ကျမ်းစာများ
မော်မုန် ၉


အခန်းကြီး ၉

မော်ရော်နိုင်းသည် ခရစ်တော်ကို မယုံကြည်​သော​သူတို့ကို နောင်တ​ရရန် တောင်း​ပန်၏—သူသည် အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏​ဘုရားသခင်၊ သစ္စာ​ရှိသော​သူတို့အား ဗျာဒိတ်​တော်များ​ပေး၍၊ ဆုကျေး​ဇူး​များနှင့် နိမိတ်​လက္ခဏာတို့ကို သွန်း​လောင်း​တော်မူသည့်သူ အကြောင်းကို ကြေ​ညာ၏—အလွန်​တရာ​အံ့ဩဖွယ်​အမှုများသည် မယုံ​ကြည်ခြင်း​ကြောင့် ရပ်​တန့်​သွား၏—ယုံကြည်သော​သူတို့၌ နိမိတ်​လက္ခဏာများ ဖြစ်​လာ၏—လူ​သားတို့ကို ဉာဏ်​ပညာ​ရှိ​ရန်နှင့် ပညတ်တော်​များ​ကို​စောင့်​ထိန်းရန် တိုက်​တွန်း၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ယခုမူကား၊ ငါသည် ခရစ်တော်ကို မယုံ​ကြည်သော​သူ​များ​အကြောင်း​ကို​လည်း ပြော၏။

ရှုလော့၊ သင်တို့ကို ကြည့်​ရှု​စီရင်​တော်မူရာနေ့—ရှုလော့၊ ကိုယ်တော်ရှင် ကြွ​လာ​တော်မူမည့်​အချိန်​၌၊ အထူးသဖြင့်၊ မြေ​ကြီးသည် စာလိပ်​ကဲ့သို့ လိပ်မည့်၊ ထို့အတူ၊ လောက​ဓာတ်တို့သည် အား​ကြီး​သောအပူကြောင့် အရည်​ပျော်မည့် အချိန်​ဖြစ်သည့် ထို​ကြီးစွာသော​နေ့၌​ပင်၊ အထူးသဖြင့်၊ ဘုရားသခင်၏ သိုး​သငယ်​ရှေ့၌ ရပ်ရန် ဆောင်ယူခံရမည့် ထိုကြီးစွာသော​နေ့ကို သင်တို့​ယုံကြည်ကြ​မည်​လော—ထို့​နောက်တွင်၊ ဘုရားသခင်​မရှိဟု သင်တို့​ဆိုကြ​မည်​လော။

ထို့​နောက်တွင်၊ သင်တို့သည် ခရစ်တော်ကို ငြင်း​ဆိုလျက် ရှိကြ​ဦးမည်​လော၊ သို့မဟုတ် ဘုရားသခင်၏​သိုး​သငယ်ကို မြင်နိုင်​ကြ​မည်​လော။ သင်တို့၏​အပြစ်​ရောက်ခြင်းကို သိလျက်၊ သူနှင့် အတူ​နေ​ရလိမ့်မည်ဟု ထင်​မှတ်ကြ​သလော။ သင်တို့သည် သူ၏​ပညတ်​တရားများကို အစဉ်​ချိုး​ဖောက်၍၊ သင်တို့၏​စိတ်​ဝိညာဉ်သည် အပြစ်​ရောက်ခြင်းကို​သိခြင်း​ဖြင့်၊ နှိပ်​စက်ခံ​ရ​စဉ်တွင် ထို​သန့်​ရှင်းသော​ဘုရားနှင့် အတူ​နေ​ထိုင်၍ ပျော်​ရွှင်နိုင်​မည်ဟု ထင်​မှတ်ကြ​သလော။

ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ သင်တို့သည် အပြစ်​ဒဏ်​စီရင်​ခံရသည့် စိတ်​ဝိညာဉ်တို့နှင့်​အတူ ငရဲ၌ နေထိုင်​ရခြင်း​ထက်၊ ရှေ့တော်၌ သင်တို့၏ အညစ်​အကြေး အကြောင်းကို သိလျက်၊ သန့်​ရှင်း​၍တရားမျှ​တတော်မူသည့် ဘုရားသခင်နှင့် အတူ​နေ​ထိုင်​ရခြင်းက ပို၍​ဝမ်း​နည်း​ပူ​ဆွေးဖွယ်​ဖြစ်​လိမ့်မည်။

