အခန်းကြီး ၃
စိတ်နှလုံးစင်ကြယ်သောသူတို့သည် ဘုရားသခင်၏ နှစ်သက်စရာကောင်းသော နှုတ်ကပတ်တော်ကို လက်ခံရရှိကြ၏—လာမန်အမျိုးသားတို့၏ ဖြောင့်မတ်ခြင်းသည် နီဖိုင်းအမျိုးသားတို့၏ ဖြောင့်မတ်ခြင်းထက် သာလွန်၏—ယာကုပ်သည် မတရားသောမေထုန်၊ ကိလေသာလွန်ကျူးခြင်းနှင့် အပြစ်မှန်သမျှတို့၏ဘေးကို သတိပေး၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။
၁ သို့ရာတွင်၊ ရှုလော့၊ ငါ၊ ယာကုပ်သည် စိတ်နှလုံးစင်ကြယ်သောသင်တို့ကို ပြောလို၏။ ဘုရားသခင်ကို ခိုင်မြဲသောစိတ်နှင့် မှီခိုအားကိုးလော့၊ သူ့ကို ကြီးသောယုံကြည်ခြင်းနှင့် ဆုတောင်းလော့။ သူသည် သင့်ကို သင်၏ဆင်းရဲဒုက္ခများ၌ သက်သာစေတော်မူလိမ့်မည်။ သင်၏အမှုကိုလည်း စောင့်တော်မူ၍၊ သင့်ကို ဖျက်ဆီးရန်ကြိုးစားသောသူတို့ကို ပြစ်ဒဏ်ချမှတ်တော်မူလိမ့်မည်။
၂ အို စိတ်နှလုံးစင်ကြယ်သည့် ခပ်သိမ်းသောသင်တို့၊ ဦးခေါင်းကိုမော့၍၊ ဘုရားသခင်၏ နှစ်သက်စရာကောင်းသော နှုတ်ကပတ်တော်ကို လက်ခံရယူလော့၊ သူ၏ချစ်ခြင်းကို ပွဲခံပျော်မွေ့ကြလော့။ အကြောင်းမူကား၊ သင်တို့၏စိတ် ကာလအစဉ်အဆက်ခိုင်မြဲလျှင်၊ အခွင့်ရနိုင်၏။
၃ သို့ရာတွင်၊ ဤကာလတွင် ဘုရားသခင်ရှေ့၌ ညစ်ညမ်းသောသူများတည်းဟူသော စိတ်နှလုံးမစင်ကြယ်သောသူတို့သည် အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် နောင်တမရကြလျှင်၊ သင်တို့ကြောင့် ထိုပြည်သည် အကျိန်ခံရ၍၊ သင်တို့လို မညစ်ညမ်းသည့် လာမန်အမျိုးသားတို့သည်လည်း ပြင်းထန်သောကျိန်ခြင်းအမင်္ဂလာဖြင့် အကျိန်ခံရလျက်၊ သင်တို့ကို ပျက်စီးသည့်တိုင်အောင်ပင် ဒုက္ခပေးကြလိမ့်မည်။
၄ ထို့အတူ၊ သင်တို့နောင်တမရကြလျှင်၊ သင်တို့၏အမွေခံရာပြည်ကို သူတို့ပိုင်ဆိုင်မည့် အချိန်သည် အလျင်အမြန်ကျရောက်လာလိမ့်မည်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို သင်တို့အထဲမှ ခေါ်ဆောင်တော်မူလိမ့်မည်။
၅ ရှုလော့၊ သူတို့၏အညစ်အကြေးနှင့် သူတို့အရေပြားများပေါ်တွင် ကျခဲ့လေသော ကျိန်ခြင်းအမင်္ဂလာကြောင့် သင်တို့မုန်းတီးသည့် သင်တို့၏ညီအစ်ကိုလာမန်အမျိုးသားတို့သည် သင်တို့ထက်သာ၍ ဖြောင့်မတ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် ဇနီးတစ်ယောက်တည်းသာ ယူရမည်။ မယားငယ်များ မယူရ၊ သူတို့၌ မတရားသောမေထုန်အမှုကို မပြုရဟူသည့်—ငါတို့အဘအား ပေးထားတော်မူခဲ့သော ကိုယ်တော်ရှင်၏ပညတ်တော်ကို မမေ့လေကြ။
၆ ယခုမူကား၊ ဤပညတ်တော်ကို သူတို့သည်စောင့်ထိန်းရန် အားထုတ်ကြ၏။ သို့ဖြစ်၍၊ ဤပညတ်တော်ကို စောင့်ထိန်းရာတွင် နာခံလိုက်နာခြင်းကြောင့်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူတို့ကို မဖျက်ဆီးလတ္တံ့၊ သို့ရာတွင် ကရုဏာကြီးတော်မူလတ္တံ့။ တစ်နေ့သော အချိန်၌၊ သူတို့သည်လည်း ကောင်းချီးခံစားရသော လူမျိုးများ ဖြစ်လာလတ္တံ့။
