အပိုဒ်ငယ် ၁၀၉
၁၈၃၆ ခု၊ မတ် ၂၇ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌၊ ဗိမာန်တော်ဆက်ကပ်ခြင်းတွင် ပူဇော်သည့် ဆုတောင်းခြင်း။ ပရောဖက်၏ရေးထားသောဖော်ပြချက်အရ၊ ဤဆုတောင်းခြင်းကို ဗျာဒိတ်တော်အားဖြင့် သူ့အား ပေးခဲ့၏။
၁–၅၊ ကာ့တ်လန်းဗိမာန်တော်ကို လူသားတော်အကြည့်အရှုကြွရောက်ရာ နေရာတစ်ခုအဖြစ် တည်ဆောက်ခဲ့၏။ ၆–၂၁၊ ၎င်းသည် ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ယုံကြည်ခြင်း၊ သင်ယူခြင်း၊ ဘုန်းတော်နှင့် အစီအစဉ်တကျရှိခြင်းတို့၏အိမ်၊ ထို့အတူ ဘုရားသခင်၏အိမ်တော် ဖြစ်ရမည်။ ၂၂–၃၃၊ ကိုယ်တော်ရှင်၏ လူမျိုးတို့ကို ဆန့်ကျင်သည့် နောင်တမရသောသူတို့သည် အရှက်ရကြပါစေ။ ၃၄–၄၂၊ သန့်ရှင်းသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဇိအုန်သို့စုဝေးရန် တန်ခိုးဖြင့် ထွက်သွားကြပါစေ။ ၄၃–၅၃၊ နောက်ဆုံးသောကာလ၌ ဆိုးညစ်သောသူတို့အပေါ် သွန်းလောင်းမည့် ကြောက်မက်ဖွယ်သော အရာများမှ သန့်ရှင်းသူတို့ ကယ်လွှတ်ခံကြရပါစေ။ ၅၄–၅၈၊ ပြည်သားများ၊ လူများနှင့် အသင်းတော်များသည် ဧဝံဂေလိတရားတော်အတွက် ပြင်ဆင်ခံကြရပါစေ။ ၅၉–၆၇၊ ယုဒလူမျိုးများ၊ လာမန်အမျိုးသားများနှင့် ခပ်သိမ်းသောဣသရေလအမျိုးသားတို့သည် ရွေးနုတ်ခံရကြပါစေ။ ၆၈–၈၀၊ သန့်ရှင်းသူတို့သည် ဘုန်းတော်၊ ဂုဏ်အသရေနှင့် ချီးမြှင့်ခံရပြီး ထာဝရကယ်တင်ခြင်းကို ရရှိကြပါစေ။
၁ ကိုယ်တော်၏ နာမတော်ကို ကျေးဇူးတော်ချီးမွမ်းပါစေ၊ ကိုယ်တော်ရှေ့၌ မိမိတို့စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဖြောင့်မတ်စွာ ကျင့်ကြသူများ တည်းဟူသော ကိုယ်တော်၏ ကျွန်တို့အား ကရုဏာကို ပြတော်မူသည့် အို ဣသရေလအမျိုး၏ ဘုရားသခင်ကိုယ်တော်ရှင်—
၂ ကိုယ်တော်သည် ကိုယ်တော်၏ကျွန်တို့အား ဤနေရာ[ကာ့တ်လန်း]၌ ကိုယ်တော်၏ နာမတော်အဖို့ အိမ်တော်တစ်ခုကို တည်ဆောက်စေရန် မိန့်တော်မူလေသောသူဖြစ်ပါ၏။
၃ ယခုမူကား၊ အို ကိုယ်တော်ရှင်သည်၊ ကိုယ်တော်၏ကျွန်များ ကိုယ်တော်၏ ပညတ်တော်အတိုင်း ဆောင်ရွက်ကြလေကြောင်း၊ ကိုယ်တော်မြင်တော်မူ၏။
၄ ယခုမူကား၊ သန့်ရှင်းသောအဘ၊ ကိုယ်တော်၏ရင်မှ သားတော်၊ ယေရှု၏ နာမတော်အားဖြင့် ကိုယ်တော်အား ကျွန်ုပ်တို့ဆုတောင်းကြပါ၏၊ သူ၏နာမတော်အားဖြင့်သာလျှင်၊ လူသားတို့အဖို့ ကယ်တင်ခြင်းကို စီမံဆောင်ရွက်နိုင်ပါ၏၊ အို ကိုယ်တော်ရှင်၊ တည်ဆောက်ရန် ကျွန်ုပ်တို့ကို ကိုယ်တော်ရှင် မိန့်တော်မူသည့်၊ ကိုယ်တော်၏ကျွန်များဖြစ်သည့် ကျွန်ုပ်တို့လက်များ၏လက်ရာ၊ ဤအိမ်တော်ကို လက်ခံရန်၊ ကိုယ်တော်အား ကျွန်ုပ်တို့ ဆုတောင်းကြပါ၏။
၅ အကြောင်းမူကား၊ ကျွန်ုပ်တို့သည် ဤအမှုကို ကြီးစွာသော အတိဒုက္ခဖြင့် ဆောင်ရွက်လေကြောင်း ကိုယ်တော်သိတော်မူ၏။ ကိုယ်တော်၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ ဆင်းရဲနွမ်းပါးခြင်းမှပင် ကျွန်ုပ်တို့၏ ဥစ္စာကို ကျွန်ုပ်တို့ပေးကြပါ၏၊ လူသားတော်အဖို့ သူ၏လူမျိုးတို့အား သူကိုယ်တိုင် ထင်ရှားစွာပြရန် နေရာတစ်ခု ရှိနိုင်စေခြင်းငှာ ဖြစ်ပါ၏။
၆ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးတော်မူလေသည့် ဗျာဒိတ်တော်၌ ဆိုသကဲ့သို့ပင်၊ ကျွန်ုပ်တို့ကို ကိုယ်တော်၏အဆွေခင်ပွန်းများဟုခေါ်၍ မိန့်တော်မူလေသည်ကား—သင်တို့ကို ငါမိန့်တော်မူလေသည့် အတိုင်း သင်တို့၏ဓမ္မအစည်းအဝေးကိုခေါ်ကြလော့၊
