၂၀၁၀-၂၀၁၉
ကြိုးစား၊ ကြိုးစား၊ ကြိုးစား
အောက်တိုဘာ ၂၀၁၈


15:59

ကြိုးစား၊ ကြိုးစား၊ ကြိုးစား

ကယ်တင်ရှင်ဟာ သူရဲ့နာမတော်ကို သင်တို့ရဲ့နှလုံးသားထဲကို ထည့်ပေးနေပါတယ်။ သင်တို့ဟာ အခြားသူများအတွက်နဲ့ သင်တို့ကိုယ်တိုင်အတွက် ခရစ်တော်ရဲ့စင်ကြယ်တဲ့ ချစ်ခြင်းကို ခံစားနေကြပါတယ်။

ကျွန်တော့ရဲ့ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ သင်တို့နဲ့စကားပြောရတဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ရှိပါတယ်။ ဒီညီလာခံက ကျွန်တော့အတွက် စိတ်ဓာတ်မြှင့်တင်လျက်၊ ဉာဏ်ပွင့်စေလျက်ရှိခဲ့ပါတယ်။ ဆိုတဲ့တေးသံနဲ့ ပြောတဲ့စကားတွေကို ကျွန်တော်တို့ရဲ့နှလုံးသားမှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခံစားခဲ့ပြီးပါပြီ။ ကျွန်တော်ပြောတဲ့အရာကို အဲဒီဝိညာဉ်တော်အားဖြင့်ပင် သင်တို့ခံစားရစေဖို့ ကျွန်တော်ဆုတောင်းပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက၊ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းခရိုင်ဥက္ကဌတစ်ဦးရဲ့ ပထမအတိုင်ပင်ခံဖြစ်ခဲ့ပါတယ်။ တစ်ကြိမ်မကပါဘူး၊ ကျွန်တော်တို့ရဲ့အသင်းခွဲငယ်လေးဆီ ကျွန်တော်တို့သွားနေရင်း သူက ကျွန်တော့ကို ပြောပါတယ်၊ “ ဟောလ်၊ မင်း တစ်ယောက်ယောက်ကိုတွေ့တဲ့အခါ၊ သူတို့ဒုက္ခအကြီးအကျယ်ရောက်နေခဲ့ရသလိုပုံမျိုးနဲ့ ဆက်ဆံကြမယ်ဆိုလျှင်၊ မင်းမှန်းတာ တစ်ဝက်ကျော်ပဲမှန်လိမ့်မယ်”။ သူပြောတာမှန်ရုံတင်မကပါဘူး၊ နှစ်တွေကြာလာတဲ့အခါ ကျွန်တော်သိခဲ့ရတာကတော့ သူ့ခန့်မှန်းချက်က တော်တော်နည်းတယ်ဆိုတာပါပဲ။ သင်တို့ရင်ဆိုင်ရတဲ့ ဒုက္ခတွေနဲ့ပတ်သက်လို့ ဒီနေ့၊ သင်တို့ကို ကျွန်တော်အားပေးချင်ပါတယ်။

ကျွန်တော်တို့ရဲ့ သေခြင်းရှိသောဘဝကို ကျွန်တော်တို့တစ်ဦးချင်းစီအတွက် စမ်းသပ်ခြင်း၊ ပြီးတော့ တိုးတက်ခြင်းအရင်းအမြစ်ဖြစ်စေဖို့ ချစ်စွာသောဘုရားသခင်က စီစဉ်ခဲ့ပါတယ်။ ကမ္ဘာကို ဖန်ဆင်းစဉ်တုန်းက သူ့သားသမီးတွေနဲ့ပတ်သက်လို့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်များကို သင်တို့ သတိရကြပါတယ်။ “သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်မိန့်တော်မူသည့် ခပ်သိမ်းသောအရာမှန်သမျှကို သူတို့ပြုမပြု ဤနည်းအားဖြင့်၊ သူတို့ကို ငါတို့စုံစမ်းကြမည်။”

အစကတည်းကကို၊ စမ်းသပ်ခြင်းတွေက မလွယ်ခဲ့ပါဘူး။ သေခြင်းရှိသောခန္ဓာကိုယ်ရရှိခြင်းကနေဖြစ်လာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ရင်ဆိုင်ကြရပါတယ်။ သမ္မာတရားကို ဆန့်ကျင်တဲ့၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မူကို ဆန့်ကျင်တဲ့ စာတန်ရဲ့စစ်ပွဲ ပိုပြီးပြင်းထန်လာနေတဲ့ လောကထဲမှာ ကျွန်တော်တို့အားလုံးနေထိုင်ကြပါတယ်။ လောကနဲ့ သတို့ရဲ့ဘဝဟာ သင်တို့ဆီကို ပွက်လောရိုက်ခြင်းနဲ့ပြည့်လာနေသလိုဖြစ်နိုင်ပါတယ်။