အကြောင်း​မူကား၊ ရှုလော့၊ သင်တို့​သည် ဘုရားသခင်၏ ထို့အတူ ဘုရားသခင့်​ဘုန်း​တော်၏၊ ထို့အတူ ယေရှု​ခရစ်တော်၏​သန့်​ရှင်း​တော်​မူခြင်း​ရှေ့၌ သင်တို့​၏​အဝတ်​မရှိခြင်းကို သိ​စေခြင်းငှာ အဆောင်​ခံရသော​အချိန်တွင်၊ ထို​အဝတ်​မရှိခြင်းက မငြိမ်း​နိုင်​သော​မီးကို သင်တို့​အပေါ်၌ ညှိ​လိမ့်မည်။

အို မယုံကြည်​သော​သူတို့၊ သင်တို့သည် ကိုယ်တော်ရှင်​ထံသို့ ပြန်​လာကြလော့။ သင်တို့ကို သိုးသငယ်၏ အသွေး​တော်​အားဖြင့် သန့်​စင်​စေတော်မူခြင်း ခံရလျက်၊ ထိုကြီးစွာသောနောက်​ဆုံးနေ့၌၊ အပြစ်​ကင်း​စင်ပြီးလျှင်၊ စင်​ကြယ်၍၊ ချော​မောလျက်၊ ဖြူ​စင်လျက် တွေ့​ကောင်း တွေ့​ရနိုင်​စေခြင်းငှာ၊ ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ စိတ်​အား​ထက်​သန်စွာ ဆုတောင်း​ကြလော့။

ထို​မှတစ်ဖန်၊ ဘုရားသခင်၏ ဗျာဒိတ်တော်များကို ငြင်း​ဆို၍၊ ထိုအရာတို့ ရပ်​စဲ​သွား၍၊ ဗျာဒိတ်တော်​များ​မရှိ၊ ပရောဖက်​ပြု​ဟောချက်​များ​လည်း​မရှိ၊ ဆု​ကျေးဇူး​များ​လည်း​မရှိ၊ အနာ​ကင်း​စေခြင်း​လည်း​မရှိ၊ အခြား​သော​ဘာ​သာ​စကား​များ​ဖြင့် ပြောခြင်း၊ ထို့​အတူ​အခြား​သော​ဘာ​သာ​စကားများ၏ အနက်​ဖွင့်ပြခြင်းတို့​လည်း​မရှိဟု ဆိုကြ​သော​သင်တို့အား ငါ​ဟော​ပြော၏။

ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ ဤ​အရာတို့ကို ငြင်း​ဆိုသော​သူသည် ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို သိခြင်း​မရှိ။ ထိုမှတစ်ပါး၊ သူသည် ကျမ်းစာတို့ကို မဖတ်။ ဖတ်လျှင်​လည်း နား​မလည်။

အကြောင်း​မူကား၊ ငါတို့သည် ဘုရားသခင် မနေ့၊ ယနေ့နှင့် ကာလ​အစဉ်​အဆက်​မပြောင်း​မလဲ ရှိ​တော်မူ​ကြောင်း၊ ထို့အတူ၊ သူ့ ၌ ရွေ့​လျော့​တိမ်း​ယိမ်းခြင်း​မရှိ၊ ပြောင်း​လဲခြင်း​အရိပ်လည်း မရှိ​ကြောင်းကို မဖတ်ကြ​သလော။

၁၀ ယခု​မူကား၊ သင်တို့သည် ရွေ့​လျော​တိမ်း​ယိမ်းသည့်​ဘုရား၊ ပြောင်းလဲခြင်း​အရိပ်​ရှိသည့်​ဘုရားကို သင်တို့​စိတ်၌ ထင်​မြင်ကြလျှင်၊ ထိုသို့ဆိုလျှင် အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏ ဘုရားသခင်​မဟုတ်သည့် ဘုရားကို သင်တို့​စိတ်၌ ထင်​မြင်ကြ​လေပြီ။

၁၁ သို့ရာတွင်၊ ရှုလော့၊ ငါသည် သင်တို့အား အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏​ဘုရားသခင်၊ အာဗြဟံ၏​ဘုရားသခင်၊ ဣဇာက်၏​ဘုရားသခင်၊ ယာကုပ်၏​ဘုရားသခင်​ကိုပင် ပြမည်။ သူသည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ ၎င်းတို့၌ ရှိ​သမျှ​သော​အရာတို့ကို ဖန်​ဆင်း​တော်​မူသည့် မပြောင်း​မလဲသော​ဘုရားသခင်​ဖြစ်၏။