၇ အားလုံး ယုံကြည်ခြင်း ရှိကြသည် မဟုတ်သောကြောင့်၊ ဉာဏ်ပညာစကားတို့ကို သင်တို့ လုံ့လဝီရိယထက်သန်စွာရှာပြီး၊ တစ်ယောက်ကို တစ်ယောက် သွန်သင်ပေးကြလော့။ ထိုမှတစ်ပါး၊ အကောင်းဆုံးစာအုပ်များမှ ဉာဏ်ပညာစကားတို့ကို သင်တို့ရှာကြလော့။ သင်ယူခြင်းကို အမှန်စင်စစ်၊ လေ့လာခြင်းအားဖြင့်၊ ထို့အတူ ယုံကြည်ခြင်းအားဖြင့်လည်း အားထုတ်ကြလော့။
၈ သင်တို့ကိုယ်သင်တို့ စီစဉ်ကြလော့။ လိုသောအရာမှန်သမျှကို ပြင်ဆင်ကြလော့။ အိမ်တစ်အိမ်၊ အထူးသဖြင့် ဆုတောင်းခြင်းအိမ်၊ အစာရှောင်ခြင်းအိမ်၊ ယုံကြည်ခြင်းအိမ်၊ သင်ယူခြင်းအိမ်၊ ဘုန်းအသရေအိမ်၊ အစီအစဉ်တကျရှိသောအိမ်၊ ဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ကြလော့။
၉ သင်တို့ဝင်လာခြင်းသည် ကိုယ်တော်ရှင်၏နာမတော်အားဖြင့် ဖြစ်နိုင်စေခြင်းငှာ၊ သင်တို့ထွက်သွားခြင်းသည် ကိုယ်တော်ရှင်၏နာမတော်အားဖြင့် ဖြစ်နိုင်စေခြင်းငှာ၊ အမြင့်ဆုံးသောဘုရားထံသို့ လက်ကိုမြှောက်လျက် သင်တို့၏ခပ်သိမ်းသောနှုတ်ဆက်ခြင်းတို့သည် ကိုယ်တော်ရှင်၏နာမတော်အားဖြင့် ဖြစ်နိုင်စေခြင်းငှာပေတည်း—
၁၀ ယခုမူကား၊ သန့်ရှင်းသောအဘ၊ ကျွန်ုပ်တို့၊ ကိုယ်တော်၏ လူမျိုးတို့ကို၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် ကူညီရန် ကိုယ်တော်အား ကျွန်ုပ်တို့ ဆုတောင်းကြသည်မှာ ကျွန်ုပ်တို့၏ ဓမ္မအစည်းအဝေးကို ခေါ်ခြင်း၌ ကိုယ်တော်၏ ဂုဏ်အသရေအဖို့နှင့် ကိုယ်တော်၏ မြင့်မြတ်သော လက်ခံခြင်းအဖို့ ဆောင်ရွက်နိုင်ကြစေခြင်းငှာ၊
၁၁ ကျွန်ုပ်တို့ကို ပေးထားသည့်ဗျာဒိတ်တော်၌ ကိုယ်တော်၏လူမျိုးကျွန်ုပ်တို့ထံ ကိုယ်တော်ပြုတော်မူလေသည့် ကတိတော်များ ပြီးပြည့်စုံစေခြင်းကို ရရှိရန်၊ ကိုယ်တော်၏အမြင်၌၊ ကျွန်ုပ်တို့ကို ထိုက်တန်မှုရှိကြောင်းတွေ့ရနိုင်ရာနည်းလမ်းဖြင့်ဆောင်ရွက်ကြ၍၊
၁၂ ကိုယ်တော်၏ဘုန်းတော်သည် ကိုယ်တော်၏လူမျိုးတို့အပေါ်၊ ထို့အတူ ယခု ကိုယ်တော်ထံ ကျွန်ုပ်တို့ဆက်ကပ်သည့် ကိုယ်တော်၏ ဤအိမ်တော်အပေါ် ကိန်းဝပ်နိုင်စေခြင်းငှာ၊ ထိုအိမ်တော်ကို သန့်ရှင်းစင်ကြယ်စေပြီး၊ သန့်ရှင်းရာအဖြစ် ဆက်ကပ်ခံရနိုင်စေခြင်းငှာ၊ ထို့အတူ ကိုယ်တော်၏သန့်ရှင်းသောမျက်မှောက်တော်သည် ဤအိမ်တော်၌ အစဉ်မပြတ်ရှိစေခြင်းငှာ၊
၁၃ ကိုယ်တော်ရှင်၏အိမ်တော်တံခါးခုံသို့ ဝင်ရောက်မည့် ခပ်သိမ်းသောလူတို့ ကိုယ်တော်၏ တန်ခိုးတော်ကို ခံစားနိုင်ကြစေခြင်းငှာ၊ ၎င်းကို ကိုယ်တော်သန့်ရှင်းစင်ကြယ်စေတော်မူ လေကြောင်း၊ ၎င်းသည် ကိုယ်တော်၏ အိမ်တော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနေရာဖြစ်ကြောင်း အသိအမှတ်ပြုကြစေရန် အတင်းစေခိုင်းသည်ကို ခံစားကြရစေခြင်းငှာဆုတောင်းကြပါ၏။
၁၄ ကိုယ်တော်၊ သန့်ရှင်းသောအဘ ကယ်မသနားတော်မူပါ၊ ဤအိမ်တော်၌ ကိုးကွယ်ကြမည့် ခပ်သိမ်းသောသူတို့သည် ကိုယ်တော် မိန့်တော်မူလေသည့်အတိုင်း အကောင်းဆုံးစာအုပ်များမှ ဉာဏ်ပညာစကားကို သွန်သင်ခံရနိုင်စေကြောင်း၊ ထို့အတူ သူတို့သည် သင်ယူခြင်းကို၊ အမှန်စင်စစ်၊ လေ့လာခြင်းအားဖြင့်၊ ထို့အတူ ယုံကြည်ခြင်းအားဖြင့်လည်း အားထုတ်နိုင်ကြစေကြောင်း၊
၁၅ သူတို့သည် ကိုယ်တော်၌ ကြီးပွား၍၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော် အပြည့်အစုံကို ရရှိ၍၊ ကိုယ်တော်၏ ဥပဒေများအတိုင်း စီမံခံရ၍၊ လိုသောအရာမှန်သမျှကို ရရှိရန် ပြင်ဆင်ခံရနိုင်စေကြောင်း၊
၁၆ ဤအိမ်တော်သည် ဆုတောင်းခြင်းအိမ်၊ အစာရှောင်ခြင်းအိမ်၊ ယုံကြည်ခြင်းအိမ်၊ ဘုန်းအသရေအိမ်နှင့် ဘုရားသခင်၏၊ အကယ်စင်စစ်ကိုယ်တော်၏အိမ် ဖြစ်နိုင်စေကြောင်း၊
