ကျမ်းစာများ
ယာကုပ် ၂


အခန်းကြီး ၂

စည်းစိမ်​ဥစ္စာများကို တပ်မက်ခြင်း၊ မာန​တရားနှင့် ကာမ​အပြစ်ရှိခြင်းတို့ကို ယာကုပ်က ထုတ်ဖော်​ပြောကြား၏—လူသားတို့သည် မိမိတို့၏​အပေါင်း​အဖော်များကို ကူညီ​မစရန် စည်းစိမ်​ဥစ္စာများကို ရှာဖွေရမည်—နီဖိုင်း​အမျိုးသားများ၌ အဘယ်သူမျှ ဇနီး​တစ်ယောက်​ထက်ပို၍ မယူရဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏—ကိုယ်တော်ရှင်သည် မိန်းမတို့၏ ကာမ​အပြစ်​ကင်းစင်ခြင်းကို နှစ်သက်​တော်မူ၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။

နီဖိုင်း​သေပြီးနောက်၊ နီဖိုင်း​လူမျိုးတို့အား နီဖိုင်း၏​ညီယာကုပ်က ပြောသော​စကားများ​သည်ကား၊

ယခုတွင်၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ငါယာကုပ်သည် ဘုရားသခင်ထံ​ရှိသည့် ငါ၏​တာဝန်​အတိုင်း၊ ငါ၏​အမှု​အရာကို တည်ကြည်​လေးနက်စွာ တိုးမြှင့်​ဆောင်ရွက်​နိုင်ခြင်း​ငှာလည်းကောင်း၊ ငါ၏​အဝတ်တန်ဆာများ​ကိုလည်း သင်တို့၏​အပြစ်များမှ ကင်းစင်​စေခြင်းငှာ​လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အား ဟောကြားနိုင်ခြင်းငှာ ဤနေ့တွင် ဗိမာန်တော်​ထဲသို့ တက်လာ၏။

ငါသည် ယခု​တိုင်အောင်ပင် ငါ၏​အမှုတော်​ဆောင်​တာဝန်​အမှုအရာ၌ လုံ့လဝီရိယရှိလေသည်ကို သင်တို့​ကိုယ်တိုင်လည်း​သိကြ၏။ သို့ရာတွင်၊ ဤအချိန်၌၊ ငါသည် သင်တို့​စိတ်ဝိညာဉ်၏ ကောင်းကျိုး​အတွက်၊ ယခု​တိုင်အောင်​ရှိလေပြီး​သည်ထက် သာ၍​များစွာသော ဆန္ဒ​နှင့်​စိုးရိမ်​ပူပန်မှုတို့ဖြင့် ဝန်လေးပေ၏။

အကြောင်းမူကား၊ ရှုလော့၊ ယခု​အချိန်ထိပင်၊ သင်တို့သည် ငါပေး​လေသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို နာခံကြ​လေပြီ။

သို့ရာတွင်၊ ရှုလော့၊ ငါ့စကားကို သင်တို့စေ့စေ့​နားထောင်ကြလော့။ ငါ့အဖို့ အလွန်​စက်ဆုပ်​ရွံရှာဖွယ်၊ အမှန်စင်စစ်၊ ဘုရားသခင်​အဖို့လည်း စက်ဆုပ်​ရွံရှာဖွယ်​အဖြစ် ထင်ရှားသည့် အပြစ်ကို လုပ်ခြင်းငှာ၊ အစပြုလျက်​ရှိကြသော သင်တို့၏ အတွေးများ​အကြောင်းကို၊ ကောင်းကင်နှင့် မြေကြီး၏ အလုံးစုံသော တန်ခိုးနှင့်​ပြည့်စုံ​တော်မူသည့် ဖန်ဆင်းရှင်၏ အကူ​အညီဖြင့် ငါပြောနိုင်​ကြောင်းကိုလည်း သိကြလော့။