သင်တို့ကို ကျွန်တော်ဒီလိုနှစ်သိမ့်ပါမယ်၊ “သင်တို့ကို ဒီစမ်းသပ်ခြင်းတွေနဲ့တွေ့စေဖို့ အခွင့်ပေးတဲ့ ချစ်စွာသောဘုရားသခင်ဟာ ၊ အဲဒါတွေကိုကြံ့ကြံ့ခံဖို့ သေချာတဲ့နည်းလမ်းကိုလည်း စီစဉ်ပေးပါတယ်။” ကောင်းကင်ဘုံရှင်အဘဟာ လောကကို အလွန်ချစ်တော်မူလို့ သူ့ချစ်သားကို ကျွန်တော်တို့ကို ကူညီစေဖို့ စေလွှတ်ခဲ့ပါတယ်။ သူ့သားတော်၊ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့အတွက် သူ့အသက်ကို ပေးခဲ့ပါတယ်။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့အားလုံးရဲ့ အပြစ်များကြောင့် နာကျင်မှုကို ဂေသရှေမန်အရပ်ရှိ၊ လက်ဝါးကပ်တိုင်ပေါ်မှာ ခံစားတော်မူပါတယ်။ သူဟာ ဝမ်းနည်းမှုများ၊ နာကျင်မှုများ၊ ပြီးတော့ ကျွန်တော်တို့အပြစ်များရဲ့ အကျိုးကို ခံစားခဲ့ရပါတယ်၊ ဘဝရဲ့ စပ်သပ်ခြင်းတိုင်းရဲ့တစ်လျှောက်လုံးမှာ ကျွန်တော်တို့ကို သူနှစ်သိမ့်စေနိုင်ဖို့နဲ့ ခွန်အားဖြည့်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်တော်ရှင် သူ့အစေခံများကို မိန့်တော်မူခဲ့တာကို သင်တို့ သတိရကြပါတယ်။

“ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ရှိတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိတော်မူပြီး၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၏။ သင်တို့သည် ငါ့ကို လက်ခံကြလေသမျှ၊ ငါ၌ ရှိကြလေပြီး၊ ငါသည် သင်တို့၌ ရှိတော်မူ၏။

“သို့ဖြစ်၍၊ ငါသည် သင်တို့အလယ်၌ ရှိတော်မူ၏၊ ငါသည် ကောင်းသောသိုးထိန်းဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ကျောက်လည်း ဖြစ်တော်မူ၏။ ဤကျောက်ပေါ်မှာ တည်ဆောက်သူသည် ဘယ်သောအခါမျှ မကျရှုံးရ။”

ကျွန်တော်တို့ရဲ့ပရောဖက်၊ ဥက္ကဌရပ်ဆဲလ် အမ်နယ်လဆင်ကလည်း အဲဒီလိုအာမခံချက်မျိုး ပေးခဲ့ပါပြီ။ ဒါ့အပြင်၊ အဲဒီကျောက်ပေါ်မှာ ကျွန်တော်တို့တည်ဆောက်နိုင်ပြီး ကျွန်တော်တို့ရဲ့ ဒုက္ခများတစ်လျှောက်မှာ ကျွန်တော်တို့ကို လမ်းညွှန်ရန် ကိုယ်တော်ရှင်ရဲ့နာမတော်ကို ကျွန်တော်တို့နှလုံးသားမှာထားဖို့ နည်းလမ်းတစ်ခုကို သူဖော်ပြခဲ့ပါတယ်။

