ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁၁၂


အပိုဒ်ငယ် ၁၁၂

သိုးသငယ်၏ တမန်တော်​တစ်ဆယ့်နှစ်ပါးနှင့် စပ်လျဉ်း၍၊ ၁၈၃၇ ခု၊ ဇူလိုင်လ ၂၃ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်၊ သောမတ်စ်​ဘီ​မာ့ရှ်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ဤ​ဗျာဒိတ်တော်ကို၊ အသင်း​လူကြီး ဟက်ဘာ​စီ​ကင်းဘောလ်နှင့် အော်ဆန်​ဟိုက်တို့ အင်္ဂလန်၌ ဧဝံဂေလိ​တရားတော်ကို ပထမဆုံး​ဟောပြောသည့်​နေ့တွင် လက်ခံ​ရရှိခဲ့၏။ သောမတ်စ်​ဘီ​မာ့ရှ်သည် ဤ​အချိန်၌ တမန်တော်​တစ်ဆယ့်​နှစ်ပါး​အဖွဲ့၏ ဥက္ကဋ္ဌ​ဖြစ်၏။

၁–၁၀၊ တစ်ဆယ့်​နှစ်ပါးသည် ခပ်သိမ်းသော​ပြည်သားများနှင့် လူမျိုးတို့ထံ ဧဝံဂေလိ​တရားတော်ကို ပို့၍၊ သတိပေးခြင်း​အသံကို ဟစ်ကြွေး​ရမည်။ ၁၁–၁၅၊ သူတို့သည် မိမိတို့​လက်ဝါးကပ်တိုင်ကိုထမ်း၊ ယေရှုနောက်သို့​လိုက်ပြီး၊ သူ၏​သိုးတို့ကို ကျွေးမွေးရမည်။ ၁၆–၂၀၊ ပထမ​ဥက္ကဋ္ဌ​အဖွဲ့ကို လက်ခံသော​သူများသည် ကိုယ်တော်ရှင်ကို လက်ခံကြ၏။ ၂၁–၂၉၊ မှောင်မိုက်ခြင်းသည် မြေကြီးကို ဖုံးလွှမ်း၏၊ ယုံကြည်လျက် ဗတ္တိဇံ​ခံကြသော​သူတို့သာ ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ ၃၀–၃၄၊ ပထမ​ဥက္ကဋ္ဌ​အဖွဲ့နှင့် တစ်ဆယ့်​နှစ်ပါးသည် အချိန်​ကာလ​ပြည့်စုံခြင်း​သာသနာ၏​သော့များကို ကိုင်ဆောင်၏။

သင့်ကို ကိုယ်တော်ရှင် အမှန်​မိန့်တော်မူ​သည်ကား၊ ငါ့ကျွန်​သောမတ်စ်၊ ငါသည် သင်၏ ဆုတောင်းခြင်းများကို ကြား​တော်မူ​လေပြီ။ ငါ၏ နာမတော်ကို​သက်သေခံ​စေရန်နှင့် ထို​သက်သေခံချက်ကို ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို ပြောသူနှင့် လူမျိုးတို့၌ အနှံ့​အပြား စေလွှတ်​စေရန် ရွေးကောက်​ခံရ​လေသူများ၊ ထို့အတူ ငါ့ကျွန်တို့၏​အထောက်​အကူ​အားဖြင့် ခန့်ထား​ခံရသူများ​ဖြစ်သည့် သင်၏​ညီအစ်ကိုတို့​ကိုယ်စား၊ ငါ့ရှေ့၌ အောက်မေ့​ဖွယ်ရာ​အဖြစ် သင်၏ လက်များ တက်လာ​လေပြီ။

သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ သင်၏​စိတ်နှလုံး၌ အနည်းငယ်သော​အရာ​အချို့​ရှိ၏၊ သင်နှင့်​စပ်လျဉ်းသည့် ထို​အရာကို၊ ငါ၊ ကိုယ်တော်ရှင်​အလွန်​မနှစ်သက်။