ထိုမှတစ်ပါး၊ သင်တို့​စိတ်နှလုံး၏ ဆိုးညစ်ခြင်း​အကြောင်း သင်တို့ကို ငါသက်​သေခံရခြင်းက ငါ၏​ဝိညာဉ်ကို ဝမ်းနည်း​ပူဆွေးစေ၍၊ ငါ့ကို​ဖန်ဆင်း​တော်မူသော​အရှင်၏​မျက်မှောက်ရှေ့၌ ငါ့ကို အရှက်တရားနှင့် တွန့်ဆုတ်​စေ၏။

ဘုရားသခင်အား နှစ်သက်စေသည့် အရာတည်း​ဟူသော ဘုရားသခင်ရှေ့ ၌ အလွန်​နူးညံ့သော၊ ကာမ​အပြစ်ကင်း​စင်သော၊ သိမ်မွေ့သော စိတ်​ခံစားချက်များ​ရှိလေသူ သင်တို့​ဇနီးများနှင့် သင်တို့​သားသမီးများရှေ့ ၌ သင်တို့​အကြောင်းကို အလွန်​ရဲရင့်သော​စကားများဖြင့် ပြောရခြင်း​ကလည်း ငါ့ကို ဝမ်းနည်း​ပူဆွေး​စေ၏။

ဘုရားသခင်၏ နှစ်သက်​စရာကောင်းသော၊ နှုတ်ကပတ်တော်၊ အမှန်စင်စစ်၊ နာလျက်ရှိသော ဝိညာဉ်ကို အနာကင်းစေသည့် နှုတ်ကပတ်တော်ကို ကြားနာခြင်းငှာ၊ ဤနေရာသို့ သူတို့လာ​ကြလေသည်​ဟုလည်း ငါထင်​မှတ်၏။

သို့ဖြစ်၍၊ သူတို့၏​ဒဏ်ရာများကို ငြိမ်းစေ၍ နှစ်သိမ့်စေမည့်​အစား၊ ဒဏ်ရာရ​လေပြီးသော​သူတို့၏ ဒဏ်ရာကို ပို၍​ကြီးစေကြောင်းနှင့် ဒဏ်ရာ​မရသေးသော​သူတို့ကို ဘုရားသခင်၏ နှစ်သက်ဖွယ်​ကောင်းသည့် နှုတ်ကပတ်တော်အား ပွဲခံ​ပျော်မွေ့ခြင်း​ရှိစေမည့်​အစား၊ သူတို့၏ စိတ်နှလုံးကို သံလျက်နှင့် ခွင်း၍၊ သိမ်မွေ့သော​စိတ်ကို ဒဏ်ရာရ​စေကြောင်း၊ သင်တို့၏​ပြစ်မှုများ​အတိုင်း သင်တို့ကို ဆုံးမရန်၊ ဘုရားသခင်ထံမှ ငါရရှိထား​လေပြီးသော တင်းကျပ်သည့် ပညတ်တော်ကြောင့် အတင်း​စေခိုင်းရ​သည်မှာ ငါ၏​ဝိညာဉ်ကို ဝန်လေး​စေ၏။

၁၀ သို့ရာတွင်၊ အမှုကြီး​မားသော်​ငြားလည်း၊ ငါသည် ဘုရားသခင်၏ တင်းကျပ်သော​မိန့်မှာချက်များ အတိုင်း ပြုရမည်။ သင်တို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​အကြောင်းကို စိတ်နှလုံး​စင်ကြယ်သောသူများနှင့် နှလုံးသားကျိုးပဲ့သော​သူတို့၏ မျက်မှောက်၌၊ ထို့အတူ အနန္တ​တန်ခိုး​ရှင်​ဘုရားသခင်၏ စူးရှသော​မျက်လုံးတော်၏ လျှပ်တစ်ပြက်​အကြည့်အောက်၌ ပြောရမည်။

