ကျမ်းစာများ
မော်မုန် ၅


အခန်းကြီး ၅

အသွေး​သွန်း​လောင်းခြင်းနှင့် သိမ်း​ရုံး​သတ်​ဖြတ်ခြင်းတို့​ပြုရာ တိုက်ပွဲများ၌ မော်မုန်သည် နီဖိုင်း​အမျိုးသားတို့၏​တပ်များကို တစ်ဖန်​ဦးဆောင်၏—မော်မုန်​ကျမ်းသည် ဣသရေလ​အမျိုး​ခပ်သိမ်းတို့ကို ယေရှုသည် ခရစ်တော်​ဖြစ်တော်​မူကြောင်း နားသွင်းရန် ပေါ်​ထွက်​လာလိမ့်မည်—လာမန်​အမျိုးသားတို့သည် သူတို့၏​မယုံကြည်မှုကြောင့် ကွဲပြား​ပြန့်ကျဲကြ​လိမ့်မည်။ ဝိညာဉ်တော်​သည်လည်း သူတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်​တော်မူလိမ့်မည်—သူတို့သည် နောက်​ပိုင်း​ကာလများ၌ ဧဝံဂေလိ​တရားတော်ကို တပါး​အမျိုး​သားတို့​ထံမှ လက်ခံရ​ရှိကြလိမ့်မည်။ အေဒီ ၃၇၅–၃၈၄ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါသည် နီဖိုင်း​အမျိုးသားများထံသို့ ထွက်​သွား၏၊ သူတို့ကို ကူညီ​လိုတော့မည် မဟုတ်ဟူသော​ကျိန်​ဆိုခြင်းကို ပြန်၍​ရုပ်​သိမ်း၏။ သူတို့​သည်လည်း ငါ့ကို သူတို့၏​တပ်များကို တစ်ဖန်​ကွပ်ကဲ​အုပ်ချုပ်​ခွင့်​ပေး၏။ အကြောင်း​မူကား၊ သူတို့၏ ဆင်းရဲ​ဒုက္ခများမှ ငါကယ်လွှတ်​နိုင်သကဲ့သို့ ငါ့ကို မှတ်​ယူကြ၏။

သို့ရာတွင်၊ ရှုလော့၊ ငါသည် မျှော်လင့်ချက်​မဲ့၏။ အကြောင်း​မူကား၊ သူတို့​အပေါ် ကျ​ရောက်​လာမည့် ကိုယ်တော်ရှင်၏​တရား​စီရင်​တော်မူခြင်းများကို သိ၏။ သူတို့သည် သူတို့၏​ဒုစရိုက်များမှ နောင်တ​မရကြ၊ သူတို့ကို ဖန်​ဆင်း​တော်မူသည့် ဘုရားကို ပဌနာ​ပြုခြင်း​မရှိဘဲနှင့် သူတို့​အသက် အတွက်သာရုန်း​ကန်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့ယော်ဒန်မြို့သို့ ထွက်​ပြေး​စဉ်တွင် လာမန်​အမျိုးသားတို့သည် ငါတို့ကို လာ၍​တိုက်​ခိုက်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် နှင်ထုတ်​ခံရသဖြင့် ထိုအချိန်၌ မြို့ကို မသိမ်း​ယူကြ။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ငါတို့ကို တစ်ဖန်​လာ၍ တိုက်​ခိုက်ကြ​သဖြင့်၊ ငါတို့သည် မြို့ကို ထိန်း​သိမ်းကြ၏။ နီဖိုင်း​အမျိုးသားတို့ ထိန်း​သိမ်း​ထားသည့် အခြား​မြို့များလည်း​ရှိ၏၊ ထို​အခိုင်​အမာ​စခန်းများက ဆီး​တားသဖြင့် သူတို့သည် ငါတို့​ပြည်၌ နေ​ထိုင်ကြ​သူများကို​ဖျက်​ဆီးရန် ငါတို့​ရှေ့၌ ရှိသည့် တိုင်း​ပြည်ထဲသို့ မဝင်နိုင်ကြ။

သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ ငါတို့​ဖြတ်​သန်း​လာသည့် ပြည်​မှန်သမျှနှင့်၊ ထိုပြည်တို့၌ နေထိုင်​သူတို့သည် မစု​ဝေးကြ၊ လာမန်​အမျိုးသားတို့၏ ဖျက်ဆီးခြင်းကို ခံရ၏၊ သူတို့၏​မြို့များ၊ ထို့အတူ သူတို့၏​ရွာ​များနှင့် မြို့များ​မီးနှင့်​လောင်​မြိုက်၏။ ထိုကဲ့သို့​အားဖြင့် သုံးရာ​ခုနစ်ဆယ်​ကိုးနှစ် ကုန်​လွန်​သွား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးရာရှစ်ဆယ်​နှစ်​မြောက်တွင်၊ လာမန်​အမျိုး​သားတို့သည် ငါတို့ကို စစ်တိုက်ရန် တစ်ဖန်​လာကြ၏၊ ငါတို့သည်လည်း သူတို့ကို ရဲရင့်စွာ​ခုခံကြ၏။ သို့ရာတွင်၊ ထိုအမှု​ခပ်သိမ်းတို့မှာ အချည်း​နှီး​ဖြစ်၏။ အကြောင်း​မူကား၊ သူတို့​အရေ​အတွက်မှာ အလွန်များသဖြင့် နီဖိုင်း​လူမျိုးတို့ကို သူတို့​ခြေ​အောက်မှာ နင်း​ချေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ငါတို့သည် တစ်ဖန်​ထွက်​ပြေးလျက်၊ လာမန်​အမျိုးသားတို့ထက် သာ၍​လျင်​မြန်စွာ​ထွက်​ပြေးသူတို့သည် လွတ်​မြောက်ကြ၏၊ ထွက်​ပြေးရာ၌ လာမန်​အမျိုးသားတို့ထက် မသာ​လွန်​သူတို့သည် သုတ်​သင်​ပယ်ရှင်းခြင်းနှင့် ဖျက်​ဆီးခြင်းကို ခံရ၏။

ယခုမူကား၊ ရှုလော့၊ ငါ​မော်မုန်သည် ငါ့​မျက်စိ​ရှေ့ ၌ ချထား​သကဲ့သို့​ဖြစ်သည့် အသွေး​သွန်း​လောင်းခြင်းနှင့် သိမ်း​ရုံး​သတ်​ဖြတ်ခြင်းတို့၏ ထိုကဲ့သို့​အလွန်​ဆိုးရွားသော မြင်ကွင်းကို လူသားတို့​ရှေ့၌ ချပြခြင်း​အားဖြင့် သူတို့၏​စိတ်ဝိညာဉ်များကို ညှဉ်း​ပန်းလိုခြင်း​မရှိ။ သို့ရာတွင်၊ ငါ​သိ​နေသည်မှာ၊ ဤအရာတို့ကို ဧကန်​အမှန်​ဖော်ပြ​ရမည်​ဖြစ်ကြောင်းနှင့် ဝှက်​ထားသော​အရာ​မှန်သမျှကို အိမ်​မိုးပေါ်မှာ​ဖော်ပြ​ရမည့်​အကြောင်း—

ထို့အတူ၊ ဤအရာတို့​အကြောင်းကို သိခြင်းသည် ဤလူမျိုးတို့၏​ကျန်ကြွင်းသော​သူများ ထံသို့နှင့် ဤလူမျိုးတို့ကို ကွဲပြား​ပျံ့ကျဲ​စေမည့်၊ ထို့အတူ ဤလူမျိုးတို့ကို သူတို့၌ အဖိုး​မထိုက်ဟု မှတ်​ယူခြင်း​ခံရမည့်​အကြောင်း ကိုယ်တော်ရှင်​မိန့်တော်မူ​လေသူ၊ တပါး​အမျိုး​သားများ​ထံသို့လည်း ရောက်​ရမည့်​အကြောင်း—ထို့ကြောင့်၊ ငါသည် လက်​ခံရ​ရှိပြီး​ဖြစ်သည့် ပညတ်​တော်ကြောင့် မြင်ရ​လေသည့် အရာတို့​အကြောင်း ပြည့်စုံသော​မှတ်တမ်းကို မရေး​ဝံ့၍ သေး​ငယ်သော အကျဉ်း​ချုပ်ကို​ရေး၏၊ ထို့အတူ ဤလူမျိုးတို့၏ ဆိုးညစ်ခြင်း​ကြောင့်၊ အလွန်​ကြီးစွာသော​ဝမ်းနည်းမှုတို့ကို သင်တို့ မရ​ရှိနိုင်ကြ​စေခြင်းငှာ​လည်းဖြစ်၏။