သူပြောတာကတော့၊ “တခဏချင်းစိတ်ပျက်ကြတဲ့သင်တို့၊ သတိရကြပါ၊ ဘဝဆိုတာလွယ်ကူတဲ့သဘောမရှိပါဘူး။ ဘဝခရီးတစ်လျှောက်မှာ ဒုက္ခတွေကို ခံစားရမယ်၊ ဝမ်းနည်းပူဆွေးမှုကို ကြံ့ကြံ့ခံကြရပါမယ်။ ‘ဘုရားသခင်မတတ်နိုင်တဲ့အရာ တစ်ခုမျှမရှိ’ (လုကာ ၁း၃၇) ဆိုတာကို သင်တို့ သတိရသလို၊ သူဟာ သင်တို့ရဲ့ ခမည်းတော်ဖြစ်တယ်ဆိုတာ သိကြရပါမယ်။ သင်တို့ဟာ သူ့ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတဲ့ သားသို့မဟုတ် သမီးတစ်ဦးဖြစ်ပါတယ်။ သင်တို့ရဲ့ ဖြောင့်မတ်သောအားထုတ်မှုများမှာ အကူအညီရဖို့ သင်တို့ရဲ့ ထိုက်တန်မှုအားဖြင့် ဗျာဒိတ်တော်ကို လက်ခံရရှိဖို့ အခွင့်ရှိကြပါတယ်။ သင်တို့အပေါ်မှာ ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းသောနာမတော်ကို ခံယူနိုင်ကြပါတယ်။ သင်တို့ဟာ ဘုရားသခင်ရဲ့ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ဟောပြောဖို့ အရည်အချင်းနဲ့ပြည့်စုံနိုင်ကြပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များ ၁း၂၀ တွင်ကြည့်ပါ)။

ပွဲတော်ဆုတောင်းချက်မှာ ပြုထားတဲ့ကတိအကြောင်း၊ ကျွန်တော်တို့ကတိပေးတဲ့အရာကို ကျွန်တော်တို့လုပ်ဆောင်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘ ပြီးပြည့်စုံစေတဲ့ကတိအကြောင်းကို ဥက္ကဌနယ်လဆင်ရဲ့စကားတွေက ကျွန်တော်တို့ကို သတိပေးပါတယ်။

ဒီစကားလုံးတွေကို နားထောင်ကြည့်ပါ၊ “အို ထာဝရအဘဘုရားသခင်၊ ကိုယ်တော်အား ကိုယ်တော့သားတော်၊ ယေရှုခရစ်တော်၏နာမတော်၌ အကျွန်ုပ်တို့ဆုတောင်းကြသည်မှာ၊ ဤမုန့်ကို ကောင်းချီးပေး၍ သန့်ရှင်းစင်ကြယ်စေတော်မူရန်နှင့်၊ ၎င်းကို သုံးဆောင်သောသူမှန်သမျှ၏စိတ်ဝိညာဉ်တို့အတွက် သူတို့သည် ကိုယ်တော့သားတော်၏ကိုယ်ခန္ဓာတော်ကို အောက်မေ့ခြင်းဖြင့် စားသုံးကြစေခြင်းငှာလည်းကောင်း၊ အို ထာဝရအဘဘုရားသခင်၊ သူတို့သည် ကိုယ်တော့သားတော်၏နာမတော်ကို သူတို့အပေါ်မှာ ခံယူရန်၊ သူ့အား အစဉ်အမြဲအောက်မေ့ရန်နှင့် မိန့်တော်မူခဲ့သော ပညတ်တော်တို့ကို စောင့်ထိန်းရန် လိုလိုလားလားရှိကြကြောင်း ကိုယ်တော်ထံသို့ သက်သေခံကြလျက်၊ သူတို့ ၌ သူ၏ဝိညာဉ်တော်အစဉ်အမြဲတည်ရှိစေခြင်းငှာ ဆုတောင်းကြပါ၏။ အာမင်။”

ကျွန်တော်တို့ကိုယ်စား ဆုတောင်းတဲ့အခါ၊ ကျွန်တော်တို့ဟာ အာမင်ဆိုတဲ့စကားကို ပြောတဲ့အခါတိုင်း၊ မုန့်ကိုသုံးဆောင်ခြင်းအားဖြင့်၊ ယေရှုခရစ်တော်ရဲ့ သန့်ရှင်းသောနာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူရန်၊ သူ့အား အစဉ်အမြဲအောက်မေ့ရန်နှင့် သူ့ပညတ်တော်တွေကို စောင့်ထိန်းရန် လိုလိုလားလားရှိကြကြောင်း ကတိပြုကြပါတယ်။ ဒါတွေကို ကျွန်တော်တို့လုပ်ဆောင်ကြမယ်ဆိုလျှင်၊ သူ့ရဲ့ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ အစဉ်အမြဲရှိနိုင်တယ်လို့ ကျွန်တော်တို့ကို ကတိပေးထားပါတယ်။ ဒီကတိတွေကြောင့်၊ ကယ်တင်ရှင်ဟာ ကျွန်တော်တို့အန္တရာယ်ကင်းစွာရပ်တည်နိုင်ရာ၊ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ မုန်တိုင်းမှန်သမျှမှာ ကြောက်ခြင်းမရှိဘဲနေနိုင်ရာ ကျောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ ဒီပဋိညာဉ်စကားလုံးတွေ၊ ကတိထားတော်မူတဲ့ဆက်စပ်ရာကောင်းချီးမင်္ဂလာတွေကို နှလုံးသွင်းမိတဲ့အခါ၊ ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူရန် လိုလိုလားလားရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲလို့ တွေးတောမိပါတယ်။