၁၁ သို့ဖြစ်၍၊ ဘုရားသခင့်​နှုတ်ကပတ်တော်၏ ရှင်းလင်းခြင်း​အတိုင်း သမ္မာ​တရားကို သင်တို့အား ငါပြော​ပြရမည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ထံ ငါမေးလျှောက်သော​အခါ၊ နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာပြီး၊ မိန့်တော်မူ​လေသည်မှာ၊ ယာကုပ်၊ သင်သည် နက်ဖြန်​နေ့တွင် ဗိမာန်တော်သို့ တက်၍၊ သင့်ကို ငါပေး​တော်မူမည့် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား ဟော​ကြားလော့။

၁၂ ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ဤ​အရာသည်ကား၊ သင်တို့နှင့် သင်တို့၏​အမျိုး​အနွယ်များ​အတွက်ဖြစ်သော ကတိတော်​မြေဖြစ်သည့် အမြောက်မြားဆုံး ပေါများရာ ဤပြည်၌ များစွာသော​သင်တို့သည် ရွှေ၊ ငွေနှင့် အမျိုးမျိုးသော​အဖိုး​တန်​သတ္တုရိုင်းတို့ကို ရှာဖွေ​စပြုကြ​လေကြောင်း သင်တို့ကို ငါဟောကြားသည့် စကား​ပေတည်း။

၁၃ စောင့်ရှောက်​ခြင်းလက်တော်ကလည်း သင်တို့ကို အနှစ်သက်ဆုံး ပြုံး​တော်မူ​လေသဖြင့် စည်းစိမ်​ဥစ္စာများစွာကို သင်တို့​ရရှိကြလေပြီ။ သင်တို့မှ အချို့သော​သူများသည် သင်တို့၏​ညီအစ်ကိုများ​ထက် သာ၍​မြောက်မြားစွာ​ရရှိသော​ကြောင့်၊ သင်တို့သည် မိမိမာန​စိတ်နှလုံးဖြင့် ဘဝင်မြင့်လျက်၊ သင်တို့​အဝတ်၏ တန်ဖိုး​ကြီးခြင်းကြောင့် လည်ပင်း​ခိုင်မာ၍၊ မောက်​မာလျက်၊ သင်တို့​ညီအစ်ကိုများထက်သာ၍၊ မြင့်မြတ်သည်ဟု ထင်မှတ်သော​ကြောင့်၊ သူတို့ကို ညှဉ်းဆဲကြ၏။

၁၄ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ဘုရားသခင်သည် ဤအမှု၌ သင်တို့ကို အပြစ်ကင်း​စေတော်မူ​သည်ဟု သင်တို့ ထင်မှတ်ကြ​သလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သင်တို့ကို သူပြစ်ဒဏ်ချ​မှတ်၍ သင်တို့သည် ဤအမှုတို့၌ ဆက်၍​ပြုမြဲပြု​ကြလျှင်၊ သူ၏​တရား​စီရင်​တော်မူခြင်းသည် သင်တို့​အပေါ်အလျင်အမြန်ကျရောက်​လာပေမည်။

၁၅ သူသည် မျက်လုံး​တော်မှ လျှပ်တစ်​ပြက်​အကြည့်​တစ်ချက်ဖြင့်၊ သင်တို့ကို မြေမှုန့်သို့​တိုင် ဒဏ်ခတ်​တော်မူနိုင်၍၊ သင်တို့ကို စူးရှနိုင်​ကြောင်း ပြ​တော်မူ​ပါစေသော်။

၁၆ သူသည် သင်တို့ကို ဤဒုစရိုက်နှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့မှ ပယ်ရှား​ပါစေသော်။ ထို့အတူ၊ သင်တို့သည် သူ၏​အမိန့်​တော်စကားကို နားထောင်​ကြလော့။ သင်တို့​၏ ဤမာနစိတ်နှလုံးကို သင်တို့၏ စိတ်ဝိညာဉ်များအား မဖျက်​ဆီးစေနှင့်။

