ကျမ်းစာများ
ယာကုပ် ၁


နီဖိုင်း၏ညီ
ယာကုပ်ကျမ်း

ညီအစ်ကိုတို့အား ဟောပြောသည့် သူ၏​စကားများ။ သူသည် ခရစ်တော်၏​ဩဝါဒကို ဖျက်ဆီးရန် ကြိုးစားသူကို ချေပ၏။ နီဖိုင်း​လူမျိုးတို့၏ သမိုင်းကြောင်းနှင့် စပ်လျဉ်းသည့် စကားအနည်းငယ်။

အခန်းကြီး ၁

ယာကုပ်နှင့် ယောသပ်သည် လူတို့အား ခရစ်တော်ကို ယုံကြည်၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းကြ​စေခြင်းငှာ ဖျောင်းဖျရန်ကြိုးစားကြ၏—နီဖိုင်း​သေ၏—ဆိုးညစ်ခြင်းသည် နီဖိုင်း​အမျိုးသားတို့၌ ပျံ့နှံ့၏။ ဘီစီ ၅၄၄–၄၂၁ ခန့်။

ရှုလော့၊ အချိန်​တန်လာသော​အခါ၊ လေဟိ​ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍ ငါးဆယ်ငါးနှစ် ကြာခဲ့ပေပြီ။ သို့ဖြစ်၍၊ ရေးထွင်းထားသည့် ပုရပိုက်ပြား​အငယ်တို့နှင့်​စပ်လျဉ်းသည့် မိန့်မှာချက်ကို နီဖိုင်းသည် ငါယာကုပ်အား ပေးခဲ့၏။

အဖိုး​အထိုက်ဆုံးဟု ငါထင်သည့်​အရာတို့မှ အနည်းငယ်တို့ကို ဤပုရပိုက်​ပြားများ​ပေါ်တွင် ရေးရမည့်​အကြောင်းနှင့် နီဖိုင်းလူ​မျိုးများဟု​ခေါ်သည့် ဤလူမျိုးတို့၏​သမိုင်းကြောင်းနှင့်​စပ်လျဉ်း၍၊ အကျဉ်းချုပ်မျှသာ ရေးရမည့်​အကြောင်း မိန့်မှာချက်ကိုလည်း ငါ​ယာကုပ်အား ပေး၏။

အကြောင်းမူကား၊ သူဆိုသည်မှာ၊ သူ့လူမျိုးတို့၏ သမိုင်းကြောင်းကို သူ၏​အခြား​ပုရပိုက်​ပြားများပေါ်၌ ရေးထွင်းရမည့်​အကြောင်းနှင့် ဤပုရပိုက်​ပြားများကို ငါထိန်းသိမ်း​စောင့်ရှောက်၍၊ ငါ၏​အမျိုး​အနွယ်များသို့ လူမျိုး​အစဉ်အဆက် လက်ဆင့်​ကမ်းပေးသွားရမည့်​အကြောင်း​ပေတည်း။

သန့်ရှင်း​မွန်မြတ်သော​ဟောပြောခြင်း၊ သို့မဟုတ်၊ ကြီးမြတ်သော ဗျာဒိတ်တော်၊ သို့မဟုတ် ပရောဖက်ပြု၍​ဟောခြင်းတို့ ရှိလေလျှင်၊ အရေး​အကြီးဆုံး​အချက်များကို ငါသည် ခရစ်တော်ကို အကြောင်းပြု၍၊ ငါတို့​လူမျိုးများ၏​အကျိုး​အတွက် ဤပုရပိုက်​ပြားများ​ပေါ်တွင် ရေးထွင်း၍၊ ဖြစ်နိုင်​သမျှကိုလည်း ၎င်းတို့​အပေါ်၌ ရေးရမည့်​အကြောင်းလည်း ဖြစ်၏။

အကြောင်းမူကား၊ ယုံကြည်ခြင်းနှင့် ကြီးစွာသော​စိုးရိမ်​ပူပန်မှုတို့​ကြောင့်၊ ငါတို့၏​လူမျိုးများနှင့်​စပ်လျဉ်း၍၊ သူတို့၌​အဘယ်သို့သော​အရာများ ဖြစ်လာ​လိမ့်မည်ကို ငါတို့အား အမှန်ပင် ထင်ရှားစွာ​ပြထား​တော်မူ​လေ၏။

ငါတို့၌ ဗျာဒိတ်တော်များ​စွာနှင့် ပရောဖက်ပြု​ဟောချက်​ဝိညာဉ်များစွာတို့လည်း​ရှိ၏။ သို့ဖြစ်၍၊ ငါတို့သည် ခရစ်တော်နှင့် တည်ထောင်​တော်မူမည့် သူ၏​နိုင်ငံတော်​အကြောင်းကို သိကြ၏။