ဥက္ကဌဒယ်လင် အိပ်ခ်ျအုတ်က ရှင်းပြပါတယ်၊ “ ကျွန်တော်တို့ ပွဲတော်သုံးဆောင်တဲ့အခါ၊ ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူကြောင်း သက်သေမပြုကြဘူးဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ဟာ အဲဒီလိုခံယူဖို့ လိုလိုလားလားရှိကြကြောင်းကို သက်သေပြုကြပါတယ်။ (ဩနှင့် ပဋိ ၂၀း၇၇ တွင် ကြည့်ပါ)။ အဲဒီသန့်ရှင်းမွန်မြတ်တဲ့နာမတော်ကို အရေးအကြီးဆုံးအဖြစ် ကျွန်တော်တို့အပေါ်မှာ တကယ်မခံယူမီ အခြားတစ်စုံတစ်ခုဖြစ်ပျက်ရမယ့်အကြောင်းကို ကျွန်တော်တို့ရဲ့ လိုလိုလားလားရှိခြင်းကိုသာ သက်သေပြုခြင်းဆိုတဲ့အချက်က အဆိုပြုပါတယ်။

ကျွန်တော်တို့ဟာ သူ့ရဲ့နာမတော်ကို “ကျွန်တော်တို့အပေါ်မှာ ခံယူဖို့ လိုလိုလားလားရှိကြပါသည် ဆိုတဲ့ဖော်ပြချက်က ကျွန်တော်တို့ ဗတ္တိဇံခံတုန်းက ကယ်တင်ရှင်ရဲ့နာမတော်ကို ပထမခံယူစဉ်မှာ၊ သူ့ရဲ့နာမတော်ကို ခံယူခြင်းဆိုတာ ဗတ္တိဇံမှာ ပြီးဆုံးမသွားတဲ့အကြောင်းကို ဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ သူ့ရဲ့နာမတော်ကို ခံယူဖို့ ပွဲတော်စားပွဲမှာ ပဋိညာဉ်များကို အသစ်ထပ်ပြုခြင်းနှင့် ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းတဲ့ဗိမာန်တော်တွေထဲမှာ ပဋိညာဉ်ပြုခြင်းအပါအဝင်၊ ကျွန်တော်တို့အမြဲမပြတ်အလုပ်လုပ်ကြရပါမယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အယောက်စီတိုင်းအတွက်၊ အရေးပါတဲ့ မေးခွန်းနှစ်ခုရှိပါတယ်။ ငါ့အပေါ်မှာ သူ့နာမတော်ကို ခံယူဖို့ ငါဘာကို လုပ်နေရမှာပါလဲ။ ပြီးတော့၊ ငါတိုးတက်နေတယ်လို့ ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ။

ဥက္ကဌနယ်လဆင်ရဲ့ဖော်ပြချက်က အကူအညီပေးတဲ့အဖြေတစ်ခုကို အရိပ်ပြပါတယ်။ သူပြောတာကတော့၊ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူနိုင်ကြပါတယ်။ သူ့အတွက် ကျွန်တော်တို့ဟောပြောနိုင်ကြပါတယ်။ သူ့အတွက် ကျွန်တော်တို့ ဟောပြောကြတဲ့အခါ၊ ကျွန်တော်တို့ သူ့ကို အစေခံကြပါတယ်။ ”အကြောင်းမူကား၊​ လူသည်​ မိမိအစေမခံသော​သခင်၊​ ထို့အတူ​ မိမိအဖို့​ သူစိမ်း​ဖြစ်သော​သူနှင့်​ မိမိစိတ်နှလုံး၏​အတွေးများနှင့်​ အကြံအစည်များမှ​ ဝေးသော​သူကို​ အဘယ်သို့​အားဖြင့်​ သိမည်နည်း။”

သူ့အတွက်ဟောပြောခြင်းမှာ ယုံကြည်ခြင်းပါတဲ့ဆုတောင်းချက်လိုအပ်ပါတယ်။ ကယ်တင်ရှင်ကို သူ့အမှုတော်မှာ ကူညီဖို့ ကျွန်တော်တို့ ဘယ်စကားကိုပြောရမလဲဆိုတာ သိရဖို့ ကောင်းကင်ဘုံရှင်အဘထံ စိတ်ထက်သန်တဲ့ ဆုတောင်းချက်လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ကတိတော်အတွက် အရည်အချင်းပြည့်ရပါမယ်။ “ငါကိုယ်တိုင်၏အသံတော်အားဖြင့်ဖြစ်စေ၊ ငါ့အစေခံတို့၏အသံအားဖြင့်ဖြစ်စေ အတူတူပင်ဖြစ်၏။”