၁၇ သင်တို့၏ ညီအစ်ကိုများကို သင်တို့ကိုယ်၌​ကဲ့သို့ ထင်မှတ်၍ အားလုံးကို ခင်မင်လျက်၊ သူတို့ကို သင်တို့​ကဲ့သို့ ကြွယ်ဝကြ​စေခြင်းငှာ၊ သင်တို့၏ ဥစ္စာတို့ကို ရက်ရောခြင်း​ရှိကြလော့။

၁၈ သို့ရာတွင်၊ သင်တို့သည် စည်းစိမ်​ဥစ္စာကို​မရှာမီ၊ ဘုရားသခင်၏​နိုင်ငံတော်ကို ရှာကြလော့။

၁၉ သင်တို့သည် ခရစ်တော်​အားဖြင့်၊ မျှော်လင့်ခြင်း​ရှိကြလေပြီးမှ၊ ရှာကြလျှင်၊ စည်းစိမ်​ဥစ္စာကို ရရှိကြ​လိမ့်မည်။ သင်တို့သည် ကောင်းမြတ်​သည်ကို ပြုကြခြင်း​ငှာ—အဝတ်​မရှိသော​သူတို့အား ဝတ်စရာကို ပေးခြင်း​ငှာ၊ ထို့အတူ မွတ်သိပ်သော​သူတို့အား အစာ​ကျွေးခြင်း​ငှာ၊ ထို့အတူ အကျဉ်းသားတို့ကို လွတ်စေခြင်း​ငှာ၊ ထို့အတူ ဖျားနာသူများနှင့် ဒုက္ခ​ရောက်သူများတို့အား အကူအမ ထောက်ပံ့​ပေးကမ်းခြင်း​ငှာ စသည့်​ရည်ရွယ်​ချက်ဖြင့် ထိုအရာတို့ကို ရှာရကြမည်။

၂၀ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ငါသည် သင်တို့အား မာန​အကြောင်းကို ပြောပြီးလေပြီ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ဒုက္ခရောက်စေသူ၊ သင်တို့ကို ဘုရားသခင်​ပေးထား​တော်မူလေသော အရာများ​အတွက် သင်တို့​စိတ်နှလုံး၌ မာနကြီး​ကြသော​ကြောင့်၊ ညှဉ်းဆဲကြသော​သင်တို့သည် ထိုမာန​အကြောင်းကို အဘယ်သို့​ပြောကြ​မည်နည်း။

၂၁ ထိုကဲ့သို့သော​အရာများသည် ခပ်သိမ်းသော လူတို့ကို ဖန်ဆင်း​တော်မူခဲ့သော​သူ​အဖို့ စက်ဆုပ် ရွံရှာဖွယ်​ဖြစ်သည်ဟု သင်တို့​မထင်မှတ်ကြ​သလော။ သူ၏​အမြင်၌ လူတစ်ဦးသည် အခြား​တစ်ဦး​ကဲ့သို့ပင် အဖိုး​ထိုက်ပေ၏။ ခပ်သိမ်းသော လူ​တို့​သည်လည်း မြေမှုန့်မှ ဖြစ်လာကြ၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်း၍၊ သူ့ကို ကာလ​အစဉ်​အဆက် ချီးမွမ်းကြ​စေကြောင်း​ဟူသည့် တူညီသော​ရည်ရွယ်ချက်​အတွက်၊ သူတို့ကို ဖန်ဆင်းထား​တော်မူ​လေပြီ။

၂၂ ယခုမူကား၊ ငါသည် သင်တို့အား ဤမာန​အကြောင်း ပြောဆိုခြင်းကို လက်​စသတ်၏။ သာ၍​ဆိုးရွားသည့် ပြစ်မှု​အကြောင်း သင်တို့ကို မပြောရလျှင်၊ ငါ့စိတ်နှလုံးသည် သင်တို့ကြောင့် လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်​လိမ့်မည်။