၁၇ ဤအိမ်တော်ထဲသို့ ကိုယ်တော်၏ လူမျိုးတို့၏ ခပ်သိမ်းသောဝင်လာခြင်းတို့သည် ကိုယ်တော်ရှင်၏ နာမတော်အားဖြင့် ဖြစ်နိုင်စေကြောင်း၊
၁၈ ဤအိမ်တော်ထဲမှ သူတို့၏ခပ်သိမ်းသော ထွက်သွားခြင်းတို့သည် ကိုယ်တော်ရှင်၏ နာမတော်အားဖြင့် ဖြစ်နိုင်စေကြောင်း၊
၁၉ သန့်ရှင်းသောလက်များဖြင့်၊ အမြင့်ဆုံးသောဘုရားဆီသို့ မြှောက်၍၊ သူတို့၏ခပ်သိမ်းသော နှုတ်ဆက်ခြင်းတို့သည် ကိုယ်တော်ရှင်၏နာမတော်အားဖြင့် ဖြစ်နိုင်စေကြောင်း၊
၂၀ ကိုယ်တော်၏ အိမ်တော်ကို ညစ်ညူးစေရန် မသန့်ရှင်းသောအရာကို အထဲသို့လာရန် အခွင့်မပေးစေကြောင်း၊
၂၁ ကိုယ်တော်၏လူမျိုးတို့ လွန်ကျူးကြသောအခါ၊ သူတို့အထဲမှ အဘယ်သူမဆို၊ အလျင်အမြန်နောင်တရ၍၊ ကိုယ်တော်ထံသို့ ပြန်လာကြ၊ ထို့အတူ ကိုယ်တော်၏ အမြင်၌ နှစ်သက်ခြင်းခံရ၊ ထို့အတူ ကိုယ်တော်၏ အိမ်တော်ထဲ၌ ကိုယ်တော်ကို ရိုသေကြမည့်သူတို့အပေါ် သွန်းလောင်းခံရစေရန် ကိုယ်တော်ခန့်ထားတော်မူလေသည့် ကောင်းချီးမင်္ဂလာများသို့ ပြန်လည်ဆောင်ယူခံရနိုင်စေရန်လည်း ဖြစ်ပါ၏။
၂၂ သန့်ရှင်းသောအဘ၊ ကိုယ်တော်၏ ကျွန်တို့သည် ကိုယ်တော်၏ တန်ခိုးတော်နှင့် စွဲကိုင်လျက် ဤအိမ်တော်မှ ထွက်သွားနိုင်ကြစေကြောင်း၊ ထို့အတူ ကိုယ်တော်၏ နာမတော်သည် သူတို့အပေါ်မှာ ရှိ၍၊ ကိုယ်တော်၏ ဘုန်းတော်သည် သူတို့ပတ်ဝန်းကျင်မှာရှိ၍၊ ကိုယ်တော်၏ ကောင်းကင်တမန်တို့သည် သူတို့ကို တာဝန်ယူကြမည့်အကြောင်း ကိုယ်တော်အား ကျွန်ုပ်တို့ ဆုတောင်းကြပါ၏။
၂၃ ဤအရာသည် ကိုယ်တော်၏ အမှုတော်ဖြစ်ကြောင်း၊ ထို့အတူ နောက်ဆုံးသောကာလနှင့် စပ်လျဉ်း၍၊ ပရောဖက်တို့၏ နှုတ်အားဖြင့် ကိုယ်တော်မိန့်တော်မူလေသည့်အရာကို ပြီးပြည့်စုံစေခြင်းငှာ ကိုယ်တော်၏လက်ကို ကိုယ်တော်ထုတ်ကြောင်း သူတို့သိနိုင်စေခြင်းငှာ ဤနေရာမှနေ၍ သူတို့သည် အလွန်ကြီးမြတ်ပြီးအသရေထင်ရှားသော သတင်းကို၊ မြေကြီးစွန်းတိုင်အောင်၊ မှန်စွာသက်သေခံနိုင်ကြ၏။
၂၄ သန့်ရှင်းသောအဘ၊ ကိုယ်တော်၏ ဤအိမ်ထဲ၌ ကိုးကွယ်မည့်၊ ထို့အတူ အမည်နှင့် ရပ်တည်မှုကို ဂုဏ်သရေရှိရှိထိန်းမည့် လူတို့ကို ခပ်သိမ်းသောမျိုးဆက်တို့တိုင်အောင်၊ ထာဝရကာလတစ်လျှောက် တည်ဆောက်ရန်၊ ကိုယ်တော်အား ကျွန်ုပ်တို့ဆုတောင်းကြပါ၏။
၂၅ သူတို့တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ မအောင်မြင်စေကြောင်း၊ သူတို့အတွက် တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ သူကိုယ်တိုင်ကျရစေကြောင်း၊
၂၆ ဤအိမ်တော်ထဲ၌ ကိုယ်တော်၏ နာမတော်ကို အပေးခံရမည့် ကိုယ်တော်၏လူမျိုးတို့အပေါ် အဘယ်ဆိုးညစ်ခြင်းဂိုဏ်းမျှ ပေါ်လာပြီး အနိုင်မရစေကြောင်း၊
၂၇ ဤလူမျိုးတို့တစ်ဖက်၌ အဘယ်လူမျိုးဖြစ်စေ ပေါ်လာလျှင်၊ ကိုယ်တော်၏ အမျက်တော်သည် ထိုသူတို့တစ်ဖက်၌ ထွက်စေကြောင်း၊
၂၈ သူတို့သည် ဤလူမျိုးတို့ကို ပြင်းစွာရိုက်လျှင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပြင်းစွာရိုက်မည့်အကြောင်း၊ ကိုယ်တော်သည် တိုက်ပွဲကာလ၌ ပြုသကဲ့သို့ပင် ကိုယ်တော်၏လူမျိုးတို့အတွက် တိုက်ခိုက်တော်မူမည့်အကြောင်း၊ သူတို့ရန်သူများ၏လက်မှ သူတို့ ကယ်လွှတ်ခံရနိုင်စေမည့်အကြောင်း ဆုတောင်းကြပါ၏။
၂၉ သန့်ရှင်းသောအဘ၊ ကိုယ်တော်၏ကျွန် သို့မဟုတ် ကျွန်များတစ်ဖက်၌ မုသားသတင်းစကားများကို လောကတစ်လျှောက်၊ ပြန့်နှံ့စေသောသူခပ်သိမ်းတို့ကို၊ သူတို့၏နား၌ ထာဝရတည်မြဲသောဧဝံဂေလိတရားတော်ကို ကြေညာသောအခါ၊ သူတို့သည် နောင်တမရကြလျှင် အရှက်ရကြစေရန်၊ ထို့အတူ အံ့အားသင့်ကြစေရန် ကိုယ်တော်အား ကျွန်ုပ်တို့ဆုတောင်းကြပါ၏။