၁၂ ရှုလော့၊ သူသည် အာဒံကို ဖန်​ဆင်း​တော်မူ၏။ အာဒံ​အားဖြင့် လူ​သား၏​ကျရှုံးခြင်း ဖြစ်​လာ၏။ လူ​သား၏​ကျရှုံးခြင်း​ကြောင့်​လည်း၊ ခမည်းတော်နှင့် သားတော်ပင်​ဖြစ်သည့် ယေရှု​ခရစ်တော် ကြွ​လာ​တော်​မူ၏။ ယေရှု​ခရစ်တော်​ကြောင့်​လည်း လူ​သား၏​ရွေး​နှုတ်ခြင်း ဖြစ်​လာ၏။

၁၃ ထို့အတူ၊ ယေရှု​ခရစ်တော်​အားဖြင့် ဖြစ်​လာသည့် လူ​သား​ကို​ရွေး​နှုတ်ခြင်း​ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏​မျက်​မှောက်သို့ ပြန်​လည်​ဆောင်​ယူ​ခံရ၏။ ဤအရာ​သည်ကား၊ လူ​သား​ခပ်သိမ်းတို့ ရွေးနှုတ်ခြင်း​ခံရာ​လမ်း​ဖြစ်၏။ ခရစ်တော်၏​သေခြင်းက အဆုံး​မရှိ​သည့် အိပ်​ပျော်ခြင်းမှ ရွေး​နှုတ်တော်မူခြင်းကို ဖြစ်​ပေါ်စေ​သည့်၊ ရှင်​ပြန်​ထ​မြောက်ခြင်းကို ဖြစ်​ပေါ်​စေသော​ကြောင့်၊ လူ​သား​ခပ်သိမ်းတို့သည် တံပိုး​မှုတ်သော​အခါ၌ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့်၊ ထို​အိပ်​ပျော်ခြင်းမှ နိုး​ထ​ရလိမ့်မည်။ သူတို့ အကြီး​အငယ်​မှန်သမျှတို့​သည်​လည်း ထွက်​လာ၍၊ ဇာတိ​ပကတိ​သေခြင်း​ဖြစ်သည့် ထာဝရ​သေခြင်း၏​ကြိုးမှ ရွေးနှုတ်ခြင်းနှင့် ဖြေ​လွှတ်ခြင်းကို ခံရလျက်၊ သူ၏​တရား​စီရင်ရာ​တိုင်ရှေ့၌​ရပ်​ရ​လိမ့်မည်။

၁၄ ထို့​နောက်တွင် သန့်​ရှင်းတော်​မူသော​ဘုရား၏​တရား​စီရင်​တော်မူခြင်း​သည် သူတို့​အပေါ်သို့ ကျ​ရောက်၏။ ထို့နောက်တွင် ညစ်​ညမ်းသော​သူသည် ညစ်​ညမ်းလျက် ရှိ​လိမ့်​ဦး​မည့်၊ ဖြောင့်​မတ်​သော​သူ​သည်​လည်း ဖြောင့်​မတ်​လျက်​ရှိ​လိမ့်​ဦး​မည့်၊ ပျော်​ရွှင်​သော​သူ​သည် ပျော်​ရွှင်လျက် ရှိလိမ့်​ဦး​မည့်၊ မပျော်​ရွှင်သော​သူ​သည်​လည်း မပျော်​ရွှင်လျက်​ရှိ​လိမ့်​ဦးမည့်​အချိန်သည် ရောက်​လာ၏။

၁၅ ယခု​မူကား၊ ဘုရားသည် အလွန်​တရာ​အံ့ဩဖွယ်​အမှုများကို မပြု​နိုင်​ဟု သင်တို့​စိတ်၌ ထင်​မြင်ကြ​သည့် အို ခပ်သိမ်းသော​သင်တို့။ ငါ​ပြောသည့် ဤအရာခပ်သိမ်းတို့ ဖြစ်​ပျက်​ပြီးလေ​ပြီ​လော​ဟု သင်တို့ကို ငါ​မေး​လို၏။ အဆုံး​သို့ ယခု​ရောက်​လေ​ပြီလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါ​ဆို၏။ ဘုရားသခင်​သည်​လည်း အလွန်​တရာ​အံ့ဩဖွယ် အမှုများ၏​ဘုရားသခင်​အဖြစ်မှ မရပ်​တန့်။