ဒါပေမယ့်၊ သူ့အတွက် ဟောပြောခြင်းထက်၊ သူ့ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူဖို့ ပိုပြီးတော့လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့အစေခံများအဖြစ် အရည်အချင်းပြည့်ရမယ်ဆိုတဲ့ခံစားချက်များ ကျွန်တော်တို့နှလုံးသားထဲမှာရှိပါတယ်။

သူ့ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူရန် ကျွန်တော်တို့ကို အရည်အချင်းပြည့်စေ၊ စွမ်းဆောင်နိုင်စေတဲ့ ခံစားချက်များကို ပရောဖက်မော်မုန်က ဖော်ပြခဲ့ပါတယ်။ ဒီခံစားချက်တွေထဲမှာ၊ ယုံကြည်ခြင်း မျှော်လင့်ခြင်းနဲ့ ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းဖြစ်တဲ့ မေတ္တာတို့ ပါဝင်ပါတယ်။

မော်မုန်ရှင်းပြတာကတော့၊

“အကြောင်းမူကား၊ သင်တို့၏သိမ်မွေ့အောက်ကျို့ခြင်းကြောင့်၊ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းရှိကြကြောင်း ငါစီရင်၏။ သင်တို့သည် သူ့ ၌ ယုံကြည်ခြင်းမရှိလျှင်၊ သူ့အသင်းတော်၏လူများ၌ ရေတွက်ခံရဖို့ မသင့်လျော်ပေ။”

“ထိုမှတစ်ဖန်၊ ငါ၏ချစ်လှစွာသောညီအကိုတို့၊ မျှော်လင့်ခြင်းအကြောင်းကို သင်တို့အား ငါပြောလို၏။ သင်တို့၌ မျှော်လင့်ခြင်းမရှိကြလျှင်၊ ယုံကြည်ခြင်းကို အဘယ်သို့အားဖြင့်၊ ရရှိနိုင်ကြမည်နည်း။”

“ထို့အတူ၊ သင်တို့သည် အဘယ်အရာကို မျှော်လင့်ကြမည်နည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်တို့အားဖြင့် အသက်ထာဝရရှင်ရာသို့ ထမြောက်စေဖို့ မျှော်လင့်ခြင်းရှိကြလိမ့်မည်။ ဤအမှုသည်ကား၊ ကတိတော်အတိုင်း သူ့အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းကြောင့်ပေတည်း။

“သို့ဖြစ်၍၊ အကြင်လူသည် ယုံကြည်ခြင်းရှိလျှင်၊ မျှော်လင့်ခြင်းရှိဖို့ လိုအပ်၏။ အကြောင်းမူကား၊ ယုံကြည်ခြင်းမရှိဘဲနှင့် အဘယ်မျှော်လင့်ခြင်းမျှမရှိနိုင်။

“ထိုမှတစ်ဖန်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ထိုသူသည် သိမ်မွေ့အောက်ကျို့ခြင်း၊ ထို့အတူ စိတ်နှလုံးနှိမ့်ချခြင်းမရှိလျှင် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း မရှိနိုင်။

“ထိုသို့ဖြစ်လျှင်၊ သူ၏ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်၏။ အကြောင်းမူကား၊ သိမ်မွေ့အောက်ကျို့သောသူနှင့် စိတ်နှလုံးနှိမ့်ချသောသူတို့မှတစ်ပါး၊ ဘုရားသခင်၏ရှေ့မှာ အဘယ်သူမျှနှစ်သက်ဖွယ်မရှိ။ လူသည် သိမ်မွေ့အောက်ကျို့၍၊ စိတ်နှလုံးနှိမ့်ချပြီး၊ ယေရှုအား ခရစ်တော်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ဝန်ခံလျှင်၊ ထိုသူသည် မေတ္တာရှိဖို့လိုအပ်၏။ အကြောင်းမူကား၊ ထိုသူသည် မေတ္တာမရှိလျှင်အချည်းနှီးသက်သက်ဖြစ်၏။ သို့ဖြစ်၍၊ ထိသူသည် မေတ္တာရှိဖို့ လိုအပ်၏။”