၃၀ သူတို့၏ခပ်သိမ်းသောအကျင့်များ စွမ်းအားမဲ့ဖြစ်ရစေကြောင်း၊ ထို့အတူ မိုးသီးအားဖြင့် ထို့အတူ ကိုယ်တော်၏ အမျက်ဖြင့် သူတို့အပေါ် ကိုယ်တော်စေလွှတ်မည့် တရားစီရင်တော်မူခြင်းတို့ အားဖြင့် ပယ်ရှားခံရစေကြောင်း၊ ကိုယ်တော်၏လူမျိုးတို့တစ်ဖက်၌ မုသားနှင့် အတင်းစကားတို့ အဆုံးသို့ရောက်ရစေကြောင်းလည်း ဖြစ်ပါ၏။
၃၁ အကြောင်းမူကား၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ကျွန်တို့သည် ကိုယ်တော်ရှေ့၌ ကိုယ်တော်၏နာမတော်အကြောင်းကို သက်သေခံခြင်း၌ အပြစ်မရှိကြလေကြောင်း၊ ကိုယ်တော်သိပါ၏၊ ထိုသက်သေခံခြင်းကြောင့် သူတို့သည် ဤအရာတို့ကို ခံစားကြရ၏။
၃၂ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဤထမ်းပိုးအောက်မှ ပြည့်စုံသော လုံးဝလွတ်မြောက်ခြင်းအတွက် ကိုယ်တော်ရှေ့၌ တောင်းပန်ကြပါ၏။
၃၃ ထိုအရာကို ချိုးဖျက်တော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကျွန်ုပ်တို့သည် ဤမျိုးဆက်အလယ်၌ ပေါ်လာပြီး ကိုယ်တော်၏အမှုကို ဆောင်ရွက်နိုင်ခြင်းငှာ ထိုအရာကို ကိုယ်တော့်ကျွန်တို့၏လည်ပင်းမှ ချိုးဖျက်တော်မူပါ။
၃၄ အို ယေဟောဝါ၊ ဤလူမျိုးတို့အပေါ် ကရုဏာထားတော်မူပါ၊ ခပ်သိမ်းသောသူတို့သည် အပြစ်ပြုကြသဖြင့်၊ ကိုယ်တော့လူမျိုးတို့၏ လွန်ကျူးခြင်းများကို ခွင့်လွှတ်တော်မူပါ၊ ၎င်းတို့ကို ကာလအစဉ်အဆက် ပယ်ဖျောက်ပါစေ။
၃၅ ကိုယ်တော့်အမှုတော်ဆောင်တို့၏ ဆီလိမ်းခြင်းကို အထက်မှတန်ခိုးဖြင့် သူတို့အပေါ် တံဆိပ်ခတ်ပါစေ။
၃၆ ပင်တေကုတ္တေပွဲ့နေ့၌ ပြီးပြည့်စုံစေသည့် သူတို့အပေါ်မှာကဲ့သို့ သူတို့အပေါ်မှာ ပြီးပြည့်စုံပါစေ၊ အခြားသောဘာသာစကားများဆုကျေးဇူးကို ကိုယ်တော်၏လူမျိုးတို့အပေါ် မီးလျှာကဲ့သို့ ကွဲပြားသောလျှာကိုပင်၊ ထို့အတူ အနက်ဖွင့်ပြခြင်းကို သွန်းလောင်းပါစေ။
၃၇ ကိုယ်တော်၏အိမ်တော်ကိုလည်း၊ တစ်ဟုန်တည်းတိုက်သည့် ပြင်းစွာသောလေနှင့်ကဲ့သို့ပင်၊ ကိုယ်တော်၏ဘုန်းတော်နှင့် ပြည့်ပါစေ။
၃၈ ပဋိညာဉ်သက်သေခံချက်ကို ကိုယ်တော်၏ ကျွန်တို့အပေါ်မှာ ထားတော်မူပါ၊ သူတို့ထွက်သွား၍၊ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြေညာသောအခါ၊ သူတို့သည် ဥပဒေကို တံဆိပ်ခတ်နိုင်ကြစေခြင်းငှာ၊ ထို့အတူ ကိုယ်တော်၏ လူမျိုးတို့သည် ဒုက္ခနေ့၌ အားမလျော့နိုင်ကြစေကြောင်း၊ မြေကြီးပေါ်၌ နေထိုင်သူတို့အပေါ်၊ သူတို့၏ လွန်ကျူးခြင်းများကြောင့်၊ ကိုယ်တော်၏ အမျက်တော်ဖြင့်၊ ကိုယ်တော် စေလွှတ်တော်မူလုနီးသည့် ခပ်သိမ်းသော တရားစီရင်တော်မူခြင်းတို့အတွက် သူတို့၏စိတ်နှလုံးကို ပြင်ဆင်ခြင်းငှာဖြစ်ပါ၏။
၃၉ ကိုယ်တော်၏ကျွန်တို့ ဝင်ရောက်မည့် မြို့မှန်သမျှ၊ ထို့အတူ မိမိတို့၏ သက်သေခံချက်ကို ရရှိကြသည့် ထိုမြို့မှ လူတို့၌ ကိုယ်တော်၏ ငြိမ်းချမ်းခြင်းနှင့် ကယ်တင်ခြင်းကို ထိုမြို့၌ ရှိပါစေ။ သူတို့သည် ထိုမြို့ထဲမှ ဖြောင့်မတ်သောသူတို့ကို ရွေးထုတ်နိုင်ကြစေခြင်းငှာ၊ ထိုသူတို့သည် ဇိအုန်သို့၊ သို့မဟုတ် ၎င်း၏ပန္နက်များ၊ ကိုယ်တော်၏ ချိန်းဆိုရာနေရာများသို့ ထာဝရတည်မြဲသော ဝမ်းမြောက်ခြင်းသီချင်းတို့ဖြင့် ထွက်လာနိုင်ကြစေခြင်းငှာ ဖြစ်ပါ၏။
၄၀ ဤအရာမပြီးမြောက်မီတိုင်အောင်၊ ကိုယ်တော်၏တရားစီရင်တော်မူခြင်းများကို ထိုမြို့အပေါ် မကျပါစေနှင့်။