၁၆ ရှုလော့၊ ဘုရားသခင်​ပြု​ပြင်​စီရင်​တော်မူသည့်​အရာများသည် ငါတို့​အမြင်၌ အံ့ဩဖွယ်​မကောင်း​သလော။ ထို​မှတစ်ပါး၊ ဘုရားသခင်၏​အံ့ဩဖွယ်​ကောင်းသော​အမှုများကို အဘယ်​သူ​နားလည်​နိုင်သနည်း။

၁၇ သူ့ နှုတ်ကပတ်တော်၏​တန်ခိုး​တော်​အားဖြင့် ကောင်းကင်နှင့် မြေ​ကြီး​ဖြစ်​လာ၏၊ သူ့​နှုတ်​ကပတ်တော်၏​တန်​ခိုးတော်​အားဖြင့် လူ​သားကို​လည်း မြေ​မှုန့်မှ ဖန်​ဆင်း​ထား​တော်​မူ၏၊ သူ့​နှုတ်​ကပတ်​တော်​၏​တန်​ခိုးတော်​အားဖြင့် အလွန်​တရာ​အံ့ဩဖွယ်​များ​ကို​လည်း ပြု​ပြင်​စီ​ရင်​တော်​မူ​သည်​မှာ၊ အလွန်​တရာ​အံ့ဩဖွယ်​မဟုတ်ဟု အဘယ်​သူ​ပြော​မည်နည်း။

၁၈ ယေရှု​ခရစ်တော်သည် ကြီးစွာသော အလွန်​တရာ​အံ့ဩဖွယ်​အမှုများကို မပြုဟု​လည်း အဘယ်​သူ​ပြော​မည်​နည်း။ တမန်​တော်​တို့​၏​လက်​ဖြင့် ပြု​ပြင်​စီရင်​ထား​လေသည့် ကြီး​စွာသော​အလွန်​တရာ​အံ့ဩဖွယ်​အမှု​များစွာ​ရှိ၏။

၁၉ အလွန်​တရာ​အံ့ဩဖွယ်သော​အမှုများကို ထို​အချိန်က​ပြု​ပြင်​စီရင်​ထားလျှင်၊ ဘုရားသခင်သည် မပြောင်းလဲ​တတ်သော​ဘုရား​ဖြစ်​သော်​လည်း အလွန်​တရာ​အံ့ဩဖွယ်တို့၏ ဘုရားသခင်​အဖြစ်မှ အဘယ်​ကြောင့် ရပ်တန့်​မည်နည်း။ ရှုဦးလော့၊ သူသည် ပြောင်းလဲခြင်း​မရှိဟု သင်တို့ကို ငါ​ဆို၏။ ပြောင်းလဲလျှင်၊ သူသည် ဘုရားသခင်​အဖြစ်မှ ရပ်​တန့်​တော်မူ​လိမ့်မည်။ သူသည် ဘုရားသခင်​အဖြစ်မှ ရပ်​တန့်ခြင်း​မရှိ၍၊ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏​ဘုရားသခင်​ဖြစ်၏။

၂၀ သူသည် လူ​သားတို့၌ အလွန်​တရာ​အံ့ဩဖွယ်သော​အမှုများပြုသည်ကို ရပ်​တန့်​တော်မူခြင်း၏ အကြောင်း​ရင်း​သည်​ကား၊ သူတို့​ယုံကြည်မှု​လျော့​ပါး​ဆုတ်​ယုတ်​လာပြီးလျှင်၊ မှန်သော​လမ်းကို ကျော​ခိုင်း၍၊ သူတို့​ကိုး​စား​အပ်သည့် ဘုရားသခင်ကို သိခြင်း​မရှိကြ​သော​ကြောင့်​ပင်​တည်း။

၂၁ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ အဘယ်​အရာကိုမျှ ယုံ​မှား​သံသယ​ဖြစ်ခြင်း​မရှိဘဲ၊ ခရစ်တော်၌ ယုံကြည်​သူ​မှန်​သမျှ​အား၊ ခမည်းတော်​ထံ​သို့ ခရစ်တော်၏​နာမတော်​အားဖြင့် တောင်း​သ​မျှ​ကို ပေး​တော်​မူလိမ့်မည်။ ဤ​ကတိ​တော်​သည် ခပ်သိမ်း​သော​သူ​တို့​အဖို့၊ မြေ​ကြီး​စွန်းသားတို့​အဖို့ပင်​ဖြစ်၏။