၁၀ ယခုမူကား၊ ရှုလော့၊ ငါသည် ဤအမှုကို၊ သူတို့၏​အမျိုး​အနွယ်များ၊ ထို့အတူ မိမိတို့၏​ကောင်းချီး​မင်္ဂလာများ အဘယ်​အရပ်မှ လာသည်ကို နားလည်၍၊ သိကြ​သူတည်း​ဟူသော၊ ဣသရေလ​အမျိုးသားတို့ကို ဂရုစိုက်သည့် တပါး​အမျိုး​သားတို့ကိုလည်း ဟော​ပြော၏။

၁၁ အကြောင်း​မူကား၊ ထိုကဲ့သို့​သော​သူများသည် ဣသရေလ​အမျိုး​သားတို့၏ ဘေးဒုက္ခများ​ကြောင့် ဝမ်း​နည်းကြ​လိမ့်မည်။ ထိုမှတစ်ပါး၊ သူတို့သည် ဤလူမျိုးတို့၏ ပျက်​စီးခြင်း​အတွက် ဝမ်းနည်းကြ​လိမ့်မည်။ ဤလူမျိုးတို့သည် ယေရှု၏​လက်၌ ပွေ့​ပိုက်​ခံရ​နိုင်စေခြင်းငှာ နောင်တ​မရခဲ့ကြ​လေသည်ကို ဝမ်းနည်းကြ​လိမ့်မည်။

၁၂ ယခုတွင်၊ ဤအရာတို့ကို ယာကုပ်​အမျိုး​သားတို့၏ ကျန်​ကြွင်းသော​သူများ​အဖို့ ရေး​ထား၏။ ဤကဲ့သို့​အားဖြင့်ပင် ရေး​ထား၏၊ ဆိုး​ညစ်ခြင်း ထိုအရာတို့ကို သူတို့​ထံသို့ ဆောင်​လာလိမ့်မည်​မဟုတ်​သည်ကို ဘုရားသခင်​သိတော်​မူသော​ကြောင့်ပေတည်း။ ထိုအရာတို့ကို သူ၏​ကာလ​အချိန်​တန်သော​အခါ၌ ထွက်​ပေါ်​လာကြ​စေခြင်းငှာ၊ ကိုယ်တော်ရှင်​ထံသို့ ဝှက်​ထား၏။

၁၃ ဤအရာ​သည်ကား၊ ငါ​လက်​ခံရ​ရှိသည့် မိန့်မှာ​တော်မူချက်​ပေတည်း။ ရှုဦးလော့၊ ထိုအရာတို့သည် ကိုယ်တော်ရှင်၏​ပညတ်တော်​အတိုင်း၊ သင့်လျော်​မည်ဟု သူ့ ဉာဏ်​ပညာတော်ဖြင့် ဆင်​ခြင်​တော်မူသော​အချိန်၌ ထွက်​ပေါ်​လာ​လိမ့်မည်။