၂၃ သို့ရာတွင်၊ သင်တို့၏​သာ၍​ဆိုးရွားသော ပြစ်မှုများကြောင့်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်က ငါ့ကို ဝန်လေးစေ၏။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် မိန့်​တော်မူ​လေသည်မှာ၊ ဤလူမျိုးတို့သည် ဒုစရိုက်၌ တဖြည်းဖြည်း​တိုးပွား​စပြုကြ၏။ ကျမ်းစာများကို နားလည်းခြင်း မရှိကြ။ အကြောင်းမူကား၊ သူတို့သည် မတရားသော​မေထုန်ကို ပြုရာတွင် ဒါဝိဒ်နှင့် သူ၏​သားရှောလမုန်တို့​အကြောင်း ရေးထားသော​အရာများကြောင့် သူတို့ကိုယ်​သူတို့ အပြစ်​လွတ်စေခြင်းငှာ ကြိုးစားကြ၏။

၂၄ ရှုလော့၊ ဒါဝိဒ်နှင့် ရှောလမုန်တို့၌ များစွာသော​ဇနီးများနှင့် မယားငယ်များ အမှန်ရှိ​လေခြင်း​သည်ကား၊ ငါ့ရှေ့ ၌ စက်ဆုပ်​ရွံရှာဖွယ်သော​အရာဖြစ်၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ငါသည် ယောသပ်၏​ရင်သွေးမှ ဖြောင့်မတ်သော​သူတစ်စုကို ငါ့အဖို့ ပေါ်ထွန်းနိုင်​စေခြင်းငှာ၊ ဤလူမျိုးကို ငါ့လက်ရုံး၏ တန်ခိုးတော်​အားဖြင့်၊ ယေရုရှလင်​နယ်မြေမှ ဆောင်​တော်မူ​လေပြီ။

၂၆ သို့ဖြစ်၍၊ ရှေးက​လူများကဲ့သို့၊ ဤလူမျိုးတို့ ပြုကြမည်ကို ငါကိုယ်တော်ရှင်​ဘုရားသခင် အခွင့်ပေး​တော်မူ​မည်မဟုတ်။

၂၇ သို့ဖြစ်၍၊ ငါ၏​ညီအစ်ကိုတို့၊ ငါ့ကို​ကြားနာ၍၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို စေ့စေ့နားထောင်​ကြလော့။ အကြောင်းမူကား၊ သင်တို့​အထဲမှ အဘယ်သူမျှ ဇနီး​တစ်ယောက်​ထက်ပို၍ မယူရ။ မယားငယ်များလည်း မရှိစေရ။

၂၈ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်​ဘုရားသခင်သည် မိန်းမတို့၏ ကာမ​အပြစ်​ကင်းစင်ခြင်းကို နှစ်သက်​တော်မူ၏။ မတရားသော​မေထုန်​အမှုတို့​သည်ကား၊ ငါ့ရှေ့ ၌ စက်ဆုပ်​ရွံရှာဖွယ်​အမှု​ဖြစ်၏ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်​တော်မူ​၏။

၂၉ သို့ဖြစ်၍၊ ဤလူမျိုးတို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ရမည်။ သို့မဟုတ်လျှင်၊ ဤပြည်သည် သူတို့ကြောင့်၊ ကျိန်ခြင်း​ခံရမည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၃၀ အကြောင်းမူကား၊ ငါ့အဖို့ အမျိုး​မပြတ်​ဆက်နွယ်စေ​တော်မူလျှင်၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်​တော်မူ​သည်မှာ၊ ငါ၏​လူမျိုးတို့ကို မိန့်တော်မူမည်။ သူတို့​သည်လည်း ဤမိန့်မှာချက်တို့ကို စေ့စေ့နားထောင်​ကြလိမ့်မည်။