သို့သော်လည်း၊ သင်သည် သင့်ကိုယ်သင်​နှိမ့်ချ​သမျှ ချီးမြှောက်​ခံရ​လိမ့်မည်။ ထို့ကြောင့်၊ သင်၏​ခပ်သိမ်းသော​အပြစ်များကို ခွင့်လွှတ်၏။

သင်၏​စိတ်နှလုံးကို ငါ့မျက်နှာ​ရှေ့၌ ရွှင်လန်း​စေလော့။ သင်သည် တစ်ပါးအမျိုးသားတို့​ထံသို့​သာမက၊ ယုဒလူမျိုးတို့​ထံသို့လည်း ငါ၏​နာမတော်​အကြောင်းကို သက်သေခံရမည်။ သင်သည် ငါ၏​နှုတ်ကပတ်တော်ကို မြေကြီးစွန်းတိုင်အောင် ပို့ရမည်။

ထို့ကြောင့်၊ သင်သည် နံနက်​အစဉ်​အတိုင်း ငြင်းခုံလော့။ တစ်နေ့ပြီး​တစ်နေ့ သင်၏​သတိပေးခြင်း​အသံကို ထွက်သွား​စေလော့။ ညဉ့်​ရောက်သော​အခါ၌လည်း မြေကြီး​ပေါ်မှာ​နေထိုင်သူတို့ကို သင်၏​စကားကြောင့် မငိုက်မျဉ်း​စေနှင့်။

ဇိအုန်၌ သင်၏​နေရပ်ကို သိကြ​စေလော့၊ သင်၏​အိမ်ကိုလည်း ဖယ်ရှားခြင်း​မပြုနှင့်။ အကြောင်း​မူကား၊ ငါ၊ ကိုယ်တော်ရှင်၌၊ သင်​ဆောင်ရွက်ရန်၊ လူသားတို့၌ ငါ၏​နာမတော်ကို ပြောကြားခြင်းနှင့် စပ်လျဉ်း၍ ကြီးစွာသော​အမှု​ရှိ၏။

ထို့ကြောင့်၊ အမှု​အတွက် သင်၏​ခါးကို စည်းလော့။ သင်၏​ခြေတို့ကိုလည်း ခြေနင်း​စီးစေလော့၊ အကြောင်း​မူကား၊ သင်သည် ရွေးကောက်​ခံရ၏၊ သင်၏​လမ်းကြောင်းသည်လည်း တောင်များကြား၌၊ ထို့အတူ များစွာသောပြည်သားတို့၌ ရှိ၏။

မြင့်သောသူ​များစွာတို့သည် သင်၏​စကားဖြင့် နှိမ့်ချ​ခံရမည်၊ နိမ့်သောသူ များစွာတို့သည် သင်၏​စကားဖြင့် ချီးမြှောက်​ခံရ​လိမ့်မည်။

သင်၏​အသံသည် လွန်ကျူးသောသူ​အဖို့ ဆုံးမခြင်း​ဖြစ်လိမ့်မည်။ သင်၏​ဆုံးမခြင်းကြောင့် အတင်းပြောသူ၏​လျှာမှ ဖောက်ပြန်ခြင်းကို ရပ်တန့်​စေလော့။

၁၀ သင်သည် နှိမ့်ချလော့။ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်သည် သင့်ကို လက်ဖြင့်​ပို့ဆောင်၍၊ သင်၏​ဆုတောင်းခြင်းများကို အဖြေ​ပေးလိမ့်မည်။

၁၁ ငါသည် သင်၏​စိတ်နှလုံးကို သိ၏၊ သင်၏​ညီအစ်ကိုတို့နှင့်​စပ်လျဉ်း၍ သင်၏​ဆုတောင်းခြင်းများ​ကိုလည်း ကြားတော်မူ​လေပြီ။ ချစ်ခြင်း၌ အခြားသူ​များစွာတို့ထက် သူတို့​အပေါ် ဘက်မလိုက်နှင့်၊ သို့ရာတွင် သူတို့​အတွက် သင်၏​ချစ်ခြင်းကို သင်ကိုယ်တိုင်​အတွက်​ကဲ့သို့ ဖြစ်စေလော့။ သင်၏​ချစ်ခြင်းကို ခပ်သိမ်းသော​သူတို့​အဖို့၊ ထို့အတူ ငါ၏​နာမတော်ကို ချစ်သည့် ခပ်သိမ်းသော​သူတို့​အဖို့ များပြား​စေလော့။