၁၄ ရှုဦးလော့၊ ယုဒ​လူမျိုးတို့​အထဲရှိ မယုံကြည်​သူများ​ထံသို့ ရောက်​လိမ့်မည်။ ဤရည်ရွယ်ချက်​အတွက် ရောက်​လိမ့်မည်ကား—ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်း၊ အသက်​ရှင်တော်မူသည့် ဘုရားသခင်၏​သားတော်​ဖြစ်​ကြောင်း သူတို့ ဖျောင်းဖျ ခံရ​နိုင်​စေခြင်းငှာ၊ ခမည်းတော်သည်၊ ယုဒ​လူမျိုးတို့ကို၊ သို့မဟုတ် ဣသရေလ​အမျိုး​သား​ခပ်သိမ်းတို့ကို သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင် မိမိပဋိညာဉ်ကို ပြီး​ပြည့်​စုံစေသည့်​တိုင်အောင် သူတို့ကို ပေး​ထား​တော်မူ​လေသည့် သူတို့၏​အမွေ​ခံရာ​ပြည်သို့ ပြန်​လည်​ဆောင်​ယူရာ၌၊ သူ၏​ကြီး​မြတ်သည့် ထာဝရ​အကြံ​အစည်တော်ကို သူ၏​အချစ်​ဆုံးသော​သူ​အားဖြင့် ပြီး​မြောက်​စေခြင်းငှာ၊

၁၅ ထို့အတူ၊ ဤလူမျိုးတို့၏​အမျိုး​အနွယ်တို့သည် တပါး​အမျိုးသားတို့ထံမှ သူတို့ထံ ထွက်​သွားမည့် သူ၏​ဧဝံဂေလိ​တရားတော်ကို ပို၍​ပြည့်စုံစွာ ယုံကြည်ကြ​စေခြင်းငှာ​ပေတည်း။ အကြောင်း​မူကား၊ ဤလူမျိုးတို့သည် ကွဲပြား​ပြန့်ကျဲကြ​လိမ့်မည်။ ထို့အတူ၊ ငါတို့၌ ရှိ​ဖူး​ပြီ​ဖြစ်သည့်၊ အထူးသဖြင့်၊ လာမန်​အမျိုးသားတို့၌​ပင် ရှိ​လေ​ပြီး​ဖြစ်သည့် ဖော်​ပြ​ပြီး​သမျှသော​သူတို့​ထက်​ပင်​သာ​၍ အသား​မည်း​ပြီးလျှင်၊ ညစ်​ညမ်း၍၊ ရွံရှာ​မုန်းတီး​စရာ​ကောင်း​သော​လူမျိုးများ ဖြစ်​လာကြ​လိမ့်မည်။ ဤသို့​ဖြစ်​ရသည်​မှာလည်း၊ သူတို့၏​မယုံကြည်ခြင်းနှင့် ရုပ်တု​ကိုးကွယ်ခြင်းတို့​ကြောင့်​ပင်တည်း။

၁၆ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည် သူတို့၏ဘိုးဘေးတို့ကို ပဲ့ပြင်ဆုံးမခြင်းမှ ရပ်တန့်တော်မူလေပြီ။ သူတို့သည်လည်း လောကထဲ၌ ခရစ်တော်နှင့် ဘုရားသခင်မပါမရှိဘဲ နေကြ၏။ လေတိုက်သောဖွဲသဖွယ် အရပ်ရပ်သို့လည်း နှင်ထုတ်ခံရကြ၏။

၁၇ သူတို့သည် တစ်ချိန်က နှစ်​သက်​ဖွယ်သော​လူမျိုးများ ဖြစ်ကြ၏၊ သူတို့၏​သိုး​ထိန်း​အဖြစ် ခရစ်တော်လည်း ရှိ၏။ အမှန်​စင်စစ်၊ သူတို့ကို ဘုရားသခင်​တည်း​ဟူသော ခမည်းတော်အားဖြင့်ပင် ပို့​ဆောင်​ခံရကြလေ၏။

၁၈ သို့ရာတွင် ယခု​မူကား၊ ရှုလော့၊ သူတို့သည် လေတိုက်​သွား​သော​ဖွဲ​သဖွယ်၊ သို့မဟုတ် ရွက်​မပါ၊ ကျောက်​ဆူး​မပါ၊ သို့မဟုတ် ပဲ့ကိုင်ရာ​တစ်စုံ​တစ်ခုမျှ​မပါသည့် သင်္ဘောသည် လှိုင်းတံ​ပိုးတို့​အပေါ်၌ လူး​လွန့်​သကဲ့သို့ စာတန်​အားဖြင့် အရပ်​ရပ်သို့ ပို့​ဆောင် ခံရကြ၏။ သင်္ဘော​ကဲ့သို့ပင်၊ သူတို့​သည်လည်း လူး​လွန့်ကြ​လေသ​တည်း။

