ဩမနိကျမ်း
အခန်းကြီး ၁
ဩမနိ၊ အာမရုန်၊ ခေမိတ်၊ အဘိနဒုမ်နှင့် အာမလေခိတို့သည် မှတ်တမ်းတို့ကို တစ်လှည့်စီ ရေးမှတ်ကြ၏—မောဇိယသည် ဇေဒကိလက်ထက်က ယေရုရှလင်မြို့မှလာသောဇရဟင်မလလူမျိုးတို့ကို တွေ့ရှိ၏—မောဇိယသည် သူတို့အပေါ် ရှင်ဘုရင်အရာ၌ခန့်ထားခံရ၏—မြူးလက်၏ အမျိုးအနွယ်တို့သည် ယာရက်အမျိုးသားတို့၏နောက်ဆုံးဖြစ်သော ကောရန္တူမာကို ဇရဟင်မလပြည်၌ တွေ့ရှိကြ၏—ဗင်္ယာမိန်မင်းကြီးသည် မောဇိယ၏အရိပ်အရာကို ခံ၏—လူသားတို့သည် မိမိတို့စိတ်ဝိညာဉ်ကို ပူဇော်သက္ကာအဖြစ် ခရစ်တော်ထံ ပူဇော်ရမည်။ ဘီစီ ၃၂၃–၁၃၀ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါဩမနိသည် ငါတို့၏ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ၊ ဤပုရပိုက်ပြားများပေါ်၌ အတော်အသင့်ရေးရမည့်အကြောင်း၊ ငါ့အဘယာရုမ်၏မှာထားခြင်းကို ခံရလျက်—
၂ သို့ဖြစ်၍၊ ငါ၏အသက်တာတွင်၊ ငါသည် ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့ကို သူတို့၏ရန်သူလာမန်အမျိုးသားတို့၏လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းငှာ၊ ဓားဖြင့်၊ များစွာတိုက်ခိုက်ခဲ့ကြောင်းကို သင်တို့သိစေလို၏။ သို့ရာတွင်၊ ရှုလော့၊ ငါကိုယ်တိုင်သည်ကား၊ ဆိုးညစ်သောသူတစ်ယောက်ဖြစ်၍၊ ကိုယ်တော်ရှင်၏ထုံးဥပဒေသတို့နှင့် ပညတ်တော်တို့ကို ပြုသင့်သည့်အတိုင်း၊ မစောင့်ထိန်းလေခဲ့။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နှစ်ပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်နှစ် ကုန်လွန်လေပြီးလျှင်၊ ငါတို့၌ ငြိမ်းချမ်းခြင်းကာလများစွာရှိ၏။ ထို့အတူ၊ ငါတို့၌ ပြင်းထန်သောစစ်တိုက်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းကာလ များစွာရှိ၏။ ထိုမှတစ်ပါး၊ အချုပ်အားဖြင့်၊ နှစ်ပေါင်း နှစ်ရာရှစ်ဆယ့်နှစ်နှစ် ကုန်လွန်လေ၍၊ ငါသည် ငါ့ဘိုးဘေးတို့၏မိန့်မှာချက်တို့အတိုင်း၊ ဤပုရပိုက်ပြားတို့ကို သိမ်းဆည်းထားလေပြီးလျှင်၊ ငါ့သားအာမရုန်ထံ အပ်နှင်း၏။ ထို့အတူ၊ ငါ လက်စသတ်၏။
၄ ယခုမူကား၊ ငါ၊ အာမရုန်သည် ရေးသမျှအနည်းငယ်သောအရာတို့ကို ငါ့အဘ၏ကျမ်း၌ ရေး၏။
၅ ရှုလော့၊ အချိန်တန်လာသောအခါ၊ နှစ်ပေါင်း သုံးရာ့နှစ်ဆယ် ကုန်လွန်လေ၍၊ နီဖိုင်းအမျိုးသားတို့မှ ပို၍ဆိုးညစ်သောအစုသည် ဖျက်ဆီးခံရလေ၏။