၄၁ ကိုယ်တော်၏ကျွန်တို့ ဝင်ရောက်မည့် မြို့မှန်သမျှ၊ ထို့အတူ ကိုယ်တော့်ကျွန်တို့၏ သက်သေခံချက်ကို ရရှိခြင်းမရှိကြသည့်၊ ထို့အတူ သဘောမဖြောင့်သော ဤမျိုးဆက်မှ သူတို့ကိုယ်သူတို့ ကယ်တင်ရန် ကိုယ်တော်၏ကျွန်တို့သတိပေးသည့် ထိုမြို့မှ လူတို့၌၊ ကိုယ်တော့်ပရောဖက်တို့၏ နှုတ်အားဖြင့် ဟောပြောလေသည့်အတိုင်း ထိုမြို့၌ ဖြစ်ပါစေ။
၄၂ သို့ရာတွင် ကိုယ်တော်၊ အို ယေဟောဝါ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို တိုးလျှိုး တောင်းပန်ပါ၏၊ ကိုယ်တော်၏ ကျွန်တို့ကို သူတို့လက်မှကယ်လွှတ်တော်မူပါ၊ သူတို့၏ အသွေးမှလည်း သူတို့ကို သန့်စင်စေတော်မူပါ။
၄၃ အို ကိုယ်တော်ရှင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါင်းအဖော်များ၏ ပျက်စီးခြင်း၌ မွေ့လျော်ခြင်းမရှိပါ။ သူတို့၏စိတ်ဝိညာဉ်များသည် ကိုယ်တော်ရှေ့၌ အဖိုးထိုက်ကြပါ၏။
၄၄ သို့ရာတွင် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေရမည်။ ကိုယ်တော်၏ ကျွန်တို့အား ကိုယ်တော်၏ ကျေးဇူးတော်နှင့် ထောက်မလျက်၊ ကိုယ်တော်၏ အလိုတော် ပြီးမြောက်ပါစေ၊ အို ကိုယ်တော်ရှင်၊ ကျွန်ုပ်တို့၏အလိုမဟုတ်ပါဟု ဆိုကြစေရန် ကူညီတော်မူပါ။
၄၅ နောက်ဆုံးသောကာလ၌၊ ဆိုးညစ်သောသူတို့နှင့် စပ်လျဉ်း၍ ကြောက်မက်ဖွယ်သော အရာများကို ကိုယ်တော်၏ ပရောဖက်တို့၏ နှုတ်အားဖြင့် ကိုယ်တော်မိန့်တော်မူလေကြောင်း— ကိုယ်တော်သည် ကိုယ်တော်၏ တရားစီရင်တော်မူခြင်းများကို အတိုင်းမသိ သွန်းလောင်းတော်မူမည့်အကြောင်း ကျွန်ုပ်တို့သိကြပါ၏။
၄၆ ထို့ကြောင့်၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ လူမျိုးတို့ကို ဆိုးညစ်သောသူတို့၏ ဘေးဒုက္ခမှ ကယ်လွှတ်တော်မူပါ၊ ကိုယ်တော်၏ ကျွန်တို့အား ပညတ်တရားကို တံဆိတ်ခပ်ရန်၊ ထို့အတူ သက်သေခံချက်ကို ထုပ်ထားရန် စွမ်းဆောင်နိုင်စေတော်မူပါ၊ သူတို့သည် မီးလောင်ရာနေ့အတွက် ပြင်ဆင်ပြီးသား ရှိနိုင်စေခြင်းငှာဖြစ်ပါ၏။
၄၇ သန့်ရှင်းသောအဘ၊ ဂျက်ဆင်ခရိုင်မစ်ဆိုရီ၌ နေထိုင်ကြသောသူတို့အားဖြင့်၊ သူတို့၏ အမွေခံရာမြေများမှ နှင်ထုတ်ခံရကြလေသောသူတို့ကို အောက်မေ့တော်မူပါမည့်အကြောင်း၊ အို ကိုယ်တော်ရှင်၊ သူတို့အပေါ်မှာ ထားလေသော ဆင်းရဲဒုက္ခထမ်းပိုးကိုလည်း ချိုးဖျက်တော်မူပါမည့် အကြောင်း ကိုယ်တော်အား ကျွန်ုပ်တို့ဆုတောင်းကြပါ၏။
၄၈ အို ကိုယ်တော်ရှင်၊ သူတို့သည် ဆိုးညစ်သောသူတို့ အားဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ညှဉ်းဆဲခြင်း ခံရကြလေကြောင်း ကိုယ်တော်သိပါ၏။ သူတို့၏ လေးလံသောဝန်များကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးသည် ဝမ်းနည်းမှုနှင့် လျှံထွက်ပါ၏။
၄၉ အို ကိုယ်တော်ရှင် ကိုယ်တော်သည် ဤလူမျိုးတို့ကို ဤဆင်းရဲဒုက္ခကို ခံစားစေရန်၊ ထို့အတူ သူတို့မှ အပြစ်မရှိသောသူများ၏ တောင်းလျှောက်ခြင်းတို့ကို ကိုယ်တော်၏နားသို့ တက်လာစေရန်၊ ထို့အတူ သူတို့၏အသွေးကို ကိုယ်တော်ရှေ့၌ သက်သေခံချက်အဖြစ် တက်လာစေရန်၊ ထို့အတူ သူတို့ကိုယ်စား ကိုယ်တော်၏သက်သေခံချက်ကို မဖော်ပြစေရန် အဘယ်မျှကြာအောင် အခွင့်ပေးတော်မူမည်နည်း။
၅၀ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏လူမျိုးတို့ကို နှင်ထုတ်လေသည့် ဆိုးညစ်သော လူဆိုးတို့အပေါ် ကရုဏာထားတော်မူပါ၊ သူတို့သည် လုယူခြင်းကို ရပ်တန့်နိုင်စေခြင်းငှာ၊ နောင်တရခြင်းကို တွေ့ရလျှင် သူတို့၏အပြစ်များမှ နောင်တရနိုင်စေခြင်းငှာ ဖြစ်ပါ၏။
