ကျမ်းစာများ
ယာကုပ် ၆


အခန်းကြီး ၆

ကိုယ်တော်ရှင်သည် နောက်ဆုံးသော​ကာလ၌ ဣသရေလ​အမျိုးတို့ကို ပြန်လည်​ပေါင်းစည်း​စေလိမ့်မည်—ကမ္ဘာမြေကြီးသည် မီးနှင့်လောင်မြိုက်လိမ့်မည်—လူသားတို့သည် ကန့်နှင့်ရောသော​မီးအိုင်ကို ရှောင်ရန် ခရစ်တော်၏​နောက်သို့ လိုက်ရကြမည်။ ဘီစီ ၅၄၄–၄၂၁ ခန့်။

ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ငါသည် ပရောဖက်ပြု၍​ဟောမည်ဟု သင်တို့ကို ဆို၍၊ ရှုလော့၊ ဤအရာသည် ငါ၏​ပရောဖက်​ပြုဟောချက်​ဖြစ်၏—ဤပရောဖက်​ဇေနုတ်က ဣသရေလ​အမျိုးသားတို့​အကြောင်းကို ဟောသည့် အရာများ​တည်းဟူသော သူတို့ကို ယဉ်သော​သံလွင်ပင်နှင့် ပမာ​ပြုခဲ့ခြင်းသည် ဧကန်အမှန်​ဖြစ်လာရမည်။

ထို့အတူ၊ ကိုယ်တော်ရှင်၏​တပည့်တော်တို့သည် သူ၏​ဥယျာဉ်ကို ပြုစု​ပျိုးထောင်၍၊ သုတ်သင်​ရှင်လင်းကြခြင်းငှာ၊ သူ၏​တန်ခိုးတော်နှင့် သွားကြမည့် အချိန်သည်ကား၊ သူ၏​လူမျိုးတို့ကို ကယ်ယူခြင်းငှာ၊ လက်တော်ကို ဒုတိယ​အကြိမ်​တစ်ဖန်​ဆန့်တော်မူမည့်​နေ့ရက်၊ အမှန်စင်စစ်၊ နောက်ဆုံး​အကြိမ်ပင် ဖြစ်သည့်​နေ့ရက်ပေတည်း။ ထို့နောက် မကြာမြင့်မီ၊ ပြီးဆုံးခြင်း ရောက်လာ၏။

သူ၏​ဥယျာဉ်​ထဲ၌ လုံ့လဝီရိယ​ထက်သန်စွာ​အလုပ်​လုပ်ကြသော​သူတို့သည် မင်္ဂလာရှိကြ​ပေစွတကား။ မိမိတို့၏​နေရာသို့ နှင်ထုတ်​ခံရမည့်​သူတို့သည် ကျိန်ခြင်းကို ခံရကြ​လေပြီတကား။ ကမ္ဘာ​မြေကြီး​သည်လည်း မီးနှင့်လောင်မြိုက်လိမ့်မည်။

ငါတို့၏​ဘုရားသခင်သည် ငါတို့ကို ကရုဏာကြီး​တော်မူလှ ပေစွတကား။ အကြောင်းမူကား၊ သူသည် ဣသရေလ​အမျိုးသားတို့ကို အရင်း​အဖျား​နှစ်ခုစလုံးကို အောက်မေ့​တော်မူ၏။ လက်တော်ကိုလည်း သူတို့ထံသို့ တစ်နေ့လုံး​ဆန့်တော်မူ၏။ သူတို့သည်လည်း လည်ပင်း​ခိုင်မာ၍ ငြင်းဆန်​တတ်သော​လူမျိုး ဖြစ်ကြ၏။ သို့ရာတွင်၊ မိမိတို့​စိတ်နှလုံးကို မမာကျော​စေသူ​မှန်သမျှသည် ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ သင်တို့သည် နောင်တရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်း​ဖြင့်လာ၍၊ ဘုရားသခင်သည် သင်တို့၌ စွဲမြဲခြင်း​ရှိသကဲ့သို့၊ သင်တို့သည် သူ့၌ စွဲမြဲခြင်း​ရှိကြစေကြောင်း၊ တည်ကြည်​လေးနက်သော စကားများဖြင့် သင်တို့ကို ငါတိုးလျှိုးတောင်းပန်၏။ နေ့အလင်း၌ သူ၏​ကရုဏာ​တော်လက်ရုံးကို သင်တို့ထံ ဆန့်တော်မူ​စဉ်တွင်လည်း၊ သင်တို့​စိတ်နှလုံးကို မာကျောစေခြင်း မရှိကြစေနှင့်။