၆ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်တော်မူခဲ့လေပြီးနောက်၊ သူတို့၏ရန်သူတို့၏လက်ထဲသို့ ကျရောက်ခြင်းမှ ထိန်းသိမ်း၍ ကာကွယ်စောင့်မတော်မူလျက်၊ အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်၊ အကယ်စင်စစ် သင်တို့သည် ငါ၏ပညတ်တော်တို့ကို မစောင့်ထိန်းသမျှ၊ ထိုပြည်၌ အောင်မြင်လိမ့်မည် မဟုတ်ဟုဆို၍၊ ငါတို့ဘိုးဘေးတို့အားမိန့်တော်မူခဲ့သည့် နှုတ်ကပတ်တော်တို့ ပြည့်စုံစေခြင်းကိုလည်း အခွင့်ပေးတော်မူမည်မဟုတ်။
၇ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် သူတို့ကို ကြီးစွာသော တရားစီရင်တော်မူခြင်းနှင့် ဆုံးမတော်မူ၏။ သို့သော်လည်း ဖြောင့်မတ်သောသူတို့ကို မပျက်စီးစေခြင်းငှာ၊ ချမ်းသာပေးတော်မူ၏၊ သူတို့၏ရန်သူတို့၏လက်မှ ကယ်လွှတ်တော်မူ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ပုရပိုက်ပြားတို့ကို ငါ့ညီခေမိတ်သို့ ပေးအပ်၏။
၉ ယခုတွင်၊ ငါ၊ ခေမိတ်သည်၊ ရေးသည့် အနည်းငယ်သောအရာတို့ကို ငါ့အစ်ကိုနှင့်အတူ တစ်ကျမ်းတည်း၌ ရေး၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် သူရေးသည့် နောက်ဆုံးစာကို သူ့လက်နှင့်ရေးသည်ကို မြင်၏။ ပုရပိုက်ပြားတို့ကို ငါ့ထံသို့ပေးအပ်စဉ်တွင် ထိုအရာကို ရေးလေ၏။ ဤကဲ့သို့အားဖြင့်၊ ငါတို့သည် မှတ်တမ်းတို့ကို ဆက်တိုက် ရေးမှတ်ကြသည်ကား၊ ငါတို့ဘိုးဘေးတို့၏မိန့်မှာချက်တို့ကြောင့်ပေတည်း။ ထို့အတူ၊ ငါသည် လက်စသတ်၏။
၁၀ ရှုလော့၊ ငါ၊ အဘိနဒုမ်သည် ခေမိတ်၏သားဖြစ်၏။ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါသည် ငါ၏လူမျိုးနီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား၌ များစွာသောစစ်တိုက်ခြင်းနှင့် ရန်တွေ့ခြင်းကို မြင်၍၊ ငါ၏ညီအစ်ကိုတို့ကို ကာကွယ်ရာ၌ လာမန်အမျိုးသားများစွာ၏အသက်ကို ငါကိုယ်တိုင်၏ဓားဖြင့် နုတ်ယူလေ၏။
၁၁ ရှုဦးလော့၊ ဤလူမျိုးတို့၏မှတ်တမ်းတို့ကို မျိုးဆက်အလိုက် ပိုင်ဆိုင်ခဲ့ကြသည့် ရှင်ဘုရင်တို့၏ပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထား၍၊ ငါသည် ရေးထားသည်တို့မှတစ်ပါး၊ အဘယ်ဗျာဒိတ်တော်ကိုမျှ မသိ၊ ပရောဖက်ပြုဟောချက်ကိုလည်း မသိ။ သို့ဖြစ်၍၊ လုံလောက်သောအရာကို ရေးထား၏။ ထို့အတူ၊ ငါသည် လက်စသတ်၏။
၁၂ ရှုလော့၊ ငါသည် အဘိနဒုမ်၏သား အာမလေခိဖြစ်၏။ ရှုလော့၊ ငါသည် ဇရဟင်မလပြည်ကို မင်းပြုသည့် မောဇိယအကြောင်း သင်တို့ကို အတော်အသင့်ပြောပြမည်။ အကြောင်းမူကား၊ ရှုလော့၊ သူ့ကို နီဖိုင်းပြည်မှ ထွက်ပြေးရမည့်အကြောင်း ကိုယ်တော်ရှင်သတိပေးတော်မူ၍၊ ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်လိုသူမှန်သမျှသည်လည်း သူနှင့်အတူ ထိုပြည်မှ တောရိုင်းထဲသို့ ထွက်ခွာသွားရလိမ့်မည်—