သို့ဖြစ်၍၊ ငါတို့၏​လူမျိုးတို့၌ ငါတို့​လုံလဝီရိယ​ထက်သန်စွာ အလုပ်လုပ်ကြ​သည်မှာ၊ သူတို့အား ခရစ်တော်​ထံသို့လာ၍၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ခံယူကြစေရန် ဖျောင်းဖျနိုင်ခြင်းငှာ​လည်းကောင်း၊ သူ၏​ချမ်းသာခြင်းထဲသို့ ဝင်​နိုင်စေခြင်းငှာ​လည်းကောင်း၊ ဣသရေလ​အမျိုးသားတို့ တောရိုင်းထဲ၌​ရှိစဉ်တွင် ဆန့်ကျင်​ဘက်ပြု၍၊ စုံစမ်းခြင်း​ကာလ၌ ရှိသကဲ့သို့၊ သူတို့​မဝင်​နိုင်စေကြောင်း၊ သူ၏​အမျက်တော်ဖြင့် ကျိန်ဆိုခြင်းကို မခံရကြ​စေခြင်းငှာ​ပေတည်း။

သို့ဖြစ်၍၊ ဘုရားသခင်ထံသို့ ငါတို့​ဆုတောင်းကြသည်မှာ ခပ်သိမ်းသောလူသားတို့ ဘုရားသခင်ကို ဆန့်ကျင်​ပုန်ကန်ခြင်း၊ အမျက်တော်ထွက်​စေရန် နှိုးဆော်ခြင်းတို့ မရှိစေကြောင်း ဖျောင်းဖျနိုင်စေခြင်းငှာ​လည်းကောင်း၊ သို့ရာတွင်၊ လူသားခပ်သိမ်းတို့ ခရစ်တော်ကို ယုံကြည်လိုပြီး၊ သူ၏​သေခြင်းကို ဆင်ခြင်လျက်၊ သူ၏​လက်ဝါး​ကပ်တိုင်ကို​ခံယူ၍၊ လောက၏​ကဲ့ရဲ့ခြင်းကို သည်းခံနိုင်​စေခြင်းငှာ​ပေတည်း။ သို့ဖြစ်၍၊ ငါယာကုပ်သည် ငါ၏​အစ်ကို​နီဖိုင်း၏ မိန့်မှာချက်ကို ပြီးပြည့်စုံ စေခြင်းငှာ ထိုအရာကို ငါ့အပေါ်၌ ခံယူ၏။

ယခုတွင်၊ နီဖိုင်းသည် အိုမင်း​စပြုလာပြီ​ဖြစ်၍၊ မကြာမြင့်မီ သေရတော့မည့်​အကြောင်းကို သိလေ၏။ သို့ဖြစ်၍၊ သူသည် ရှင်ဘုရင်တို့၏ နန်းစံခြင်းများ​အတိုင်း လူတစ်ဦးကို သူ့လူမျိုးတို့​အပေါ် ရှင်ဘုရင်နှင့် အုပ်စိုးသူ​အဖြစ် ဆီလိမ်း၍ ယခု​အချိန်တွင် ခန့်အပ်လေ၏။

၁၀ လူတို့သည် နီဖိုင်းကို သူတို့​အတွက် ကြီးမြတ်သော ကာကွယ်​စောင့်ရှောက်သူ ဖြစ်လေသော​ကြောင့်​လည်းကောင်း၊ သူတို့ကို ကာကွယ်ရာ၌ လာဗန်၏​ဓားကို ကျင်လည်စွာ​အသုံးချလေသော​ကြောင့်​လည်းကောင်း၊ သူတို့၏​ကောင်းကျိုး​အတွက် သူ့ဘဝ​တစ်လျှောက်လုံး အလုပ်လုပ်လေသော​ကြောင့်​လည်းကောင်း လွန်စွာ​ချစ်ကြ၏—

၁၁ သို့ဖြစ်၍၊ လူတို့သည် သူ၏​အမည်ကို အောက်မေ့ခြင်းဖြင့်​သတိရစေရန် အလို​ရှိကြ၏။ သူ၏​နေရာ၌ နန်းစံသူ​မှန်သမျှကို ရှင်ဘုရင်တို့၏ နန်းစံခြင်း​အတိုင်း ဒုတိယ​နီဖိုင်း၊ တတိယ​နီဖိုင်း စသည်ဖြင့် လူတို့​ခေါ်ကြ​လေ၏။ သူတို့၏​အမည်များ အဘယ်သို့​ဖြစ်စေကာမူ လူတို့က ထိုကဲ့သို့​အားဖြင့်​ခေါ်ကြ​လေ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်လာသော​အခါ၊ နီဖိုင်း​သေ၏။