၅၁ သို့ရာတွင် သူတို့နောင်တမရလျှင်၊ ကိုယ်တော်၏ လက်တော်ကို ဖွင့်ပြတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ လူမျိုးတို့အဖို့ ကိုယ်တော်စီရင်သည့် ဇိအုန်ကို ရွေးနုတ်တော်မူပါ။
၅၂ ထိုကဲ့သို့မဖြစ်နိုင်လျှင်၊ ကိုယ်တော့်လူမျိုးတို့၏အမှုသည် ကိုယ်တော်ရှေ့၌ မကျဆုံးနိုင်စေခြင်းငှာ ကိုယ်တော်၏ အမျက်ထွက်ပါစေ၊ ထို့အတူ ကိုယ်တော်၏ ဒေါသသည် သူတို့အပေါ် ကျရောက်ပါစေ၊ သူတို့သည် ကောင်းကင်အောက်မှ အရင်းအဖျားနှစ်ခုစလုံး ဆွေးမြေ့ကြစေခြင်းငှာ ဖြစ်ပါ၏။
၅၃ သို့ရာတွင် သူတို့သည် နောင်တရကြသမျှ၊ ကိုယ်တော်သည် ကျေးဇူးပြုတော်မူပြီး ကရုဏာနှင့် ပြည့်တော်မူ၏၊ ထို့အတူ ကိုယ်တော်သည် ကိုယ်တော်၏ ဆီလိမ်း၍ ခန့်အပ်ထားသောသူတို့၏ မျက်နှာကို ကြည့်တော်မူသည့်အခါ ကိုယ်တော်၏ အမျက်တော်ကို လွှဲတော်မူပါ။
၅၄ အို ကိုယ်တော်ရှင်၊ မြေကြီးပေါ်ရှိ ခပ်သိမ်းသော ပြည်သားတို့အပေါ် ကရုဏာထားတော်မူပါ။ ကျွန်ုပ်တို့ပြည်၏ အုပ်စိုးသူတို့အပေါ် ကရုဏာထားတော်မူပါ၊ ကျွန်ုပ်တို့၏ ဘိုးဘေးတို့အားဖြင့် ဂုဏ်အသရေရှိစွာနှင့် မြင့်မြတ်စွာကာကွယ်ထားသည့် ကျင့်ဝတ်စည်းကမ်းများ၊ အမည်အားဖြင့်၊ ကျွန်ုပ်တို့ပြည်၏ ဖွဲ့စည်းပုံကို ကာလအစဉ်အဆက် တည်ထောင်ပါစေသော်။
၅၅ မြေကြီးပေါ်ရှိ ရှင်ဘုရင်များ၊ မင်းသားများ၊ ဆွေကြီးမျိုးကြီးများ၊ ထို့အတူ ကြီးမြတ်သောသူများ၊ ထို့အတူ ခပ်သိမ်းသောလူများ၊ ထို့အတူ အသင်းတော်များ၊ မြေကြီးပေါ်ရှိ ခပ်သိမ်းသောဆင်းရဲသားများ၊ ချိုတဲ့သောသူများ၊ ထို့အတူ ဒုက္ခရောက်သောသူများကို အောက်မေ့တော်မူပါ။
၅၆ အို ယေဟောဝါ၊ ကိုယ်တော်၏ ကျွန်တို့သည် ကိုယ်တော်၏ နာမတော်ကို သက်သေခံရန် ကိုယ်တော်၏ အိမ်မှ ထွက်ကြသည့်အခါ ထိုသူတို့၏ စိတ်နှလုံးကို ပျော့ပျောင်းစေခြင်းငှာ၊ သူတို့အပေါ် ဘက်လိုက်ခြင်းသည် သမ္မာတရားရှေ့မှ နောက်ဆုတ်ပေးနိုင်စေခြင်းငှာ၊ ထို့အတူ ကိုယ်တော်၏ လူမျိုးတို့သည် ခပ်သိမ်းသောသူတို့၏ စိတ်၌ မျက်နှာရနိုင်ကြစေခြင်းငှာ ဖြစ်ပါ၏။
၅၇ မြေကြီးစွန်းသား ခပ်သိမ်းတို့သည် ကျွန်ုပ်တို့၊ ကိုယ်တော်၏ ကျွန်များ ကိုယ်တော်၏ အသံကို ကြားကြကြောင်း၊ ထို့အတူ ကျွန်ုပ်တို့ကို ကိုယ်တော် စေလွှတ်တော်မူကြောင်း သိနိုင်ကြစေခြင်းငှာဖြစ်ပါ၏။
၅၈ ဤခပ်သိမ်းသောသူတို့၌၊ ကိုယ်တော်၏ကျွန်များ၊ ယာကုပ်၏သားများသည် သူတို့ကို ကိုယ်တော် မိန့်တော်မူလေသည့်အတိုင်း ကိုယ်တော်၏ နာမတော်အဖို့ သန့်ရှင်းသောမြို့ကို တည်ဆောက်ရန် ဖြောင့်မတ်သောသူတို့ကို ရွေးထုတ်နိုင်ကြစေခြင်းငှာ ဖြစ်ပါ၏။
၅၉ ကိုယ်တော်စီရင်တော်မူလေသည့် ဤတစ်ခုအပြင်၊ အခြားသောပန္နက်များကို ဇိအုန်သို့ စီရင်တော်မူစေရန်၊ ကိုယ်တော်၏အမှုတော်ကို ဖြောင့်မတ်ခြင်းဖြင့် အလျင်အမြန် ပြီးစေမည့် အကြောင်း၊ ကိုယ်တော့်လူမျိုးတို့၏ စုဝေးခြင်းကို ကြီးစွာသောတန်ခိုးနှင့် အာနုဘော်တို့ဖြင့် ဆက်၍ဖြစ်ပွားနိုင်စေခြင်းငှာ ကိုယ်တော်အား ကျွန်ုပ်တို့ဆုတောင်းကြပါ၏။
၆၀ ယခုတွင် ဤစကားတို့ကို၊ အို ကိုယ်တော်ရှင်၊ တစ်ပါးအမျိုးသားတို့နှင့်အတူ ဖော်ထုတ်ခံရလေသည့် ကျွန်ုပ်တို့အား ကိုယ်တော်ပေးတော်မူလေသည့် ဗျာဒိတ်တော်များနှင့် ပညတ်တော်များနှင့် စပ်လျဉ်း၍၊ ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့ဆိုကြလေပြီ။