၂၂ အကြောင်း​မူကား၊ ရှုလော့၊ ဘုရားသခင်၏​သားတော်၊ ယေရှု​ခရစ်တော်သည် ဆက်၍​နေ​ရစ်ကြမည့် သူ့​တပည့်တော်​တို့ကို၊ ထို​မှတစ်ပါး၊ လူ​အစု​အဝေး ကြားနိုင်သည့်​နေရာရှိ သူ့​တပည့်တော်​ခပ်သိမ်းကို မိန့်​တော်မူ​လေ​သည်​ကား၊ သင်တို့သည် လောကီ​နိုင်ငံ​အရပ်​ရပ်​သို့​သွား၍၊ လူ​သတ္တဝါ​တိုင်းအား ဧဝံဂေလိ​တရားတော်ကို ဟော​ပြောလော့။

၂၃ ယုံကြည်၍ ဗတ္တိဇံ​ခံသော​သူသည် ကယ်​တင်ခြင်းသို့ ရောက်​လိမ့်မည်။ ယုံကြည်ခြင်း​မရှိသော​သူ​သည်ကား အပြစ်​စီရင်​ခံရ​လိမ့်မည်။

၂၄ ယုံကြည်သော​သူတို့၌ ဖြစ်​အံ့သော ဤနိမိတ်​လက္ခဏာတို့​သည်​ကား—ငါ၏​နာမတော်​အားဖြင့် သူတို့သည် နတ်​ဆိုးတို့ကို နှင်​ထုတ်ကြ​လတ္တံ့။ ထူး​ခြားသော ဘာသာ​စကား​အမျိုး​မျိုးတို့ကို ပြောကြ​လတ္တံ့။ မြွေတို့ကို ဖမ်း​ကိုင်ကြ​လတ္တံ့။ သေ​စေ​တတ်​သော​အရာကို သောက်လျှင်​လည်း ဘေး​ဥပဒ် မဖြစ်​လတ္တံ့။ ဖျား​နာသော​သူတို့​အပေါ်၌ လက်ကို​တင်လျှင်၊ ချမ်း​သာ​ရကြ​လတ္တံ့။

၂၅ ထို့အတူ၊ အဘယ်​အရာကို​မျှ ယုံမှား​သံသယ​ဖြစ်ခြင်း​မရှိဘဲ၊ ငါ၏​နာမတော်ကို ယုံကြည်မည့်​သူ အဘယ်​သူ့​အတွက်​မဆို ငါ၏ ခပ်သိမ်းသော စကားတို့ကို ကမ္ဘာ​ကုန်ဆုံးသည် တိုင်​အောင်ပင် တည်​စေတော်မူ​မည်။

၂၆ ယခု​မူကား၊ ရှုလော့၊ အဘယ်​သူသည် ကိုယ်တော်ရှင်၏​အမှု​တော်များကို ဆန့်​ကျင်​နိုင်​သနည်း။ အဘယ်​သူသည် သူ​ဟော​တော်​မူ​သည့်​အရာတို့ကို ငြင်း​ဆို​နိုင်​သနည်း။ အဘယ်​သူ​သည် ကိုယ်တော်ရှင်၏ အနန္တတန်ခိုးတော်ကို ဆန့်​ကျင်၍ ထ​ကြွ​မည်​နည်း။ အဘယ်​သူ​သည် ကိုယ်တော်ရှင်၏​အမှု​တော်​များကို မထီမဲ့​မြင်​ပြု​မည်​နည်း။ အဘယ်​သူသည် ခရစ်တော်၏​သားသမီးတို့ကို မထီမဲ့​မြင်​ပြု​မည်​နည်း။ ရှုလော့၊ ကိုယ်တော်ရှင်၏​အမှုတော်များကို မထီမဲ့​မြင်​ပြု​သူ​သင်တို့​အား​လုံး​သည် အံ့ဩ၍ ပျက်စီးခြင်းသို့ ရောက်​လိမ့်မည်။