၃၁ အကြောင်းမူကား၊ ရှုလော့၊ မိမိတို့​ခင်ပွန်းများ၏ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်၊ ယေရုရှလင်​နယ်မြေ၊ ထိုမှတစ်ပါး ငါ့လူမျိုးတို့၏ ခပ်သိမ်းသော​ပြည်တို့မှ ငါ့လူမျိုးတို့၏ သမီးများ၏ ဝမ်းနည်းခြင်းကို ငါကိုယ်တော်ရှင်​မြင်တော်မူ၍၊ ငိုကြွေး​မြည်တမ်းခြင်း​ကိုလည်း ကြားတော်မူ၏။

၃၂ ထို့အတူ၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ငါသည် ယေရုရှလင်​နယ်မြေမှ ဆောင်တော်မူ​လေသော ဤလူမျိုးတို့၏ ချောမောသော​သမီးတို့၏​ငိုကြွေးသံကို ငါ့လူမျိုးတို့၏ ယောက်ျားတို့​တစ်ဖက်၌ ငါ့​ထံသို့​တက်လာ​စေရန် အခွင့်ပေး​တော်မူမည်​မဟုတ်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၃၃ အကြောင်းမူကား၊ ငါသည် သူတို့ကို ပြင်းထန်သော​ကျိန်ခြင်းနှင့် ဖျက်ဆီးသည့်​တိုင်အောင် မဆုံးမလျှင်၊ သူတို့သည် ငါ့လူမျိုးတို့၏​သမီးများကို နူးညံ့ခြင်းကြောင့်၊ အကျဉ်းသား​အဖြစ်​ဖမ်းဆီး၍ ဆောင်သွားကြ​လိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ သူတို့သည် ရှေးက​လူများကဲ့သို့ မတရားသော​မေထုန်​အမှုများကို ကျူးလွန်ကြမည်​မဟုတ်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ​လေ၏။

၃၄ ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ဤပညတ်​တော်များကို ငါတို့​အဘ​လေဟိအား ပေးထား​တော်မူ​ခဲ့လေကြောင်း သင်တို့​သိကြ၏။ သို့ဖြစ်၍၊ သင်တို့သည် ထိုအရာတို့ကို သိလျက်၊ မပြုသင့်သည့်​ဤအရာတို့ကို ပြုကြသော​ကြောင့် ကြီးစွာသော ပြစ်ဒဏ်​ချမှတ်ခြင်းသို့ ရောက်ကြ​လေပြီ။

၃၅ ရှုလော့၊ သင်တို့သည် ငါတို့၏​ညီအစ်ကိုများ​ဖြစ်သော လာမန်​အမျိုးသားများထက် သာ၍​ကြီးသော​ဒုစရိုက်များကို ပြုကြလေ​ပြီတကား။ သင်တို့၏ ဆိုးသော​ပုံသက်​သေများကြောင့် သင်တို့၏​နူးညံ့သော ဇနီးတို့၏​နှလုံးသားကို ကြေကွဲစေ၍၊ သင်တို့​သားသမီးများ၏ စိတ်ချယုံကြည်ခြင်းကို ဆုံးရှုံးကြ၏။ သင်တို့​တစ်ဖက်၌ သူတို့​နှလုံးသား၏​ငိုရှိုက်ခြင်းများ​သည်လည်း ဘုရားသခင်ထံသို့ မြင့်တက်ကြ၏။ ထို့အတူ၊ သင်တို့​တစ်ဖက်၌၊ ဆင်းလာသည့် ဘုရားသခင့်​နှုတ်ကပတ်တော်၏ တင်းကျပ်​ပြင်းထန်ခြင်းကြောင့်၊ များစွာသော​စိတ်နှလုံးတို့သည် နက်လှစွာသော​ဒဏ်ရာနှင့် စူးရှ၍ ညှိုးငယ်ကြ၏။