၆၁ သို့ရာတွင် မိုးအုံ့၍ မှောင်မိုက်သောနေ့၌ တောင်များပေါ်မှာ အချိန်ကြာမြင့်စွာ ကွဲပြားပြန့်ကျဲကြလေသော ယာကုပ်အမျိုးသားတို့အတွက် ကြီးစွာသောချစ်ခြင်း ကိုယ်တော်၌ ရှိကြောင်း၊ ကိုယ်တော်သိပါ၏။
၆၂ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယာကုပ်အမျိုးသားတို့အပေါ် ကရုဏာထားတော်မူရန် တောင်းဆိုကြသည်မှာ၊ ယေရုရှလင်သည် ယခုနာရီမှစ၍၊ ရွေးနုတ်ခံရဖို့ အစပြုနိုင်စေကြောင်း၊
၆၃ ကျွန်ခံရာထမ်းပိုးကို ဒါဝိဒ်အမျိုးသားတို့ထံမှ ချိုးဖျက်ခံရခြင်းကိုလည်း အစပြုနိုင်စေကြောင်း၊
၆၄ ယုဒအမျိုးသားတို့သည် သူတို့၏အဘ၊ အာဗြဟံသို့ ကိုယ်တော်ပေးခဲ့သည့် မြေများသို့ ပြန်လာရန် အစပြုနိုင်ကြစေကြောင်းလည်း ဖြစ်ပါ၏။
၆၅ မိမိတို့လွန်ကျူးခြင်းကြောင့်အကျိန်ခံရ၊ ပြင်းစွာအရိုက်ခံရလေသော ယာကုပ်အမျိုး၏ ကျန်ကြွင်းသောသူများသည် မိမိတို့၏ရိုင်းစိုင်းကြမ်းကြုတ်ရာအခြေအနေမှ ထာဝရတည်မြဲသော ဧဝံဂေလိတရားတော်အပြည့်အစုံဆီသို့ ပြောင်းလဲပါစေ။
၆၆ သူတို့သည် သူတို့၏ အသွေးသွန်းလောင်းရာ လက်နက်များကို ချ၍၊ သူတို့၏ ပုန်ကန်မှုများကို ရပ်တန့်ကြစေခြင်းငှာဖြစ်ပါ၏။
၆၇ မြေကြီးစွန်းတိုင်အောင် နှင်ထုတ်ခံရလေသည့်၊ ကွဲပြားပြန့်ကျဲသည့် ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူအပေါင်းတို့သည်၊ သမ္မာတရားကို သိခြင်းသို့ရောက်ကြ၊ မေရှိယကို ယုံကြည်ကြပြီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ရွေးနုတ်ခံရကြ၊ ကိုယ်တော်ရှေ့၌ ရွှင်လန်းဝမ်းမြောက်ကြပါစေ။
၆၈ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ကျွန်၊ ဂျိုးဇက်စမစ်အငယ်ကို၊ ထို့အတူ သူ၏ခပ်သိမ်းသော ဆင်းရဲဒုက္ခများနှင့် ညှဉ်းဆဲခြင်းတို့ကို—သူသည် ယေဟောဝါနှင့် အဘယ်သို့ ပဋိညာဉ်ပြုထားကြောင်း၊ ထို့အတူ ကိုယ်တော်ထံသို့ သစ္စာကတိထားလေကြောင်းကို၊ အို ယာကုပ်အမျိုး၏ တန်ခိုးကြီးသောဘုရားသခင်—သူ့ကို ကိုယ်တော်ပေးထားလေသည့် ပညတ်တော်တို့ကို၊ ထို့အတူ ကိုယ်တော်၏အလိုကို ဆောင်ရွက်ရန် သူရိုးသားစွာ ကြိုးစားလေကြောင်းတို့ကို အောက်မေ့တော်မူပါ။
၆၉ အို ကိုယ်တော်ရှင်၊ သူ၏ဇနီးနှင့် ကလေးများအပေါ်မှာ ကရုဏာထားတော်မူပါ၊ ကိုယ်တော်၏ မျက်မှောက်တော်၌ သူတို့ချီးမြှောက်ခံရနိုင်စေခြင်းငှာနှင့် ကိုယ်တော်၏ ပြုစုစောင့်ရှောက်သောလက်ဖြင့် ကာကွယ်စောင့်မခံရနိုင်စေခြင်းငှာဖြစ်ပါ၏။
၇၀ သူတို့၏ ခပ်သိမ်းသောဆွေမျိုး အရင်းအချာတို့အပေါ်မှာ ကရုဏာထားတော်မူပါ၊ သူတို့အပေါ် ဘက်လိုက်ခြင်းတို့သည် ဖျက်ဆီးခံရပြီး ရေလွှမ်းမိုးခြင်းနှင့်ကဲ့သို့ပင် ပယ်ရှားခံရနိုင်စေခြင်းငှာ၊ သူတို့သည် ပြောင်းလဲခံရပြီး၊ ဣသရေလအမျိုးနှင့်အတူ ရွေးနုတ်ခံရနိုင်စေခြင်းငှာ၊ ထို့အတူ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိကြစေခြင်းငှာ ဖြစ်ပါ၏။
၇၁ အို ကိုယ်တော်ရှင်၊ ဥက္ကဋ္ဌများ၊ အကယ်စင်စစ် အသင်းတော်၏ ခပ်သိမ်းသော ဥက္ကဋ္ဌများကို အောက်မေ့တော်မူပါ၊ ကိုယ်တော်၏ လက်ယာတော်လက်သည် သူတို့ကို သူတို့၏ ခပ်သိမ်းသောမိသားစုများ၊ ထို့အတူ သူတို့၏ဆွေမျိုးအရင်းအချာများနှင့်အတူ ချီးမြှောက်နိုင်စေခြင်းငှာ၊ သူတို့၏ အမည်များကို ဆက်တိုက်ရှိနိုင်စေခြင်းငှာနှင့် လူမျိုးအစဉ်အဆက် ထာဝရတည်မြဲသော အောက်မေ့ခြင်း၌ ရှိနိုင်စေခြင်းငှာ ဖြစ်ပါ၏။