ထိုမှတစ်ပါး၊ ယနေ့တွင်၊ သင်တို့သည် သူ၏အသံကို ကြားနာ၍၊ သင်တို့၏စိတ်နှလုံးကို မာကျောစေခြင်း မရှိလျှင်၊ အဘယ်အတွက် သေရမည်နည်း။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် ဘုရားသခင်၏​ကောင်းမြတ်​တော်မူသော နှုတ်ကပတ်တော်​အားဖြင့်၊ တစ်နေ့လုံး အား​ဖြည့်ခံရလေပြီးမှ၊ မကောင်းသော​အသီးကို သီးသဖြင့်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရမည်လော။

ရှုလော့၊ သင်တို့သည် ဤစကားများကို ငြင်းပယ်ကြ​မည်လော။ သင်တို့သည် ပရောဖက်တို့၏ စကားများကို ငြင်းပယ်ကြမည်လော။ ထို့အတူ၊ သူ၏​အကြောင်းကို များစွာသော​သူတို့က ဟောထားလေပြီးမှ၊ ခရစ်တော်​အကြောင်းကို ပြောထားလေသည့် ခပ်သိမ်းသော​စကားများကို သင်တို့ငြင်းပယ်၍၊ ခရစ်တော်၏​ကောင်းမြတ်​တော်မူသော နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏​တန်ခိုးတော်၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးတို့ကို ငြင်းဆို၍၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​အရှိန်ကို ငြိမ်းစေလျက်၊ သင်တို့အတွက် ချထား​တော်မူလေသော ကြီးမြတ်သည့် ရွေးနှုတ်ခြင်း​အစီ​အစဉ်ကို ပြက်ရယ်​ပြုကြမည်လော။

သင်တို့သည် ဤအရာတို့ကို ပြုကြလျှင်၊ ခရစ်တော်၌​ရှိသည့် ရွေးနှုတ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​တန်ခိုးတော်က သင်တို့ကို ဘုရားသခင်၏ တရားစီးရင်​တော်မူ​ရာတိုင်​ရှေ့၌၊ အရှက်တရား၊ အလွန်ဆိုးရွားသော အပြစ်​ရောက်ခြင်းတို့နှင့် ရပ်ကြစေခြင်းငှာ ဆောင်ယူ​တော်မူလိမ့်မည်ကို သိခြင်းမရှိကြ​သလော။

၁၀ ထို့အတူ၊ တရား​တော်မူခြင်းကို ငြင်းဆန်၍ မရနိုင်သော​ကြောင့်၊ တရားတော်မူခြင်း တန်ခိုးအတိုင်း၊ မငြိမ်းနိုင်သော​မီးလျှံများနှင့် ကာလ​အစဉ်အဆက် အမြဲတက်သည့် မီးခိုး၏ အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်း တည်းဟူသော ကန့်နှင့်​ရောသော​မီးအိုင်၊ ထိုကန့်နှင့်​ရောသော​မီးအိုင်ထဲသို့ သင်တို့​သွားရမည်။

၁၁ အို ထိုသို့​ဆိုလျှင်၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့သည် နောင်တရ၍၊ ကျပ်တည်းသော တံခါးမှ​ဝင်လျက်၊ ထာဝရ​အသက်ကို ရရှိကြသည်​တိုင်အောင် ကျဉ်းမြောင်းသည့် လမ်း၌ ဆက်၍​ရှိနေကြလော့။

၁၂ အို ဉာဏ်ပညာရှိကြလော့၊ ငါသည် အဘယ်​အရာကို ထပ်၍​ပြောနိုင်​ဦးမည်နည်း။

၁၃ နောက်ဆုံး​အနေဖြင့်၊ ဆိုးညစ်သော​သူတို့ကို အလွန်ဆိုး​ရွားသော ကြောက်ရွံ့ခြင်းနှင့် အကြောက်​တရားတို့ဖြင့် ဒဏ်ခတ်​တော်မူသည့် ဘုရားသခင်၏​နှစ်သက်​စရာကောင်းသော တရားစီရင်​တော်မူရာတိုင်ရှေ့ ၌ သင်တို့ကို တွေ့ရသည့် အချိန်​တိုင်အောင် မင်္ဂလာ​ရှိကြပါစေဟု သင်တို့ကို ငါနှုတ်​ဆက်၏။ အာမင်။