၁၂ သင်၏​ညီအစ်ကို တစ်ဆယ့်​နှစ်ပါး​အတွက်လည်း ဆုတောင်းလော့။ ငါ၏​နာမတော်​အတွက် သူတို့ကို ပြင်းစွာ​ဆုံးမလော့၊ သူတို့ကိုလည်း သူတို့၏​ခပ်သိမ်းသော​အပြစ်များ​အတွက် ဆုံးမ​ခံစေလော့၊ သင်သည်လည်း ငါ၏​နာမတော်​အဖို့ ငါ့ရှေ့၌ သစ္စာ​ရှိလော့။

၁၃ သူတို့၏​စုံစမ်းခြင်းများ၊ ထို့အတူ များစွာသော​အတိဒုက္ခ​နောက်မှ၊ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ရှာမည်၊ သူတို့သည် ငါ့ကို ဆန့်ကျင်၍ သူတို့၏​စိတ်နှလုံးကို မာကျော​စေခြင်း​မရှိကြ၊ သူတို့၏​လည်ပင်းကို ခိုင်မာ​စေခြင်း​မရှိကြလျှင်၊ ပြောင်းလဲခြင်းသို့ ရောက်ကြ​လိမ့်မည်၊ ငါသည်လည်း သူတို့ကို အနာ​ငြိမ်းစေမည်။

၁၄ ယခုတွင်၊ သင့်ကို ငါ​ဆိုသည်ကား၊ ထို့အတူ သင့်ကို ငါ​ဆိုသည့်​အရာကို ငါသည် ခပ်သိမ်းသော​တစ်ဆယ့်​နှစ်ပါးကို ဆို၏။ ထ၍ သင်တို့၏​ခါးကို စည်းကြလော့၊ သင်တို့၏​လက်ဝါးကပ်တိုင်ကို ထမ်းကြလော့၊ ငါ့နောက်သို့ လိုက်ကြလော့၊ ငါ၏​သိုးတို့ကိုလည်း ကျွေးမွေး​ကြလော့။

၁၅ သင်တို့ကိုယ်သင်တို့ မချီးမြှောက်ကြနှင့်။ ငါ့ကျွန်​ဂျိုးဇက်​စမစ်ကို ဆန့်ကျင်၍ ပုန်ကန်ခြင်း မပြု​ကြနှင့်။ အကြောင်း​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ငါသည် သူနှင့်​အတူ ရှိတော်မူ၏၊ ငါ၏​လက်သည်လည်း သူ့အပေါ်မှာ​ရှိတော်မူမည်။ သူ့အား ငါ​ပေးလေသည့်၊ ထို့အတူ သင်တို့ဆီကိုလည်း ပေးလေသည့် သော့များကို ငါ​မလာ​မချင်း သူ့ထံမှ ယူလိမ့်မည်​မဟုတ်။

၁၆ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​သောမတ်စ်၊ သင်သည် တစ်ဆယ့်​နှစ်ပါးနှင့် စပ်ဆိုင်သည့် ငါ့နိုင်ငံတော်၏​သော့များကို ခပ်သိမ်းသော​ပြည်သားတို့၌ အနှံ့​အပြား ကိုင်ဆောင်ရန် ငါ​ရွေးကောက်​တော်မူ​လေသည့်သူ​ဖြစ်၏—

၁၇ သင်သည် ငါ့ကျွန်​ဂျိုးဇက်၊ ထို့အတူ ငါ့ကျွန်​ဆစ်ဒနီ၊ ထို့အတူ ငါ့ကျွန်​ဟီရမ်​စမစ်တို့ မလာနိုင်သည့် နေရာ​မှန်သမျှတို့၌ နိုင်ငံတော်၏​တံခါးကို သော့ဖွင့်သည့် ငါ့ကျွန် ဖြစ်နိုင် စေခြင်းငှာ ပေတည်း။