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ကိုယ်တော်ရှင်မိန့်တော်မူလေသည့်အတိုင်း ပြု၏။ သူတို့သည် ကိုယ်တော်ရှင်၏အသံကို စေ့စေ့နားထောင်လိုသူမှန်သမျှနှင့်ထိုပြည်မှ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။ များစွာသောဟောပြောခြင်းတို့နှင့် ပရောဖက်ပြု၍ဟောခြင်းတို့ဖြင့် ဆောင်သွားခံကြရ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် အစဉ်မပြတ်ဆုံးမတော်မူသည်ကိုလည်း ခံကြရ၏။ တောရိုင်းကိုဖြတ်၍ ဇရဟင်မလဟုခေါ်သည့် ပြည်ထဲသို့ ဆင်းလာသည့်တိုင်အောင် လက်ရုံးတော်၏တန်ခိုးအားဖြင့် ပို့ဆောင်တော်မူသည်ကိုလည်း ခံကြရ၏။
၁၄ သူတို့သည် ဇရဟင်မလလူမျိုးဟုခေါ်သည့် လူမျိုးကိုလည်း တွေ့ကြ၏။ ယခုတွင်၊ ဇရဟင်မလလူမျိုးတို့၌ ကြီးစွာသောရွှင်လန်းဝမ်းမြောက်ခြင်းရှိလေ၏။ ကိုယ်တော်ရှင်သည် ယုဒလူမျိုးတို့၏မှတ်တမ်းပါသည့် ကြေးပုရပိုက်ပြားတို့နှင့်အတူ မောဇိယ၏လူမျိုးတို့ကို စေလွှတ်တော်မူသောကြောင့်၊ ဇရဟင်မလသည်လည်း လွန်စွာရွှင်လန်းဝမ်းမြောက်၏။
၁၅ ရှုလော့၊ အချိန်တန်လာသောအခါ၊ မောဇိယသည် ယုဒရှင်ဘုရင်ဇေဒကိ ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်၍၊ သယ်ဆောင်သွားခံရသည့်အချိန်က၊ ဇရဟင်မလလူမျိုးတို့ယေရုရှလင်မှထွက် လာခဲ့ကြသည့်အကြောင်းကို တွေ့ရှိ၏။
၁၆ သူတို့သည် တောရိုင်းထဲ၌ ခရီးသွား၍၊ မိမိတို့ကို မောဇိယတွေ့ရှိခဲ့ရာအရပ်တည်းဟူသော ပြည်ထဲသို့ ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ကြီးစွာသောရေတို့ကို ဖြတ်၍၊ ဆောင်ယူခံရလေ၏။ သူတို့သည်လည်း ထိုအချိန်မှစ၍ ထိုအရပ်တွင်နေထိုင်ကြလေ၏။
၁၇ မောဇိယတွေ့ရှိသည့်အချိန်တွင် သူတို့သည် အလွန်များပြားလာကြလေပြီ။ သို့သော်လည်း၊ သူတို့၌ စစ်တိုက်ခြင်းများစွာနှင့် ပြင်းထန်သောရန်တွေ့ခြင်းတို့ ရှိလေ၍၊ အချိန်နှင့်အမျှ ဓားဘေးဖြင့် ကျဆုံးကြ၏။ သူတို့၏ ဘာသာစကားသည်လည်း ပျက်စီးလေပြီ။ မှတ်တမ်းတို့ကိုလည်း သူတို့နှင့်အတူ မယူဆောင်ခဲ့ကြ။ သူတို့၏ဖန်ဆင်းရှင် ရှိတော်မူခြင်းကိုလည်း ငြင်းပယ်ကြ၏။ မောဇိယနှင့် မောဇိယ၏လူမျိုးတို့ကလည်း သူတို့ကို နားမလည်နိုင်ကြ။