မေတ္တာအကြောင်းဖော်ပြပြီးတော့၊ မော်မုန်က ဆက်ပြောပါတယ်။

“သို့ရာတွင်၊ မေတ္တာသည် ခရစ်တော်၏ စင်ကြယ်သောချစ်ခြင်းဖြစ်ပြီး၊ ကာလအစဉ်အဆက် တည်၏။ နောက်ဆုံးသောနေ့၌ ထိုအရာကို ပိုင်ဆိုင်လျက်တွေ့ရသောသူမှန်သမျှသည် မင်္ဂလာရှိလိမ့်မည်။

“သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သူ့သားတော်၊ ယေရှုခရစ်တော်၏ စစ်မှန်သောနောက်လိုက်များအား ပေးတော်မူသည့် ဤချစ်ခြင်းဖြင့် သင်တို့၌ ပြည့်နိုင်ကြစေခြင်းငှာလည်းကောင်း၊ သင်တို့သည် ဘုရားသခင်၏သားများ ဖြစ်လာနိုင်ကြစေခြင်းငှာလည်းကောင်း၊ ငါတို့သည် သူ့အား ဖြစ်တော်မူသည့်အတိုင်း မြင်ရမည်ဖြစ်၍၊ သူပေါ်ထွန်းလာတော်မူသောအခါ၌ သူနှင့် တူကြစေခြင်းငှာလည်းကောင်း၊ ငါတို့၌ ဤမျှော်လင့်ခြင်း ရှိနိုင်ကြစေခြင်းငှာလည်းကောင်း၊ သူစင်ကြယ်တော်မူသကဲ့သို့ပင် ငါတို့စင်ကြယ်နိုင်ကြစေခြင်းငှာလည်းကောင်း စိတ်နှလုံးအစွမ်းရှိသမျှဖြင့် ခမည်းတော်ထံသို့ ဆုတောင်းကြလော့။ အာမင်။”

ကျွန်တော့ရဲ့သက်သေခံချက်ကတော့၊ ကယ်တင်ရှင်ဟာ သူ့ရဲ့နာမတော်ကို ကျွန်တော်တို့ရဲ့နှလုံးသားထဲကို ထည့်ပေးနေတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုလျှင်၊ သင်တို့အထဲမှ များစွာသောသူတို့မှာ၊ သူ့အပေါ်သင်တို့ရဲ့ယုံကြည်ခြင်းက တိုးပွားနေပါတယ်။ သင်တို့ဟာ ပိုများတဲ့မျှော်လင့်ခြင်းနဲ့ အကောင်းမြင်ခြင်းကို ခံစားနေကြပါတယ်။ သင်တို့ဟာ အခြားသူများအတွက်နဲ့ သင်တို့ကိုယ်တိုင်အတွက် ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းကို ခံစားနေကြပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အစေခံနေကြတဲ့ သာသနာပြုများဆီမှာ အဲဒီချစ်ခြင်းကို ကျွန်တော်မြင်ရပါတယ်။ယေရှုခရစ်တော်၏နောက်ပိုင်းကာလသူတော်စင်များအသင်းတော်အကြောင်းကို သူတို့ရဲ့ မိတ်ဆွေများနဲ့ မိသားစုဝင်များကို ပြောပြနေကြတဲ့အသင်းသားများဆီမှာ အဲဒီချစ်ခြင်းကို ကျွန်တော်မြင်ရပါတယ်။ ယောက်ျား၊ မိန်းမ၊ လူငယ်နဲ့ ကလေးများကတောင် ကယ်တင်ရှင်အပေါ်နဲ့ သူတို့ရဲ့အိမ်နီးချင်းများအပေါ် ချစ်ခြင်းကြောင့် အမှုတော်ဆောင်နေကြပါတယ်။

ကမ္ဘာတစ်ဝှမ်းက ဘေးအန္တရာယ်များအကြောင်းသတင်းကို ကြားလျှင်ကြားချင်း၊ တစ်ခါတစ်ရံမှာဆိုလျှင်၊ အသင်းသားများဟာ၊ မခေါ်ဘဲနဲ့တောင် သမုဒ္ဒရာတွေကိုဖြတ်ပြီး၊ သွားရောက်ကယ်ဆယ်ဖို့ အစီအစဉ်များပြုလုပ်ကြပါတယ်။ တစ်ခါတစ်ရံမှာဆိုလျှင်၊ ဒုက္ခရောက်တဲ့ဒေသတွေက သူတို့ကို လက်ခံဖို့ပြင်ဆင်ပြီးတဲ့အထိကို သူတို့မစောင့်နိုင်ကြပါဘူး။

