီးတို့သည်၊ သေခြင်း​ရှိသော ဘဝမှ ထွက်ခွာကြသော​အခါ၊ သေသူတို့၏ ဝိညာဉ်များ၏ ကြီးစွာသော လောက၌ မှောင်မိုက်ထဲနှင့် အပြစ်၏ ချုပ်နှောင်ခြင်း​အောက်၌ရှိကြသော သူတို့၌ နောင်တရခြင်းအကြောင်းနှင့် ဘုရားသခင်၏ တစ်ပါး​တည်းသော သားတော်၏ယဇ်အားဖြင့် ရွေးနုတ်ခြင်းအကြောင်း ဧဝံဂေလိ​တရားတော်ကို ဟောပြောခြင်း၌ သူတို့၏အလုပ်ကို ဆက်၍​လုပ်ဆောင်ကြကြောင်း ကျွန်ုပ်​မြင်ခဲ့​ရ၏။

၅၈ နောင်တရမည့် သေသူတို့သည် ဘုရားသခင့်​အိမ်တော်၏ ဘိသိက်မင်္ဂလာတို့ကို နာခံခြင်း​အားဖြင့် ရွေးနုတ်​ခံကြ​ရလိမ့်မည်။

၅၉ သူတို့သည် သူတို့၏ လွန်ကျူးခြင်းများအတွက် အပြစ်ဒဏ်ကို ပေးဆပ်ကြ​ပြီးနောက်၊ ဆေးကြော၍ သန့်ရှင်းကြ၏၊ သူတို့၏​အကျင့်များ​အတိုင်း အကျိုး​ကျေးဇူးကို ရရှိ​ကြ၏၊ အကြောင်း​မူကား၊ သူတို့သည် ကယ်တင်ခြင်းကို အမွေခံသူများ ဖြစ်ကြ၏။

၆၀ ထို​အရာ​သည်ကား၊ ကျွန်ုပ်ထံ​ဖော်ပြ​ခဲ့သည့် သေသူတို့၏ ရွေးနုတ်ခြင်း​အကြောင်း ရူပါရုံ ဖြစ်၏၊ ဤ​မှတ်တမ်းသည် မှန်ကန်ကြောင်း၊ ကျွန်ုပ်တို့၏ ကိုယ်တော်ရှင်နှင့် ကယ်တင်ရှင်၊ ယေရှု​ခရစ်တော်၏ ကောင်းချီး​မင်္ဂလာ​အားဖြင့် ကျွန်ုပ်​သက်သေ​ခံ၏၊ သိလည်း​သိပါ၏၊ ထိုကဲ့သို့​ပင်တည်း။ အာမင်။