ကျမ်းစာများ
နိဒါန်း


နိဒါန်း

မော်မုန်ကျမ်းသည် သမ္မာကျမ်း​ကဲ့သို့သော သန့်ရှင်းသည့် ကျမ်းစာ​တွဲ​ဖြစ်၏။ ထိုကျမ်းသည် ရှေးက​အမေရိက၌ နေထိုင်​သူများနှင့် ပြုတော်မူသည့် ဘုရားသခင်၏​အမှုတော်များ​အကြောင်း မှတ်တမ်း​ဖြစ်ပြီး၊ ထာဝရ​တည်မြဲသော​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံ ပါဝင်၏။

ထိုကျမ်းကို ရှေး​ပရောဖက်များစွာတို့က ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်တို့​အားဖြင့် ရေး​ထား၏။ ရွှေ​ပုရပိုက်ပြားများ​ပေါ်၌ ရေးထားသော သူတို့၏​စကားများကို မော်မုန်ဟု​အမည်​ရှိသော ပရောဖက်​-သမိုင်း​ပြုစု​သူ​တစ်ဦးက ကိုးကား၍ အကျဉ်း​ချုပ်​ထား၏။ ကြီးစွာသော​ယဉ်ကျေးမှု​နှစ်ခု​အကြောင်းကို ထိုမှတ်တမ်းက ဖော်ပြ၏။ ယဉ်ကျေးမှု​တစ်ခုသည် ဘီစီ ၆၀၀ ၌ ယေရုရှလင်မှ ရောက်​လာခဲ့ပြီး၊ ထို့နောက်တွင် နီဖိုင်း​အမျိုးသားများနှင့် လာမန်​အမျိုးသားများဟု​ထင်ရှားသော လူမျိုး​နှစ်မျိုး​အဖြစ်​ကွဲပြား​သွား၏။ ဗာဗုလုန်​ရဲတိုက်၌ ဘာသာစကားများကို ကိုယ်တော်ရှင်​ရှုပ်ထွေး​စေတော်မူသော​အချိန်၌ အခြားသော​ယဉ်ကျေးမှုသည် များစွာ​စော၍​ရောက်​လာ၏။ ဤအုပ်စုသည် ယာရက်​အမျိုးသားများဟု ထင်ရှား၏။ နှစ်ထောင်​ပေါင်းများစွာ​ကြာ​ပြီးနောက်တွင်၊ လာမန်​အမျိုးသားတို့​မှတစ်ပါး၊ အားလုံး ပျက်စီး​သွားခဲ့၏။ သူတို့သည် အမေရိကန်​အင်ဒီယန်​လူမျိုးတို့၏ ဘိုးဘေးများ​ဖြစ်ကြ၏။

မော်မုန်​ကျမ်းတွင် မှတ်တမ်း​တင်ထားသည့် အရေး​ပါဆုံး​ဖြစ်သော​အဖြစ်​အပျက်မှာ ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်သည် ရှင်ပြန်​ထမြောက်​ပြီးနောက် မကြာမြင့်​မီတွင် နီဖိုင်း​အမျိုးသားတို့၌ ကိုယ်တိုင်​အမှုတော်​ဆောင်ခြင်း​ဖြစ်၏။ ထိုအမှုက ဧဝံဂေလိ​တရားတော်၏ ဩ​ဝါဒများကို ရှင်းပြပြီး၊ ကယ်တင်ခြင်း​အစီအစဉ်၏​အဓိက​အချက်များကို ဖော်ပြ၍၊ ယခုဘဝ၌ ငြိမ်းချမ်းခြင်းကို​လည်း​ကောင်း၊ လာမည့်​ဘဝ၌ ထာဝရ​ကယ်တင်ခြင်းကို​လည်းကောင်း ရရှိခြင်းငှာ ပြုရမည့်​အရာများကိုလည်း လူသားတို့ကို ပြော​ပြ၏။

မော်မုန်သည် သူ၏​ရေးခြင်းတို့​ပြီးဆုံး​ပြီးနောက်၊ မှတ်တမ်းကို သူ၏သား မော်ရော်နိုင်းထံသို့ ပေးအပ်ခဲ့၏။ ထိုမော်ရော်နိုင်းသည် သူကိုယ်တိုင်၏​စကား​အနည်းငယ်​ထပ်၍​ရေးခဲ့ပြီး၊ ပုရပိုက်ပြားတို့ကို ကူမော်ရ​တောင်ကုန်း၌ ဝှက်ထားခဲ့၏။ ဘုန်းဝင်​စားလျက်၊ ရှင်ပြန်​ထမြောက်သူ ထို​မော်ရော်နိုင်းသည် ၁၈၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျိုးဇက်စမစ်ထံသို့ ပေါ်ထွက်​လာပြီး၊ ရှေး​မှတ်တမ်းနှင့် ထိုမှတ်တမ်းကို ရည်ရွယ်​ထားသည့် အင်္ဂလိပ်​ဘာသာသို့ ဘာသာပြန်ခြင်းနှင့် စပ်လျဉ်း၍ သွန်သင်ခဲ့၏။