၁၈ အကြောင်း​မူကား၊ သူတို့​အပေါ်၌ ငါသည် ခပ်သိမ်းသော​အသင်းတော်တို့၏​ဝန်ကို ကာလ​အနည်းငယ်မျှ တင်ထား​လေပြီ။

၁၉ သို့ဖြစ်၍၊ သင့်ကို သူတို့​စေလွှတ်မည့် အရပ်​မှန်သမျှသို့၊ သင် သွားလော့၊ ငါသည်လည်း သင်နှင့် အတူ ရှိတော်မူမည်။ ငါ၏​နာမတော်ကို သင်​ကြေညာမည့် နေရာ​မှန်သမျှ၌ ငါ၏​နှုတ်ကပတ်တော်ကို ရရှိကြ​စေခြင်းငှာ သင့်အဖို့ ထိရောက်သော​တံခါးသည်လည်း ပွင့်လိမ့်မည်။

၂၀ ငါ၏​နှုတ်ကပတ်တော်ကို လက်ခံသူ​မှန်သမျှသည် ငါ့ကို လက်ခံ၏၊ ထို့အတူ ငါ့ကို လက်ခံသူ​မှန်သမျှသည် သင့်အဖို့ ငါ၏​နာမတော်​အတွက် ငါ​စေလွှတ်​လေသည့်သူ၊ တိုင်ပင်ဖက်များ​အဖြစ် ငါ​ပြုလေသူ၊ ပထမ​ဥက္ကဋ္ဌ​အဖွဲ့ကို လက်ခံ၏။

၂၁ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့​သင့်လျော်စွာ ထောက်ခံပြီး အခွင့်​အာဏာ​ပေးသည့် သင်တို့၏​ညီအစ်ကို၊ တစ်ဆယ့်နှစ်ပါး၏ မဲဆန္ဒ​အတိုင်း၊ ငါ၏​နာမတော်ဖြင့် သင်တို့​စေလွှတ်မည့်သူ​မှန်သမျှသည်၊ သူတို့ကို သင်တို့​စေလွှတ်မည့်​နေရာ​မှန်သမျှ အဘယ်ပြည်​အတွက်​မဆို ငါ့နိုင်ငံတော်၏​တံခါးကို ဖွင့်ရန်​တန်ခိုးကို ရလိမ့်မည်—

၂၂ သူတို့သည် ငါ့ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချကြ၊ ထို့အတူ ငါ၏​နှုတ်ကပတ်တော်၌ နေထိုင်ကြ၊ ထို့အတူ ငါ့ဝိညာဉ်တော်၏​အသံကို စေ့စေ့နားထောင်ကြရမည်။

၂၃ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ မှောင်မိုက်ခြင်းသည် မြေကြီးကို၊ ထို့အတူ ဆိုးရွားသော​မှောင်မိုက်ခြင်းသည် လူတို့၏​စိတ်ကို ဖုံးလွှမ်း၏၊ ခပ်သိမ်းသော လူတို့သည်လည်း ငါ့မျက်နှာ​ရှေ့၌ ဖောက်ပြန်​လာကြ​လေပြီ။

၂၄ ရှုလော့၊ အမျက်တော်နေ့၊ မီးလောင်ရာနေ့၊ လူဆိတ်ညံရာ၊ ငိုကြွေးရာ၊ ငိုကြွေးမြည်တမ်းရာနှင့် မြည်တမ်းရာနေ့​ဟူသော လက်တုန့်ပြန်ခြင်းသည် မြေကြီး​ပေါ်မှာ နေထိုင်သူတို့​အပေါ် အလျင်​အမြန် ကျရောက်​လာလိမ့်မည်။ မြေကြီး​မျက်နှာပြင်​တစ်ခုလုံးပေါ် ကျရောက်​လာမည့် လေပွေ​ကဲ့သို့လည်း ရှိလိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၅ ငါ၏​အိမ်သားတို့​အပေါ်၌ ထိုအမှု​စလိမ့်မည်၊ ထို့အတူ ငါ၏​အိမ်သားတို့​ထံမှ ထိုအမှု​ထွက်သွား​လိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၆ ပထမဦးဆုံး သင်တို့၌​ရှိသူများ၌ စလိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏၊ ထိုသူတို့သည် ငါ၏​နာမတော်ကို သိယောင်​ဆောင်ကြ​လေပြီး သိခြင်း​မရှိကြ၊ ထို့အတူ ငါ၏​အိမ်သားတို့​အလယ်၌ ငါ၏​နာမတော်ကို ကဲ့ရဲ့ကြ​လေပြီဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၇ ထို့ကြောင့်၊ သင်တို့သည် ဤ​နေရာ၌ ငါ့အသင်းတော်၏ အမှု​အမျိုးမျိုးနှင့် စပ်လျဉ်း၍ သင်တို့ကိုယ်သင်တို့ စိတ်ညှိုးငယ်ခြင်း​မရှိကြနှင့်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၈ သို့ရာတွင် ငါ့ရှေ့၌ သင်တို့စိတ်နှလုံးကို စင်ကြယ်​စေကြလော့။ ထို့နောက်တွင် သင်တို့သည် လောကီ​နိုင်ငံ​အရပ်ရပ်သို့​သွား၍၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို မရရှိ​လေသည့် လူသတ္တဝါတိုင်းအား ဟောပြော​ကြလေ့။