၁၃ ယခုတွင်၊ လာမန်​အမျိုးသား မဟုတ်သော​လူများသည် နီဖိုင်း​အမျိုးသားများ ဖြစ်လေ၏။ အဘယ်သို့​ပင်ဖြစ်စေ၊ သူတို့ကို နီဖိုင်း​အမျိုးသားများ၊ ယာကုပ်​အမျိုး​သားများ၊ ယောသပ်​အမျိုးသားများ၊ ဇော်ရမ်​အမျိုးသားများ၊ လာမန်​အမျိုးသားများ၊ လေမွေလ​အမျိုးသားများနှင့် ဣရှမေလ​အမျိုးသားများဟု ခေါ်ကြလေ၏။

၁၄ သို့ရာတွင်၊ ငါ​ယာကုပ်သည် နောင်ကာလ၌ သူတို့ကို ဤအမည်များ​အားဖြင့် ခွဲခြားမည်​မဟုတ်။ သို့ရာတွင်၊ နီဖိုင်းလူမျိုးတို့ကို ဖျက်ဆီးရန်​ကြိုးစားသော​သူများကို လာမန်​အမျိုးသားများဟု ခေါ်​မည်။ နီဖိုင်းကို ခင်မင်သော​သူများကို ရှင်ဘုရင်တို့၏ နန်းစံခြင်း​အတိုင်း နီဖိုင်း​အမျိုးသားများ သို့မဟုတ်၊ နီဖိုင်း​လူမျိုးများဟု ခေါ်​မည်။

၁၅ ယခုမူကား၊ နီဖိုင်း​လူမျိုးတို့သည် ဒုတိယ​မြောက်​ရှင်ဘုရင်၏ နန်းစံခြင်း​အောက်၌ သူတို့၏​စိတ်နှလုံး မာကျော​စပြုလာ၍၊ ဇနီးများစွာနှင့် မယားငယ်တို့ကို အလိုရှိကြသော ရှေးက ဒါဝိဒ်နှင့် သူ၏​သား​ရှောလမုန်ကဲ့သို့ စသည့် ဆိုးညစ်သော​အကျင့်များ​အားဖြင့် မိမိတို့ကိုယ်ကို အတော်အသင့်​အလို​လိုက်လာ​ကြ၏။

၁၆ ထိုမှတစ်ပါး၊ သူတို့သည် များစွာသော​ရွှေနှင့် ငွေတို့ကိုလည်း ရှာဖွေ​စပြု၍၊ မာနဖြင့်​အတော်အသင့် ဘဝင်​မြင့်စပြုကြ၏။

၁၇ သို့ဖြစ်၍၊ ငါယာကုပ်သည် ငါ၏​အမှုတော်ကို ကိုယ်တော်ရှင်ထံမှ ပထမ​ဦးဆုံး​ခံယူပြီးနောက်၊ သူတို့အား ဗိမာန်တော်ထဲ၌ သွန်သင်ပေး​စဉ်တွင် ဤစကားများကို ဟောပြောခဲ့၏။

၁၈ အကြောင်းမူကား၊ ငါယာကုပ်နှင့် ငါ၏​ညီယောသပ်တို့သည် ယဇ်ပုရောဟိတ်များနှင့် ဆရာများ​အဖြစ် နီဖိုင်း၏​လက်​အားဖြင့် ခန့်ထား​ခံရလေ၏။

၁၉ ငါတို့​သည်လည်း၊ တာဝန်ကို ငါတို့ကိုယ်​ပေါ်မှာ ခံယူလျက်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို လူတို့အား လုံ့လဝီရိယရှိသမျှနှင့် သွန်သင်မပေးလျှင်၊ လူတို့၏​အပြစ်များ​အတွက် ငါတို့၏​ဦးခေါင်းပေါ်မှာ တာဝန်​ရှိသည်​ဟုခံယူလျက်၊ ကိုယ်တော်ရှင်​အဖို့ ငါတို့၏​အမှုအရာကို တိုးမြှင့်​ဆောင်ရွက်ကြ၏၊ သို့ဖြစ်၍၊ ငါတို့၏​အစွမ်း​သတ္တိရှိ​သမျှနှင့် အလုပ်လုပ်ခြင်း​အားဖြင့်၊ သူတို့၏​အသွေးသည် ငါတို့၏​အဝတ်တန်ဆာများကို မစွန်းနိုင်။ သို့မဟုတ်လျှင်၊ သူတို့၏​အသွေးက ငါတို့၏​အဝတ်တန်ဆာများကို စွန်းသဖြင့်၊ နောက်ဆုံးသော​နေ့၌ ငါတို့ကို အပြစ်​ကင်းစင်လျက် မတွေ့ရ​။