နောက်ဆုံးတွင်၊ ထိုပုရပိုက်ပြားများကို ဘုရားသခင်၏​ဆုကျေးဇူးနှင့် တန်ခိုးတော်တို့​အားဖြင့် ဘာသာပြန်သူ ဂျိုးဇက်​စမစ်ထံသို့ ပေး​အပ်လေ၏။ ယေရှု​ခရစ်တော်သည် အသက်​ရှင်တော်မူသော​ဘုရားသခင်၏​သားတော် ဖြစ်တော်မူကြောင်းနှင့်၊ သူ့ထံသို့​လာပြီး၊ သူ့​ဧဝံဂေလိ​တရားတော်၏​ပညတ်တရားနှင့် ဘိသိက်မင်္ဂလာများကို နာခံမည့်​သူမှန်သမျှ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း နောက်ထပ်​သက်သေ​အသစ်​တစ်ခု​အဖြစ်၊ ယခုတွင်၊ ထိုမှတ်တမ်းကို ဘာသာစကား​များစွာဖြင့် ပုံနှိပ်​ထား၏။

ဤမှတ်တမ်းနှင့်​စပ်လျဉ်း၍၊ ပရောဖက်​ဂျိုးဇက်စမစ်က ဆိုလေသည်မှာ မော်မုန်​ကျမ်းသည် မြေကြီးပေါ်​ရှိ​စာအုပ်​အားလုံးတို့၌ အမှန်​ဆုံး​ဖြစ်ပြီး၊ ကျွန်ုပ်တို့​ဘာသာ​တရား၏ အထိန်း​ကျောက်​ဖြစ်၍၊ လူသားသည် အခြား​တစ်စုံ​တစ်ခုသော​စာအုပ်ထက် ထိုကျမ်း၏​ပညတ်များ​အတိုင်း နေထိုင်ခြင်း​အားဖြင့် ဘုရားသခင်နှင့် ပို၍​နီး​လာလိမ့်မည်​ဖြစ်ကြောင်း၊ ညီအစ်ကိုတို့ကို အကျွန်ုပ်​ပြော​ပြပေ၏။

ဂျိုးဇက်​စမစ်ထံသို့ ထပ်လောင်း၍၊ ကိုယ်တော်ရှင်သည် အခြားသူ ဆယ့်တစ်ဦးအား ရွှေပုရပိုက်ပြားများကို သူတို့​ကိုယ်တိုင် မြင်​တွေ့ရန်နှင့် မော်မုန်​ကျမ်း၏ အမှန်​ဖြစ်ခြင်းနှင့် အထွတ်​အမြတ်​ဖြစ်ခြင်း​အကြောင်း အထူး​သက်သေများ​အဖြစ် ပေးသနား​တော်မူ၏။ သူတို့၏​ရေးထားသော သက်သေ​ခံချက်များသည် ဤကျမ်းတွင် “သက်သေ​သုံးဦး၏ သက်သေခံချက်” နှင့် “သက်သေ​ရှစ်ဦး၏ သက်သေ​ခံချက်” အဖြစ် ပါဝင်၏။

ကျွန်ုပ်တို့သည် နေရာတိုင်း၌​ရှိသော​လူသား​ခပ်သိမ်းတို့အား၊ မော်မုန်ကျမ်းကို ဖတ်ကြရန်၊ ထိုကျမ်း၌​ပါရှိသည့် သတင်းစကားကို သူတို့​စိတ်နှလုံး၌ မှတ်ကျုံး၍​စဉ်းစား​ဆင်ခြင်​ပြီးနောက်၊ ထိုကျမ်း မှန်မမှန်၊ ဘုရားသခင်​ထာဝရ​အဘအား ခရစ်တော်၏​နာမတော်​အားဖြင့်​မေးလျှောက်ကြ​ရန် ဖိတ်ခေါ်​ပါသည်။ ဤလမ်းသို့​လိုက်၍ ယုံကြည်ခြင်းဖြင့်​မေးလျှောက်ကြသော​သူတို့သည် ထိုကျမ်း၏​မှန်ကန်ခြင်းနှင့် အထွတ်​အမြတ်​ဖြစ်ခြင်း​အကြောင်း သက်သေခံချက်ကို သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ရရှိကြ​ပေလိမ့်မည်။ (မော်ရော်နိုင်း ၁၀း၃–၅ တွင်​ကြည့်ပါ။)

သန့်ရှင်းသော​ဝိညာဉ်တော်​ထံမှ ဤမြင့်မြတ်သော​သက်သေကို ရရှိသော​သူတို့သည် ယေရှု​ခရစ်တော်ကို လောက၏​ကယ်တင်ရှင်​ဖြစ်ကြောင်းကို​လည်း​ကောင်း၊ ဤနောက်ဆုံးသော​ကာလ၌ ဂျိုးဇက်​စမစ်သည် သူ၏​ဗျာဒိတ်​ဟောသူနှင့် ပရောဖက်​ဖြစ်ကြောင်းကို​လည်းကောင်း၊ ယေရှု​ခရစ်တော်၏ နောက်ပိုင်း​ကာလ​သန့်ရှင်း​သူများ​အသင်းတော်သည် မေရှိယ၏ ဒုတိယ​အကြိမ် ကြွလာတော်မူခြင်း​အတွက် ပြင်ဆင်ရာ၊ မြေကြီးပေါ်၌ နောက်​တစ်ဖန်​တည်​ဆောက်ထားသည့် ကိုယ်တော်ရှင်၏​နိုင်ငံတော်​ဖြစ်ကြောင်းကို​လည်း​ကောင်း ထိုတူသော​တန်ခိုးတော်​အားဖြင့်ပင် သိ​လာကြ​လိမ့်မည်။