၂၇ အို ထိုသို့​ဆိုလျှင်၊ မထီမဲ့​မြင်​ပြုခြင်း မရှိနှင့်။ အံ့ဩခြင်း​လည်း​မရှိကြ​နှင့်။ သို့ရာတွင် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်များကို စေ့စေ့နား​ထောင်ကြ​လော့။ သင်တို့​လို​အပ်​လျက်ရှိသော​အရာ မှန်သမျှ​ကို​လည်း ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ တောင်းလော့။ ယုံမှား​သံသယ​ဖြစ်ခြင်း​မရှိနှင့်။ သို့ရာတွင်၊ ယုံကြည်လျက်၊ ရှေး​လွန်​လေ​ပြီး​သော ကာလ​များ​က​ကဲ့​သို့​ပင် အစ​ပြု၍၊ စိတ်​နှလုံး​အကြွင်းမဲ့နှင့် ကိုယ်တော်ရှင်​ထံသို့​လာ၍ သင်တို့​ကိုယ်တိုင်၏ ကယ်တင်ခြင်း​အတွက်၊ သူ၏​ရှေ့​တော်၌ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်နှင့် ကြိုး​စား​အား​ထုတ်ကြ​လော့။

၂၈ သင်တို့၏​အစမ်း​သပ်​ခံ​ကာလများ၌ ဉာဏ်​ပညာ​ရှိ​စေလော့။ သင်တို့​ကိုယ်​သင်တို့ မသန့်​ရှင်း​ခြင်း​ခပ်သိမ်းတို့မှ ချွတ်ခွာလော့။ သင်တို့သည် သင်တို့၏​တပ်​မက်ခြင်း​ခံ​စားရာ ရှိနိုင်​ရန် တောင်းခြင်း​မပြုနှင့်။ သို့ရာတွင်၊ သွေး​ဆောင်​ဖြား​ယောင်းခြင်းကို အရှုံး​မပေးရမည့်​အကြောင်းနှင့် မှန်​ကန်သည့် အသက်​ရှင်​တော်​မူ​သော​ဘုရားသခင်ကို အစေ​ခံ​ရ​မည့်​အကြောင်း မတုန်​လှုပ်​သော​ခိုင်​မြဲခြင်းနှင့် တောင်းကြ​လော့။

၂၉ သင်တို့သည် မထိုက်​မတန်​ဘဲ ဗတ္တိဇံ​မခံရန် သတိ​ပြုကြလော့။ သင်တို့သည် ခရစ်တော်၏​ပွဲတော်ကို မထိုက်​မတန်ဘဲ မသုံး​ဆောင်ရန် သတိ​ပြုကြလော့၊ ခပ်သိမ်း​သော​အရာတို့​ကို ထိုက်​တန်စွာ​ပြုခြင်းငှာသာ သတိ​ပြုကြ​လော့။ ယေရှု​ခရစ်တော်၊ အသက်​ရှင်​တော်မူ​သည့် ဘုရားသခင့်​သားတော်၏​နာမတော်​အားဖြင့် ထို​အမှုတို့ကိုသာ ပြုကြလော့။ သင်တို့သည် ဤသို့​ပြု၍ အဆုံး​တိုင်​အောင် တည်​ကြည်မည်​ဆိုလျှင်၊ အလျှင်း​နှင်​ထုတ်​မခံရကြ။

၃၀ ရှုလော့၊ ငါသည် သေ​ရာမှ ပြော​လေ​သ​ကဲ့​သို့​ပင် သင်တို့​ကို ပြော၏။ အကြောင်း​မူကား၊ ငါ၏​စကားများကို သင်တို့​ရ​ရှိကြ​လိမ့်မည့်​အကြောင်း ငါ​သိ၏။

၃၁ ငါ၏​မစုံ​လင်ခြင်းကြောင့် ငါ့ကို ပြစ်​တင်​ရှုတ်​ချခြင်း မပြုနှင့်။ ငါ၏​အဘကို​လည်း သူ၏​မစုံလင်ခြင်း​ကြောင့် ပြစ်​တင်​ရှုတ်​ချခြင်း​မပြုနှင့်။ သူ၏​အရင်က ရေးလေသော​သူတို့​ကို​လည်း ပြစ်​တင်​ရှုတ်​ချခြင်း မပြုနှင့်။ သင်တို့သည် သင်​ယူ​နိုင်၍၊ ငါတို့​မှာ​ရှိ​သည်​ထက် သာ၍​ဉာဏ်​ပညာ​ရှိနိုင်​စေခြင်းငှာ သင်တို့၏​မစုံ​လင်ခြင်းကို သင်တို့ထံ ထင်​ရှားစွာ​ပြ​တော်မူ​သည့် ဘုရားသခင်​ကို​သာ​လျှင် ကျေး​ဇူး​တော်​ချီး​မွမ်းကြ​လော့။