ဒီနေ့နားထောင်နေကြတဲ့ သင်တို့အထဲက တစ်ချို့ဆိုလျှင် ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းတွေကို ဒုက္ခတွေကလွှမ်းမိုးနေတယ်လို့ ခံစားကောင်းခံစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ချစ်ခြင်းကို တောင့်တကောင်းတောင့်တနေကြပါလိမ့်မယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်ဟာ သူ့ရဲ့ချစ်ခြင်းကို ခံစားဖို့နဲ့ ဝေငှဖို့ သင်တို့အနီးမှာ အခွင့်အလမ်းများစွာရှိပါတယ်။ သူ့အတွက်၊ တစ်စုံတစ်ယောက်ကို ချစ်ဖို့ သင်တို့ကို ဦးဆောင်စေရန် ကိုယ်တော်ရှင်ကို သင်တို့ယုံယုံကြည်ကြည်ဆုတောင်းနိုင်ပါတယ်။ သင်တို့လိုသိမ်မွေ့အောက်ကျို့တဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ဆုတောင်းချက်များကို သူဖြေကြားပါတယ်။ သင်တို့အတွက်နှင့် သူ့အဖို့ သင်တို့အစေခံပေးတဲ့သူအတွက် ဘုရားသခင်ရဲ့ချစ်ခြင်းကို သင်တို့ခံစားရပါလိမ့်မယ်။ သင်တို့ဟာ ဘုရားသခင်ရဲ့သားသမီးတွေကို သူတို့ဒုက္ခရောက်တဲ့အခါမှာ ကူညီကြတာနဲ့အမျှ၊ သင်တို့ကိုယ်တိုင်ရဲ့ဒုက္ခတွေဟာ ပိုပြီးပေါ့လာသလိုရှိပါလိမ့်မယ်။ သင်တို့ရဲ့ယုံကြည်ခြင်းနဲ့ သင်တို့ရဲ့မျှော်လင့်ခြင်းတွေကို ခွန်အားဖြည့်ပေးပါလိမ့်မယ်။

ကျွန်တော်ဟာ ဒီအမှန်တရားရဲ့ မျက်မြင်သက်သေတစ်ဦးပါ။ ကျွန်တော့ဇနီးဟာ အသက်တာတစ်လျှောက်မှာ၊ ကိုယ်တော်ရှင်အတွက် ဟောပြောခဲ့ပါတယ်။ သူ့အတွက် လူတွေကို အစေခံခဲ့ပါတယ်။ ကျွန်တော်အရင်ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ရဲ့ သင်းအုပ်တွေထဲက တစ်ယောက်က တစ်ခါ ပြောဖူးတယ်၊ “ကျွန်တော်အံ့ဩပါတယ်။ အသင်းတော်စုမှာ လူတစ်ယောက်ဒုက္ခရောက်တယ်လို့ ကျွန်တော်ကြားတဲ့အခါတိုင်း ကျွန်တော်ကူညီဖို့ အမြန်သွားပါတယ်။ ဒါပေမယ့်၊ ကျွန်တော်ရောက်သွားတဲ့အခါ၊ ခင်ဗျာ့ဇနီးက အမြဲတမ်း ရောက်နှင့်နေပြီးသားပုံပေါက်နေပါတယ်။” ကျွန်တော်တို့ နှစ်ပေါင်း ၅၆နှစ်ကြာနေထိုင်ခဲ့တဲ့ နေရာတိုင်းမှာ အဲဒီလိုအမှန်ဖြစ်ခဲ့တာပါ။

အခုဆိုလျှင်၊ သူမဟာ တစ်နေ့ကို စကားအနည်းငယ်သာ ပြောနိုင်ပါတော့တယ်။ ကိုယ်တော်ရှင်အတွက် သူမ ချစ်ခဲ့တဲ့သူတွေက သူမဆီလာလည်ကြပါတယ်။ ညတိုင်း၊ မနက်တိုင်း ကျွန်တော်သူမနဲ့အတူ ဓမ္မသီချင်းတွေဆိုပါတယ်၊ ကျွန်တော်တို့ ဆုတောင်းကြပါတယ်။ ဆုတောင်းချက်တွေနဲ့ သီချင်းတွေမှာ ကျွန်တော်က အသံထွက်ပြီးဆိုရပါတယ်။ တစ်ခါတစ်ရံမှာ၊ သူမပါးစပ်က ဓမ္မသီချင်းစာသားတွေရွတ်နေတာကို ကျွန်တော်မြင်ရပါတယ်။ သူမက ကလေးသီချင်းတွေကို ပိုကြိုက်ပါတယ်။ သူမအကြိုက်ဆုံးဖြစ်ပုံရတဲ့ ခံစားချက်ကတော့ “ယေရှုလိုဖြစ်ဖို့ ငါကြိုးစားနေတယ်” ဆိုတဲ့သီချင်းထဲမှာ အနှစ်ချုပ်ထားပါတယ်။