၂၉ ယုံကြည်၍​ဗတ္တိဇံ​ခံသောသူသည် ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်၊ ယုံကြည်ခြင်းလည်း​မရှိ၊ ဗတ္တိဇံလည်း​မခံသောသူသည် အပြစ်​စီရင်​ခံရ​လိမ့်မည်။

၃၀ အကြောင်း​မူကား၊ သင်တို့၊ တစ်ဆယ့်နှစ်ပါး၊ ထို့အတူ သင်တို့၏​တိုင်ပင်ဖက်များနှင့် သင်တို့၏​ခေါင်းဆောင်များ​အဖြစ် ခန့်အပ်ထား​ခံရသူ ပထမ​ဥက္ကဋ္ဌ​အဖွဲ့​ထံသို့ အချိန်​ကာလ​ပြည့်စုံခြင်း သာသနာ​ရှိရာ နောက်ဆုံးသော​ကာလ​အဖြစ်နှင့် နောက်ဆုံး​အကြိမ်​အဖြစ် ဤ​ယဇ်ပုရောဟိတ်​အခွင့် တန်ခိုးကို ပေးထား၏၊

၃၁ သင်တို့​ကိုင်ဆောင်​ထားသည့် ထို​တန်ခိုးကို၊ ဖန်ဆင်းခြင်း​အစမှ စ၍ အဘယ်​အချိန်၌​မဆို သာသနာကို လက်ခံ​ရရှိသူ​အပေါင်းတို့နှင့် အတူ​ရရှိ၏။

၃၂ အကြောင်း​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ သင်တို့​လက်ခံ​ရရှိ​လေသည့် သာသနာ​သော့များကို ဘိုးဘေးတို့​ထံမှ၊ ထို့အတူ နောက်ဆုံး​အနေ​အဖြစ် ကောင်းကင်ဘုံမှ သင်တို့ထံသို့ ချလိုက်၏။

၃၃ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ရှုလော့ သင်တို့၏ အမှုတော်ဆောင်​တာဝန်သည် ကြီးမြတ်လှ​ပေစွ​တကား။ ဤ​မျိုးဆက်၏​အသွေးကို သင်တို့​၏လက်များ၌ မတောင်းဆို​ခံရ​စေခြင်းငှာ သင်တို့၏​စိတ်နှလုံးနှင့် သင်တို့၏​အဝတ်တန်ဆာများကို သန့်စင်စေ​ကြလော့။

၃၄ ငါ​ကြွရောက်​လာသည်​အထိ သစ္စာ​ရှိကြလော့၊ အကြောင်း​မူကား၊ ငါသည် လျင်မြန်စွာ ကြွရောက်​လာတော်မူမည်။ လူတိုင်းကို သူ့အကျင့်​ရှိမည့်​အတိုင်း ဆုချရန် ငါ၏ အကျိုး​ကျေးဇူးသည်လည်း ငါနှင့်​အတူ​ရှိ၏။ ငါသည် အာလဖနှင့် ဩမေဃဖြစ်၏။ အာမင်။