၁၉ ရှုဦးလော့၊ ကိုယ်တော်ရှင်သည် ထိုပြည်၌ သူတို့​လက်ခံ​ရ​ရှိနိုင်မည့် သူတို့၏​ကောင်းချီး​မင်္ဂလာများကို ထိုပြည်ကို ပိုင်ဆိုင်မည့် တပါး​အမျိုးသားတို့​အတွက် သိမ်း​ထားတော်မူ​လေ၏။

၂၀ သို့ရာတွင် ရှုလော့၊ အချိန်​တန်​လာလတ္တံ့သော​အခါ၊ သူတို့သည် တပါး​အမျိုးသားတို့​အားဖြင့် မောင်း​ထုတ်​ခံရ၍ ကွဲပြား​ပြန့်ကျဲကြ​လိမ့်မည်။ တပါး​အမျိုး​သားတို့​အားဖြင့် မောင်း​ထုတ်​ခံရ၍ ကွဲပြား​ပြန့်ကျဲကြ​ပြီးမှ၊ ရှုလော့၊ ထို့နောက်​တွင် ကိုယ်တော်ရှင်သည် အာဗြဟံ​ထံ၊ ထို့အတူ ဣသရေလ​အမျိုးသား​ခပ်သိမ်းတို့​ထံ သူ​ပြုတော်မူသည့် ပဋိညာဉ်ကို အောက်​မေ့​တော်မူ​လိမ့်မည်။

၂၁ ကိုယ်တော်ရှင်​သည် သူတို့​အတွက် မိမိ​ထံသို့ တောင်း​လျှောက်​လေ​ပြီး​ဖြစ်သော ဖြောင့်​မတ်​သူတို့၏​ဆုတောင်းခြင်း​များကိုလည်း အောက်မေ့​တော်မူ​လိမ့်မည်။

၂၂ ထို့နောက်တွင်၊ အို အသင်​တပါး​အမျိုးသားတို့၊ သင်တို့သည် နောင်တ​ရ၍၊ သင်တို့၏​ဆိုးသော​လမ်းတို့ကို ကျော​မခိုင်းကြလျှင်၊ ဘုရားသခင်၏​တန်ခိုးတော်​ရှေ့၌ အဘယ်သို့ ရပ်​နိုင်ကြ​မည်နည်း။

၂၃ သင်တို့​သည် ဘုရားသခင်၏​လက်တော်​ထဲ၌ ရှိကြကြောင်း သိခြင်း​မရှိကြ​သလော။ သင်တို့သည် သူ့၌ အလုံး​စုံသော​တန်ခိုးတော်​ရှိတော်​မူကြောင်း၊ သူ၏​ကြီးစွာသော​အမိန့်ကြောင့် မြေကြီးသည်လည်း စာလိပ်​ကဲ့သို့ လိပ်လိမ့်မည်​ဖြစ်ကြောင်း သိခြင်း​မရှိကြ​သလော။

၂၄ ထို့ကြောင့်၊ သင်တို့​နောင်တ​ရကြလော့၊ ထို့အတူ သူ့ရှေ့၌ သင်တို့​ကိုယ်​သင်တို့ နှိမ့်ချကြ​လော့။ သူသည် သင်တို့​တစ်ဖက်၌ အပြစ်​ပေးတော်​မူခြင်းဖြင့် ထွက်၍​မလာ​စေခြင်းငှာ—ခြင်္သေ့သည် သင်တို့ကို အပိုင်း​ပိုင်း​ကိုက်​ဖြတ်၍၊ ကယ်​လွှတ်သည့်​သူ​အဘယ်သူမျှ မရှိ​သကဲ့သို့ ယာကုပ်​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူများ သင်တို့ထံ ထွက်​မသွား​ရကြ​စေခြင်းငှာ​ပေတည်း။