တစ်နေ့မှာ၊ ”သင့်ကို ယေရှုချစ်သလို တစ်ယောက်ကိုတစ်ယောက်ချစ်ပါ၊ သင်ပြုသမျှမှာ အကြင်နာပြဖို့ကြိုးစားပါ” ဆိုတဲ့ သံပြိုင်အပိုဒ်ကို ဆိုပြီးတဲ့နောက်၊ သူမက “ကြိုးစား၊ ကြိုးစား၊ ကြိုးစား”လို့ တိုးတိုးလေးနဲ့ ရှင်းလင်းစွာပြောပါတယ်။ သူမ ကိုယ်တော်ကို မြင်တဲ့အခါ၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က သူ့နာမတော်ကို သူမနှလုံးသားထဲ ထည့်ပေးခဲ့တာ၊ သူမ သူ့လိုဖြစ်လာတာကို သူမတွေ့လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆိုရင်၊ ကိုယ်တော်က သင်တို့ရဲ့ဒုက္ခတွေကနေ ကူညီမယ့်နည်းအတိုင်းပဲ သူမရဲ့ဒုက္ခတွေကနေ ကူညီနေပါတယ်။

ကယ်တင်ရှင်က သင်တို့ကို သိတယ်၊ ချစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သူ့နာမတော်ကို သင်သိသလိုမျိုး သင့်နာမကို သူသိပါတယ်။ သင်တို့ရဲ့ဒုက္ခတွေကို သူသိပါတယ်။ အဲဒါတွေကို သူတွေ့ကြုံခဲ့ပြီးပါပြီ။ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် လောကကို သူအောင်တော်မူခဲ့ပါတယ်။ သူ့ရဲ့နာမတော်ကို သင်တို့အပေါ်မှာခံယူရန်၊ သင်တို့ရဲ့လိုလိုလားလားရှိခြင်းအားဖြင့် သင်တို့ဟာ အခြားမရေတွက်နိုင်သောသူတွေရဲ့ ဝန်တွေကို ပေါ့စေမှာဖြစ်ပါတယ်။ သင်တို့ဟာ နောက်ဆုံးမှာ ကယ်တင်ရှင်ကို ပိုပြီးသိလာမယ်၊ သူ့ကို ပိုပြီးချစ်လာပါလိမ့်မယ်။ သူ့ရဲ့နာမတော်ဟာ သင်တို့ရဲ့နှလုံးသားထဲမှာ ရှိနေပြီး၊ သင်တို့ရဲ့အတွေးထဲမှာ စွဲနေပါလိမ့်မယ်။ အဲဒီနာမတော်အားဖြင့် သင်တို့ အခေါ်ခံရမှာဖြစ်ပါတယ်။ ကျွန်တော့အပေါ်မှာထားတဲ့၊ ကျွန်တော်ချစ်တဲ့သူတွေအပေါ်မှာထားတဲ့၊ ပြီးတော့၊ သင်တို့အပေါ်မှာထားတဲ့ သူ့ရဲ့ ချစ်ခင်ကြင်နာခြင်းအတွက် ကျေးဇူးတရားနဲ့အတူ ဒီအကြောင်းကို ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. အာဗြဟံ ၃း၂၅

  2. ယောဟန် ၃း၁၆–၁၇ တွင်ကြည့်ပါ။

  3. အယ်လမာ ၇း၁၁–၁၂ တွင်ကြည့်ပါ။

  4. ဩဝါဒနှင့်ပဋိညာဉ်များ ၅၀း၄၃–၄၄

  5. ရပ်ဆဲလ် အမ်နယ်လဆင်၊ “With God Nothing Shall Be Impossible,” အင်ဇိုင်း၊ မေ၊ ၁၉၈၈၊ ၃၅။

  6. ဩဝါဒနှင့်ပဋိညာဉ်များ ၂၀း၇၇

  7. ဒယ်လင် အိပ်ခ်ျအုတ်၊ “Taking upon Us the Name of Jesus Christ,” အင်ဇိုင်း၊ မေ ၁၉၈၅၊ ၈၁။

  8. မောဇိယ ၅း၁၃

  9. ဩဝါဒနှင့်ပဋိညာဉ်များ ၁း၃၈

  10. မော်ရော်နိုင်း ၇း၃၉–၄၄၊ ၄၇–၄၈

  11. “I’m Trying to Be like Jesus,” Children’s Songbook, ၇၈–၇၉ တွင်ကြည့်ပါ။