၃၂ ယခု​မူကား၊ ရှုလော့၊ ငါ​တို့​၏​ပြော​ဟန်​အတိုင်း လက်​ဆင့်​ကမ်း၍၊ ပြောင်းလဲ၍ ပြင်​ထားသော​အဲဂုတ္တု​ဘာ​သာဟု ငါ​တို့​၌​ခေါ်​သည့် စာလုံးများ​ဖြင့် ငါတို့၏​အသိ​ပညာ​အတိုင်း ဤ​မှတ်​တမ်းကို ငါတို့​ရေး​လေ​ပြီ။

၃၃ ထို့အတူ၊ ငါတို့၏​ပုရပိုက်​ပြားများ လုံ​လုံ​လောက်​လောက်​ကြီး​မားလျှင် ငါတို့သည် ဟေဗြဲ​ဘာသာဖြင့် ရေး​ရလေမည်။ သို့ရာတွင်၊ ဟေဗြဲ​ဘာသာသည်​လည်း ငါတို့အားဖြင့် ပြောင်းလဲ ခံရလေပြီ။ ငါတို့သည် ဟေဗြဲ​ဘာသာ​အားဖြင့် ရေးနိုင်​လေ​လျှင်​လည်း၊ ရှုလော့၊ သင်တို့သည် ငါတို့၏​မှတ်​တမ်း၌ အမှား​တွေ့​ရမည်​မဟုတ်။

၃၄ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ငါတို့​ရေးလေ​သည့်​အရာ​များနှင့်၊ ထို့အတူ၊ ငါတို့၏​ဘာသာ​စကားကို အခြားသော​လူမျိုးတို့​မသိကြောင်း သိတော်မူ၏။ ငါတို့၏​ဘာသာ​စကားကို အခြားသော​လူမျိုးတို့​မသိ၍၊ ထို့ကြောင့်၊ သူသည် အနက်ဖွင့်​ပြခြင်း​အတွက် နည်း​လမ်းတို့ကို ပြင်​ဆင်​ထား​တော်မူ​၏။

၃၅ ငါ​တို့​၏​အဝတ်တန်ဆာများ​ကို​လည်း ယုံကြည်မှု​လျော့​ပါး ဆုတ်​ယုတ်​လာလေ​သည့် ငါတို့​ညီ​အစ်​ကို​တို့​၏​အသွေး​ဖြင့် ကင်း​စင်​စေခြင်းငှာ ဤအရာတို့ကို ရေး​ထား၏။

၃၆ ရှုဦးလော့၊ ငါတို့၏​ညီအစ်ကိုတို့နှင့်​စပ်လျဉ်း၍ ငါတို့​အလို​ရှိသည့် ဤအရာများ၊ အထူး​သဖြင့်၊ ခရစ်တော်ကို​သိခြင်းသို့ သူတို့ကို ပြန်လည်​ဆောင်​ယူခြင်း​သည် ထိုပြည်၌​နေသည့် သန့်​ရှင်း​သူ​ခပ်သိမ်း၏​ဆုတောင်းခြင်း​များ​အတိုင်း​ပင်​ဖြစ်၏။

၃၇ သူတို့၏​ယုံကြည်ခြင်း​အတိုင်း၊ သူတို့၏​ဆုတောင်းခြင်းများကို ပြည့်စုံနိုင်စေကြောင်း၊ ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်​က​လည်း အခွင့်​ပေး​တော်​မူ​ပါစေ။ ခမည်းတော်​ဘုရားသခင်​သည်​လည်း ဣသရေလ​အမျိုး​သားတို့နှင့် သူ​ပြု​တော်မူသည့် ပဋိညာဉ်ကို အောက်​မေ့​တော်​မူ​ပါစေ။ ယေရှု​ခရစ်တော်၏​နာမတော်၌ ယုံကြည်ခြင်း​အားဖြင့် သူတို့ကို ကာလ​အစဉ်​အဆက် ကောင်း​ချီး​ပေး​တော်မူ​ပါစေ။ အာမင်။