၁၈ သို့ရာတွင်၊ အချိန်တန်လာသောအခါ၊ မောဇိယသည် သူတို့အား မိမိဘာသာစကားဖြင့် သွန်သင်ပေးသည်ကို ခံယူစေ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် မောဇိယ၏ဘာသာစကားဖြင့် သွန်သင်ပေးခံရလေပြီးနောက် ဇရဟင်မလသည် မိမိဘိုးဘေးတို့၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို အမှတ်ရှိသည်အတိုင်း ပေးခဲ့၏။ ထိုအရာတို့ကို ရေးထား၏၊ သို့ရာတွင် ဤပုရပိုက်ပြားတို့၌ မဟုတ်။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဇရဟင်မလနှင့်၊ မောဇိယ၏လူမျိုးတို့သည် အတူတကွ ပေါင်းစည်းခဲ့ကြ၏။ မောဇိယသည်လည်း သူတို့၏ရှင်ဘုရင်အဖြစ်ခန့်အပ်ခံရ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မောဇိယ၏လက်ထက်၌၊ ရေးထွင်းထားခြင်းတို့ ပါရှိသည့် ကြီးမားသောကျောက်တုံးကို သူ့ထံသို့ ယူဆောင်လာကြ၏။ သူသည်လည်း ထိုရေးထွင်းခြင်းတို့ကို ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်တို့အားဖြင့် အနက်ဖွင့်ပြခဲ့၏။
၂၁ ထိုအရာတို့၌ ကော်ရန္တူမာဟုခေါ်သူတစ်ဦးနှင့် သူ့လူမျိုးတို့အထဲမှ ကွပ်မျက်ခံရသူတို့အကြောင်း၊ မှတ်တမ်းတစ်ခု ပါဝင်၏။ ကောရန္တူမာကို ဇရဟင်မလလူမျိုးတို့က တွေ့ရှိကြ၏။ သူသည်လည်း သူတို့နှင့်အတူ ကိုးလကြာအောင် နေထိုင်၏။
၂၂ ထိုမှတ်တမ်းသည် သူ့ဘိုးဘေးတို့အကြောင်း၊ စကားအနည်းငယ်ကိုလည်း ဖော်ပြ၏။ သူ၏ပထမဦးဆုံးသောမိဘတို့သည် ထိုလူမျိုးတို့၏ဘာသာစကားကို ကိုယ်တော်ရှင်ရှုပ်ထွေးစေတော်မူသည့် အချိန်၌ ရဲတိုက်မှ ထွက်လာကြ၏။ ကိုယ်တော်ရှင်၏ပြင်းစွာစီရင်တော်မူခြင်းသည် သူ၏ဖြောင့်မတ်သောစီရင်တော်မူခြင်းတို့အတိုင်း၊ သူတို့အပေါ် ကျရောက်၍၊ သူတို့၏အရိုးများ ထိုပြည်၏မြောက်အရပ်၌ ပြန့်ကျဲလျက်ရှိ၏။
၂၃ ရှုလော့၊ ငါ၊ အာမလေခိကို မောဇိယ၏လက်ထက်၌ မွေးဖွားခဲ့၏။ ငါသည် သူသေသည်ကို မြင်ခဲ့လေပြီ။ သူ့သား ဗင်္ယာမိန်သည် သူ့နေရာ၌ နန်းစံ၏။
၂၄ ရှုဦးလော့၊ ငါသည် ဗင်္ယာမင်မင်းကြီးလက်ထက်၌၊ နီဖိုင်းအမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ကြား၌ ပြင်းထန်သောစစ်တိုက်ခြင်းနှင့် အသွေးသွန်းလောင်းခြင်းများစွာကို မြင်ခဲ့ရလေပြီ။ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့သည် သူတို့အပေါ်၌ အခွင့်သာခြင်းကိုရရှိကြ၏။ အထူးသဖြင့်၊ ဗင်္ယာမိန်မင်းကြီးက သူတို့ကို ဇရဟင်မလပြည်မှ နှင်ထုတ်သည့်တိုင်အောင်ပင်တည်း။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အိုမင်းစပြုလာ၏။ အမျိုးအနွယ်လည်းမရှိ၍ ဗင်္ယာမိန်မင်းကြီးမှာ၊ ကိုယ်တော်ရှင်၏အမြင်၌ ဖြောင့်မတ်သောသူဖြစ်သည်ကို သိသောကြောင့်လည်း၊ သို့ဖြစ်၍၊ လူခပ်သိမ်းတို့ကို ဘုရားသခင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားထံသို့ လာကြစေရန်၊ ထို့အတူ ပရောဖက်ပြု၍ဟောခြင်းကို၊ ထို့အတူ ဗျာဒိတ်တော်တို့ကို၊ ထို့အတူ ကောင်းကင်တမန်တို့အမှုတော်ဆောင်ခြင်းကို၊ ထို့အတူ အခြားသောဘာသာစကားတို့ဖြင့် ပြောခြင်းဆုကျေးဇူးကို၊ ထို့အတူ ဘာသာစကားတို့ကို အနက်ဖွင့်ခြင်းဆုကျေးဇူးကို၊ ထို့အတူ ကောင်းမြတ်သောအရာခပ်သိမ်းတို့ကို ယုံကြည်ကြစေရန် တိုက်တွန်းလျက် ဤပုရပိုက်ပြားတို့ကို သူ့ထံသို့ ပေးအပ်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ထံမှလာသည်မဟုတ်လျှင်၊ အဘယ်အရာမျှ ကောင်းမြတ်ခြင်းမရှိ။ ဆိုးသောအရာသည်ကား၊ နတ်ဆိုးထံမှ လာ၏။
၂၆ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် ခရစ်တော်ထံသို့ လာ၍၊ သူ၏ကယ်တင်ခြင်းနှင့် သူ၏ရွေးနုတ်ခြင်းတန်ခိုးကို ခံယူကြစေကြောင်း အလိုရှိ၏။ ထိုမှတစ်ပါး၊ သူ့ထံသို့ လာ၍ သင်တို့၏စိတ်ဝိညာဉ်တစ်ခုလုံးကို ပူဇော်သက္ကာအဖြစ် ပူဇော်၍၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ဆက်၍ပြုကြလျက်၊ အဆုံးတိုင်အောင် တည်ကြည်ကြလော့။ ထို့အတူ၊ ကိုယ်တော်ရှင် အသက်ရှင်တော်မူသည့်အတိုင်း၊ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၇ ယခုမူကား၊ ငါသည် နီဖိုင်းပြည်သို့ ပြန်သွားခြင်းငှာ တောရိုင်းထဲသို့ သွားသူအချို့အကြောင်းကို အတော်အသင့်ပြောလို၏။ အကြောင်းမူကား၊ သူတို့၏အမွေခံရာမြေကို ပိုင်ဆိုင်လိုသည့်သူများစွာ ရှိ၏။
၂၈ သို့ဖြစ်၍၊ သူတို့သည် တောရိုင်းထဲသို့ သွားခဲ့ကြ၏။ သူတို့၏အကြီးအကဲသည် သန်မာ၍ အားကြီး၏၊ လည်ပင်းခိုင်မာသောသူဖြစ်၏။ သို့ဖြစ်၍၊ သူတို့၌ ရန်တွေ့ခြင်းကို ဖြစ်စေ၏။ သူတို့အားလုံးသည်လည်း အယောက်ငါးဆယ်မှတစ်ပါး၊ တောရိုင်းထဲ၌ အားလုံးကွပ်မျက်ခံရ၏။ သူတို့သည်လည်း ဇရဟင်မလပြည်သို့ တစ်ဖန်ပြန်လာခဲ့ကြ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် အခြားသောသူတို့ကိုလည်း များစွာ ခေါ်ဆောင်၍၊ တောရိုင်းထဲသို့ တစ်ဖန်ခရီးသွားကြပြန်၏။
၃၀ ငါ၊ အာမလေခိ၌ သူတို့နှင့်လိုက်ပါသွားသော ညီတစ်ယောက်ရှိ၏။ ငါသည်လည်း ထိုအချိန်မှစ၍ သူတို့အကြောင်းကို မသိလေတော့။ ငါသည် ငါ့သင်္ချိုင်းတွင်းသို့ လဲလျောင်းတော့မည်။ ဤပုရပိုက်ပြားတို့မှာ ပြည့်လျက်ရှိ၏။ ငါ၏ဟောပြောခြင်းကိုလည်း လက်စသတ်၏။