၇၂ အို ကိုယ်တော်ရှင်၊ ကိုယ်တော်၏ ခပ်သိမ်းသော အသင်းတော်ကို၊ သူတို့၏ ခပ်သိမ်းသော မိသားစုများနှင့်အတူ၊ သူတို့၏ ခပ်သိမ်းသောဆွေမျိုးအရင်းအချာတို့နှင့်အတူ၊ သူတို့၏ ခပ်သိမ်းသော ဖျားနာ၍ ဒုက္ခရောက်သောသူတို့နှင့်အတူ၊ ခပ်သိမ်းသောဆင်းရဲသားတို့နှင့် မြေကြီးပေါ်ရှိသိမ်မွေ့အောက်ကျို့သောသူတို့နှင့်အတူ အောက်မေ့တော်မူပါ။ လက်ဖြင့်ကိုယ်တော် မတည်ဆောက်သည့် နိုင်ငံတော်သည် ကြီးစွာသောတောင် ဖြစ်လာလျက် မြေကြီးတစ်ခုလုံးကို ပြည့်စေခြင်းငှာဖြစ်ပါ၏၊
၇၃ ကိုယ်တော်၏အသင်းတော်သည် မှောင်မိုက်ခြင်းတောရိုင်းမှ ထွက်လာနိုင်စေခြင်းငှာ၊ ထို့အတူ လကဲ့သို့ တင့်တယ်လျက်၊ နေကဲ့သို့ ကြည်လင်လျက် တောက်ပနိုင်စေခြင်းငှာ၊ ထို့အတူ အလံများနှင့်တပ်တစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ရှိနိုင်စေခြင်းငှာ ဖြစ်ပါ၏၊
၇၄ ကောင်းကင်ဘုံကို ကိုယ်တော်ဖွင့်တော်မူပြီး၊ ကိုယ်တော်မျက်မှောက်၌ တောင်တို့ကို စီးကျစေ၊ ထို့အတူ ချိုင့်ဝှမ်းများကို မြင့်တက်စေ၊ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေသောထိုနေ့၌ သတို့သမီးကဲ့သို့ တန်ဆာဆင်ရစေခြင်းငှာ၊ ကိုယ်တော်၏ ဘုန်းတော်သည် မြေကြီးကို ပြည့်စေခြင်းငှာ ဖြစ်ပါ၏၊
၇၅ သေသူတို့အတွက် တံပိုးကို မှုတ်သောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို တွေ့ရန် မိုးတိမ်ထဲသို့ ချီဆောင်ခံရစေခြင်းငှာ၊ ကျွန်ုပ်သည် ကိုယ်တော်ရှင်နှင့်အတူ အစဉ်ရှိနိုင်ကြစေခြင်းငှာ ဖြစ်ပါ၏။
၇၆ ကျွန်ုပ်တို့၏ အဝတ်တန်ဆာများ စင်ကြယ်စေခြင်းငှာ၊ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းဝတ်ရုံဖြင့် ဝတ်ဆင်ခံရနိုင်ပြီး၊ ကျွန်ုပ်တို့၏လက်ထဲ၌ စွန်ပလွံခက်များနှင့်၊ ထို့အတူ ကျွန်ုပ်တို့၏ဦးခေါင်းများပေါ်၌ ဘုန်းအသရေသရဖူများနှင့်ရှိစေခြင်းငှာ၊ ထို့အတူ ကျွန်ုပ်တို့၏ ခပ်သိမ်းသောဒုက္ခဝေဒနာခံစားရခြင်းများအတွက် ထာဝရဝမ်းမြောက်ခြင်းကို ရိတ်သိမ်းနိုင်စေခြင်းငှာ ဖြစ်ပါ၏။
၇၇ အို ကိုယ်တော်ရှင်ဘုရားသခင်အနန္တတန်ခိုးရှင်၊ ကျွန်ုပ်တို့၏ဤအသနားခံခြင်းများကို ကြားတော်မူပါ၊ ဘုန်းတော်၊ ဂုဏ်တော်၊ အာနုဘော်၊ တန်ခိုးတော်၊ အစွမ်းသတ္တိ၊ အစိုးရခြင်း၊ သမ္မာတရား၊ ဖြောင့်မှန်ခြင်း၊ တရားစီရင်တော်မူခြင်း၊ ကရုဏာ၊ ထို့အတူ ပြည့်စုံခြင်းအနန္တတို့နှင့် ထာဝရတည်မြဲခြင်းမှ ထာဝရတည်မြဲခြင်းသို့ ကိုယ်တော်ပလ္လင်တော်ပေါ်၌ ထိုင်တော်မူရာ ကိုယ်တော်၏သန့်ရှင်းသောနေရပ် ကောင်းကင်ဘုံမှနေ၍ ကျွန်ုပ်တို့ကို ဖြေတော်မူပါ။
၇၈ အို ကြားတော်မူပါ၊ အို ကြားတော်မူပါ၊ အို ကျွန်ုပ်တို့ကို ကြားတော်မူပါ၊ အို ကိုယ်တော်ရှင်၊ ဤအသနားခံခြင်းများကိုလည်း ပြည့်စုံစေတော်မူပါ၊ ကိုယ်တော်၏ နာမတော်အဖို့ ကျွန်ုပ်တို့ တည်ဆောက်လေသည့်အရာ၊ ကျွန်ုပ်တို့၏ လက်များနှင့်လုပ်သည့်အရာ၊ ဤအိမ်အား ကိုယ်တော်အဖို့ ဆက်ကပ်ခြင်းကိုလည်း လက်ခံတော်မူပါ။
၇၉ ဤအသင်းတော်အပေါ်၌လည်း ကိုယ်တော်၏နာမတော်ကို ထားရှိစေတော်မူပါ။ ကိုယ်တော့်ဝိညာဉ်တော်၏ တန်ခိုးဖြင့် ကျွန်ုပ်တို့ကို ကူညီတော်မူပါ၊ ကျွန်ုပ်တို့အသံများကို ကိုယ်တော်၏ပလ္လင်ပတ်လည်၌ ထွန်းလင်းတောက်ပသော၊ ချီးမွမ်းခြင်းဩဘာသံများနှင့်အတူ၊ ဘုရားသခင်နှင့် သိုးသငယ်သို့ ဟောရှဏ္ဏသီချင်းဆိုလျက်ရှိသော ကောင်းကင်တမန်သရပ်တို့နှင့် ရောနှောနိုင်စေခြင်းငှာဖြစ်ပါ၏။
၈၀ ဤ၊ ကိုယ်တော်၏ ဆီလိမ်း၍ ခန့်အပ်ထားသော လူများကို ကယ်တင်ခြင်းဖြင့် ဝတ်ဆင်ရစေတော်မူပါ၊ ကိုယ်တော်၏သန့်ရှင်းသူတို့ကိုလည်း ဝမ်းမြောက်ခြင်းအတွက် ကျယ်လောင်စွာ အော်ဟစ်စေတော်မူပါ။ အာမင်နှင့် အာမင်။