၇ ရှုလော့၊ သူတို့၏ခင်ပွန်းတို့သည် သူတို့၏ဇနီးတို့ကို ချစ်ကြ၏၊ သူတို့၏ဇနီးတို့သည် သူတို့၏ခင်ပွန်းတို့ကို ချစ်ကြ၏။ ထို့အတူ၊ သူတို့၏ခင်ပွန်းတို့နှင့် သူတို့၏ဇနီးတို့သည် သူတို့၏သားသမီးတို့ကို ချစ်ကြ၏။ သင်တို့ဆီသို့ သူတို့၏ မယုံကြည်မှုနှင့် မုန်းတီးမှုသည်ကား၊ သူတို့ဘိုးဘေးတို့၏ ဒုစရိုက်များကြောင့်ဖြစ်၏။ သို့ဖြစ်၍၊ သင်တို့၏ ကြီးမြတ်တော်မူသည့် ဖန်ဆင်းရှင်၏အမြင်၌ သင်တို့သည် သူတို့ထက် အဘယ်မျှ၊ သာ၍ ကောင်းမြတ်ကြသနည်း။
၈ အို ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့ အပြစ်တို့မှ နောင်တမရလျှင်၊ သူတို့နှင့်အတူ ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ ဆောင်ယူခံရသောအခါ သူတို့အသားသည် သင်တို့ထက်သာ၍ဖြူမည်ကို စိုးရိမ်၏။
၉ သို့ဖြစ်၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည့် ပညတ်တော်တစ်ခုကို ငါသည် သင်တို့အား ပေး၏။ သင်တို့သည် သူတို့၏အသားမည်းခြင်းကြောင့်၊ သူတို့ကို ကဲ့ရဲ့ပြောဆိုခြင်းမရှိရတော့စေကြောင်း ပေတည်း၊ သူတို့၏အညစ်အကြေးကြောင့် သူတို့ကို ကဲ့ရဲ့ပြောဆိုခြင်းကိုလည်း မပြုရ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ အညစ်အကြေးကိုသာ အောက်မေ့၍၊ သူတို့၏အညစ်အကြေးမှာ သူတို့ဘိုးဘေးတို့ကြောင့်ဖြစ်သည်ကို သတိရကြရမည်။
၁၀ သို့ဖြစ်၍၊ သင်တို့သည် သင်တို့၏သားသမီးတို့အား၊ သူတို့ရှေ့ ၌ သင်တို့ပြလေသော ပုံသက်သေကြောင့်၊ သူတို့စိတ်နှလုံးကို အဘယ်သို့ ဝမ်းနည်းပူဆွေးစေလေကြောင်း အောက်မေ့ရမည်။ သင်တို့၏အညစ်အကြေးကြောင့်၊ သင်တို့၏သားသမီးတို့ကို ပျက်စီးခြင်းသို့ ရောက်နိုင်စေကြောင်းနှင့် နောက်ဆုံးသောနေ့၌ သူတို့၏အပြစ်တို့ သင်တို့ဦးခေါင်းပေါ်သို့ စုပုံမည်ကိုလည်း သတိရကြလော့။
၁၁ အို ငါ၏ညီအစ်ကိုတို့၊ ငါ၏စကားတို့ကို စေ့စေ့နားထောင်ကြလော့။ သင်တို့ဝိညာဉ်၏စွမ်းရည်ကို လှုပ်ရှားထကြွစေကြလော့။ သင်တို့သည် သေခြင်း၏အိပ်ပျော်ခြင်းမှ နိုးစေခြင်းငှာ၊ သင်တို့ကိုယ်ကို လှုပ်ကြလော့။ ဒုတိယသေခြင်းဖြစ်သည့် ကန့်နှင့်ရောသောမီးအိုင်သို့ ပစ်ချခြင်းခံရဖို့ နတ်ဆိုး၏ ကောင်းကင်တမန်များ ဖြစ်မလာနိုင်ကြစေခြင်းငှာ၊ သင်တို့ကိုယ်သင်တို့ ငရဲ၏ဘေးတို့မှလည်း လွတ်စေကြလော့။
၁၂ ယခုမူကား၊ ငါ၊ ယာကုပ်သည် သာ၍များစွာသောအရာတို့ကို နီဖိုင်းလူမျိုးတို့အား ပြောရာတွင် မတရားသောမေထုန်၊ ကိလေသာလွန်ကျူးခြင်းနှင့် အပြစ်မှန်သမျှတို့မှ သတိပေးလျက် ထိုအရာတို့၏ အလွန်ဆိုးရွားသောအကျိုးဆက်တို့ကို ပြောပြလျက်ရှိ၏။
၁၃ ထို့အတူ၊ ယခုအချိန်၌ မြောက်မြားစပြုပြီဖြစ်သည့် ဤလူမျိုးတို့၏လုပ်ဆောင်မှုတို့မှ အနည်းငယ်ကိုမျှ ဤပုရပိုက်ပြားတို့ပေါ်၌ မရေးနိုင်။ သို့ရာတွင်၊ သူတို့၏လုပ်ဆောင်မှုတို့မှ များစွာနှင့် သူတို့၏စစ်တိုက်ခြင်းများ၊ သူတို့၏ရန်တွေ့ခြင်းများနှင့် သူတို့ဘုရင်များ၏ နန်းစံခြင်းအကြောင်းတို့ကို သာ၍များသောပုရပိုက်ပြားတို့ပေါ်၌ ရေးထား၏။
၁၄ ဤပုရပိုက်ပြားတို့ကို ယာကုပ်၏ပုရပိုက်ပြားများဟု ခေါ်၏၊ နီဖိုင်း၏လက်ဖြင့် ပြုလုပ်ထားလေ၏။ ငါသည်လည်း ဤစကားတို့ပြောဆိုခြင်းကို လက်စသတ်၏။